နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ရိုဟင်ဂျာ အလုပ်သမား ၄ ဦး လုပ်ကြံဖန်တီး၍ ဖမ်းဆီးထား

MYARF
RB News
27.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရိုဟင်ဂျာအလုပ်သမား (၄) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ အလုပ်ခိုင်းပြီးနောက် လုပ်ကြံဖန်တီး၍ ဖမ်းဆီးထိန်းသိမ်း ထားသည်။

မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာမှ ဈေးသည်တစ်ဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ရှေ့တွင် နေ့စဉ် ဟင်းသီးဟင်းရွက် ရောင်းချလေ့ရှိပြီး နယ်ခြားစောင့်ရဲများက ၎င်းထံမှ ဟင်းသီးဟင်းရွက် ၀ယ်ယူသဖြင့် အချင်းချင်း ရင်းနှီးမှု ရှိကြသည်။ ဇွန်လ (၁၈) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက အဆိုပါ ဈေးသည်အား နယ်ခြားစောင့်ရဲတပ်ဖွဲ့ပိုင် ဒေဝေါ်နဒီဂေါက်ကွင်းတွင် မြက်ရိတ်ရန်နှင့် သန့်ရှင်းရေး ပြုလုပ်ရန် အလုပ်သမား (၄) ဦးခေါ်ပေးရန်၊ လုပ်ခလည်း ပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဟင်းသီးဟင်းရွက် ရောင်းချရန်သွားသည့် အချိန်တွင် ကျီးကန်းပြင်တောင်ရွာမှ လူငယ် အလုပ်သမား (၄) ဦးကို အတူခေါ်ဆောင်သွားပြီး နယ်ခြားစောင့်ရဲများ လက်ထဲသို့ အပ်နှံခဲ့သည်။

အလုပ်သမား (၄) ဦးသည် ယင်းနေ့တွင် အလုပ်လုပ်၍ ညနေ အိမ်ပြန်ချိန် လုပ်ခ အချို့လည်း ရရှိခဲ့သည်။ ဇွန်လ (၂၄) ရက်နေ့ထိ အလုပ်လုပ်ပြီးနောက် ညနေအိမ်ပြန်ချိန်တွင် နယ်ခြားစောင့်ရဲများက ၎င်းတို့ (၄) ဦးအား စစ်ဆေးရန် လိုအပ်သည်ဟု ဆိုကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့သည်။

ဇွန်လ (၂၅) ရက်နေ့တွင် ၎င်းတို့အား ကျောက်လှေကား နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် မောင်တော တရားရုံးသို့ ခေါ်ဆောင်သွားကာ ရမန်ယူ၍ ဌာနချုပ်တွင် ဆက်လက် ချုပ်နှောင်ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းမ်ကဒ် ရရှိသောကြောင့် ဖမ်းဆီးထားသည်ဟု လုပ်ကြံဖန်တီး ပြောဆိုနေသော်လည်း ဒေသခံများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ သွားရောက်၍ အလုပ်လုပ်မည့် အချိန်တွင် ဘင်္ဂလားဆင်းမ်ကဒ် ထည့်ထားသည့် ဖုန်းများအား ယူဆောင်သွားခြင်း ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်သည့် လုပ်ကြံဖန်တီးမှုတစ်ခုသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

မောင်တောခရိုင်တွင် ယခင်က စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘင်္ဂလားဆင်းမ်ကဒ်များကို လစဉ်ကြေးဖြင့် ငှားရမ်းသောကြောင့် ဒေသခံရိုဟင်ဂျာအချို့ သုံးစွဲခဲ့သော်လည်း ငွေညှစ်မှုကို ဒဏ်ကို မခံနိုင်သည်က တစ်ကြောင်း၊ ယခုအခါ နေရာတိုင်းတွင် MPT Network ရှိနေသည်က တစ်ကြောင်း တို့ကြောင့် ဘင်္ဂလားဆင်းမ်ကဒ် သုံးစွဲသူ မရှိတော့သော်လည်း နယ်ခြားစောင့်ရဲများက ဖုန်းများကို စစ်ဆေး၍ ၎င်းတို့ ကိုယ်တိုင် အသင့်ယူဆောင်လာသည့် ဘင်္ဂလားဆင်းမ်ကဒ်များကို ထည့်ပေးပြီး လုပ်ကြံဖန်တီး၍ ငွေညှစ်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက် ရှိနေသေးသည်။

ဖမ်းဆီးခံရသူများမှာ --

(၁) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးရော်စောအလီ (အသက် ၃၂ နှစ်)
(၂) ဦးအာဘူကာလာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၃) အိုမာရ် (ဘ) ဦးနူရူဇာမာ (အသက် ၁၈ နှစ်)
(၄) မွန်ဇူရ်ရာမန် (ဘ) ဦးရှော်ဘီရောန် (အသက် ၁၉ နှစ်) -- တို့ဖြစ်ကြသည်။




Comment ရေးရန်

Rohingya Exodus