နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဂူတာပြင်မှာ ရိုဟင်ဂျာနှစ်ဦးကို ကျောက်စာတိုင်မှ နယ်ခြားစောင့်ရဲတစ်ဦးက လူမဆန်စွာရိုက်နှက်

MYARF
RB News
11.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာအုပ်စု ကျောက်စာတိုင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲတစ်ဦးက ပိန်းဥရှာ၍ ပြန်လာသည့် ဒေသခံရိုဟင်ဂျာနှစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ဂူတာပြင်ကျေးရွာအုပ်စုရှိ ဒေသခံရိုဟင်ဂျာအများစုသည် အနီးအနားရှိ တောတောင်များကို မှီခိုအားထားနေရသူများ ဖြစ်ကြပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ရိုဟင်ဂျာများကို တောတောင်များထဲသို့ မသွားရန် အာဏာပိုင်များက တားမြစ်ထားခဲ့သည်။ တစ်နှစ်တိတိကြာမြင့်လာပြီးနောက် ဒေသခံရိုဟင်ဂျာများက အသက်မွေးဝမ်းကျောင်းပြုရန် အလွန်ခက်ခဲနေကြောင်း ညောင်ချောင်းအခြေစိုက် အမှတ် (၁၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူးကို တင်ပြခဲ့သည်။ လွန်ခဲ့သည့် အပတ်တွင် နယ်မြေမှူးက တောတောင်များထဲသို့ သွားခွင့်ပြုကြောင်း၊ နယ်မြေစခန်း လက်အောက်ခံ ကျောက်စာတိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံကလည်း ခွင့်ပြုကြောင်း ဒေသခံများကို အသိပေးခဲ့သည်။ 

ထိုသို့ ခွင့်ပြုချက်ရရှိပြီးနောက် ရိုဟင်ဂျာအချို့က အနီးအနား တောတောင်များထဲသို့ သွားရောက်၍ ပိန်းဥများ ရှာဖွေခဲ့သည်။ ပိန်းဥ ရှာဖွေလာသူများကို ကျောက်စာတိုင်ရွာမှ ဦးမောင်သန်းဝင်း (အသက် ၅၀ နှစ်) က တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ နှုန်း၊ ဈေးပေါပေါဖြင့် ရောင်းချရန် တောင်းဆိုရာ ဒုက္ခခံ၍ အသက်မွေးဝမ်းကျောင်းပြုနေသူများက ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း ငြင်းဆိုသဖြင့် မကျေနပ်၍ သားမက်ဖြစ်သူ ကျောက်စာတိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုတပ်ကြပ် သန်းနိုင် (အသက် ၂၅ နှစ်) ကို တိုင်တန်းခဲ့သည်။ 

ဒုတပ်ကြပ်သန်းနိုင်သည် စက်တင်ဘာလ (၁၀) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ကင်းစခန်းမှထွက်၍ ပိန်းဥရှာပြီး ပြန်လာနေသည့် သရက်တောင်ရွာမှ ဒေသခံရိုဟင်ဂျာများကို လိုက်လံ ရိုက်နှက်ခဲ့ရာ အချို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဦးအာဘူဆယိဒ် (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၄၁ နှစ်) နှင့် ဦးနူရ်မိုဟာမတ် (ဘ) ဦးဖူရုခ်အဟ်မဒ် (အသက် ၄၆ နှစ်) တို့ကို လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ဒုတပ်ကြပ်သန်းနိုင်၏ ရိုက်နှက်မှုကြောင့် ဦးအာဘူဆယိဒ်၏ မျက်နှာတွင် လက်သီးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ ဦးခေါင်းတွင် စစ်ဖိနပ်ဖြင့် ကန်ကျောက်ထားသည့် ဒဏ်ရာ၊ ကြောဘက်တွင် တုတ်ဖြင့် ရိုက်ထားသည့် ဒဏ်ရာများဖြင့် သေလုမြောပါး ဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဒုတပ်ကြပ်သန်းနိုင်သည် ဘူးသီးတောင်မြို့သို့ တာဝန်ဖြင့် ရောက်ရှိလာပြီး တစ်နှစ်ခန့်အကြာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျောက်စာတိုင်မှ ဦးမောင်သန်းဝင်း ၏ သမီးတစ်ဦးကို လက်ထပ်ယူပြီးနောက် ဂူတာပြင်ရှိ ဒေသခံရိုဟင်ဂျာများထံမှ ဆိုင်ကယ်များ ငှားယူသွားပြီး ငှားရမ်းခ မပေးဘဲ ပြန်ပေးခြင်း၊ ဆိုင်ကယ်များကို အကြမ်းပတမ်း  မောင်းနှင်၍ တစ်စုံတစ်ခု ပျက်စီးသွားလျှင် လျော်ကြေးပေးရမည့် အစား အရက်သောက်၍ ဆူပူ သောင်းကျန်းခြင်းများ ပြုလုပ်သည်။ 

ကျောက်စာတိုင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ အခြား နယ်ခြားစောင့်ရဲများကလည်း ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်၍ ကြက်၊ ဘဲများ ဖမ်းယူခြင်း၊ ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ရေကန်များတွင် မွေးမြူထားသည့် ငါးများကို ဖမ်းယူသွားခြင်း ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။ 




Comment ရေးရန်

Rohingya Exodus