နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့နယ် မြို့ပတ်လမ်းတစ်လျှောက်မှ ဒေသခံများ၏ ဆိုင်ခန်းများ ဖောက်ထွင်းခံနေရ

Rohingya Eye
RB News
17.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပတ်လမ်းများ ဖြစ်သည့် မင်းဘာကြီးလမ်းနှင့် ဦးဥတ္တမလမ်း၏ ၀ဲယာတစ်လျှောက် ဆိုင်ခန်းများကို လွန်ခဲ့သည့်လမှစ၍ ညဘက်မိုးရွာသွန်းသည့် အချိန်များတွင် ဖောက်ထွင်း ခိုးယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြို့ပတ်လမ်းတစ်လျှောက်တွင် ရဲစခန်းမှ ရဲများသည် မော်တော်ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ကားဖြင့်သော်လည်းကောင်း တစ်ညလုံး ကင်းလှည့်လျက် ရှိသည်။ ထို့ကြောင့် အရပ်သားတစ်စုံတစ်ဦး အပြင်ထွက်၍ ဆိုင်ဖောက်ထွင်းမည်ဆိုပါက အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်ပူးလက်ကျပ် ဖမ်းဆီးနိုင်မည် ဖြစ်သည်။ 

လွန်ခဲ့သည့်လမှ စ၍ မြို့ပတ်လမ်းတစ်လျှောက်ရှိ ဆိုင်ခန်း ဖောက်ထွင်းခံရလျက်ရှိရာ၊ ဖောက်ထွင်းခိုးယူသူများမှာ ဆိုင်ကယ်ဖြင့် လှည့်ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်နိုင်သည်ဟု ဒေသခံများက RB News သို့ သုံးသပ်ပြောဆိုသည်။ ညအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပ အခြားမည်သူတစ်ဦးတစ်ယောက်မှ အပြင်မထွက်နိုင်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ဖြည့်စွက်ပြောပါသည်။ 

ဖောက်ထွင်းခံရသည့်ဆိုင်များမှာ --

(၁) အုပ်ချုပ်ရေးမှူးဟောင်း ဦးအီဆုပ် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးအာဘူယာ (အသက် ၂၇ နှစ်) ၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်
(၂) ဆရာမောင်နက် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးဆိုက်ဘူရာမန် (အသက် ၃၅ နှစ်) ၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် 
(၃) ဦးကာမာလ် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးတင်မောင် ၏ တီဗီပြုပြင်သည့်ဆိုင်
(၄) ဆရာဟူဆောင်း ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးရှော်ဖိခ် ၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်
(၅) ဦးအစ္စမိုင်လ် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ပလာဇာ ကွမ်းယာဆိုင် (ဦးဥတ္တလမ်းမှ)
(၆) ဦးမောင်တင်နု ပိုင်ဆိုင်သည့် ဆိုင်တန်းမှ Smile ကွမ်းယာဆိုင် (ဦးဥတ္တမလမ်းမှ) -- တို့ဖြစ်ကြသည်။

လျှပ်စစ်ပစ္စည်းဆိုင်များမှ တန်ဖိုးကြီးသည့် ဖုန်းများစွာ ခိုးယူခံရသည်ဟု သိရှိရသည်။ ဖောက်ထွင်းခံရသည့် ဆိုင်ပိုင်ရှင်များက သက်ဆိုင်ရာ မြို့မရဲစခန်းသို့ တိုင်ကြားလျှင် အမှုဖွင့်ခ ငွေကျပ် တစ်သောင်းအထက်နှင့် တရားခံရှာရန် စရိတ် ထပ်မံပေးရသည့်အတွက်ဟု ဆိုကာ အမှုဖွင့်တိုင်ကြားရန် ၀န်လေးနေကြကြောင်း ဒေသခံများက ပြောပါသည်။ 

“လုံခြုံရေးတွေက မြို့တွင်းမှာ အမြဲလှည့်ကင်းလှည့်နေတာတောင် အခုလို ဖောက်ထွင်းခံနေရတာက အံ့သြစရာပါ။ လူတွေအိပ်နေတဲ့အချိန် မိုးကြီးနေတဲ့အချိန်မှာ ဖောက်ထွင်းနေတာဖြစ်တယ်။ ညပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လွဲပြီး ဘယ်သူမှ အပြင်ထွက်လို့မရဘူး။ အဲဒါကြောင့် ဘယ်သူတွေ ဖောက်ထွင်းဆိုတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသိဆုံးဖြစ်မှာ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေ အနေနဲ့ သေချာစုံစမ်းပြီး အရေးယူပေးစေလိုပါတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus