ကျီးကန်းပြင် ဌာနချုပ်မှ နယ်ခြားစောင့်ရဲ များက ဒေသခံများကို လုပ်ကြံ စွပ်စွဲ ဖမ်းဆီး ငွေညှစ်
MYARF
RB News
19.9.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့ဝင် (၇) ဦးသည် သီဟိုဠ်ကျွန်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာလူငယ် (၃) ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သည်ဟု မတရားသဖြင့် စွပ်စွဲ ဖမ်းဆီး ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
ငွေညှစ်ခြင်း ခံရသူများမှာ --
(၁) ဦးအာန်ဆာရ်အုလ္လာ (ဘ) ဦးဇာဖောရ် (ညှစ်ခံရငွေ ကျပ် ၅ သောင်း)
(၂) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးနူရ်ဆောလာမ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀)
(၃) ဦးနူရ်မာမတ်၏ အသက် (၁၅) နှစ် အရွယ်သား (ညှစ်ခံရငွေကျပ် ၂၅၀၀၀) - တို့ဖြစ်သည်။
စက်တင်ဘာလ (၁၅) ရက်နေ့ ည ၉း၃၀ နာရီတွင် မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာ အတွင်းရှိ ကွမ်းယာဆိုင်မှ ကွမ်းယာ ၀ယ်နေသည့် ဒေသခံ ရိုဟင်ဂျာ လူငယ် (၃) ဦးကို ကျီးကန်းပြင် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်မှ ကားတစ်စီးဖြင့် ကင်းလှည့်နေသည့် တပ်ဖွဲ့ဝင် (၇) ဦးက ညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်သည် လုပ်ကြံ စွပ်စွဲ၍ လက်ထိပ်ခတ်ဖမ်းဆီးကာ ကားပေါ်တင်ပြီးနောက် ငွေကျပ် တစ်သိန်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အလားတူ တစ်ချိန်တည်းတွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဟာဘီရွာမှ ဆိုင်ကယ်တစ်စီးဖြင့် အိမ်ပြန်နေသည့် သီဟိုဠ်ကျွန်း ကျေးရွာ ဦးနိုမာန် (ဘ) မော်လ၀ီယာစီးန်နှင့် ရိုဟင်ဂျာတစ်ဦး ကိုလည်း ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲ၍ ထိုးကြိတ် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင် သွားနေစဉ် လူငယ်နှစ်ဦးက ငွေကျပ် တစ်သိန်းငါးသောင်း ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။
မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှစ၍ နံနက် ၅ နာရီထိ ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက အတိအလင်း ကြေညာထားသော်လည်း ယခုရက်ပိုင်းတွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ တပ်ဖွဲ့ဝင် အချို့သည် ရွာများထဲသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ညမထွက်ရ အချိန်မတိုင်မီ ကင်းလှည့်၍ လမ်းတစ်လျှောက်တွင် တွေ့မြင်သမျှ ရိုဟင်ဂျာများကို ညမထွက်ရ အမိန့် ဖောက်ဖျက်ကျူးလွန်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အနှောက်အယှက်ပေးခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။