ဘူးသီးတောင် မိကျောင်းဈေးမှ ထိန်းသိမ်းခံရသူ (၁၃) ဦးကို နယ်ခြားစောင့်ရဲများက ငွေကျပ် ၃၆ သိန်းကျော် ညှစ်ယူ၍ ပြန်လွှတ်ပေး
RB News
21.12.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသား ၁၂ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က နှစ်ရက်ကြာ ထိန်းသိမ်းထားပြီးနောက် ငွေကျပ် ၃၆ သိန်းကျော် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ မိကျောင်းဈေးကျေးရွာအုပ်စု သို့ လာရောက်၍ ဓါတ်ပုံရိုက်ကူးပြီးနောက် ဒေသခံ (၁၂) ဦးကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။

မိကျောင်းဈေးကျေးရွာအုပ်စု၊ ဖော်တေအလီရွာမှ ဆင့်ခေါ်ခံထားရသူ (၁၂) ဦးသည် ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းရှိ နယ်မြေမှူး ရဲမှူး ထွန်းလှိုင် တွေ့ဆုံရန် သွားရောက်ပြီးနောက် ထိန်းသိမ်းထားခံခဲ့ရသည်။ ၎င်းတို့နှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမူဂျီဖ်လည်း ထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။
ရွာသား ၁၂ ဦးမှ (၈) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ကျန်သည့် (၄) ဦးကို အနီးအနားရှိ ရိုဟင်ဂျာနေအိမ်များတွင် ထိန်းသိမ်းထားခဲ့သည်။
၎င်းတို့ (၁၃) ဦးကို ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ (၁၃) ဦးထံမှ ငွေကျပ် ၃၆ သိန်း ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ငွေယူခြင်း မရှိဟု လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။
နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ငွေယူခြင်း မရှိဟု လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။
ထိန်းသိမ်းခံခဲ့ရပြီး ငွေညှစ်ခံရသူများမှာ --
(၁) မော်လ၀ီဖော်ယာစ်
(၂) မော်လ၀ီဂျာဟိတ်
(၃) မော်လ၀ီဟာမီဒုလ်ဟောက်
(၄) မော်လ၀ီတူဟား
(၅) ဦးအီဗရာဟိမ်း
(၆) မောင်အီဗရာဟိမ်း
(၇) ဦးအီဆက်
(၈) ဦးမူဟီဘူလ္လာ
(၉) ဦးရော်ဟိမ်း
(၁၀) ဦးမာမတ်အလီ အပါအ၀င် (၁၂) ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမူဂျီဖ် တို့ဖြစ်ကြသည်။
အဆိုပါ နယ်ခြားစောင့်ရဲများသည် နိုဝင်ဘာလ အစောပိုင်းတွင်လည်း မိကျောင်းဈေးရွာမှ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ မိကျောင်းဈေးရွာတွင် မီးရှို့ရန်လာသည့် ရခိုင်ရွာသားတစ်ဦးကို ရွာသားများက ၀ိုင်းဝန်းဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းလည်း ရှိခဲ့သည်။