စစ်သားများက အမျိုးသမီးများကို ထပ်မံ၍ မုဒိမ်းကျင့်ပါက ရွာသားများက သည်းမခံတော့ဘဲ လက်တုံ့ပြန်မည်ကို စိုးရိမ်ရ
MYARF
RB News
30.10.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်သားများ ၀င်ရောက် စီးနင်းမှုများ ပြုလုပ်လျက်ရှိပြီး၊ ယခုလည်း လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အရှေ့ရွာသို့ စစ်သားများ ၀န်းရံ ပိတ်ဆို့ထားကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်းရှိ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အရှေ့ရွာကို စစ်သား ၅၃ ဦးခန့်က ၀န်းရံ ပိတ်ဆို့ထားပြီး၊ ရွာအတွင်းရှိ အိမ်များထဲမှ ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွာသူရွာသားများကို ရိုက်နှက်ခြင်းများ အပြင် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်မည်ကို ရွာသားများက အထူးစိုးရိမ်နေကြကြောင်း RB News သို့ပြောသည်။
အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်သားများက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ် အောက်တွင် သတ်ဖြတ်ခဲ့သည့်အပြင်၊ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများစွာကို လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်သည်။
အဆိုးဆုံးမှာ ဆယ်ကျော်သက် အသက် ၁၀ နှစ် မိန်းကလေးမှ စ၍ အသက် ၄၀ ကျော် အိမ်ထောင်ရှင် အမျိုးသမီးများပါ မကျန် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ဖြစ်သည်။