နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် ၉၂ ဦး အသတ်ခံရ၊ အိမ်ခြေ ၇၀၀ ကျော်မီးရှို့ခံရ

MYARF

RB News
15.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာလ (၉) ရက် ညသန်းခေါင်ယံကျော် အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခုကို လူအုပ်စုတစ်စုက ၀င်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ယနေ့ထိ အပြစ်မဲ့ ရိုဟင်ဂျာ ၉၂ ဦး သတ်ဖြတ်ခဲ့ပြီး၊ ရိုဟင်ဂျာများ၏ နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စ၍ အပြစ်မဲ့ ရိုဟင်ဂျာ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် အရွယ်မရောက်သေးသည့် ကလေးများပါ မကျန် သေနတ်ဖြင့် ပစ်သတ်၊ ဓါးဖြင့် ခုတ်သတ်၊ လည်လှီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ ထို့အပြင် ရိုဟင်ဂျာများ၏ နေအိမ်များ၊ ဈေးဆိုင်များကို နေ့အချိန်တွင် ပေါ်ပေါ်တင်တင် မီးရှို့ဖျက်ဆီးလျက် ရှိသည်။ ရိုဟင်ဂျာများ၏ ရိက္ခာများ၊ တန်ဖိုးရှိသည့် ရွှေနှင့် ရတနာများ၊ ငွေသားများကိုလည်း လုယက်လျက် ရှိသည်။ အဆိုးဆုံးမှာ အမျိုးသား မှတ်ပုံတင် ကဒ်ပြား၊ အိမ်ထောင်စုစာရင်း စသည့် တန်ဖိုးဖြတ်ရန် မလွယ်ကူသော စာရွက်စာတမ်းများကို စုတ်ဖြဲပြီး မီးရှို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ အသက်ဆုံးရှုံးရသူများကို အကြမ်းဖက်သမားများ အသေ ဖမ်းဆီးရမိသည်၊ ဖမ်းဆီးသူများကို အကြမ်းဖက်သမားများ အရှင်ဖမ်းမိသည် ဟူ၍ အစိုးရပိုင် မီဒီယာများတွင် အမှန်တရားကို ဥပက္ခာပြု၍ ရေးသားနေသည်ကိုလည်း နေ့စဉ်နှင့် အမျှ စိတ်မကောင်းစွာ တွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ အောက်တိုဘာလ (၁၅) ရက်နေ့ထိ စစ်တပ်က မီးရှို့လိုက်သည့် ရိုဟင်ဂျာများ၏ နေအိမ်များ အရေအတွက်နှင့် ကျေးရွာများမှာ --

(၁) ၀ပိတ်ရွာ၊ ကျီးကန်းပြင် ကျေးရွာအုပ်စု (အိမ်ခြေ ၃၀ ခန့်)
(၂) ကြက်ရိုးပြင် ကျေးရွာအုပ်စု (အိမ်ခြေ ၅၀၀ ကျော်)
(၃) ငါးစကြူး ကျေးရွာအုပ်စု၊ ပြောင်းပြိုက် ကျေးရွာ အပါအ၀င် (အိမ်ခြေ ၁၅၀ ခန့်)
(၄) ငန်းချောင်း ကျေးရွာ (အိမ်ခြေ ၂၀ ခန့်) -- တို့ဖြစ်သည်။

နေအိမ်များ မီးရှို့ခံခဲ့ရသောကြောင့် အပြစ်မဲ့ ရိုဟင်ဂျာပြည်သူပေါင်း (၁) သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး ၎င်းတို့သည် နီးစပ်ရာ ကျေးရွာများတွင် သွားရောက်၍ ယာယီ ခိုလှုံနေကြရသည်။ ထိုသို့ သွားရောက် ယာယီ ခိုလှုံနေကြရာတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အို များသာ ဖြစ်ကြပြီး အမျိုးသားများသည် စစ်တပ်၏ လက်လွတ်စပယ် ပစ်ခတ်နေမှု၊ ဖမ်းဆီးနေမှုကြောင့် အိမ်များတွင် မနေရဲကြဘဲ လုံခြုံမည် ထင်သောနေရာများတွင် ပုန်းနေကြရသည်။ ယာယီ ရွှေ့ပြောင်း ခိုလှုံနေကြသူများသည် စားဝတ်နေရေးအတွက် အလွန် အခက်ကြုံနေရပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရဖြစ်နေသည်။ အထူးသဖြင့် လူငယ်များသည် စစ်တပ်၏ လူမဆန်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသောကြောင့် ထိတ်လန့်နေကြပြီး ၎င်းတို့တွင် စိတ်ဓာတ်ရေးရာ မြင့်တင်ပေးမှုများလည်း လိုအပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့အထိ မြန်မာစစ်တပ်၏ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဓါးဖြင့်ခုတ်၊ လည်လှီးသတ်ဖြတ်ခြင်းကို ခံရသည့် အပြစ်မဲ့ ရိုဟင်ဂျာများမှာ --

(၁) ကြက်ရိုးပြင်ကျေးရွာမှ - ၅၀ ဦးကျော်
(၂) မြို့သူကြီးကျေးရွာမှ - ၇ ဦး
(၃) ဦးရှဥ့်ကျကျေးရွာမှ - ၆ ဦး
(၄) ကျောက်ပြင်ဆိပ်ကျေးရွာမှ - ၅ ဦး
(၅) ၀ပိတ်ကျေးရွာမှ - ၈ ဦး
(၆) မောင်နှမကျေးရွာမှ - ၁ ဦး
(၇) ငါးစကြူးကျေးရွာမှ - ၁ ဦး
(၈) ဒိုးတန်းကျေးရွာမှ - ၁ ဦး
(၉) အောင်စစ်ပြင်ကျေးရွာမှ - ၆ ဦး
(၁၀) အောက်ပြူးမကျေးရွာ - ၄ ဦး
(၁၁) ငါးခူရကျေးရွာမှ - ၁ ဦး -- စုစုပေါင်း ၉၂ ဦးဖြစ်သည်။

အသတ်ခံရသူများ၏ စာရင်းမှာ လတ်တလောက် ကောက်ယူရရှိခဲ့သည့် စာရင်းသာဖြစ်ပြီး အသတ်ခံရသူများ ဒီထက်မက များပြားသည်။ ထို့အပြင် ပျောက်ဆုံးနေသူပေါင်း များစွာလည်း ရှိနေသည်။ တစ်ရွာမှတစ်ရွာသို့ မသွားလာနိုင်ခြင်း၊ ဒေသခံများ၏ ဖုန်းများ အားမသွင်းနိုင်ခြင်း တို့ကြောင့် ဆက်သွယ်ရန် ခက်ခဲနေသဖြင့် ကျန်သည့်စာရင်းများကို ရသည့်အခါတွင် ဖော်ပြသွားမည် ဖြစ်သည်။

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် စစ်တပ်က လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်နေမှုများ၊ ၎င်းတို့၏ နေအိမ်များနှင့် ဆိုင်ခန်းများကို မီးရှို့နေမှုများ၊ အကြမ်းဖက်သမား ဆို၍ ဖမ်းဆီးနေမှုများသည် အလွန်ပင် သက်ညာမှုကင်းမဲ့နေသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus