နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်​ဂျာ​တွေ NVC ဘာ​ကြောင့်​လက်​မခံတာလဲ ဆိုတာ ဦးမြင့်ကြိုင်​သိ​စေဖို့



ယျာတင် (ရိုဟင်းသား)
RB News
10.11.2017

လူဝင်​မှုကြီးကြပ်​​ရေးနဲ့ အလုပ်​သမားမှတ်​ပုံတင်​​ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်​ ဦးမြင့်​ကြိုင်​က ​အောက်​တိုဘာလ ၂၀ ရက်​​နေ့ VOA မြန်မာပိုင်းနဲ့ အင်​တာ​ဗျူးမှာ ဒေသခံ​တွေ NVC လက်​မခံတာဟာ အကြမ်းဖက်​သမား​တွေက သူတို့ကိုခြိမ်း​ခြောက်​​နေလို့ ​ ဖြစ်​တယ်​လို့ ​စွပ်​စွဲပြောခဲ့တယ်​။ ​နောက်​တစ်​ခါ နိုဝင်​ဘာလ ၁၀ ရက်​​နေ့ RFA မြန်မာပိုင်းနဲ့ အင်​တာ​ဗျူးမှာလည်း NVC ​လုပ်​​နေတဲ့အခါ အစိုးရနဲ့ ပူး​ပေါင်းပြီး ဝိုင်းဝန်းကူညီ​နေသူ​ ၁၈ ​ယောက်​အထိ အသတ်​ခံရတယ်​လို့ သူကစွပ်​စွဲပြန်​ပါတယ်​။ သူ့​စွပ်​စွဲ​ပြောကြားချက်​​တွေဟာ တကယ်​​ရော အ​ခြေအမြစ်​ရှိပြီး မှန်​ကန်​ပါရဲ့လား။ ​ဒေသခံရိုဟင်​ဂျာ​တွေက တစ်စုံတစ်ဦးရဲ့ ခြိမ်း​ခြောက်​မှုခံရလို့ NVC လက်​မခံတာလား။ NVC လက်​ခံခဲ့လို့ အသတ်​ခံရတာ​တွေ​ရော လက်​​တွေ့မှာ တကယ်​ရှိ​နေ​လေသလား။ ဒါကို ​ဆွေး​နွေးတင်​ပြသွားမှာ ဖြစ်​ပါတယ်​။

ရိုဟင်​ဂျာ​တွေက NVC ဘာ​ကြောင့်​လက်​မခံတာလဲ

ရိုဟင်​ဂျာ​တွေက NVC ဘာ​ကြောင့်​လက်​မခံတာလဲ ဆိုတဲ့​မေးခွန်းရဲ့အ​ဖြေကိုပေးရရင်​ အာဏာရှင်​ ဦး​နေဝင်းခေတ်​​ကစပြီး မြန်​မာအစိုးရ​အဆက်​ဆက်​က နိုင်​ငံသားစီစစ်​​ရေးလုပ်​ငန်းစဉ် ​အ​ပေါ် မရိုးမသား လုပ်​ကြလို့ပဲဖြစ်​တယ်​လို့​ ဖြေကြားရပါလိမ့်​မယ်​။ ဘယ်​လို မရိုးသားတာလဲဆို​တာ ​အောက်​မှာ တင်​ပြထားပါတယ်​။ 

မြန်​မာနိုင်​ငံမှာ နိုင်​ငံသားစီစစ်​​ရေးကို လူမျိုးနဲ့ ကိုးကွယ်​တဲ့ ဘာသာတရားအ​ပေါ် အ​ခြေခံပြီး လုပ်​တတ်လာတာ အာဏာရှင်​ နေဝင်း​ခေတ်​ကတည်းက​တာပါပဲ။ ​ဗုဒ္ဓဘာသာကိုးကွယ်​တယ်​၊ ​ဗမာလူမျိုးဖြစ်​တယ်​ဆိုရင်​ ပန်း​ရောင်​ကဒ်​​ခေါ် နိုင်​ငံသားစီစစ်​​ရေးကဒ် လွယ်​လွယ်​​လေး ထုတ်​​ပေး​ပြီး ကျန်​လူမျိုး​တွေက နိုင်​ငံသားစီစစ်​​ရေးကဒ်​ရဖို့ဆိုတာ ​ဗမာလူမျိုး ​ဗုဒ္ဓဘာသာဝင်​တစ်​​ယောက်​လို မလွယ်​ကူလှဘူးဆိုတာ လူတိုင်းသိ​နေတဲ့အချက်​တစ်​ခုပါပဲ။ ဒီအထဲမှာ အာဏာရှင်​ ​နေဝင်းရဲ့ အဓိက ပစ်​မှတ်​ဖြစ်​တဲ့ ရိုဟင်​ဂျာ​က​တော့ အဆိုးဆုံးအ​ခြေအ​နေနဲ့ ရင်​ဆိုင်​​နေရပါတယ်​။

လွတ်​လပ်​​ရေးကာလ​နောက်​ပိုင်း ရိုဟင်​ဂျာ​​တွေ ဘာကဒ်​ပြား ကိုင်​​ဆောင်​ခဲ့သလဲ

၁၉၅၃ ခုနှစ်​မှာ ဦးနုအစိုးရက သုံး​ခေါက်​ချိုးလို့​ခေါ်တဲ့ အမျိုးသားမှတ်​ပုံတင်​ကဒ်​ကို မြန်​မာနိုင်​ငံရဲ့ နိုင်​ငံသားစစ်​စစ်​ဖြစ်​သူတိုင်းကို တ​ပြေးညီထုတ်​​ပေးခဲ့ပါတယ်​။ နိုင်​ငံသားမဖြစ်​သူများ​ကိုတော့ ဆိုင်​ရာကဒ်​ပြား​တွေ ထုတ်​​ပေးခဲ့တယ်​။ ဥပမာ ​ဧည့်​နိုင်​ငံသား​တွေကို ​ဧည့်​နိုင်​ငံသားကဒ်​၊ နိုင်​ငံခြားသား​တွေကို FRC ကဒ်​ စသဖြင့်​ ထုတ်​​ပေးခဲ့တယ်​။ ရခိုင်​ပြည်​နယ်​မှာလည်း ဌာ​နေရိုဟင်​ဂျာ မဟုတ်​သူ​တွေကို FRC ကဒ်​​တွေထုတ်​​ပေးခဲ့တယ်​။ အဲ့လိုလူ​တွေလည်း အခုထိ FRC ကဒ်​ကိုင်​​ဆောင်​​နေရင်း ရှိ​နေတယ်​။ တကယ်​လို့ ရိုဟင်​ဂျာ​တွေသာ နိုင်​ငံသားစစ်​စစ်​မဖြစ်ဘဲ အခုစွပ်​စွဲ​ပြော​နေသလိုမျိုး ခိုးဝင်​လာခဲ့သူများ ဖြစ်​ခဲ့ရင်​ အဲ့ဒီတုန်းက ဘာလို့ FRC ကဒ်​ထုတ်​​မပေးဘဲ နိုင်​ငံသားစစ်​စစ်​ကိုမှထုတ်​​ပေးတဲ့ အမျိုးသားမှတ်​ပုံတင်​ကဒ်​ ထုတ်​​ပေးခဲ့တာလဲ။

တကယ်​​တော့ ရိုဟင်​ဂျာ​တွေရဲ့ နိုင်​ငံသားပြဿနာကို အာဏာရှင်​ဦး​နေဝင်းက စခဲ့တာပါ။ ​ဗုဒ္ဓဘာသာဝင်​မဟုတ်​ရင်​ နိုင်​ငံသားမစစ်​ဘူးဆိုတဲ့ အ​ငွေ့အသက်​ပါဝင်​​နေတဲ့ ၁၉၈၂ နိုင်​ငံသားဥပ​ဒေကို ​ရေးဆွဲပြဌာန်းလိုက်​တယ်​။ အဲ့ဒီဥပ​ဒေဟာ အထူးသဖြင့်​ ရိုဟင်​ဂျာ​တွေကို နိုင်​ငံခြားသား​အဆင့်​​ရောက်​​စေအောင်​ ​ရေးဆွဲတဲ့ ဥပ​ဒေဖြစ်​တယ်​။ အာဏာရှင်​ ဦး​နေဝင်း​က​တော့ သူ​ရေးဆွဲတဲ့ဥပ​ဒေကို သူကိုယ်​တိုင်​ ​၀ုန်းဒိုင်းကြဲ အ​ကောင်​အထည်​ ​ဖော်​ခဲ့တာမဟုတ်​ပါဘူး။ သူက မျိုး​စေ့ချလိုက်​တဲ့သ​ဘောနဲ့ အဲ့ဒီဥပ​ဒေကို ​ရေးဆွဲပြဌာန်းလိုက်​တာဖြစ်ပါတယ်​။ ဒီဥပ​ဒေကို လက်​​တွေ့ အ​ကောင်​အထည်​​ဖော်​လာတာက အာဏာရှင်​​နေဝင်းရဲ့ ​နောက်​မျိုးဆက်​​အာဏာရှင်​​တွေကပဲ ဖြစ်​ပါတယ်​။

၁၉၈၉ ခုနှစ်​မှာ တစ်​နိုင်​ငံလုံးက အမျိုးသားမှတ်​ပုံတင်​ကဒ်​ရှိသူ​တွေကို နိုင်​ငံသားစီစစ်​​ရေးကဒ်​လဲ​ပေးမယ်​ဆိုပြီး ​လျှောက်​ခိုင်းခဲ့တယ်​။ ရိုဟင်​ဂျာ​တွေလည်း အမျိုးသားမှတ်​ပုံတင်​ကဒ်​ ကိုင်​​ဆောင်​​နေ​တော့ တစ်​နိုင်​ငံလုံးအတိုင်းအတာနဲ့ နိုင်​ငံသားစီစစ်​​ရေးကဒ်​အတွက်​ ​လျှောက်​ခဲ့ကြတာပါ။ ဒါ​ပေမယ့်​ တခြား​သော အမျိုးသားမှတ်​ပုံတင်​ကဒ်​ ကိုင်​​ဆောင်​ခဲ့သူအားလုံးကို နိုင်​ငံသားစီစစ်​​ရေးကဒ်​ တန်းထုတ်​​ပေးခဲ့​သော်​လည်း အတူတူ​လျှောက်ခဲ့တဲ့ ရိုဟင်​ဂျာ​တွေကို​တော့ ယခုထိ ဘာအ​ကြောင်းမှ မပြန်​သေးပါဘူး။ ကြားကာလ​လေးမှာ​လည်း အဲ့ဒီ အမျိုးသားမှတ်​ပုံတင်​ကဒ်​ကို အသုံးပြုခွင့်​မ​ပေးခဲ့ဘဲ ​တွေ့တာနဲ့ သိမ်းဆည်းလိုက်​ပါတယ်​။

၁၉၉၄ ခုနှစ် နှောင်းပိုင်း​မှာ အာဏာရှင်​ သန်း​ရွှေလက်​ထက်​မှာ ​ဗိုလ်​ချုပ်​ခင်​ညွှန့်​ ဦး​ဆောင်​ဖွဲ့စည်းခဲ့တဲ့ န၊စ၊က ဆိုတဲ့အဖွဲ့က ရိုဟင်​ဂျာများကို အဖြူကဒ်​​ခေါ် ယာယီသက်​​သေခံကဒ်​ပြားတစ်​ခု ထုတ်​​ပေးလာခဲ့ပါတယ်​။ ဒီယာယီသက်​​သေခံကဒ်​ကို အဲ့တုန်းက ရိုဟင်​ဂျာ​တွေ အပြင်းအထန်​ ကန့်​ကွက်​ခဲ့ကြတာပါ။ ဒါ​ပေမယ့်​ အာဏာရှင်ပါဝါ ဟုန်းဟုန်း​တောက်​ခဲ့တဲ့ကာလဆို​တော့ ​နောက်​ဆုံးမှာ အာဏာရှင်​တို့ဖိအား​ကို ဘယ်​လိုမှမလွန်​ဆန်​နိုင်​ခဲ့လို့ မဖြစ်​မ​နေ လက်​ခံခဲ့ရပါတယ်​။ ဒီကဒ်​ပြားထုတ်​​ပေးခဲ့တုန်းက ဘာ​ပြောလဲဆို​တော့ ဒီကဒ်​ပြားဟာ နိုင်​ငံသားမစီစစ်​ခင်​အထိ ယာယီသ​ဘောနဲ့ ထုတ်​​ပေးတာဖြစ်​တယ်လို့ ​ပြောခဲ့တယ်​။ တကယ်​တမ်းမှာ​တော့ နှစ်​ ၂၀ အထိ ဘာကဒ်​ပြားမှ လဲလှယ်​မ​ပေးခဲ့ပါဘူး။ 

နောက်​တစ်​ခါ ၂၀၁၅ ခုနှစ်​မှာ သမ္မတ ဦးသိန်းစိန်​အမိန့်​နဲ့ ဒီယာယီသက်​​သေခံလက်​မှတ်​ကိုလည်း ဒီအတိုင်း သိမ်းဆည်း​လိုက်​ပြီး ​ပြေစာတစ်​ခုစီပဲ ထုတ်​​ပေးလိုက်​တယ်​။ ပြီး​တော့​နောက်​တစ်​ခါ National Verification Card - နိုင်​ငံသားစီစစ်​ခံရမယ့်​သူရဲ့ သက်​​သေခံကဒ်​ပြားကို ထုတ်​​ပေးဖို့ကြိုးစား​လာခဲ့တယ်​။ ဒီသက်​​သေခံကဒ်​ပြားကို ဘယ်​ရိုဟင်​ဂျာကမှ လက်ခံလိုစိတ်​မရှိကြဘူး။ အားလုံးက ဒုက္ခမျိုးစုံကို ရင်​ဆိုင်​ပြီး တညီတညွှတ်​တည်း ဆန့်​ကျင်​​နေကြတာပါ။ ဒီကဒ်​မကိုင်​ရင်​ ငါးဖမ်းခွင့်​မ​ပေးဘူး။ ခရီးသွားလာဖို့ ထုတ်​​ပေးတဲ့ ပုံစံ​(၄) ထုတ်​​မ​ပေးဘူး။ အိမ်​​ဆောက်​ခွင့်​မ​ပေးဘူး .. စသည်​ဖြင့်​ အာဏာပိုင်​​တွေက အမျိုးမျိုး အကျပ်​ကိုင်​ပြီး ဖိအား​ပေးလာကြတာပါ။ ဒါ​ပေမယ့်​ ရိုဟင်​ဂျာ​တွေက ဒီ NVC ကဒ်​ပြားဟာ တို့နဲ့ မဆိုင်​ဘူး၊ တို့ကိုင်​​ဆောင်​ရမယ့်​ ကဒ်​တစ်​ခု မဟုတ်​ဘူးဆိုပြီး ​ဥပ​ဒေ​ဘောင်​အတွင်းက​နေ ယခုအချိန်​ထိ ဆန့်​ကျင်​​နေကြတာဖြစ်​တယ်​။

NVC နဲ့ အစိုးရရဲ့ မရိုးသားမှု

NVC ကိုင်​​ဆောင်​​စေပြီး ၁၉၈၂ နိုင်​ငံသားဥပ​ဒေနဲ့ နိုင်​ငံသားစီစစ်​​​ရေး ​ဆောင်​ရွက်​တဲ့ Process ဟာ တစ်​ဖက်​နိုင်​ငံက ​ပြော​င်းရွေ့ အ​ခြေချ​နေတဲ့ နိုင်​ငံခြားသား​တွေကို ဥပ​ဒေအရ နိုင်​ငံသားလုပ်​တဲ့ Process ဖြစ်​တယ်​။ ဒါ​ပေမယ့်​ ရိုဟင်​ဂျာ​တွေဟာ ဘယ်​နိုင်​ငံကမှ ​ပြောင်း​ရွေ့လာခဲ့တဲ့ လူ​တွေမဟုတ်​ပါဘူး။ ရခိုင်​​ဒေသရဲ့ ဌာ​နေလူမျိုးစုဖြစ်​တယ်​ဆိုတာ လွတ်​လပ်​​ရေး​ခေါင်း​ဆောင်​ကြီး ​ဗိုလ်​ချုပ်​​အောင်​ဆန်းလက်​ထက်​၊ ဝန်​ကြီးချုပ်​ဦးနု လက်​ထက်​ကတည်းက တရားဝင်​အသိအမှတ်​ပြုခြင်းခံရတယ်​။ ဒီလိုမျိုး ဌာ​နေလူမျိုးစုတစ်​ခုကို နိုင်​ငံခြားသားအသွင်​နဲ့ စီစစ်​မယ်​ဆိုတဲ့ဟာက အစိုးရရဲ့ မရိုးသားမှုတစ်​ခုဖြစ်​ပါတယ်​။ ဆို​တော့ ရိုဟင်​ဂျာ​တွေ ဒီ NVC ကို ဆန့်​ကျင်​နေတာဖြစ်​တယ်​။

နောက်​တစ်​ခုက NVC ဆိုတာ ဘာအ​ထောက်​အထားမှမရှိသူကို မြန်​မာနိုင်​ငံမှာ ​နေထိုင်​​နေသူဆိုတဲ့ အ​ထောက်​အထားအဖြစ်​ ထုတ်​​ပေး​နေတာဖြစ်​တယ်​လို့ လ.ဝ.က တာဝန်​ရှိသူ​တွေက ဆိုပါတယ်​။ ရိုဟင်​ဂျာတိုင်းမှာ​တော့ အ​ထောက်​အထား တစ်​မျိုးမဟုတ်​ တစ်​မျိုးရှိ​နေတယ်​။ တစ်​ချို့မှာ အမျိုးသားမှတ်​ပုံတင်​ကဒ်​ရှိတယ်​။ ​နောက်​တစ်ချို့မှာ ယာယီသက်​​သေခံလက်​မှတ်​ ကိုင်​​ဆောင်​ဖူး​ကြောင်း ​ပြေစာရှိတယ်​။ အနည်းဆုံး အိမ်​​ထောင်​စုစာရင်း​တော့ ရှိတယ်​။ န.စ.က ဖွဲ့စည်းကတည်းကစပြီး ရိုဟင်​ဂျာ​တွေကို ဆွဲ၊တင်​၊စစ်​ အမည်​နဲ့ နှစ်​တိုင်းနှစ်​ကြိမ်​စီ နှစ်​ ၂၀ ​ကျော်​ စစ်​​ဆေးခဲ့တယ်​။ ဒါ​ပေမယ့်​ န.စ.က အ​နေနဲ့ ခိုးဝင်​လာတဲ့လူဆိုပြီး တစ်​​ယောက်​တ​လေမှ ပြနိုင်​ခဲ့ဖူးတယ်​ရယ်​လို့ ​မရှိခဲ့ပါဘူး။ ဆို​တော့ ဒီလို နှစ်​တိုင်းနှစ်​ကြိမ်​စီ စစ်​​ဆေးခဲ့တဲ့ အိမ်​​ထောင်​စုစာရင်းက​ရော ဒီနိုင်​ငံမှာ အရင်​ကတည်းက မှီတင်း​နေထိုင်​​နေတယ်​ဆိုတဲ့ အ​ထောက်​အထား မမည်​ဘူးလား။

နောက်​တစ်​ခုက အဘိုးအဘွား၊ မိဘနှစ်​ပါးမှာ အမျိုးသားမှတ်​ပုံတင်​ ရှိ​နေရင်​ သူတို့ သားသမီး ​မြေးမြစ်​မှာလည်း အ​ထောက်​အထား ရှိတယ်​သ​ဘောသက်​​ရောက်​တယ်​မဟုတ်​လား။ လက်​ဝယ်​မရှိခြင်းဟာ အာဏာရှင်​လက်​ထက်​ လ.ဝ.က တာဝန်​ရှိသူ​တွေက ခွဲခြားပြီး ထုတ်​မ​ပေးလို့ ဖြစ်​တယ်​။ ရှိတဲ့ဟာကို​တောင်​ သိမ်းဆည်း​ခဲ့တာပဲ​လေ။ ဆို​တော့ ရိုဟင်​ဂျာတိုင်းမှာ သက်​​သေခံစရာ စာရွက်​စာတမ်း​တွေ ရှိ​နေတာ​ကြောင့်​ ဒီဘာမှမရှိမှ ကိုင်​​ဆောင်​ရမယ်​ဆိုတဲ့ NVC ကဒ်​ကို ဥပ​ဒေ​ဘောင်းအတွင်းက​နေ ဆန့်​ကျင်​ပြီး လက်​မခံတာဖြစ်​ပါတယ်​။

နောက်​တစ်​ခုက ဒီ NVC ကိုင်​ပြီးရင်​ နိုင်​ငံသားစီစစ်​​ရေးအတွက်​ ​လျှောက်​ထားနိုင်​တယ်​လို့ ​ပြောတယ်​။ အစိုးရအ​နေနဲ့ တကယ်​ရိုးသားရင်​ အမျိုးသားမှတ်​ပုံတင်​ကိုင်​​ဆောင်​သူ​တွေနဲ့ သူတို့ရဲ့မျိုးဆက်​​တွေကို ဘာ​ကြောင့်​ နိုင်​ငံသားစီစစ်​​ရေးကဒ်​ ​အရင်​ဆုံး ထုတ်​မပေးတာလဲ။ ဒီလို မရိုမသားမှု​တွေ အတိုင်းသားမြင်​​နေရလို့လည်း ဒီ NVC ကို ရိုဟင်​ဂျာ​တွေ လက်​မခံတာဖြစ်​တယ်​။

လ.ဝ.က အတွင်းဝန်​ ဦးမြင့်​ကြိုင်​ စွပ်​စွဲသလိုမျိုး အကြမ်းဖက်​သမား​တွေ ခြိမ်း​ခြောက်​လို့၊ NVC အတွက်​ အစိုးရနဲ့ ပူး​ပေါင်းရင်​ အသတ်​ခံရလို့ ​ဒေသခံ​တွေက NVC လက်​မခံတာ ဆိုတဲ့စကားက တကယ်​​တော့ အ​ခြေအမြစ်​မရှိတဲ့ ယုတ္တိမဆန်​တဲ့ အာဏာရှင်​ဆန်​တဲ့ စကား​တွေဖြစ်​ပါတယ်​။ ရိုဟင်​ဂျာ​တွေ NVC လက်​မခံတဲ့ တစ်​ခုတည်း​သော အ​ကြောင်းပြချက်​ဟာ အစိုးရရဲ့ ဒီလိုမျိုး မရိုးမသား လုပ်​ရပ်​​တွေ​ကြောင့်​ပဲ ဖြစ်​ပါတယ်​။

လွန်​ခဲ့တဲ့ စက်​တင်​ဘာလက ​မောင်​​တောကို NVC စည်းရုံး​ရေးခရီး ​ရောက်​လာတဲ့ အဖွဲ့ကို ​ဒေသခံရိုဟင်​ဂျာတစ်​ဦးက "၁၉၈၉ ခုနှစ်​မှာ ​လျှောက်​ထားတဲ့ဟာ​တွေကို စီစစ်​ပြီး ​ပေးသင့်​​ပေးထိုက်​တဲ့ဟာကို​ရော ထုတ်​​ပေးဖို့ အစီအစဉ်​မရှိဘူးလား" ဆိုပြီး သိပ်​ရိုးရှင်းတဲ့ ​မေးခွန်းတစ်​ခု မေးလိုက်​ပါတယ်​။ အဲ့ဒီစည်းရုံး​ရေးမှာပါလာတဲ့ လ.ဝ.က တာဝန်​ရှိသူရဲ့ အ​ဖြေက​တော့ "အဲ့ဒါ​တွေက စစ်​အစိုးရလက်​ထက်​တုန်းက ​ဆောင်​ရွက်​ခဲ့တာ၊ အခုက ဒီမိုက​ရေစီ အစိုးရ​ပေါ့​ဗျာ၊ အဲ့ဒီ စစ်​အစိုးရရဲ့​ဆောင်​ရွက်​ချက်​တွေ အသက်​မဝင်​​တော့ဘူး" တဲ့။ ဆို​တော့ ​ဒေသခံရိုဟင်​ဂျာကြီးက ထပ်​​မေးခွန်းထုတ်​ပါ​ရော့။ "ဒါဆို အဲ့ဒီစစ်​အစိုးရက ​ရေးဆွဲပြဌာန်းတဲ့ ၁၉၈၂ နိုင်​ငံသားဥပ​ဒေက​ရော ဘာ​ကြောင့်​အခုထိ အသက်​ဝင်​​နေရတာပါလိမ့်​"။ ဒီတစ်​ခါ လ.ဝ.က တာဝန်​ရှိသူကြီးမှာ​တော့ အထက်​ကို တင်​ပြပါမယ်​ဆိုတဲ့ အ​ဖြေမှအပ ကျန်​အ​ဖြေမရှိခဲ့ပါဘူး။ ဒါ​တွေက မရိုးသားတဲ့အစိုးရရဲ့ လက္ခဏာပါပဲ။

ခေတ်​အဆက်​ဆက်​ အာဏာရှင်​နဲ့ အာဏာရှင်​လက်​ပါး​စေ​တွေရဲ့ ဝါဒဖြန့်​မှု
- ၁၉၅၃ ခုနှစ်​မှာ ရိုဟင်​ဂျာ​တွေကို အမျိုးသားမှတ်​ပုံတင်​ကဒ်​ ထုတ်​​ပေးတာဟာ ဦးနုအစိုးရက နိုင်​ငံ​ရေးအရ အမြတ်​ထုတ်​ချင်​လို့ ထုတ်​​ပေးတာဆိုပြီး အာဏာရှင်​ခင်​ညွှန့်​က စာအုပ်​​ရေးပြီး​တောင်​ ဝါဒဖြန့်​ပါတယ်​။

- အခုတစ်​ခါ ​နောက်​ဝါဒဖြန့်​​နေသူအချို့က ၁၉၉၄ ခုနှစ်​​လောက်​က အာဏာရှင်​ ခင်​ညွှန့်​တို့ ထုတ်​​ပေးတဲ့ ယာယီသက်​​သေခံကဒ်​ပြားကို ၂၀၁၀ ​ရွေး​ကောက်​ပွဲမှာပဲ ကြံ့ခိုင်​​ရေးပါတီက မဲလိုချင်​လို့ ​ဖော့​ဖော့သီသီ ထုတ်​​ပေးခဲ့တယ်​လို့ ဝါဒမှား​တွေ ဖြန့်​​နေခဲ့ကြပြန်​တယ်​။

- ဆို​တော့ အခု ဒီ NVC ကိုလည်း မကြာတဲ့ တစ်​​နေ့မှာ ​ဒေါ်​အောင်​ဆန်းစုကြည်​အစိုးရက မဲလိုချင်​လို့ ထုတ်​​ပေးခဲ့တဲ့ကဒ်​ဆိုပြီး လူ​တွေက ​ပြောကြမှာ ​သေချာပါတယ်​။

ရိုဟင်​ဂျာ​တွေရဲ့ နိုင်​ငံသားကိစ္စ ဘယ်​လိုလုပ်​ရင်​ အဆင်​​ပြေနိုင်​မလဲ

ပထမဆုံးအ​ဆင့်အ​နေနဲ့ ရိုဟင်​ဂျာ​တွေဟာ ရခိုင်​​ဒေသရဲ့ ဌာ​နေလူမျိုးစုတစ်​စု ဖြစ်​တယ်ဆိုတာ​ကို ဖင်​ပိတ်​ငြင်း​နေမယ့်​အစား သမိုင်းအ​ထောက်​အထားကို ကိုးကားပြီး မှန်ကန်စွာ ​​အသိအမှတ်​ပြု​ပေးဖို့ လိုပါတယ်​။ ဒါမှလည်း ပြည်​သူလူထုက မဟုတ်​မမှန်​ဝါဒဖြန့်နေသူ​တွေနဲ့ အမှန်​တရားကို ခွဲခြား သိရှိနိုင်​မှာပါ။

ဒုတိယအဆင့်​အ​နေဖြင့်​ အစိုးရအ​နေနဲ့ ဒီနိုင်​ငံသားစိစစ်​​ရေး လုပ်​ငန်းကို​ဆောင်​ရွက်​တဲ့အခါ မှန်​မှန်​ကန်​ကန်​နဲ့ စိတ်​ထားဖြူဖြူနဲ့ တရားမျှတစွာ ဆောင်​ရွက်​ဖို့လိုပါတယ်​။ ဥပမာ အမျိုးသားမှတ်​ပုံတင်​ကဒ်​ ကိုင်​​ဆောင်​သူများနဲ့ ၎င်းတို့ရဲ့မျိုးဆက်​​တွေကို ​နိုင်​ငံသားစီစစ်​​ရေးကဒ်​ တိုက်​ရိုက်​ ထုတ်​​​ပေးဖို့လိုပါတယ်​။ အထူးသဖြင့်​ အာဏာရှင်​တို့​ရေးဆွဲပြဌာန်းခဲ့တဲ့ ၁၉၈၂ နိုင်​ငံသားဥပ​ဒေကို ​ခေတ်​နဲ့အညီ ပြင်​ဆင်​​ဖို့လိုပါတယ်​။

တတိယအဆင့်​အ​နေနဲ့ NVC ထုတ်​​ပေးပြီးမှ နိုင်​ငံသားစီစစ်​​ဖို့ဆိုတဲ့ လုပ်​ငန်းစဉ်​ဟာ ရိုဟင်​ဂျာ​တွေအ​ပေါ် အသုံးမပြုဖို့လိုပါတယ်​။ အမျိုးမျိုးအကျပ်​ကိုင်​ပြီး အတင်းအဓမ္မ NVC ထုတ်​​ပေး​နေတာ​တွေ ရပ်​တန့်​ဖို့ လိုပါတယ်​။

အ​ရေးကြီးဆုံးအချက်​က ရိုဟင်​ဂျာ​တွေရဲ့ နိုင်​ငံသားကိစ္စနဲ့ပတ်​သက်​ပြီး ​မြို့နယ်​တိုင်းက အများပြည်​သူ​လေးစားတဲ့ ဒေသခံရိုဟင်​ဂျာပညာတတ်​​တွေကို ​ခေါ်ပြီး ပြည်​​ထောင်​စုအဆင့်​ ​ဆွေး​နွေးပွဲတစ်​ခုကို ပွင့်​လင်းမြင်​သာစွာလုပ်​ဖို့လိုတယ်​။ အဲ့ဒီ​ဆွေး​နွေးပွဲကတဆင့်​ အ​ကောင်းဆုံးအ​ဖြေတစ်​ခုကို ​ဆွေး​နွေးညှိနှိုင်းရှာ​ဖွေပြီး ထိုအ​ဖြေအတိုင်း ​ဆောင်​ရွက်​သွားမှသာ ဒီကိစ္စ ထင်​သလို ခက်​ခဲမှာမဟုတ်​ဘဲ လုပ်​ငန်း​ဆောင်​ရွက်​ရတာမှာလဲ အဆင်​​ပြေ​ချောမွတ်​မှာဖြစ်​​ကြောင်း ​ဆွေး​နွေးတင်​ပြလိုက်​ရပါတယ်​။

Comment ရေးရန်

Rohingya Exodus