နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့ တွင် လေးတန်းနှင့် ရှစ်တန်း စာမေးပွဲများ၌ ကျောင်းသား/သူများကို လူမျိုးအလိုက် စာမေးပွဲခန်း သီးခြားသတ်မှတ်ပြီး ဖြေဆိုခိုင်း

RB News
19.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စတုတ္တတန်းနှင့် အဌမတန်း စာမေးပွဲများကို ကျင်းပ စစ်ဆေးလျက်ရှိရာ ကျောင်းသား/သူများကို လူမျိုးခွဲခြား၍ သီးခြား စာမေးပွဲခန်းများ ပြုလုပ်၍ ဖြေဆိုခိုင်းလျက် ရှိကြောင်း သတင်းရရှိပါသည်။

တစ်နိုင်ငံလုံးတွင် ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ စတုတ္တတန်းနှင့် အဌမတန်း စစ်မေးပွဲများကို ကျင်းပ စစ်ဆေးလျက်ရှိရာ ဘူးသီးတောင်မြို့တွင် ကျောင်းသား/သူများကို လူမျိုးအလိုက် စာမေးပွဲခန်း သီးခြားသတ်မှတ်ပြီး ဖြေဆိုခိုင်းကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့ရှိ စာစစ်ဌာနတွင် လူမျိုးအလိုက် စာမေးပွဲခန်းများ သီးခြား ပြုလုပ်ထားပြီး အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရသည့် အခန်းများတွင် “ဘ” ဟု သင်္ကေတ ရေးသားထားကြောင်း၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီးနှင့် ဗမာ ဗုဒ္ဓဘာသာဝင် ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုရသည့် အခန်းများတွင် “တ” ဟု သင်္ကေတ ရေးသားထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူမျိုး၊ ကိုးကွယ်သည့် ဘာသာကို ခွဲခြား၍ စာမေးပွဲ စစ်ဆေးခြင်းကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ပြီး၊ အခြား မည်သည့် အရပ်ဒေသတွင်မှ ပြုလုပ်ခဲ့ခြင်း မရှိဘဲ ဘူးသီးတောင်မြို့နယ်တွင်သာ ပြုလုပ်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ရခိုင်အစွန်းရောက် တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း၏ ညွန်ကြားချက်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ ဦးအောင်ကျော်ထွန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦးဖြစ်ပြီး၊ ယခင်က နယ်ပြောင်းခံရသူလည်း ဖြစ်သည်။ ယခုလုပ်ရပ်သည် ရိုဟင်ဂျာမွတ်စလင် ကျောင်းသား/သူ များ၏ ပညာရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သလို၊ ပညာရေးကို ချိုးနှိမ်နေခြင်းလည်း ဖြစ်သည်။

ဒေသခံများက ယခုကဲ့သို့ ခွဲခြားနေခြင်းမှာ နိုင်ငံတော်၏ ဥပဒေများကို ပေါ်ပေါ်တင်တင် ကျူးလွန် ဖောက်ဖျက်နေခြင်း ဖြစ်ပြီး၊ မည်သို့မှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ ပြုလုပ်နေခြင်းကို အချိန်မီ တားမြစ်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။




Comment ရေးရန်

Rohingya Exodus