နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း (၅၅၁) မှ စစ်သားများက မောင်တော ညောင်ချောင်းရွာတွင် မီးရှို့ခံရသည့် နေအိမ်ခြံဝင်း အတွင်းမှ အပင်များ ခုတ်ယူလျက်ရှိ

MYARF
RB News
22.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာမှ မီးရှို့ခံရသည့် နေအိမ်ခြံဝင်း အတွင်းကျန်ရှိနေသည့် အပင်များကို တပ်ရင်း (၅၅၁) မှ စစ်သားများ ခုတ်ယူလျက် ရှိသည်။

မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအုပ်စု ဝေသာလီရွာတွင် စခန်းချထားသည့် တပ်ရင်း (၅၅၁) မှ စစ်သားများသည် ညောင်ချောင်းကျေးရွာသို့ သွားရောက်၍ မီးရှို့ခံရသည့် နေအိမ်ခြံဝင်းများအတွင်း ကျန်ရှိနေသည့် အပင်များကို ခုတ်ယူလျက်ရှိသည်။

ယနေ့ ဇွန်လ (၂၂) ရက်နေ့တွင် စစ်သားများ ရောက်ရှိလာပြီး အပင်များကို ခုတ်ယူနေစဉ် ယင်းရွာမှ ရပ်မိရပ်ဖများနှင့် ခြံပိုင်ရှင်အချို့ သွားရောက်၍ အပင်များကို မခုတ်ရန် ဟန့်တားသော်လည်း စစ်သားများက “ငါတို့မှာ ငွေလိုနေလို့ သစ်ပင်တွေ လာခုတ်တာ၊ ဘယ်သူဘယ်ဝါမှ ခုတ်ခိုင်းတာ မဟုတ်ဘူး၊ သစ်ပင်တွေ မခုတ်စေချင် ငါတို့ကို ငွေပေး၊ ငွေပေးရင် မခုတ်တော့ဘူး” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ခြံပိုင်ရှင်များက မိမိတို့၏ ခြံများမှ အပင်များ ခုတ်ယူနေသောကြောင့် ဟန့်တားနေခြင်း ဖြစ်ရာ ငွေပေးရန် မလိုကြောင်း၊ ယခုကဲ့သို့ မတရားသဖြင့် မခုတ်ရန်သာ လိုကြောင်း ပြောသော်လည်း စစ်သားများက အပင်များကို ခုတ်ယူသွားသည်ဟု ဆိုသည်။

ညောင်ချောင်းကျေးရွာအုပ်စု အရှေ့ရွာနှင့် တောင်ရွာများရှိ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါရွာများမှ ရွာသား အနည်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိပြီး အများစုသည် ရွာ၏ မြောက်ဘက်၊ အနောက်ဘက်နှင့် အလယ်ပိုင်းသို့ ထွက်ပြေး၍ ခိုလှုံလျက် ရှိသည်။

သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် တပ်ရင်း (၅၅၁) သည် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ နယ်မြေတွင် တာဝန်ကျစဉ် အနီးအနားရှိ ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများ၊ ရွှေ ငွေများ၊ အိမ်သုံး အဖိုးတန်ပစ္စည်းများ လုယက်ခဲ့သည့် အပြင် ရိုဟင်ဂျာ အမြောက်အမြားကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။




Comment ရေးရန်

Rohingya Exodus