နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ် ရပ်ကွက် (၈) မှ နယ်ခြားစောင့်ရဲ ကင်းစခန်း အဆောက်အဦ အမိုးမိုးရန် ဒေသခံများထံမှ သက်ကယ် အတင်းအဓမ္မ ကောက်ခံနေ

Rohingya Eye
RB News
17.4.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ ရပ်ကွက် (၈) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း၏ အဆောက်အဦများ အမိုးမိုးရန် အတွက် သက်ကယ်များကို ရွာသားများထံမှ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ ရပ်ကွက် (၈) (ဟော်ရော်သိလ္လာရွာ) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း၏ အဆောက်အဦများ အမိုးမိုးရန်အတွက် သက်ကယ်များကို ရွာသားများထံမှ ကောက်ခံပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟာမိတ်ဒူလ္လာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဧပြီလ (၁၄) ရက်နေ့တွင် ညွန်ကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သက်ကယ်များကို သက်ကယ်စိုက်ခင်း တစ်ခုစီမှ တစ်စည်းစီ ပေးသွင်းရန် အကယ်၍ သက်ကယ်မပေးပါက ကင်းစခန်းသို့ လာရောက်၍ ဒဏ်ငွေ ပေးဆောင်ရမည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လျက် ရှိကြောင်း သိရှိရသည်။

သက်ကယ်စိုက်ခင်းရှိသူ ၁၀၀ ဦးမှ တစ်စည်းနှုန်းဖြင့် သက်ကယ် အစည်း ၁၀၀ ပေးရမည် ဖြစ်သည်။ သက်ကယ် တစ်စည်း၏ တန်ဖိုးမှာ ငွေကျပ် သုံးထောင် ဖြစ်သည်။

သက်ကယ်စိုက်ခင်းရှိသူ တစ်ဦးက “ကျွန်တော်တို့က ငါးဖမ်းခွင့်လည်း မရ၊ တစ်နေရာကနေ တစ်နေရာကို သွားလာခွင့်လည်း မရတဲ့ အခြေအနေမှာ သက်ကယ်တွေ ရောင်းပြီးတော့ မိသားစု စားဝတ်နေရေး ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အချိန်မှာ အခုလို မတရားသဖြင့် ကောက်ခံနေတာက အလွန်ကို စိတ်ပျက်စရာ ကောင်းပါတယ်” ဟု ပြောပါသည်။


Comment ရေးရန်

Rohingya Exodus