နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မိကျောင်းဈေးရွာမှ ဒေသခံတစ်ဦးက တပ်ရင်း (၅၅၁) မှ ကိုယ်စားလှယ်ဟု ဆိုကာ အရောင်းအ၀ယ်သမားများ ထံမှ ဆက်ကြေးသဖွယ် ကောက်ခံလျက်ရှိ

RB News
12.3.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေရွာမှ ဒေသခံတစ်ဦးသည် တပ်ရင်း (၅၅၁) မှ ကိုယ်စားလှယ်ယူထားသည်ဟု ဆိုကာ လမ်းများပေါ်မှ ဖြတ်သန်းသွားလာသည့် အရောင်းအ၀ယ် သမားများထံမှ ဆက်ကြေးသဖွယ် ကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေး ကျေးရွာအုပ်စု၊ ရပ်ကွက် (၉) ဆင်သေရွာ (ဟော်ရ်မူရာ) မှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၅၈ နှစ်) နှင့် သားများဖြစ်သူ ဖာရုခ် (အသက် ၂၈ နှစ်)၊ အဒူရာမာန် (အသက် ၂၃ နှစ်) နှင့် မူဂျီယာ (အသက် ၂၀ နှစ်) တို့သည် သင်္ဂနက်ကျေးရွာ အခြေစိုက် တပ်ရင်း (၅၅၁) မှ တပ်ရင်းရန်ပုံငွေ အတွက် ကိုယ်စားလှယ် ရယူထားသည်ဟု ဆိုကာ သင်္ဂနက် - မိကျောင်းဈေး၊ သရဂူ - မိကျောင်းဈေး၊ အုတ်တောင် - မိကျောင်းဈေး လမ်းများပေါ်မှ သွားလာနေသည့် အရောင်းအ၀ယ် ပြုလုပ်သူများ ထံမှ ဆက်ကြေးကောက်သည့် ပမာ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဝါးအလုံး ၁၀၀ သယ်ယူသွားသူ ထံမှ ၀ါး ၁၀ လုံး၊ စပါးတင်း ၁၀၀ မှ ၅ တင်း၊ ထင်းသယ်သွားသူထံမှ ငွေကျပ် ၅၀၀/-၊ ငရုတ်သီးသယ်သွားသူထံမှ တစ်ပိဿာ စသည်ဖြင့် ဆက်ကြေးသဖွယ် ကောက်ခံလျက် ရှိပြီး၊ လမ်းများပေါ်မှ သွားနေသည့် ရွာသားများထံမှ နေ့စဉ် အနည်းဆုံး ငွေကျပ် ငါးသောင်းမှ ခြောက်သောင်း အထိ ကောက်ခံလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ဦးဟာမိတ်ဟူစိန်းနှင့် သားများသည် တပ်ရင်း (၅၅၁) မှ ကိုယ်စားလှယ် ယူထားခြင်း မဟုတ်ဘဲ တပ်ရင်း၏ အမည်ကို အလွဲသုံးစား ပြုလုပ်နေခြင်းသာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပတ်ဝန်းကျင် ၁၅ ရွာမှ ရွာသားများထံမှ နေ့စဉ် ညှဉ်းပန်းနှိပ်စက်၊ ငွေညှစ်လျက် ရှိပြီး၊ ထိုသို့ တပ်ရင်း၏ အမည်ကို အလွဲသုံးစားပြုလုပ်နေခြင်းကို တပ်ရင်းမှ အရာရှိများထံ တိုင်တန်းသူများထံမှ အခြားသော နည်းလမ်းများဖြင့် ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ တပ်ရင်းမှ အရာရှိများထံ တိုင်တန်းသူများကို မောင်တော ကျီးကန်းပြင်မှ စခန်းကို တိုက်ခိုက်သူ၊ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသူဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်သည်ဟု ဒေသခံများက ဖြည့်စွက် ပြောပါသည်။ ရွာသား ၁၉ ဦး ငွေညှစ်ခံခဲ့ရပြီး၊ စုစုပေါင်း ငွေကျပ် ၄၁ သိန်း ညှစ်ခံခဲ့ရကြောင်း သိရှိရသည်။

ဦးဟာမိတ်ဟူစိန်းသည် ယခင်က သာမာန် လက်လုပ်လက်စားသာ ဖြစ်သော်လည်း ယခုအခါ သိန်းရာချီ ချမ်းသာနေကြောင်း၊ ၂၀၁၅ ခုနှစ်တွင် နွားခိုးမှုဖြင့် ဖောင်တော်ပြင် ရဲစခန်းတွင် ခံဝန်ထိုးခဲ့ရသူ ဖြစ်ကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus