နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ကိုယ်တိုင် စိတ်ကြွဆေးပြား ရောင်းဝယ်ရေးကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လျက်ရှိ

MYARF
RB News
5.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ နယ်မြေတ၀ိုက်တွင် နယ်မြေရှင်းလင်းရေး အတွက် တာဝန်ကျနေသည့် ခမရ (၅၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျက မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအနီးရှိ ကံပြင်ရခိုင်ကျေးရွာနားတွင်တည်ရှိသည့် စံပယ်ပင်ရင်း ချောင်းဝမှ ထွက်သွားလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နီးလာ-ဟာဆာရီပါရာ ရခိုင်ရွာသို့ ရောက်ရှိသဖြင့် ရခိုင်လူမျိုး အချင်းချင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု ချောချောမောမော ခရီးပေါက်လျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ အဆိုပါ လမ်းကြောင်းကို ယင်းဒေသတ၀ိုက်တွင် ၅ လကြာမျှ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် တာဝန်ကျနေသော ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ ကိုယ်တိုင် ခက်ခက်ခဲခဲ ကြိုးစား၍ ချောမောအောင် လုပ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

WY ခေါ် စိတ်ကြွဆေးပြား လုပ်ငန်းကို တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ ကိုယ်တိုင် ၎င်း၏ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များကို လုံခြုံရေး တာဝန်ယူစေပြီး ဘူးသီးတောင်မှ တိုက်ရိုက် အဟန့်အတားမဲ့ သယ်ယူလာပြီး အစုရှယ်ယာဝင် ကံပြင်ကျေးရွာသား မူးယစ်ဘုရင် ဦးအောင်သိန်းနိုင်က အဆင်သင့်လုပ်ထားသည့် နတ်မြစ်ကမ်းနားရှိ လှေပေါ်သို့ တင်ပို့ကာ တစ်ဖက်ကမ်း ဟာဆာရီပါရာရှိ ရခိုင်ရွာသား ကိုထွန်းနိုင်ထံ ဘေးရန် ကင်းဝေးစွာဖြင့် ပေးပို့ခြင်းဖြင့် မူးယစ်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း အောင်မြင်စွာ လုပ်ကိုင်နေကြောင်း သေချာလေ့လာထားသည့် ဒေသခံများက ပြောပါသည်။

ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ (ခေါ်) ဟာန်ဘော်ရာဗိုလ်ကြီးသည် ငါးခူရ နယ်မြေတ၀ိုက်တွင် နယ်မြေရှင်းလင်းရေး တာဝန်ဖြင့် ရောက်ရှိလာသည်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလလယ် ကတည်းက ဖြစ်ပြီး၊ အစပိုင်းတွင် မျက်စိရှေ့တွင် တွေ့သည့် ဒေသခံရိုဟင်ဂျာများကို ဖမ်း၊ ရိုက်နှက်နှိပ်စက်၊ ငွေထုတ်ကြီးရလျှင် ပြန်လွှတ်၊ အိမ်များ မီးရှို့ပြီး၊ ရရှိသည်ငွေများနှင့် ပတ်သက်၍ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များ မသိအောင်၊ တပ်ဖွဲ့ဝင်များကို ရွာတွင်းသို့ ပို့၍ တစ်အိမ်လျှင် နှစ်ဦးစီ ၀င်ခိုင်းပြီး အမျိုးသမီးများကို မုဒိမ်းကျင့်ခိုင်း၊ အိမ်များရှိ ရွှေငွေများ အားလုံးကို ဓါးပြတိုက်လုယူ၊ ညနေပိုင်းတွင် နွားများ ပစ်သတ်စားသည့် အပြင်၊ ဓါးပြတိုက်ထားသည့် နွားများကို ကံပြင် ရခိုင်ရွာသားများကို လက်ဆောင်ပေး၍ မျက်နှာချိုသွေး ပြုလုပ်ခဲ့ကြောင်း၊ ရိုဟင်ဂျာများကို မတရားသဖြင့် ဖမ်းဆီးငွေညှစ်၍ ရရှိသည်များကို အရင်းအနှီး ပြုလုပ်ရန် စုဆောင်း၍ အခြားတစ်ဖက်တွင် ကုန်သွယ်မှု လမ်းကြောင်း ချောမောအောင် ရိုဟင်ဂျာများထံမှ လုယက်ထားသည့် ပစ္စည်းများကို လက်ဆောင်ပေး၍ မိတ်ဖွဲ့ပြီးနောက် နောက်ဆုံးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ဦးအောင်သိန်းနိုင်နှင့် ပူးပေါင်း၍ ပေါ်ပေါ်တင်တင် လုပ်နေသည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus