နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ့ မီဒီယာထဲက အလွဲများ အမှတ်စဉ် နံပါတ် (၁)

မောင်သစ္စာ (ရခိုင်ပြည်)

RB News
15.10.2016

Frontier သတင်းထောက် မြတ်ကျော်သူက သတင်းအမှားများ ရေးသား၍ ဝါဒဖြန့်ဝေပြီး ဒေသအတွင်း မတည်မငြိမ် ဖြစ်လာအောင် လှုံဆော်နေကြောင်း သူ၏ သတင်းမှား တစ်ပုဒ်ကို ထောက်ပြ၍ ပြောပြချင်ပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အခြေစိုက်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်၊ ငါးခူရ နယ်ခြားစောင့်စခန်း နှင့် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာအခြေစိုက် နယ်ခြားစောင့် ကင်းစခန်းတို့တွင် လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်၊ ညသန်းခေါင်ကျော်အချိန်တွင် အမည်မသိ လူအုပ်စုများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ ဖြစ်ပွားခဲ့သော အပြန်အလှန် တိုက်ခိုက်မှုတွင် နှစ်ဖက်စလုံးမှ ကျဆုံးမှုများ ရှိခဲ့သည်ဟု အစိုးရ၏ သတင်း ထုတ်ပြန်မှုအရ သိရှိရသည်။

ယင်းနေ့မှ စ၍ Frontier သတင်းဌာနမှ သတင်းထောက်ဖြစ်သူ မြတ်ကျော်သူက မောင်တောမြို့နယ်တွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းလိုက်ပြီး ရေးသား နေလျက်ရှိရာ ၎င်း၏ သတင်းအများစုမှာ အမှားများဖြစ်နေကြောင်း၊ မောင်တော ဒေသ၏ အခြေအနေမှန်နှင့် အလွန်ပင် ကွာခြားလွန်းနေကြောင်း၊ ဘက်လိုက်များ ရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်။ 

အောက်တိုဘာလ ၁၂ ရက်နေ့ "မောင်တော၊ အလယ်သံကျော်တွင် ထိတွေ့မှု ပြင်းထန်နေ၍ ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေး" ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သူ၏ သတင်းမှာ ထိုဒေသ၏ အခြေအနေမှန်နှင့် လုံးဝလွဲမှားနေကြောင်း လေ့လာတွေ့ရှိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့၌ မောင်တော တောင်ပိုင်း၏ အခြေအနေသည် အေးဆေးတည်ငြိမ်ခဲ့ပါသည်။ ယခုထိလည်း အေးဆေးတည်ငြိမ်နေပါသည်။

ထိုနေ့မနက်ပိုင်း၌ အလယ်သံကျော် နယ်ခြားစောင့် နယ်မြေစခန်း ခြံဝင်းအတွင်းတွင် နယ်ခြားစောင့်ရဲများက သေနတ်ပစ် လေ့ကျင့်ခဲ့တာပဲ ရှိသည် ဟု အလယ်သံကျော် ဒေသခံများက ပြောပြသည်။ ထိုသို့ အခြေအနေကို Frontier သတင်းထောက် မြတ်ကျော်သူက အကြမ်းဖက်အဖွဲ့နှင့် တပ်မတော်တို့အကြား စစ်ပွဲဖြစ်နေသည်ဟု လက်လွတ်စပယ် သတင်းမှား ရေးသားပြီး ဝါဒဖြန့်ခဲ့သည်။ ၎င်းအနေဖြင့် အလယ်သံကျော် နယ်မြေစခန်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တစ်ဦးထံမှ စစ်ပွဲဖြစ်နေသည်မှာ ဟုတ်မဟုတ် မေးမြန်း အတည်ပြုပြီးမှသာ သတင်းရေးသားခဲ့ရမည် ဖြစ်သော်လည်း ထိုသို့ မေးမြန်းခြင်း မပြုဘဲ လက်လွတ်စပယ် သတင်းရေးသားခဲ့ခြင်းသည် အင်မတန် ရုပ်ဆိုးအကျည်းတန်ပါသည်။

Frontier သတင်းထောက် မြတ်ကျော်သူသည် သတင်းအလိုက် ကြေးရသည့် ကြေးစား သတင်းထောက် တစ်ဦးလား။ သို့တည်းမဟုတ် နိုင်ငံရေးအမြတ်ထုတ်ချင်နေသူ များ၏ အသုံးချခံ သတင်းထောက် တစ်ဦးလား။ ကျနော် မေးခွန်းထုတ်ပါရစေ။

Frontier သတင်းဌာ၏ တာဝန်ရှိ ပုဂ္ဂိုလ်အနေဖြင့် ဘက်လိုက်ခြင်းကင်း၍ မျှတသောဆန်းစစ်ချက်များဖြင့် တင်ဆက်သွားမည်ဖြစ်သည်ဟု ဆော်ဪထားသည့်အတိုင်း ၎င်းတို့သတင်းထောက် မြတ်ကျော်သူ၏ သတင်းမှားများကို စီစစ်ပြီးမှ ရေးသားဖြန့်ဝေရန် အရေးကြီးပါသည်။ ထို့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့ "မောင်တော၊ အလယ်သံကျော်တွင် ထိတွေ့မှု ပြင်းထန်နေ၍ ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေး" ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သတင်းအမှားနှင့် ပတ်သက်၍လည်း စာဖတ်သူ ပြည်သူပြည်သားများကို တောင်းပန်ဖို့ လိုပါသည်။

ဒီမိုကရေစီသို့ ဦးတည်လျှောက်လှမ်းနေသော အစိုးရအနေဖြင့် နိုင်ငံတော်၏ စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာများ၏ တရားလွန် လုပ်ရပ်များကို ထိန်းသိမ်း ပေးရမည်ဖြစ်သည်။ သတင်းအမှားရေးသား၍ ရိုးသားသည့် ပြည်သူများ၏ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခဲ့သော Frontier သတင်းထောက် မြတ်ကျော်သူကို အရေးယူပေးနိုင်ရန် ထောက်ပြ ရေးသားလိုက်ရပါသည်။

Frontier သတင်းလင့်ခ် -- http://frontiermyanmar.net/mm/news/2915

ဤသည်မှာ မြန်မာ့ မီဒီယာထဲက အလွဲများ အမှတ်စဉ် နံပါတ် (၁) ဖြစ်ပါသည်။


မောင်သစ္စာ(ရခိုင်ပြည်)



Comment ရေးရန်

Rohingya Exodus