နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်း ဂေါ်ဒူသာရ ကင်းစခန်းမှူးက ဒေသခံများကို ဖမ်းဆီး၍ မတရားသဖြင့် ငွေညှစ်လျက်ရှိ

MYARF
RB News
17.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတားအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးမှ ရဲမှူးကျော်သီဟသည် “ရာထူးတက်ရန်မရှိ ဆေးရုံတက်ရန်သာရှိ” ဟု ပြောဆို၍ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

ဂေါ်ဒူသာရ တံတားအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ရဲမှူးကျော်သီဟသည် စစ်တပ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး၊ ယခင်က ငွေရေးကြေးရေး အဆင်မပြေသူဖြစ်ကာ ၀န်ထမ်းဘ၀ နောက်ဆုံးချိန်တွင် ချမ်းသာလာနိုင်ရန်အတွက် အထက်လူကြီးများက အခွင့်အရေးပေးလိုက်ချိန်တွင် အစွမ်းကုန်ကြိုးစား လှုပ်ရှားလျက်ရှိပြီး တွေ့သမျှ ရိုဟင်ဂျာ ကလေး၊ လူငယ်လူရွယ် အမျိုးသမီးများပါ မကျန် ဖမ်းဆီး ခေါ်ဆောင်၍ ကင်းစခန်းတွင် ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဧပြီလ (၁၃) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် အလယ်ရွာမှ ဦးဆယာဒ်ဟူစိန်း (ဘ) ဦးအဒူကာဒဲရ် အပါအ၀င် ရွာသား (၆) ဦးသည် မင်္ဂလာပွဲသို့ သွားရောက်ရန် နေအိမ်မှ ထွက်ပြီး ကားလမ်းပေါ်သို့ ရောက်လာချိန်တွင် ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ဧပြီလ (၁၀) ရက်နေ့ ညနေ (၄) နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် အောက်ပိုင်း အနောက်ဘက်ခြမ်း တောင်ခြေရင်းရှိ ဆရာဝန် မရှိသည့် ကျေးရွာမှ ရွာသား (၁၂) ဦးသည် ဆေးကုသရန် မောင်တောမြို့သို့ ရောက်နေချိန်တွင် ဂေါ်ဒူသာရရွာ၌ ခေတ္တနားနေစဉ် ဖမ်းဆီး၍ ငွေကျပ် (၁၄) သိန်း ညှစ်ယူခဲ့သည်။ 

ဧပြီလ (၈) ရက်နေ့တွင် ဦးအဘူးမူဟိမ်း (ဘ) ဦးဆိဒိတ်နှင့် ဦးဇော်မိလ် (ဘ) ဦးဇာဖော်ရ် တို့နှစ်ဦးသည် တောင်မှ ထင်းခုတ်၍ ပြန်လာစဉ် ဖမ်းဆီးပြီး ငွေကျပ် (၂) သောင်း၊ ဒုချီးရားတန်းရွာမှ ဦးရော်ဖိခ် (ဘ) ဦးအဒူရော်ဇတ်သည် ချောင်းကမ်းနားတွင် မြက်ရိတ်နေစဉ် ဖမ်းဆီး၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဧပြီလ (၇) ရက်နေ့တွင် မော်လ၀ီရော်ဖိခ် (ဘ) ဦးရှားကဲရ်နှင့် အိမ်နီးချင်း ကလေး (၅) ဦးတို့သည် နံနက် ၁၀း၃၀ နာရီခန့်အချိန်တွင် ပုဇွန်ကန်မှ ငါးဖမ်းပြီး ပြန်လာစဉ် ရွာတွင်းဖမ်းဆီးပြီး မော်လ၀ီရော်ဖိခ် ထံမှ ငွေကျပ် တစ်သိန်းခွဲနှင့် ကလေးများထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း၊ ဧပြီလ (၅) ရက်နေ့တွင် ဦးမာမတ်ရှော်ဟီးဒ် (ဘ) ဦးမာမတ်ဝါရေစ်နှင့် ဦးရော်ရှိဒူလ္လာ (ဘ) ဦးမော်တော်လောဗ် တို့နှစ်ဦးကို စခန်းအနီးမှ ဖြတ်သွားစဉ် ဖမ်းဆီး၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 

ယခုကဲ့သို့ ဒေသခံများကို ဖမ်းဆီး၍ မတရားသဖြင့် ငွေညှစ်နေခြင်းကို အထက်အာဏာပိုင်များက ဟန့်တား ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus