နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရွှေဇားမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ခြိမ်းခြောက်၍ ငွေ (၇) သိန်းညှစ်

MYARF
RB News
15.11.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ကင်ဘဲရွာမှ လူငယ်တစ်ဦးထံမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ကင်ဘဲရွာနေ ဂျာမာဒီဟာဆောင်း (ဘ) ဦးအာမတ်ရော်ရှိတ် (အသက် ၂၅ နှစ်) သည် ကပ္ပကောင်းရွာသို့ ဆိုင်ကယ်စီးပြီး သွားနေချိန်တွင် ကပ္ပကောင်းရွာရှိ မူလွန်ကျောင်းရှေ့၌ စခန်းချသည့်အသွင်ဖြင့် လမ်းသွားလမ်းလာများကို ခေါ်ယူစစ်ဆေးကာ ငွေညှစ်လေ့ရှိသည့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့၏ ခေါ်ယူစစ်ဆေးမှုကို ခံရသည်။ အဆိုပါ လူငယ်အား စစ်ဆေးပြီး တရားဥပဒေနှင့် မလွတ်ကင်းသည့် တစ်စုံတစ်ရာမျှ မတွေ့ရှိခဲ့သော်လည်း အဆိုပါအဖွဲ့က ယင်းလူငယ်ထံမှ ငွေ (၁၀) သိန်း တောင်းခံခဲ့သည်။ 

လူငယ်က မည်သည့်အကြောင်းကြောင့် ငွေပေးရမည့်အကြောင်း မေးမြန်းရာ လူကုန်ကူးအဖွဲ့တာဝန်ရှိသူတစ်ဦးက “မင်းက အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်လို့ ငါတို့ သတင်းရထားတယ်။ ငွေမပေးရင် မင်းကို အခု ရဲစခန်းအပ်ပြီး အမှုဖွင့်ပြီး ထောင်ကျအာင် လုပ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အဆိုပါ လူငယ်က ၎င်းသည် ဈေးကြီးအတွင်းမှ အထည်ဆိုင်သည်တစ်ဦးဖြစ်ကြောင်း၊ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့်မှ ပတ်သက်မှု မရှိကြောင်း အနူးအညွတ် တောင်းပန်၍ ပြောသော်လည်း လူကုန်ကူးအဖွဲ့၏ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကြောင့် နောက်ဆုံးတွင် ငွေကျပ် (၇) သိန်းပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ နိုဝင်ဘာလ (၁၁) ရက်နေ့တွင်လည်း လူကုန်ကူးအဖွဲ့က ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ဂုံးနားရွာမှ ဆော်လိမ် (ဘ) ဦးဇာဟိဒ် (၂၁ နှစ်) ထံမှ ငွေ (၁၀) သိန်း ညှစ်ယူခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။




Comment ရေးရန်

Rohingya Exodus