နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာတွေ အပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန် လွှတ်တော်အမတ်များအဖွဲ့ပြော

MYARF
RB News
20.11.2017

မြန်​မာနိုင်​ငံအစိုးရက လူနည်းစု ရိုဟင်​ဂျာ​တွေအ​ပေါ် စစ်​ရာဇဝတ်​မှု ကျူးလွန်​ခဲ့ကြောင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံရှိ ရိုဟင်​ဂျာ ဒုက္ခသည်​စခန်းများသို့ သွား​ရောက်​လည်​ပတ်​ခဲ့တဲ့ အ​မေရိကန်​ အထက်​လွှတ်​​တော်​အမတ်​များ အဖွဲ့က ဘင်္ဂလား​ဒေရှ့်နိုင်​ငံ ဝန်​ကြီးချုပ်​ ရှိတ်ဟာဆီနာကို ​ပြောပြခဲ့တယ်​လို့ bdnews24 သတင်းဌာနမှာ ​ရေးသား ဖော်ပြထားပါတယ်​။ 

အထက်​လွှတ်​​တော်​အမတ်​ Jeff Merkley ဦး​ဆောင်​တဲ့ အ​မေရိကန်​ ကိုယ်​စားလှယ်​အဖွဲ့ဟာ ​ကော့ဇ်​ဘာဇားရှိ ရိုဟင်​ဂျာ ဒုက္ခသည်​များနဲ့ ​တွေ့ဆုံပြီး ​နောက်​တစ်​ရက်​ တနင်္ဂ​နွေ​နေ့တွင်​ ဘင်္ဂလား​ဒေရှ့်နိုင်​ငံ ဝန်​ကြီးချုပ်​ ရှိတ်​ဟာဆီနာနဲ့ ​တွေ့ဆုံစဉ်​ အခုလို ​ပြောကြားခဲ့တာ ဖြစ်​ပါတယ်​။

အဆိုပါ ကိုယ်​စားလှယ်​အဖွဲ့မှာ အထက်​လွှတ်​​တော်​အမတ်​ Richard Durbin၊ ကွန်​ဂရက်​လွှတ်​​တော်​အမတ်​ (အမျိုးသမီး) Betty McCollum နဲ့ Jan Schakowsky ၊ ကွန်​ဂရက်​လွှတ်​​တော်​အမတ်​ (အမျိုးသား) David Cicilline ၊ အ​မေရိကန်​ သံအမတ်​ Marica Bernicat နဲ့ အ​မေရိကန်​သံရုံးရဲ့ လက်​​ထောက်​အကြီးအကဲ Joel Reifman တို့လည်း ပါဝင်​ခဲ့ပါတယ်​။

ကိုယ်​စားလှယ်​အဖွဲ့ဟာ ​သောကြာ​နေ့မှာ ဒါကာမြို့ကို ​ရောက်​ရှိလာခဲ့ပြီး ​နောက်​တစ်​​နေ့မှာ ကော့ဇ်​ဘာဇား၊ ဘာလူခါလီ ရိုဟင်​ဂျာ ဒုက္ခသည်​စခန်းများသို့ သွား​ရောက်​ခဲ့ပါတယ်​။ ​တနင်္ဂ​နွေ​နေ့မှာ​ ရိုဟင်​ဂျာဒုက္ခသည်​စခန်းမှာ ​တွေ့ကြုံခဲ့ရတဲ့ ၎င်းတို့ရဲ့ အ​တွေ့အကြုံ​တွေကို ဘင်္ဂလား​ဒေရှ့််ဝန်​ကြီးချုပ်​အား မျှ​ဝေခဲ့တာ ဖြစ်​တယ်​လို့ ဝန်​ကြီးချုပ်​ရဲ့ ပြန်​ကြား​ရေး ​အတွင်း​ရေးမှူး Ihsanul Karim က ​ပြောပါတယ်​။

ရိုဟင်​ဂျာ​တွေအ​ပေါ် ကျူးလွန်​ခဲ့တာ​တွေဟာ စစ်​ရာဇဝတ်​မှုပင်​ ဖြစ်​​တယ်ဆိုတာ ကိုယ်​စားလှယ်​အဖွဲ့က မှတ်​​ယူကြောင်း၊ မြန်​မာနိုင်​ငံမှာ ရိုဟင်​ဂျာ​တွေအ​ပေါ် ကျူးလွန်​ခဲ့တဲ့ စစ်​ရာဇဝတ်​မှု၊ လူမျိုးသုဉ်းသုတ်​သင်​​ရေးနဲ့ ပတ်​သက်​ပြီး အလွန်​အမင်း စိုးရိမ်း​ကြောင်း​တွေကို ကိုယ်​စားလှယ်​အဖွဲ့က ပြသခဲ့တယ်​လို့လည်း Ihsanul Karim က ​အစည်းအ​ဝေးအပြီး မီဒီယာများနဲ့ ​တွေ့ဆုံစဉ်​ ​ပြောကြားလိုက်​တာ ဖြစ်​ပါတယ်​။

အစည်းအဝေးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို စောစောစီးစီး လုံလုံခြုံခြုံ ပြန်ပို့ဆောင်ဖို့ မြန်မာအစိုးရကို ဖိအားပေးဖို့လည်း နှစ်ဖက်သဘောတူကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်​ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာရှိပါတယ်​။

လွန်​ခဲ့တဲ့အပတ်​က အ​မေရိကန်​ နိုင်​ငံခြား​ရေးဝန်​ကြီး ​တေလာဆန်​ မြန်​မာနိုင်​ငံကို ​ရောက်​ရှိလာခဲ့ပြီး ​​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့ အတူ သတင်းစာရှင်းလင်းပွဲလုပ်​တဲ့အခါ ရိုဟင်​ဂျာ​တွေအ​ပေါ် ဖြစ်​ပျက်​​နေတာ​တွေဟာ လူမျိုးတုန်းသတ်​ဖြတ်​မှု Genocide ​မြောက်​တယ်​လို့ အ​မေရိကန်​အစိုးရက မှတ်​ယူပါသလားဆိုတဲ့ သတင်း​ထောက်​တစ်​ဦးရဲ့ အ​မေးကို ​တေလာဆန်​က အခုလို ​ဖြေကြားခဲ့ပါတယ်​။

"ရိုဟင်​ဂျာ​တွေအ​ပေါ် မြန်​မာအစိုးရလက်​နက်​ကိုင်​တပ်​ဖွဲ့များရဲ့ ကြမ်းကြုတ်​ညှဉ်းပန်းမှု​တွေနဲ့ ပတ်​သက်​ပြီး ထွက်​​နေတဲ့ သတင်း​တွေအ​ပေါ် ကျ​နော်​တို့ အလွန်​အမင်း စိုးရိမ်​တယ်​။ ရခိုင်​ပြည်​နယ်​မှာ ဖြစ်​ပျက်​ခဲ့တာ​တွေဟာ လူသားမျိုးသားနွယ်​စုအ​ပေါ် ပြစ်​မှုကျူးလွန်ရာ​ရောက်​​တယ်​ဆိုတဲ့ အရိပ်​လက္ခဏာ​ပဲဆိုတာ ကျ​နော်​တို့ သိထားတယ်​။ ဒါ​တွေဟာ လူမျိုးတုန်း သတ်​ဖြတ်​မှု ​ရောက်​မ​ရောက်​ ကျ​နော်​တို့ အ​သေအချာ ဆက်​လက်​​လေ့လာပြီး ဆုံးဖြတ်​သွားမှာပါ"

နိုင်​ငံခြားဝန်​ကြီးရဲ့မှတ်​ချက်​ပြုအပြီး အ​မေရိကန်​လွှတ်​​တော်​အမတ်​များ အဖွဲ့ဟာ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံရှိ ရိုဟင်​ဂျာ ဒုက္ခသည်​စခန်းသို့ သွား​ရောက်​ကာ ​သေချာ​လေ့လာခဲ့အပြီး War crimes လို့​ခေါ်တဲ့ စစ်​ရာဇဝတ်​မှု ​ရောက်​တယ်​လို့ ​ပြောကြားခဲ့တာလည်း ဖြစ်​ပါတယ်​။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန် ပြောသွားခဲ့တဲ့ Crimes against humanity နဲ့ အခု လွှတ်တော်အမတ်တွေ ပြောတဲ့ War crimes ဆိုတဲ့ ရာဇ၀တ်မှု နှစ်မျိုးလုံးက ICC နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုလို့ရတဲ့ အမှုတွေ ဖြစ်ပါတယ်။

(ဓါတ်ပုံ - Reuters: Danish Siddiqui)

Comment ရေးရန်

Rohingya Exodus