နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျားခေါင်းတောင်နှင့် ရေတွင်းကျွန်းမှ ဒေသခံ (၃) ဦးကို စစ်တပ်က ဖမ်းဆီး၊ တစ်ဦးထံမှ နယ်ခြားစောင့်ရဲများက လုယက်

MYARF
RB News
21.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာနှင့် ရေတွင်းကျွန်း ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး၊ တစ်ဦးထံမှ နယ်ခြားစောင့်ရဲများက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၀) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ကျားခေါင်းတောင် ကျေးရွာအုပ်စု၊ ဘဂုံးနားရွာမှ ဦးမာမတ်အာလာမ် (ဘ) ဦးအူလာမျာ (အသက် ၄၀ နှစ်) သည် ရေတွင်းကျွန်း ကျေးရွာ ဈေးတွင် ကွမ်းရွက်များ ရောင်းချပြီး နေအိမ်သို့ ပြန်လာနေစဉ် စစ်သားများက ဖမ်းဆီး၍ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ စစ်သားများက ပုဇွန်ကန်တွင် ငါးဖမ်းနေသည့် ရေတွင်းကျွန်းရွာမှ ဆယ်ကျော်သက် ကလေးနှစ်ဦး ကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဖမ်းဆီးသွားသူများကို ကံပြင် ရခိုင်ရွာဘက်သို့ ခေါ်ဆောင် သွားပြီး၊ ယခုအချိန်ထိ မိသားစုများက အဆက်အသွယ် မရရှိသေးကြောင်း သိရှိရသည်။ 

ယင်းနေ့ ညနေ (၅) နာရီ အချိန်တွင်ပင် ကျားခေါင်းတောင် ကျေးရွာမှ ဦးမာမတ်တော်ယုဖ် (ဘ) ဦးနုရ်အာမတ် ကို နယ်ခြားစောင့်ရဲများက လမ်းမပေါ်မှ ဖမ်းဆီး၍ အိတ်ထဲတွင် ပါရှိသော ငွေကျပ် ၁၂၀၀၀ ကို လုယက်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus