နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အောင်စစ်ပြင်မှ လူငယ် (၄) ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီး၍ ငွေညှစ်

Rohingya Eye
RB News
21.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ရီဒါရွာမှ လူငယ် (၄) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ၁၈ နာရီကြာ ချုပ်နှောင်ထားပြီးနောက် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၆) ရက်နေ့ ည ၈း၄၅ နာရီအချိန်တွင် အောင်စစ်ပြင် ကျေးရွာအုပ်စု ရီဒါရွာမှ အာယာစ်အုလ္လာ (ဘ) ဦးဆာလေအာမတ် (အသက် ၂၀ နှစ်) နှင့် အခြား လူငယ် (၃) ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီး၍ ပုဒ်မ ၁၄၄ ဖောက်ဖျက် ကျူးလွန်သည်ဟု လုပ်ကြံစွပ်စွဲပြီး ၁၈ နာရီကြာ ချုပ်နှောင်ထားပြီးနောက် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အာယာစ်အုလ္လာသည် ၎င်း၏ နေအိမ်ခြံဝင်းတွင်ပင် ဆိုင်ဖွင့်ထားခြင်း ဖြစ်ပြီး ည ၈း၄၅ နာရီ အချိန်တွင် ဆိုင်ပိတ်၍ အိမ်ထဲသို့ ၀င်ရန် ပြင်ဆင်နေစဉ် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဆိုင်မှ အိမ်ပြန်ရန် ပြင်ဆင်နေသည့် အခြား လူငယ် (၃) ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ 

အခြားလူငယ် (၃) ဦးမှာ -- 

(၁) အာဘူလ်ကာလာမ် (ဘ) ဦးမွန်ဆူရ် (အသက် ၁၇ နှစ်)
(၂) လာလားယား (ဘ) ဦးဇာဖော်ရ် (အသက် ၂၀ နှစ်)
(၃) ရှေတာယား (ဘ) ဦးနေဇာမ်မူဒီးန် (အသက် ၂၁ နှစ်) -- တို့ဖြစ်ကြသည်။ 

လူငယ် (၄) ဦးစလုံးကို လိပ်ရအခြေစိုက် နယ်မြေ (၄) လက်အောက်ခံ ကြိမ်ချောင်းရှိ စခန်းအမှတ် (၂၄) သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ၁၈ နာရီ ချုပ်နှောင်ထားပြီးနောက် ဇူလိုင်လ (၁၇) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် အာယာစ်အုလ္လာ ထံမှ ငွေကျပ် ၂ သိန်း၊ လာလားယား ထံမှ ငွေကျပ် ၁ သိန်းခွဲနှင့် ရှေတာယား ထံမှ ငွေကျပ် ၁ သိန်းခွဲ တို့ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အာဘူကာလာမ်၏ ဖခင်ဖြစ်သူမှာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်သောကြောင့် ငွေမညှစ်ရန် တောင်းပန်ခဲ့သည်ကို လက်ခံ၍ ငွေညှစ်မခံခဲ့ရကြောင်း သိရှိရသည်။ 

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်မှ ည ၉ နာရီမှ စတင်သောလည်း နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် နေ၀င်သည်နှင့် ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သမျှ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေညှစ်နေခြင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်သည်။



Comment ရေးရန်

Rohingya Exodus