နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆွဲ၊တင်၊စစ် တွင် ငွေအဆမတန် တောင်းခံနေခြင်းကြောင့် ငွေကြေးအဆင်မပြေသည့် အချိန်တွင် ဒေသခံများ အခက်ကြုံ

Rohingya Eye
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာရွာများတွင် ဆွဲ၊တင်၊စစ် ပြုလုပ်လျက်ရှိပြီး ငွေအဆမတန် တောင်းခံနေခြင်းကြောင့် ငွေကြေးအဆင်မပြေသည့် အချိန်တွင် ဒေသခံများ အခက်ကြုံလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ နောက်ပိုင်းမှစ၍ မြို့ဦးကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် ပြုလုပ်လျက်ရှိပြီး ကျေးရွာ တာဝန်ခံ ဦးအဒူမူနာဖ်နှင့် ဆွဲ၊တင်၊စစ် တာဝန်ခံ လ.၀.က များက ကလေးတစ်ဦးကို အိမ်ထောင်စု လူဦးရေ စာရင်းတွင် ထည့်သွင်းပေးခဟု ဆိုကာ ငွေကျပ် တစ်သိန်း ယူကြောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းမှ တစ်ဦး ပယ်ဖျက်လျှင် ငွေကျပ် ၇ ထောင်၊ ဓါတ်ပုံ ရိုက်ခံ ၇ ထောင် ယူကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မြို့ဦးကျေးရွာရှိ ဒေသခံ အများစုမှာ ဆင်းရဲသားများ ဖြစ်ကြပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ ငွေကြေး အဆမတန် ကောက်ခံနေခြင်းကြောင့် ဓါတ်ပုံရိုက်ခပင် မပေးနိုင်သော ရွာသူရွာသား အများအပြား ရှိကြသည်။

သွားလာခွင့် ကန့်သတ်ထားခံရပြီး၊ အလုပ်အကိုင် အဆင်မပြေ ဖြစ်နေသည့် အချိန်တွင် ယခင်နှစ်များကထက် ပို၍ ကောက်ခံနေခြင်းသည် ငွေကြေး မတတ်နိုင်သူများကို တဖက်နိုင်ငံသို့ ထွက်ပြေးသွားစေရန် တမင် ကြံစည် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

ကလေး မွေးတိုးအတွက် ပြည်သူ့ဆေးရုံမှ မွေးစာရင်း ရယူရန် အခက်အခဲ ပေါင်းစုံနှင့် ရင်ဆိုင်နေရပြီး ငွေအဆမတန် ကုန်ကျနေကြောင်း မွေးစာရင်း ထုတ်ခဲ့သူက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus