မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများဖြင့် စုံစမ်းအရေးယူရမည်ဟု IFFM အစီရင်ခံစာကဆို
ယျာတင် (ရိုဟင်းသား)
RB News
27.8.2018
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) နှင့်စစ်ရာဇဝတ်မှု (War Crimes) များကျူးလွန်ခဲ့မှုဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူရမည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (IFFM) ကယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
အဖွဲ့ဝင် (၃) ဦးပါသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် အချက်အလက် စုဆောင်းရေးအဖွဲ့ (IFFM) အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက၂၀၁၇ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ ၂၀၁၈ ခုနှစ် ဩဂုတ်လ (၂၇) နေ့တွင် ၎င်းတို့၏ ကနဦး အစီရင်ခံစာကို ထုတ်ပြန်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို အဓိကထား စုံစမ်းခဲ့ခြင်းလည်း ဖြစ်ပါသည်။
ယင်းအဖွဲ့သည် မျက်မြင်သက်သေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူ ၈၇၅ ဦး တွေ့ဆုံ မေးမြန်းထားကြောင်း၊ ဂြိုလ်တုမှလည်း မှတ်တမ်းရုပ်ပုံများ ရိုက်ကူးထားသည့်အပြင် အခြားသော စစ်မှန်သည့် အရင်းအမြစ်များမှလည်း အချက်အလက်များ ရှာဖွေစုဆောင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထို့အပြင် ၎င်းအဖွဲ့သည် အချက်အလက်များ ရှာဖွေနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗြိတိန်နိုင်ငံတို့ကို သွားရောက်ခဲ့သည်ဟု ဆိုသည်။ မြောက်မြားစွာသော အရပ်ဖက်အဖွဲ့အစည်းများ၊ သုတေသနပြုလုပ်သူများနှင့် သံတမန်တို့နှင့်လည်း လူကိုယ်တိုင်တွေ့၍ဖြစ်စေ ဆက်သွယ်၍ဖြစ်စေ၊ မေးမြန်းစုံစမ်းမှုများပြုလုပ်ခဲ့သည် ဟူ၍လည်း အဆိုပါအစီရင်ခံစာ၌ ပါရှိပါသည်။
ရခိုင်အရေးနှင့်ပတ်သက်၍ အစီရင်ခံစာတွင် ရေးသားထားသည့်များမှ အချို့ကိုကောက်နုတ်တင်ပြရလျှင် -
၂၀၁၆ ခုနှစ် အောက်တိုဘာ(၉) ရက်နောက်ပိုင်းနှင့်၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်း၌ မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည့်နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် ထောင်ပေါင်များစွာသော ရိုဟင်ဂျာများ အသတ်ခံခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊မင်းကြီး(တူလာတူလီ)၊ မောင်နု၊ ချွတ်ပြင်၊ ဂူတာပြင်နှင့် ကိုးတန်ကောက်ကျေးရွာများတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာ၌ ပါရှိပါသည်။ ရိုဟင်ဂျာများကို ရည်ရွယ်ချက်ရှိရှိ ညှဉ်ပန်းနှိပ်စက်ခဲ့ကြောင်း၊ သေနတ်ဖြင့်လက်လွတ်စပယ် ပစ်ခတ်ခဲ့ကြောင်း၊လွှတ်မြောက်ရာကို ထွက်ပြေးသွားနေသူကျေးရွာသားများကိုပင် စစ်သားများက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။ထို့အပြင် စစ်သားများက ၁၃ နှစ်မှ ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးများကို ပစ်မှတ်ထား၍ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်ဟူ၍လည်း ဖော်ပြထားပါသည်။ အနည်းဆုံး ရိုဟင်ဂျာကျေးရွာပေါင်း ၃၉၂ ရွာကို မီးရှို့ခဲ့ကြောင်း၊ထို့အတွက်ကြောင့် လူသိန်းပေါင်းများစွာ ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာရခြင်းဖြစ်သည် ဆို၍လည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့အပြင် ခွဲခြားဆက်ဆံမှုပေါ်လစီအရထုတ်ပေးနေသည့်၊ရိုဟင်ဂျာများကလက်မခံသည့်NVC များကိုမြန်မာအစိုးရကအတင်းအဓမ္မထုတ်ပေးနေကြောင်း၊"ဒီကဒ်မယူချင်ရင် ဒီနိုင်ငံကထွက်သွား" ဆိုပြီးမြန်မာအစိုးရကအစည်းအဝေးတွင် လူသိရှင်ကြားပြောခဲ့ကြောင်းလည်းအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။
ထို့အပြင် ၂၀၁၇ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ အာဆာတိုက်ခိုက်မှု မဖြစ်ပွားခင် မတ်လမှ ဇူလိုင်လအတွင်တွးတွင် အစွန်းရောက်ဘုန်းကြီးဝီရသူသည် ရခိုင်မြောက်ပိုင်းကို နှစ်ကြိမ်တိတိ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် ရသေ့တောင်မြို့နယ်မှ စေတီပြင်ကျေးရွာကို ရခိုင်အစွန်းရောက်များနှင့် လုံခြုံရေးတပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်းက မီဒီယာများနှင့်အစိုးရကိုယ်တိုင် ဦးဆောင်၍ အာဆာကိုအကြောင်းပြုပြီး ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ ဆက်လက် ဖြန့်ဝေခဲ့ခြင်းကြောင့် သြဂုတ်လ (၂၅) ရက်နေ့ တိုက်ခိုက်မှု ဖြစ်ပွားရန် အရှိန်အဟုန် မြင့်မားစေခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားပါသည်။
အစီရင်ခံစာ၌ ၂၀၁၂ ခုနှစ် အရေးအခင်းနောက်ပိုင်းတွင် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှုများ တိုးပွားလာခဲ့ကြောင်းကိုလည်း မီးမောင်း ထိုးပြထားသည်။ စစ်ဆေးရေး ကင်းစခန်းများ တိုးချဲ့၍ ရိုဟင်ဂျာများ၏ အသွားအလာများကို ပို၍ ကန့်သတ် လာခဲ့ကြောင်း၊ ပညာတတ် ရိုဟင်ဂျာများကို ပစ်မှတ်ထား၍ သတ်ဖြတ်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများ တိုးပွားလာခဲ့ကြောင်း၊ ရာပေါင်းများစွာသော ရိုဟင်ဂျာများကို ဖမ်းဆီးထောင်ချခဲ့ကြောင်း၊ ထိုညှဉ်းပန်းနှိပ်စက်မှုများက၂၀၁၆ နှင့် ၂၀၁၇ အာဆာ၏ တိုက်ခိုက်မှုများ ဖြစ်ပွားလာစေခဲ့ကြောင်း ဖော်ပြထားပါသည်။
အချက်အလက် စုဆောင်းရေးအဖွဲ့သည် ရခိုင်လူမျိုး မြောက်မြားစွာနှင့်လည်း စကားပြောခဲ့ပြီး ထိုရခိုင်များကလည်း သူတို့အပေါ် မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့များက အခြား တိုင်းရင်းသားဒေသများတွင် ကျူးလွန်သကဲ့သို့ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု ပြောကြားခဲ့ကြောင်း အစီရင်ခံစာ၌ ပါရှိပါသည်။
အစီရင်ခံစာနဲ့ ပတ်သက်၍ ယနေ့ပြုလုပ်သည့် ၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများ အထူးသဖြင့် ရိုဟင်ဂျာများ အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အလျင်စလို အရေးယူ ကိုင်တွယ်ရန် တာဝန်ရှိနေကြောင်း စုံစမ်းရေးအဖွဲ့ကို ဦးဆောင်သူ Marzuki Darusman က တိုက်တွန်းပါသည်။
၎င်းတို့အဖွဲ့၏ တွေ့ရှိချက်အရ ဖော်ပြပါ ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အဓိက တာဝန်ရှိသူမှာ မြန်မာစစ်တပ်ဖြစ်သည်ဟု စုံစမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့် Chris Sitodi ကပြောသည်။
ပြစ်မှုကြီးကြီးမားမား ကျူးလွန်ခဲ့သည်တွင် တာဝန်အရှိဆုံး ဖြစ်သည့် မြန်မာ့စစ်ခေါင်းဆောင်များသည်၎င်းတို့၏ ကျူးလွန်မှုများအပေါ် မြန်မာနိုင်ငံ၏ ပြည်တွင်း ဥပဒေများနှင့် ပြည်တွင်းအခြေအနေအရ ကင်းလွတ်ခွင့် ရနေသောကြောင့် ၎င်းတို့ကို နိုင်ငံတကာ ဥပဒေများနှင့် အညီ ICC ခေါ် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး သို့မဟုတ် နိုင်ငံတကာခုံရုံး တစ်ခု သီးခြားဖွဲ့ပြီး စုံစမ်းအရေးယူရန်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အချက်အလက် စုဆောင်းရေးအဖွဲ့က အကြံပြု တိုက်တွန်းထားပါသည်။
အချက်အလက် စုဆောင်းရေးအဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လုပ်ရပ်များကို တားဆီး ကာကွယ်ရန် သို့မဟုတ် ၎င်း၏ ဩဇာအရ အမှန်တရားဖက်က ရပ်တည်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ခြင်း အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ ဤအစီအရင်ခံစာ ဖတ်ပြီးနောက် နိုင်ငံတကာက တာဝန်ရှိသူများ အနေဖြင့် ရိုဟင်ဂျာများအပေါ် ဤကဲ့သို့ ဖြစ်ရပ်ဆိုးမျိုး နောက်ထပ် မဖြစ်ပွားလာရန်နှင့် ဖြစ်ပွားခဲ့မှုတွင် တာဝန်ရှိသည့် မြန်မာ့စစ်ခေါင်းဆောင် များကိုလည်း အရေးယူရန် မျှော်လင့်မိသည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခဲ့ပါသည်။
အခြားသော တိုင်းရင်းသားဒေသများတွင် စစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်များကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားပြီး ၎င်းတို့အတွက်လည်း တာဝန်ရှိသူများကိုစုံစမ်းစစ်ဆေး အရေးယူရန် တိုက်တွန်းထားပါသည်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု အနေဖြင့် ယခုကဲ့သို့ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုဟူသော အသုံးအနှုန်းကို သုံးခြင်းသည် အလွန်ရှားပါးသည့်ကိစ္စ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့မှုများသည် ဘော့စ်နီးယားနှင့် ရဝမ်ဒါနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည်များနှင့် တူညီနေသည်ဟု ပညာရှင်များက သုံးသပ်ထားပါသည်။
အချက်အလက် စုဆောင်းရေးအဖွဲ့၏ အပြီးသတ် အစီရင်ခံစာကို စက်တင်ဘာလ (၁၈) ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသို့ တင်သွင်း သွားမည် ဖြစ်ပါသည်။

