နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ဖမ်းဆီး၍ လုပ်ကြံစွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်

MYARF
RB News
6.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ခြင်း၊ ရိုဟင်ဂျာပိုင် ပစ္စည်းများကို မတရားလုယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် နွားရုံတောင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ဖေဖော်ဝါရီလ (၄) ရက်နေ့ ညနေ ၄း၃၀ နာရီအချိန်တွင် ဂဏန်းရှာသူများ ဟန်ဆောင်၍ ဂဏန်းဖမ်းဗုံး ၁၅ လုံးခန့်ဖြင့် သီဟိုဠ်ကျွန်းရွာသို့ ဆိုင်ကယ်စီး၍ ၀င်ရောက်လာခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတတင်းပေးပို့ခြင်း မပြုလုပ်ဘဲ ဂဏန်းဗုံး ထောင်၍ ပြန်သွားခဲ့သည်။ ၎င်းတို့နှင့် အတူ ရခိုင်ရွာသားတစ်ဦးလည်း ပါလာခဲ့သည်။ ဖေဖော်ဝါရီလ (၅) ရက်နေ့ ညနေ (၄) နာရီတွင်လည်း သီဟိုဠ်ကျွန်းကျေးရွာမှ ဦးအဒူရော်ဇက်၏ ပုဇွန်ကန်သို့ သွားရောက်၍ ဦးအဒူရော်ဇက်၏ သားဖြစ်သူ မာမတ်ကာဆိမ်း ပိုင်သည့် ဆိတ်ထီးတစ်ကောင်ကို ဖမ်း၍ သတ်ဖြတ်ကာ အိတ်ထဲထည့်၍ ယူဆောင်သွားခဲ့သည်။

ဇန်န၀ါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မြို့မကညင်တန်း ကျေးရွာအုပ်စု ဒိလ်ဖာရာရွာမှ ဦးနူရ်မာမတ် (ဘ) ဦးဒိလ်မာမတ် (အသက် ၃၇ နှစ်) သည် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) ဈေးသို့ အမဲသားရောင်းရန် သွားနေစဉ် မောင်တောခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ကြပ်လှမြင့်နှင့် အဖွဲ့က ဖမ်းဆီး၍ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့သည်။ တပ်ကြပ်လှမြင့်နှင့် အဖွဲ့ နေ့စဉ် ဆင်ခြေဖုံးရပ်ကွက်များတွင် လှည့်လည်၍ ဒေသခံများကို မတရားဖမ်းဆီးပြီး အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။            

မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စုမှ ကွမ်းရွက်ရောင်းသူ ဦးအဒူဂေါ်ဖာရ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) သည် ဇန်န၀ါရီလ (၃၁) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် အကြွေးဆပ်ရန် အတွက် စက်ဘီးစီး၍ မြို့မကညင်တန်း ကျေးရွာသို့ သွားနေစဉ် မြို့မဘောလုံးကွင်း အနီးရှိ ဟိန္ဒူရွာလမ်းတွင် ရဲနှစ်ဦးက ဖမ်းဆီးပြီး ဘောလုံးကွင်းထောင့်ရှိ ကင်းစခန်းတွင် ချုပ်နှောင်ထားခဲ့သည်။ ၎င်းအား ရဲများက ရိုက်နှက်၍ ပါလာသည့် ငွေကျပ် (၄)သိန်းကို လုယူ၍ ည (၆) နာရီ အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် (၄) မိုင် အခြေစိုက် မ.က.ဖ အဖွဲ့သည် သီဟိုဠ်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး လူဦးရေ စစ်ဆေးရာတွင် ရိုက်ခဲ့သည့် ဓါတ်ပုံများကို ပေး၍ ဓါတ်ပုံလာယူသူများထံမှ ငွေကျပ် ၁၅၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus