နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရ အခြေစိုက် နယ်ခြားစောင့်ရဲများက ဒေသခံများကို ရိုက်နှက်၊ နေအိမ်များမှ မြေများတူးဆွ၍ ဖျက်ဆီး

RB News
22.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးနှင့် နယ်ခြားစောင့်ရဲများသည် ဒေသခံများကို လူမဆန်စွာ ရိုက်နှက်ပြီး နေအိမ်များမှ မြေများ တူးဆွ၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ၊ လိပ်ရကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၂၀) ဦးသည် ကျောက်ချောင်း ဂီလာတူလီကျေးရွာသို့ ၀င်ရောက်၍ ပုဇွန်ကန်တွင် ပိုက်ကွန်ဖြင့် ငါးရှာနေသူ ဦးရှော်ဘိရ် ကို ရဲမှူးကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်၍ ပိုက်ကွန်ကို လုယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့အပြင် ဦးမောက်တုလ်ဟူစိန်းနှင့် ဦးနူရ်အစ္စလာမ် တို့၏ နေအိမ်များမှ ကြက်ဖ တစ်ကောင်စီကိုလည်း လုယက်သွားခဲ့သည်။ 

ထို့နောက် ရဲမှူးနှင့် အဖွဲ့သည် ဦးမုခ်တာရ်အာမတ် (ဘ) ဦးဖော်ဇော်လ်အာမတ်၊ ဦးလာလူး (ဘ) ဦးအလီအာမတ်၊ ဦးဘေလာလ် (ဘ) မော်လ၀ီကာဒိရ်ဟူစိန်း၊ ဦးဆိုက်ဖုလ် (ဘ) မော်လ၀ီဇော်လာလ်အာမတ်နှင့် ဦးဆော်ဒူလ်အာမီးန် တို့၏ နေအိမ်များမှ မိသားစုဝင်များကို ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်၍ နေအိမ်များတွင် နေထိုင်ရန်ပင် ခက်ခဲသွားအောင် မြေများကို တူးဆွ၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

လွန်ခဲ့သည့် ရက်ပိုင်းက ကျောက်ချောင်းကျေးရွာအုပ်စု၊ ဂီလာတူလီရွာသို့ နယ်ခြားစောင့်ရဲများက ၀င်ရောက်၍ နေအိမ်များမှ မြေများ တူးဆွ၍ ဖျက်ဆီးခဲ့မှုကို RB News တွင် ဖော်ပြပြီးနောက် ရဲမှူးက အငြိုးထား၍ ယခုတစ်ဖန် ၀င်ရောက်၍ ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Comment ရေးရန်

Rohingya Exodus