နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပြင်ဆိပ်မှ နယ်ခြားစောင့်ရဲ များက ဒေသခံတစ်ဦးထံမှ ငွေညှစ်

MYARF
RB News
2.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၅) ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးကာမာလ်ဟူဆောင်း (ဘ) ဦးနာဂူး (အသက် ၃၅ နှစ်) က မော်လ၀ီ အဘူဆော်လာမ် အပါအ၀င် (၄) ဦးပိုင် ပုဇွန်ကန်မှ ငါးခိုးခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ ခေါ်ဆောင် သွားခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာလဲစ်အာမတ်က ၎င်းကို ငွေကျပ် ၃ သိန်း ပေးလျှင် လွှတ်ပေးမည်ဟု ပြောဆိုသောအခါ ၎င်းက အပြစ်တစ်စုံတစ်ရာ မရှိဘဲ မတရားသဖြင့် စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသည့်က တစ်ကြောင်း၊ ဤမျှများပြားသည့် ငွေကြေး မတတ်နိုင်သည်က တစ်ကြောင်း၊ ထို့ကြောင့် ငွေမပေးနိုင်ဟု ဆိုကာ ငွေပေးရန် ငြင်းဆိုခဲ့သည်။

ထို့နောက် တစ်နာရီခန့် အကြာတွင် ဦးကာမာလ်ဟူဆောင်းကို ချုပ်နှောင်ထားရာမှ ကျောက်ပြင်ဆိပ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လွှဲပြောင်း ပေးခဲ့သည်။ နယ်ခြားစောင့်ရဲများက ဇူလိုင်လ (၂၆) ရက်နေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် ဦးကာမာလ်ဟူဆောင်း ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးကာမာလ်ဟူဆောင်းသည် အထက်ဖော်ပြပါ ပုဇွန်ကန် အပါအ၀င် အခြားသော ပုဇွန်ကန်များတွင် သွားရောက်၍ ငါးဖမ်းလုပ်သား အဖြစ် လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူ တစ်ဦး ဖြစ်သည်။



Comment ရေးရန်

Rohingya Exodus