အာဏာပိုင်များက ရခိုင်အစွန်းရောက်များကို အသုံးချ၍ ပြဿနာမျိုးစုံ ဖန်တီးလျက်ရှိ
Rohingya Eye
RB News
17.8.2017
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာတွင် ပိတ်ဆို့ခံထားရသည့် ဒေသခံရိုဟင်ဂျာများမှာ အပြင်သို့ သွားလာခွင့်မရသည့် အပြင် အာဏာပိုင်များ အသုံးချနေသည့် ရခိုင်အစွန်းရောက်များ၏ ဒဏ်ကိုလည်း ဆိုးဆိုးရွားရွားခံနေရကြောင်း သတင်းရရှိပါသည်။
ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၂၆၀ ခန့်ရှိသည်။ အများအားဖြင့် တောင်ယာခုတ်လုပ်ငန်းများ လုပ်ကိုင်ကြပြီး၊ ယခုအခါ တောင်ပေါ်သို့ သွားခွင့်မရှိသည်မှာ နှစ်လခန့်ရှိနေပြီ ဖြစ်သောကြောင့် စားဝတ်နေရေး ကျပ်တည်းလျက် ရှိသည်။ ယခင်က ရခိုင်ရွာထဲရှိ ဈေးဆိုင်များသို့ သွားရောက်၍ လိုအပ်သည်များကို ၀ယ်ယူနိုင်ခဲ့သော်လည်း ချွတ်ပြင်ရွာသားတစ်ဦး ပျောက်ဆုံးသည့် အချိန်မှစ၍ သွားလာခွင့် ပိတ်ပင်ခံရသောကြောင့် ဆေးဝါးနှင့် စားကုန်ပစ္စည်းများ ပြတ်လတ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
သြဂုတ်လ (၁၆) ရက်နေ့ နေ့လည် ၃ နာရီခွဲ အချိန်တွင် ယင်းကျေးရွာ၏ အနောက်ဘက်လမ်း အနီးတွင် နွားကျောင်းနေသည့် ဦးကာဒိရ်ဟူဆောင်း (ဘ) ဦးဟာလာ (အသက် ၅၀ နှစ်) ကို စစ်သားများ ကင်းလှည့်နေစဉ် တွေ့ရှိသွားပြီး ခေါ်ယူ၍ လူမဆန်စွာရိုက်နှက်ခဲ့သောကြောင့် သေလုမျောပါး ဖြစ်နေကြောင်း သိရှိရသည်။
သြဂုတ်လ (၁၅) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင်လည်း ဦးမာမတ်ကာဆိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၅ နှစ်) သည် ၎င်း၏ နွားများကို ရွာ၏ တောင်ဘက် တောင်တန်းအနီး အစာကျွေးနေစဉ် ချွတ်ပြင်ရွာမှ ရခိုင်အစွန်းရောက်နှစ်ဦးက ၎င်း၏ နွားများကို ရခိုင်ရွာထဲသို့ မောင်းသွင်းခဲ့သည်။ ထိုသို့ မောင်းယူနေစဉ် ၎င်းက ၎င်း၏နွားများကို ပြန်လည်တောင်းခံသောအခါ ချုံပုတ်အတွင်းမှ နယ်ခြားစောင့်ရဲ ၀တ်စုံဖြင့် ရခိုင်အစွန်းရောက် တစ်ဦး ထွက်လာပြီး လူမဆန်စွာ ရိုက်နှက်သောကြောင့် ဦးခေါင်းနှင့် မျက်နှာတို့တွင် သွေးထွက် ဒဏ်ရာရရှိခဲ့သည်။ ၎င်းအား ရွာသားများက ထမ်းယူ၍ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ရကြောင်း သိရှိရသည်။
ရခိုင်အစွန်းရောက်များ မောင်းယူသွားသည့် နွားများနှင့် ပတ်သက်၍ ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်းပြီးနောက် သြဂုတ်လ (၁၆) ရက်နေ့တွင် မောင်းသွင်းသွားသည့် နွား (၂၅) ကောင် ပြန်လည် ရရှိခဲ့ကြောင်း၊ အဆိုပါ အစွန်းရောက်များကို အာဏာပိုင်များက နောက်ကွယ်မှ ကူညီပံ့ပိုးမှုကြောင့် ယခုကဲ့သို့ အတင့်ရဲနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။