နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်၊ ဆိုင်ခန်းများကို မြေပုံတွင်မပါဟု ဆိုကာ ဖြိုဖျက်လျက်ရှိ

MYARF
RB News
21.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို န.စ.က လက်ထက်က မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ အတင်းအဓမ္မ ဖြိုဖျက်နေခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးက ၎င်း၏ အပိုင် ကျေးရွာများရှိ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်အချို့ကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာမြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ အတင်းအဓမ္မ ဖြိုဖျက်လျက် ရှိသည်။ နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ဘာသာရေးကျောင်းများ ဖြိုဖျက်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပိုင်ရှင်များကို အမိန့်ပေးခဲ့သည်။ 

အိမ်ပိုင်ရှင်များက ဆောင်းရာသီတွင် အိမ်များ ဖြိုဖျက် ဖျက်ဆီး၍ ကလေးသူငယ်များ နေထိုင်ရေး အတွက် ခက်ခဲမည်ဟု ဆိုကာ ဖြိုဖျက်လိုခြင်း မရှိကြပေ။ သို့သော်လည်း ရဲမှူးနှင့် အဖွဲ့က အိမ်ပိုင်ရှင်များကို ရိုက်နှက်ကာ ၎င်းတို့ ရှေ့မှောက်တွင်ပင် ဖြိုဖျက်ခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ပညောင်ပင်ကြီး ကျေးရွာမှ ဆိုင်ခန်းနှင့် လူနေအိမ် (၂၇) လုံး၊ ဒုချီးရားတန်းမှ လူနေအိမ် (၁၃) လုံး၊ ဘဂုံးနားမှ လူနေအိမ် (၁၀) လုံးနှင့် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း၊ ပန်းတောပြင်မှ လူနေအိမ် (၁၀) လုံး စသည်တို့ကို ဖြိုဖျက်ပေးရန် အမိန့်ပေးခဲ့ပြီး၊ ၎င်းထဲမှ နေအိမ်အချို့ကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ဖြိုဖျက်ခဲ့သည်။ 

ပညောင်ပင်ကြီး ကျေးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်က ဆောက်လုပ်ခဲ့သည့် နေအိမ်များပင် ဖျက်ဆီးခံခဲ့ရသည်။ အလယ်သံကျော်မှ နေအိမ်အချို့နှင့် ကံပူးကျေးရွာမှ နေအိမ် (၂၁) လုံးနှင့် ဆိုင်ခန်း (၂) ခန်း ဖြိုဖျက်ခံခဲ့ရသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ ပေါင်းဇားကျေးရွာတွင်လည်း ဒီဇင်ဘာလ (၂၀) ရက်နေ့က နေအိမ်တစ်လုံးကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ဖြိုဖျက်ခဲ့ပြီး၊ နောက်ထပ် နေအိမ် (၄) လုံးကို ဖြိုဖျက်ရန် အမိန့်ပေးခဲ့သည်။ 

နယ်မြေ (၁) အပိုင် ကျေးရွာများမှ လူနေအိမ် ၁၅၀ ကျော်ကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ ဖောင်တီရွာတွင် နေအိမ် နှစ်လုံးကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ဖြိုဖျက် ဖျက်ဆီးခဲ့ပြီး နောက်ထပ် နေအိမ် (၈) လုံးကို ဖြိုဖျက်ပစ်ရန် အမိန့်ခဲ့ပေးကြောင်း ဒေသခံများက ပြောပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေအပိုင် ကျေးရွာများ ဖြစ်ကြသည့် ဘုရားပြင်အောင်ပ၊ ဂူတာပြင်၊ ဒုအိုးသည်မ၊ သိမ်တောင်ပြင်၊ ဖရုံချောင်း၊ အထက်ကျွဲကြိုမော် စသည့် ကျေးရွာများမှလည်း နေအိမ်များ ဖြိုဖျက်ရန် အမိန့်ပေးခဲ့ပြီး၊ နေအိမ်အချို့ကို ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ ညောင်ချောင်း နယ်မြေတွင် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့သည့် နေအိမ်အချို့ကိုပင် ကျေးရွာ မြေပုံတွင်မပါဟု ဆိုကာ ဖြိုဖျက်ခိုင်းလိုက်ရှိသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နေအိမ်အချို့ကို ဖြိုဖျက်ရန် အမိန့်ပေးလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရဲမှူး ပြောသည်ထက် သုံးဆပို စာရင်းပြကာ ကျန်သည့် နေအိမ်များကို ဖြိုဖျက်မခံရအောင်ဟု ဆိုကာ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်များလည်း ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲများက နေအိမ်များကို မဖြိုလျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်လျက်ရှိပြီး၊ နေအိမ်နှင့် ဆိုင်ခန်းများ ဖြိုဖျက်နေရသည်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်ဖြင့်သာ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

















Comment ရေးရန်

Rohingya Exodus