ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ် အရေးယူမှုတွေ စတင်
RB News
22.12.2017
ကမ္ဘာတစ်လွှားက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်သူ ၁၃ ဦးကို အမေရိကန်နိုင်ငံက စီးပွားရေးဒဏ်ခတ် အရေးယူခဲ့မှုမှာ မြန်မာနိုင်ငံဖက်ကတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်က အရပ်သားရိုဟင်ဂျာတွေအပေါ် တရားလက်လွန် လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို စီးပွားရေး ဒဏ်ခတ် အရေးယူလိုက်ခြင်းဟာ ရခိုင်ပြည်နယ်မှာ အရပ်သားရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်အပေါ် အမေရိကန်အစိုးရအနေနဲ့ စိတ်ပျက်မိကြောင်းကို လက်တွေ့ပြသလိုက်တာဖြစ်ပြီး အရပ်သားရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကြီးကြီးမားမား လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို အမေရိကန်နိုင်ငံအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ပြောပါတယ်။
ကြာသပတေးနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်အရ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပိုင်ဆိုင်မှုတွေရှိနေရင် ချိတ်ပိတ်ခံရမှာ ဖြစ်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစနစ် အသုံးပြုမှုမှာလည်း အကန့်အသတ်ပြုခြင်းတွေ ခံရမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အရပ်သား ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု၊ တရားလက်လွန် ဖမ်းဆီးမှုတွေအပါအဝင် ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် အခုလို ဒဏ်ခတ်အရေးယူမှု စတင်ရတာ ဖြစ်တယ်လို့ မနေ့က အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ပြည်ထောင်စုက အခုလို ဒဏ်ခတ် အရေးယူ လိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) က အာရှရေးရာ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်ဖက်ခြမ်းကို ကျည်ဆံဒဏ်ရာအပါအဝင် တခြားဒဏ်ရာဒဏ်ချက်တွေနဲ့အတူ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေကတော့ ဒေသခံဗုဒ္ဓဘာသာဝင်တွေအုပ်စုတွေနဲ့ မြန်မာစစ်သားတွေ လက်တွဲညီညီနဲ့ သူတို့ရဲ့ ရွာတွေကို မီးရှို့ခဲ့ကြတာဖြစ်ကြောင်း၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ကြောင်း စတဲ့ သူတို့တွေ့ကြုံရင်ဆိုင်ခဲ့ရတာတွေကို ထွက်ဆိုလျက်ရှိနေပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ အရေးခင်းနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ ရိုဟင်ဂျာအရပ်သားပေါင်း ၆၇၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ MSF က ပြီးခဲ့တဲ့အပတ်က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ လူပေါင်း ၇ သိန်းနီးပါးဟာ အိုးအိမ်တွေ မီးရှို့ခံရပြီး ဘင်္ဂလားဒေရှ့်ဖက်ခြမ်းကို အသက်လုပြီး ထွက်ပြေးလာခဲ့ရခြင်း၊ အမျိုးသမီးတွေ အဓမ္မအနိုင်ကျင့်ခံရခြင်း စတဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ ကျူးလွန်မှုတွေဟာ သင်ရိုးညွှန်းတမ်းမှာ ဥပမာပြစရာ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းရေး လုပ်ဆောင်မှုဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂကအဖွဲ့က နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အတိအလင်း ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရကတော့ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အဆိုပါ ရာထူးက ဖယ်ရှားခဲ့ပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။