နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်းများ ရောက်နေသည်ဟု သတင်းမှားကြောင့် ၀င်စစ်ဆေးပြီးနောက် သတင်းမှားမှန်း သိရှိသွား

MYARF
RB News
11.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်းများ ရောက်ရှိနေသည်ဟု သတင်းမှားကြောင့် ၀င်ရောက် စစ်ဆေးပြီးနောက် သတင်းမှားမှန်း သိရှိသွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်း ၇၀ ဦးကျော် ရောက်ရှိနေသည်ဟု မဟုတ်မမှန် သတင်းပြန့်နှံ့နေခြင်းကြောင့် သြဂုတ်လ (၆) ရက်နေ့က နယ်ခြားစောင့်ရဲများ ယင်းကျေးရွာသို့ ရောက်ရှိလာပြီး ၀င်ရောက် စစ်ဆေးခဲ့သည်။

နယ်ခြားစောင့်ရဲများက ယင်းနေ့တွင် စစ်ဆေးခဲ့ပြီးနောက် နောက်တစ်ရက်လည်း စစ်ဆေးရဦးမည်ဟု ဆိုကာ ရွာသားများအား ၎င်းတို့အတွက် နေ့လည်စာ ပြင်ဆင်ထားရန် မှာကြား၍ ထွက်ခွာသွားခဲ့သည်။ 

သြဂုတ်လ (၇) ရက်နေ့ နံနက် (၆) နာရီ အချိန်တွင် ရွာထဲသို့ နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာပြီး တစ်ရွာလုံးရှိ ရွာသူရွာသားများကို အိမ်ထောင်စု လူဦးရေ စာရင်းများနှင့် တိုက်ဆိုင်၍ စစ်ဆေးခဲ့သည့် အပြင် ဒု-အိုးသည်မ၊ ငွေတောင်နှင့် အနီးအနားရှိ တောတောင်များထဲသို့ပင် ၀င်ရောက် စစ်ဆေးခဲ့သော်လည်း သူစိမ်း တစ်ဦးမှ မတွေ့ရှိခဲ့ဘဲ ပြောဆိုထားသည့်အတိုင်း စီစဉ်ထားသည့် နေ့လည်စာကို စားသုံး၍ နေ့လည် ၃ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

“မဟုတ်မမှန် သတင်းကြောင့် ရွာသားတွေ အားလုံး အလကားနေ စိတ်အနှောက်အယှက် ဖြစ်ရတဲ့အပြင် သူတို့အတွက် ချက်ပြုတ်ကျွေးမွေးရတော့ ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်တယ်။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတဲ့ အချိန်မှာ သူတို့ကိုပါ ချက်ပြုတ်ကျွေးမွေးရတာ အခက်အခဲ ဖြစ်တယ်။ သူတို့တာဝန်အရ လာတာ ကျွန်တော်တို့ ကျွေးမွေးရတယ်။ သက်သက်အနိုင်ကျင့်တာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။


Comment ရေးရန်

Rohingya Exodus