ဘူးသီးတောင် ကျီးနှုတ်သီး တာဝန်ခံက ရွာသို့ အလည်ရောက်နေသူတစ်ဦးကို သူစိမ်းဟုဆိုကာ နယ်မြေစခန်းသို့ ပို့ဆောင်၍ နယ်ခြားစောင့်ရဲများကို ငွေညှစ်စေပြီး ဝေစုယူ
MYARF
RB News
27.8.2018
RB News
27.8.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ငါးရန့်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်း၏ ကျေးရွာသို့ အလည်အပတ်ရောက်ရှိနေသည့် မိကျောင်းဈေးကျေးရွာမှ ဆင်းရဲသားတစ်ဦးကို ရွာတွင် သူစိမ်းတွေ့ရှိသည်ဟု ဆိုကာ နယ်မြေစခန်းသို့ ပို့ဆောင်၍ ငွေညှစ်စေခဲ့သည်။
ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ငါးရန့်ချောင်းကျေးရွာအုပ်စု၊ ကျီးနှုတ်သီးကျေးရွာ တာဝန်ခံ ဟာမီဒူလ္လာ (ဘ) ဦးအာဘာစ်မျာ (အသက် ၃၆ နှစ်) သည် သြဂုတ်လ (၂၄) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မိကျောင်းဈေးရွာမှ ၎င်း၏ရွာသို့ အလည်အပတ်ရောက်ရှိနေသည့် ဦးတွာဟ (ဘ) ဦးမော်ဂျိဒ် (အသက် ၃၄ နှစ်) ကို တွေ့ရှိသွားပြီးနောက် စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လုံး (အသက် ၆၀ နှစ်) ထံသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် နယ်မြေစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဦးတွာဟ သည် ကျီးနှုတ်သီးကျေးရွာရှိ ယောက္ခမအိမ်သို့ အလည်ရောက်ရှိနေခြင်း ဖြစ်သည်။
ဦးတွာဟ ကို နယ်မြေစခန်းတွင် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ၊ ဦးတွာဟသည် အပြစ်မဲ့တစ်ဦး ဖြစ်ကြောင်း၊ ရွာတွင်းသို့ ၀င်လာသည့် သူစိမ်းတစ်ဦး မဟုတ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ ပြသနိုင်ခဲ့သဖြင့် နယ်ခြားစောင့်ရဲများ အပြစ်မဲ့တစ်ဦးမှန်း သိရှိသွားခဲ့သော်လည်း ငွေကျပ် (၃) သိန်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။
ကျီးနှုတ်သီးကျေးရွာ တာဝန်ခံ ဟာမီဒူလ္လာသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရိုဟင်ဂျာရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ နယ်မြေစခန်းသို့ ပို့ဆောင်၍ ငွေညှစ်စေပြီး ဝေစုထုတ်ယူလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။