နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကလုန်း မိုရာ တိုက်ခတ်ပြီးနောက် မောင်တောတွင် လျှပ်စစ်မီး ပြန်လည် ရရှိရေးအတွက် တာဝန်ရှိသူများကို ငွေပေးနေရ

Rohingya Eye
RB News
7.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဆိုင်ကလုန်းမိုရာ တိုက်ခတ်ပြီးနောက်ပိုင်း လျှပ်စစ်မီး ပြန်လည် ရရှိရေးအတွက် တာဝန်ရှိသူများကို ငွေကြေး ပေးနေရကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ်တွင် ဆိုင်ကလုန်းမိုရာ မုန်တိုင်းတိုက်ခတ်သွားသည်မှာ တစ်ပတ်ကျော်ရှိပြီ ဖြစ်သည်။ အဆိုပါ မုန်တိုင်းကြောင့် ဓါတ်တိုင်များပြိုလဲခြင်း၊ လျှပ်စစ်မီးကြိုးများ ပြတ်တောက်သွားခြင်း တို့ကြောင့် လျှပ်စစ်မီးများ ပုံမှန် မရရှိတော့ကြောင်း သိရှိရသည်။

မောင်တော လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးမှ ဓါတ်အားလိုင်း တာဝန်ခံ ဦးကျော်ကြီးနှင့် အဖွဲ့သည် နေအိမ်မှ ၀ါယာကြိုးများ ပြတ်တောက်နေသည့် အိမ်ရှင်များထံမှ ငွေကျပ် ၅၀၀၀/- စီ ကောက်ခံ၍ ဓါတ်တိုင်နှင့် ချိတ်ဆက်ပေးပြီး မီးစတင်ပေးလျက် ရှိသည်။ 

အဆိုပါ ဓါတ်အားဖြန့်ဖြူးရေးရုံးတွင် မီးစက်အကြီးလိုင်းနှင့် မီးစက် အငယ်လိုင်းဟူ၍ လိုင်းနှစ်မျိုးရှိပြီး ဇွန်လ (၂) ရက်နေ့မှစ၍ မီးပေးလျက်ရှိရာ မြို့မတောင်ရပ်ကွက် ဖေဇီရွာ၏ အရှေ့မြောက်ဘက်ရွာများမှ မီးရရှိရန် အတွက် ငွေကျပ် ၄ သောင်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ယခုအခါ ကျောင်းများ ပြန်လည် ဖွင့်လှစ်လိုက်သည့် အချိန်ဖြစ်၍ ကျောင်းသား/သူများ ညအချိန်တွင် စာကျက်ရန် အလွန်အခက်အခဲ ဖြစ်လျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ 

“ဒီမှာ ရှိနေတဲ့ ၀န်ထမ်းတွေက အရင်ကတည်းက ရှိနေတဲ့ ၀န်ထမ်းတွေပါ၊ ဒီမှာ စက်ပျက်သွားရင် ၀န်ထမ်းတွေ အတွက် အကျိုးရှိတယ်။ စက်အပိုပစ္စည်းတွေ ထုတ်ရောင်းလို့ရတယ်။ ဓါတ်ဆီတွေ အပြင်မှာ ရောင်းလို့ရတယ်။ အခုလည်း နေရာအနှံ့ လျှပ်စစ်မီး ပေးလို့ရပါလျက်နဲ့ တမင် မပေးဘဲ ထားတယ်။ သူတို့လိုချင်တဲ့ ငွေရမှ မီးပုံမှန်ပေးမယ်လို့လည်း ပြောနေတယ်။ ၀န်ထမ်းက ငွေညှစ်နေတာမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ ၀န်ကြီးဌာနက သေချာ စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးကို အမြဲစောင့်ကြည့်နေသူ တစ်ဦးက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus