(ဓါတ်ပုံ - Alexander Hotz / Coconuts Yangon) |
ရေးသားသူ - စန္ဒြာမောင်စိက္ကေ-ရခိုင်ပြည် [MYARF]
RB News
19.7.2016
လူမျိုးဟုဆိုရာ၌ ထိုလူမျိုးအား သိသာ ထင်ရှားသော အုပ်စုအဖြစ် ခွဲခြားသိရှိနိုင်ရန် သတ်မှတ်သော အမှတ်သညာ အမည်တစ်ခုသာ ဖြစ်သည်။ ထိုအမှတ်သညာအမည်ကို မှည့်ခေါ်ရာ၌ ၎င်းလူမျိုးတို့၏ ရုပ်ခန္ဓာ သွင်ပြင်လက္ခဏာ၊ မျိုးရိုးဗီဇ၊ ရိုးရာဓလေ့ စရိုက်၊ နေထိုင်ရှင်သန်ရာ နယ်မြေဒေသ၊ ပြောဆိုသော ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းများ စသည်တို့ဖြင့် အမည်ပေး မှည့်ခေါ်ကြရသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ အနောက်ဘက်၊ ရခိုင်ပြည်နယ်၏ အနောက်မြောက်ဘက်တွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာလူမျိုးများ၏ အမှတ်သညာအမည်နာမကို အထက်နိဒါန်းတွင် ဖော်ပြပါရှိသော မူသတ်မှတ်ချက်နှင့်အညီ အမည်မှည့်ခဲ့လေသလား၊ လေ့လာကြည့်ကြပါစို့။
ရိုဟင်ဂျာဟု ခေါ်ဆိုလျှင် မြန်မာလူမျိုး တစ်ချို့က ခါးခါးသီးသီး ငြင်းပယ်မုန်းကြပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟု တဇွတ်တိုး ဆန္ဒဖြင့် ကြွေးကြော်ကြသည်။ ၎င်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ကြသည်။ ၎င်းတို့ထဲတွင် သာမန်လူပုဂ္ဂိုလ်တစ်ချို့၊ ဘာသာရေး ပုဂ္ဂိုလ်တစ်ချို့နှင့် နိုင်ငံရေးခေါင်းဆောင် တစ်ချို့လည်း ပါဝင်နေကြောင်းကို ဝမ်းနည်းဖွယ် ကြားသိရသည်။
ထိုရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် မည်သည့်အခါမှစ၍ နေထိုင်လာကြသည်၊ ထိုလူမျိုးတို့၏ နိုင်ငံသားအဆင့် စသည့်တို့ကို အောက်ဖော်ပြပါ အချက်အလက်များ ဖြစ်ကြသော ကမ္ဘာ့ကုလသမဂ္ဂ၏သိပ္ပံနည်းကျ သုတေသနပြုချက်၊ နိုင်ငံခြားသား သမိုင်းပညာရှင်များ၏ မှတ်တမ်းတင်ရေးသားချက်များ၊ ပြည်တွင်းကျောက်စာများ၊ ပြည်တွင်းသမိုင်းပညာရှင်များ၏ ရေးသားတင်ပြချက်များ၊ မြန်မာအစိုးရထုတ် စာအုပ်များ၌ ဖော်ပြပါရှိချက်များ၊ ယခင်နိုင်ငံတော် ခေါင်းဆောင်ကြီးများ၏ မိန်းခြွေချက်များ၊ မြန်မာ့အသံ၏ အသံလွှင့်ချက်များကို တိုတိုတုတ်တုတ် တင်ပြပါမည်။ လေ့လာကြည့်ရှုနိုင်ပါသည်။ ဝေဖန်ထောက်ပြလည်း နိုင်ပါသည်။
ဦးစွာ ပထမ သိပ္ပံနည်းကျ သုတေသနပြုချက်ဖြင့် အစပြုပါ၏။ ၁၉၃၄-ခုနှစ်မှစ၍ UN အဖွဲ့အစည်းတစ်ခု ဖြစ်သော UNESCO နှင့် SIL International အဖွဲ့ကြီးတို့ ပူပေါင်းပြီး ကမ္ဘာပေါ်တွင် အသုံပြုနေသော မတူကွဲပြားသည့် ဘာသာစကားပေါင်း (၇၁၀၅) ခုကို မနုသားဗေဒ ပညာရှင်များ ပါဝင်လျက် သိပ္ပံနည်းကျ သုတေသနပြုချက်များကို လေးနှစ်တစ်ကြိမ် Ethnologue စာအုပ်များ ထုတ်ဝေသည်။ ထိုစာအုပ်များတွင် လူတို့၏ ပင်မမျိုးနွယ်စုကို နိုင်ငံတကာ စံသတ်မှတ်ချက် Code နံပါတ်ဖြင့် ပုံဖော်ထားသည်။ ရိုဟင်ဂျာလူမျိုးများ၏ လူမျိုး Code နံပါတ်မှာ ISO 639 (rhg) ဖြစ်သည်။ ထို Code အရ ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အင်ဒို-အာရိယာန် ဖြစ်ကြောင်း၊ ရိုဟင်ဂျာစာပေ ရှိကြောင်း အတိအလင်း ဖော်ပြထားသည်။
နိုင်ငံခြား သမိုင်းပညာရှင်များသည် ရိုဟင်ဂျာနှင့် ပတ်သက်၍ ရေးသားထားချက်မှာ များပြားလှသည်။ ၎င်းတို့ထဲတွင် တစ်ဦး၏ရေးသားချက်ကိုသာ အလျင်းသင့်စွာ ဖော်ပြပါမည်။ ထိုပုဂ္ဂိုလ်သည် Scottish Traveler Dr. Francis Buchanan သမိုင်းပညာရှင်ကြီး ဖြစ်သည်။ ထိုပညာရှင်ကြီး၏ ၁၇၉၉-ခုနှစ် ရေးသားစာအုပ်တွင် ရခိုင်ဒေသ ဘာသာစကားများကို ဖော်ပြရာ၌ (The first is that spoken by Mohamedan who have been long settled in Arakan and who call themselves Rooinga or native of Arakan) ဟု ထိုစာအုပ်၏ စာမျက်နှာ (၂၃၇) တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ Native of Arakan ဆိုသည် Arakan နယ်မြေ၏ မူလဘူတလူမျိုး ဖြစ်ကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။ ယခုခေတ်အဆိုအရ တိုင်းရင်းသားလူမျိုးဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုစာအုပ်၏ စာမျက်နှာ (၂၂၃) မှ (၂၂၆) ၌ ရခိုင်လူမျိုးများ အကြောင်း ပါရှိသည်။ ၎င်းတွင် Mug (or) Yakain ဟူ၍ ရေးသားဖော်ပြထားပါသည်။ ထို့အပြင် အဆိုပါ ပညာရှင်ကြီးက အသုံးအနှုံး ဝေါဟာရအချို့ကိုလည်း ဖော်ပြထားရာ နေကို (Bel)၊ လ ကို (Sawn)၊ ကြယ် ကို (Tara)၊ ရေ ကို (Pannae)၊ မီး ကို (Auin)၊ ကျောက် ကို (Sheel)၊ ဦးခေါင်း ကို (Mata)၊ ပါးစပ် ကို (Gall) စသည့်ဖြင့် ရေးသားဖော်ပြထားသည်။ ဤမည်သော စကားကို ယခုအခါတွင် မည်သည့်လူမျိုးများ ပြောဆိုနေသနည်း။ အဖြေမှာ ရိုဟင်ဂျာများသာ ဖြစ်သည်။
ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းသည် မတ်လ ၁၄-ရက်နေ့က ရန်ကုန်ကွန်ဖရန်၌ Dr. Buchanan ရေးသားထားသော ရိုဟင်ဂျာသည် ရခိုင်လူမျိုးအား ညွှန်းထားကြောင့် That spoken by Mohamedan ဟု ရေးသားထားသော စာသားကို ဝှက်ထားပြီး လက်လွှဲစဖွယ် လိုရာဆွဲ ပြောဆိုခြင်းသည် သမိုင်းပညာရှင် တစ်ဦး၏ အပြုအမှု မဟုတ်ပါ။ Mohamedan သည် ရခိုင်လူမျိုး မဟုတ်ကြောင်း ရခိုင်သူ ရခိုင်သားများ အားလုံး သိရှိကြသည်။ ၎င်းသည် အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့အား ခေါ်ဝေါ်သော အမည်ဖြစ်သည်။
ရခိုင်ပြည်တွင် ကျောက်စာများကို လေ့လာလျှင် AD ၇၂၀ တွင် ရေးသားခဲ့သော အာနန္ဒ စန္ဒြကျောက်စာ ဖြစ်သည်။ ဤကျောက်စာသည် ရခိုင်သမိုင်းတွင် ရှေးအကျဆုံး ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို နာဂရိစာ (အိန္ဒိယစာ) ဖြင့် ရေးသားခဲ့သည်။ ကျောက်စာပါ စာများကို လေ့လာလျှင် စကားလုံး အများစုမှာ ရိုဟင်ဂျာစကားလုံးများ ဖြစ်ကြပြီး၊ ရခိုင်ဝေါဟာရစာလုံး တပါဒမျှ မပါဝင်ချေ။ ဤအချက်ကို လေ့လာသုံးသပ်လျှင် ထိုခေတ်အခါသမယ၌ ရိုဟင်ဂျာများ ရောက်ရှိနေထိုင်လာကြသည် ဖြစ်ပြီး၊ ရခိုင်တို့သည် ထိုချိန်၌ ရောက်ရှိလာခြင်း မရှိကြောင်း သိသာထင်းရှာလှသည်။ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းလည်း သူ့စာအုပ်တွင် ၁၀ ရာစု မတိုင်ခင် ရေးသားထားသော ကျောက်စာများကို သက္ကဌ၊ ပါဠိ၊ နာဂရိ စသော အိန္ဒိယစာများဖြင့် ရေးသားထားကြောင်း၊ ထိုခေတ်တွင် နေထိုင်သော လူမျိုးများမှာ အိန္ဒိယနွယ်ဖွားသဏ္ဍန် လူမျိုးများ ဖြစ်ကြောင်း ရေးသားထားသည်။ ယခုအခါ အိန္ဒိယနွယ်ဖွား သကဲ့သို့ သွင်ပြင်လူမျိုးသည် ရိုဟင်ဂျာ လူမျိုးများနှင့် မြန်မာကြီးတို့သာလျှင် ရှိကြသည်ကို သတိချပ်ရန် လိုအပ်ပါမည်။
၎င်းအပြင် ဦးအောင်သာဦးရေးသားသော ရခိုင်ရာဇဝင်တွင်လည်း ၁၄၃၀ ဝန်းကျင် ရခိုင်-မြန်မာ စစ်ပွဲတွင် ထိုခေတ် မူဆလင်များ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့မှုကြောင်း ၎င်းတို့အား “ကျား” ဟု အမည်ပေးခဲ့၏။ ထို့ကြောင့် ၎င်းတို့အား ရွာဟောင်းက ကျားဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည်။ ရခိုင်ပြည်အား ရခိုင်-အာရကန်ဟု မမှည့်ခေါ်ချိန်တွင် ရိုဝါန်၊ ရိုဟင်ဟု ခေါ်ခဲ့ကြသည်။ ထိုကြောင့် ထိုကျားတို့အား ရိုဟင်ဂျာဟု ခေါ်ဆိုခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ မေလ (၁၃) ရက်နေ့ထုတ် ဧရာဝတီ Online သတင်းစာတွင် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသော “မေယုနယ်ခြား ခရိုင်” ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ထိုဆောင်းပါး အထက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတခုတွင် ၂၀၁၅ ခုနှစ်၊ မေလက မြင်တွေ့ရစဉ် Reuters ဓာတ်ပုံတပုံကို တင်ထားသည်။ ဆောင်းပါးအစတွင် ကွင်းအတွင်း၌ (၁၉၆၄ ခုနှစ်တွင် ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ ဘာသာပြန်အသင်းက ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း၊ စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်၊ အတွဲ-၉၊ အပိုင်း (က) တွင် ပါရှိသည့် “မေယုနယ်ခြား ခရိုင်” ကို ပြန်လည် ကူးယူဖော်ပြသည်။ မြန်မာအစိုးရက ဘင်္ဂလီဟု ခေါ်ဆို၍ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာဟု ဖော်ပြသော လူမျိုးစုနှင့် ဆက်စပ်၍ ပထဝီနောက်ခံနှင့် သမိုင်းအခြေအနေကို လေ့လာနိုင်ရန် ထပ်ဆင့်ဖော်ပြခြင်း ဖြစ်သည်။ သတ်ပုံနှင့် အသုံးအနှုံးများမှာ မူလအတိုင်းသာ ဖြစ်သည်။) ဟု နိဒါန်းပြုထားသည်။
စွယ်စုံကျမ်းလာ ရေးသားဖော်ပြချက်၏ တတိယစာပိုင်းတွင် (မေယုနယ်ခြား ခရိုင်တွင် လူဦးရေး ၄ သိန်းကျော်၊ ၅ သိန်းနီးပါး ပါရှိ၏။ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တံငါလုပ်ငန်းဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅%) ခန့်မှာ ရိုဟင်ဂျာလူမျိုး ဖြစ်၍၊ ရခိုင်၊ ဒိုက်နက်၊ မြို၊ ခမွီး စသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်ကြသည်။ ရိုဟင်ဂျာတို့သည် အိစ္စလာမ်ဝါဒီများ ဖြစ်ကြ၏။) ဟု ရေးသားထားသည်။
ထို့အပြင် မြန်မာနိုင်ငံ ပညာရေးဌာန၊ တက္ကသိုလ် စာပေးစာယူ ဝိဇ္ဇာသင်တန်းသမိုင်း ပြဌာန်းချက်၊ သမိုင်း အပိုဘာသာ (Minor subject ) ၏ တတိယနှစ် သမိုင်းစာအုပ်တွင် ရိုဟင်ဂျာလူမျိုးတို့သည် ရှေးပဝေသဏီကာလကပင် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း၊ ယခင် နဝမတန်း ပထဝီဝင်ပြဌာန်း စာအုပ်၊ မြန်မာနိုင်ငံတွင် နေထိုင်သော လူမျိုးများအကြောင်း၌ ရိုဟင်ဂျာလူမျိုးများ ရခိုင်ပြည်တွင် နေထိုင်လျက် ရှိကြောင်း ပုံနှင့်တကွ ဖော်ပြပါရှိသည်။ ထိုစာအုပ်များသည် မြန်မာနိုင်ငံ ပညာရေးဌာနမှ တရားဝင်ပြဌာန်းထားသော စာအုပ်များ ဖြစ်ကြသည်။
ထို့အပြင် ယခင် မြန်မာနိုင်ငံ၏ အထင်ကရ ခေါင်းဆောင်ကြီးများသည် ရိုဟင်ဂျာနှင့် ပတ်သက်၍ ဟောကြားချက်များ မည်ကဲ့သို့ ရှိကြသနည်း။
၁။ မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ဦးစောရွှေသိုက်၏ မိန့်ခွန်းတွင် “ရိုဟင်ဂျာ လူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ မဖြစ်နိုင်လျှင် ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်းတို့သည်လည်း တိုင်းရင်းသားများ မဖြစ်နိုင်”ဟု ပြောကြားခဲ့ခြင်း။
၂။ ၂၅-၀၉-၁၉၅၄ ခု နေ့တွင် ဝန်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတွင် “မောင်တော၊ဘူးသီးတောင်တွင် နေထိုင်ကြသော လူမျိုးများသည် ရိုဟင်ဂျာများ ဖြစ်သည်။” ဟု ပြောကြားခဲ့ခြင်း။
၃။ ၀၄-၁၁-၁၉၅၆ ခု နေ့တွင် ဝန်ကြီးချုပ် ဦးဘဆွေ၏ မိန့်ခွန်းတွင် “ရိုဟင်ဂျာလူမျိုးတို့သည် တခြားတိုင်းရင်းသား လူမျိုးများနှင့်တူ မြန်မာနိုင်ငံ တိုင်းရင်းသားများ ဖြစ်သည်။” ဟု ပြောကြားခဲ့ခြင်း။
၎။ ၂၀-၁၁-၁၉၆၁ ခုနှစ်တွင် မေယုနယ်ခြား ဒေသ အုပ်ချုပ်ရေးရုံး၏ ထုတ်ပြန်ချက်တွင် မေယုခရိုင်ရှိ လူအများစုသည် ရိုဟင်ဂျာများ ဖြစ်ကြောင်း စသော ဖော်ပြပြောဆိုချက်များမှာ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ ဖြစ်သည်ဟု သက်သေခံနေလျက်ရှိပါသည်။
ယခင် မြန်မာနိုင်ငံတွင် တရားဝင် အသံလွှင့်ဌာန တစ်ခုတည်းသာ ရှိခဲ့သည်။ ထိုအသံလွှင့်ဌာန၊ တိုင်းရင်းသား အစီစဉ်မှ ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ နှစ်ပေါင်း ၅ နှစ်တိုင်တိုင် ရိုဟင်ဂျာအစီစဉ်ဖြင့် သတင်းများ၊ ဆောင်းပါးများ၊ တေးဂီတ စသည်ဖြင့် အသံလွှင့်ခဲ့ခြင်းသည်ပင်လျှင် ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ ဖြစ်ကြောင်း ကမ္ဘာကို မြန်မာက ကြေညာခဲ့သည် မဟုတ်ပါလား။
အထက်ဖော်ပြပါ အချက်အလက်များသည် အရှိကို အရှိအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။ ရိုဟင်ဂျာနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သမိုင်းစာအုပ်များတွင် များစွာ ပါရှိသည်။ အားလုံးကို ရေးသားလျှင် စာရှည်သွားမည်ကို စိုးရိမ်၍ ရေးသားဖော်ပြခြင်း မပြုလိုပါ။ နောင်အလျဉ်သင့်လျှင် ဖော်ပြမည် ဖြစ်သည်။
ဤကဲ့သို့ တိကျမှန်ကန်သော အချက်အလက်များ ပါရှိလျက် အမုန်းပွားခြင်း၊ ဆန့်ကျင်ခြင်း၊ လိုရာဆွဲ ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်နေပါက ကမ္ဘာ့အလယ်တွင် ကျွန်တော်များ မြန်မာလူမျိုးတို့ ပုံရိပ်သည် မည်သို့ဖြစ်လာမည်ကို မတွေးဝံ့စရာပါ။
ဖော်ပြပါ အချက်အလက်များသည် အနည်းငယ်သာ ဖြစ်သော်လည်း အမှန်တရားကို မြတ်နိုးသူတိုင်းအတွက် ပြည့်စုံလုံလောက်မည်ဟု ယူဆနေပါသည်။
တိကျမှန်ကန်သော အဖြေကို ဖော်ထုတ်နိုင်ပါစေ၊ အမှန်တရားကို မြတ်နိုးနိုင်ပါစေ။ လူလူချင်း ခွဲခြား နှိပ်စက်ခြင်း ကင်းရှင်းသွားပါစေ။
အချိန်ပေး ဖတ်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။
စန္ဒြာမောင်စိက္ကေ-ရခိုင်ပြည် [MYARF]
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန် ကျေးရွာ ရဲစခန်းအတွင်းသို့ တိမ်းရှောင် လာသော မွတ်စလင် ဒေသခံ တချို့ကို ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- သော်ဟိန်းထက် / ဧရာဝတီ) |
လ၀ီဝမ်
ဧရာဝတီ30.6.2016
ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမူတွေ ရှိနေပါပြီ။ ဒါပေမယ့် တရားဥပဒေ စိုးမိုးမှု ကတော့ ယနေ့အထိ ထိထိရောက်ရောက် အရေးယူ ပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဘယ်သူမှ ဥပဒေ အထက်မှာ မရှိစေရဆိုတဲ့ မူဝါဒကို ကျနော်တို့ ကျင့်သုံးနိုင်အောင် ကြိုးစားရပါဦးမယ်။
ဒီမိုကရေစီစနစ်လို့ ပြောရင် မည်သူမဆို ပြစ်မှုတစုံတရာ ကျူးလွန်ရင်၊ လူ့အခွင့်အရေးချိုးဖောက်ရင် အပြစ်ပေး အရေးယူရမယ်။ မည်သူမဆို တန်းတူညီမှု အခွင့်အရေး ရဖို့လည်း လိုပါတယ်။ ဒါမှဟုတ်ရင်တော့ ဥပဒေက စာရွက်ပေါ်မှာပဲ ရှိနေပါ လိမ့်မယ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကိုပဲကြည့်ပါ။
မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကတော့ အခင်းဖြစ်ပွားရာ သူရဲသမိန်ရွာကို ဇွန်လ ၂၈ ရက်က သွားရောက်လေ့လာတာ တွေတော့ တွေ့ရပါတယ်။ အခင်းဖြစ်ပွားပြီး ၆ ရက်မြောက်နေ့မှ သွားရောက် လေ့လာခြင်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မွတ်ဆလင်ရွာသား တွေဘက်က ရွာသား ၂၀၀ လောက် လုံခြုံမူမရှိလို့ ဆိုပြီး ရွာကနေ ထွက်သွားပါတယ်။
လုံခြုံမူမရှိတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရဲက မွတ်ဆလင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်အိုးအိမ်တွေကို အကာအကွယ် မပေးနိုင်ခဲ့လို့ပါ။ အမူထဲမှာ ပါဝင်နေတဲ့သူတွေ ယနေ့အထိ ဘာမှ အရေးယူ ပေးတာမရှိဘူး။ ကျနော်တို့ ဧရာဝတီသတင်းအဖွဲ့က အခင်းဖြစ်ပွားပြီး တနေ့မှာပဲ အဲဒီရွာကို ရောက်သွားတယ်။
အဲဒီလူတွေ မနက်ကပဲ နေအိမ်ကို ပြန်သွားတယ်။ အခြေအနေက တည်ငြိမ်နေပြီလို့ ရဲက ပြောတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။
ကျနော်တို့ ရောက်နေတုန်းမှာ အခြေအနေက အထိတ်တလန့်နဲ့ ရှိနေတုန်းပါ။ လူအုပ်စုတစုက ရဲစခန်းရဲ့မျက်နာချင်းဆိုင် စစ်တောင်းမြစ်ရဲ့အခြားတဖက်ကမ်းမှာ တုတ်ချောင်းတွေနဲ့ ကျနော်တို့ရှိရာဘက်လာပြီး အကြမ်းဖက်ဖို့ ခြိမ်ခြောက်နေသေးတယ်။ စက်လှေ ၂ စီးနဲ့ မောင်းလာပါတယ်။ ဒါပေမယ့် မြစ်ရဲ့အလယ်တဝက်ရောက်တော့ ရဲစခန်းဘက်ကို မလာဘဲနဲ့ အခြားအရပ်မျက်နာ တဖက်ကမ်းကို မောင်းထွက်သွားတယ်။
အဲဒီလူအုပ်စု အော်ဟစ်မှုကြောင့် ကျနော်တို့ရှေ့မှာ မွတ်ဆလင်မိသားစု အယောက် ၂၀ ကျော် သူတို့အိမ်ကနေ အဝတ်ထုတ်တွေနဲ့ ရဲစခန်းထဲ ပြေးဝင်သွားတယ်။ ပြေးလာတဲ့သူတွေအထဲမှာ ကလေးငယ်တွေလည်းပါတယ်။ ပြီးတော့ အမျိုးသမီးလူကြီးပိုင်းတွေလည်း ပါတယ်။ တချို့က ကြောက်လန့်လို့ ငိုနေတာလည်း ရှိပါတယ်။
ဒါကို ကျနော်တို့နဲ့အတူ ထိုင်နေတဲ့ ရဲတွေအားလုံးလည်း မြင်နေကြပါတယ်။ ပြီးတော့ အဲဒီ အော်ဟစ်သွားတဲ့လူတွေ ဘယ်သူ ဘယ်ကလဲ ဆိုတာ ရဲက သိပါတယ်။ ဒါပေမယ့် ဖမ်းဆီး အရေးယူခြင်း မရှိပါဘူး။ အဲဒီလို ခဏခဏ ခြိမ်း ခြောက်ခံနေရတော့ ထွက်ပြေးကြတော့တာပါပဲ။
ဘာကြောင့် ဘယ်သူတဦးတယောက်ကို အရေးမယူရတာလဲလို့ တာဝန်ခံတယောက်ဖြစ်တဲ့ ရဲမှူးအုန်းလွင်ကို ဧရာဝတီက မေးခဲ့ပါတယ်။
သူပြောပြတာက နှစ်ဦးနှစ်ဖက်ကို ကျေအေးလိုက်တာပဲ ကောင်းတယ်။ အဲဒီအတွက် ဖမ်းဆီးအရေးယူတာတော့ ရဲက မလုပ်ဘူး။ ကျေအေးတဲ့ကိစ္စပဲ ရဲက လုပ်ပေးလိုက်ကြောင်း ပြောပြတယ်။ သူထပ်ပြီး ပြောသွားတာက အမူခင်းထဲမှာ ပါဝင်တဲ့ရွာသားတွေကို ဖမ်းဆီးအရေးယူရင် ပြဿနာ ဒီထက်ပိုကြီးသွားနိုင်တယ်လို့ သူက ဆက်ပြီး ပြောပြပါတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ မွတ်ဆလင်တွေက လူနည်းစုဖြစ်တော့ အခြေအနေတည်ငြိမ်မှုကို ဦးစားပေးကြောင်း ရဲမှူးက ပြောပြ တယ်။
ကျနော်တို့သတင်းအဖွဲ့က ဖျက်ဆီးထားခံရတဲ့ ဗလီဘုရားကျောင်းဆီကို သွားတယ်။ ပြီးတော့ ဖျက်ဆီးခံထားရတဲ့ အိမ်နဲ့ ပစ္စည်းစုဆောင်းဖို့ ဆောက်လက်စရှိတဲ့ ဂိုထောင် အဆောက်အအုံတခုဆီကို သွားကြည့်ပါတယ်။
ကျနော်တို့လျှောက်လာတဲ့လမ်းမှာ ဆိုင်ကယ်မောင်းနေတဲ့ ပုဂ္ဂိုလ်တချို့ကိုတွေ့ရပါတယ်။ ၎င်းတို့ဟာ အကြမ်းဖက်မှုထဲမှာ ပါဝင်နေသူတွေ ဖြစ်ကြောင်း ဗလီဆရာဟာဂျီ ဦးဝင်းရွှေက ကျနော့်ကို လက်ညှိုးနဲ့ ထိုးပြပါတယ်။ အခုဖျက်သွားသူတွေက အဲဒီက ရွာသားတွေဖြစ်ပြီး သူသိတဲ့လူတွေပဲ ဖြစ်တယ်။ တိုင်းဒေသကြီးအစိုးရကလူတွေ လာတုန်းကလည်း အဲဒီလူရဲ့ နာ မည်တွေ ပေးထားတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိပါဘူးတဲ့။ လမ်းပေါ်မှာပဲ အခုထိ အဲဒီလူတွေ ဆိုင်ကယ်မောင်းနေသေးကြောင်း ဦးဝင်းရွှေက ဆက်ပြောပါတယ်။
သူရဲသမိန်ရွာမှာ မွတ်ဆလင် အိမ်ခြေ ၃၇ အိမ်ပဲ ရှိတယ်။ ဗုဒ္ဓဘာသာအိမ်ခြေကျတော့ ၁၅၀၀ လောက်ရှိတယ်။
မြန်မာနိုင်ငံရဲ့ တရားဥပဒေဟာ လူများစုဖြစ်လို့ လူနည်းစုကို အနိုင်ကျင့်ခွင့် ပေးထားပါသလား။ ရပ်ရွာတည်ငြိမ် အေးချမ်းရေးနဲ့ ဘာသာရေး လူမှုရေး သဟဇာတဖြစ်မှုကို ပျက်ပြားအောင် ပြုလုပ်သူ အပြစ်ကျူးလွန်သူတွေဟာ ကိုယ့်ဆွေမျိုး ကိုယ့်ဘာသာဝင် ဖြစ်တာကြောင့် ရပ်ကြည့်နေရုံပဲဆိုရင် ဒါကို တရားဥပဒေလို့ခေါ်နိုင်မလားဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာနေပါတယ်။
(လဝီဝမ်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက်ဖြစ်ပြီး မွန်တိုင်းရင်းသားတဦးလည်း ဖြစ်သည်)
ရိုနေဆန်းလွင်
RB News
28.5.2016
မေလ (၂၂) ရက်နေ့ နေပြည်တော်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာ အကြောင်းကို ပြောဆိုသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ငြင်းခုန်နေတာထက် နှစ်ဖက်လုံး လက်ခံနိုင်တဲ့ အဖြေကို ရှာရမယ်လို့ ပြောသွားခဲ့ပါတယ်။
ရိုဟင်ဂျာ ဝေါဟာရနဲ့ အတူ ရှိနေတဲ့ အကြီးမားဆုံး ပြဿနာက ဂျီနိုဆိုက်ပါ။ ရိုဟင်ဂျာများရဲ့ အခြေအနေက ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း သုံးရတဲ့ အခြေအနေမှာ တကယ်ရှိနေပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အဲလို အသုံးအနှုန်းတစ်ခုကို သုံးဖို့ဆိုတာ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဆုံးဖြတ်ရတာ ဖြစ်တာနဲ့အညီ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေက ရိုဟင်ဂျာများရဲ့ အခြေအနေက ဂျီနိုဆိုက် မြောက်တယ်လို့ အတည်ပြု ပြောကြားထားတဲ့ အပြင် ကမ္ဘာ့နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် (၇) ဦးကလည်း ဂျီနိုဆိုက်လို့ ပြောခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်သွားပါပြီ။
အခေါ်အဝေါ် ကိစ္စပြောပါမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာကို တရားဝင် တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုခဲ့ပြီး ရိုဟင်ဂျာများက ၁၉၇၄ ခုနှစ်လောက်ထိ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရခဲ့ကြပါတယ်။
“ရိုဟင်ဂျာ” ဆိုတဲ့ အခေါ်အဝေါ်ကို နိုင်ငံတော်က တရားဝင် အခမ်းအနားလုပ်ပြီး အသိအမှတ်ပြု ခေါ်ခဲ့တယ်။ အဲဒီတုန်းက ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီး ကိုယ်တိုင် အခမ်းအနားတက် မိန့်ခွန်းပြော၊ သူနဲ့အတူ အရာရှိကြီးပေါင်းများစွာ တက်ရောက်ခဲ့တယ်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တယ်။ တပ်မတော်ဘက်ကလည်း မိမိတို့ရဲ့ ညီရင်းအစ်ကိုပမာ နွေးနွေးထွေးထွေး ဆက်ဆံပြီး တပ်မတော်ရဲ့ အာဘော် ဂျာနယ်မှာတောင် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ဆောင်းပါးရေးပြီး ဖော်ပြခဲ့တယ်။ အဲဒါတွေအပြင် မြန်မာ့အသံရဲ့ တိုင်းရင်းသားအစီအစဉ်မှာ ရိုဟင်ဂျာ အစီအစဉ်ကို ရိုဟင်ဂျာ ဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့တယ်။ စွယ်စုံကျမ်း၊ အခြေခံပညာ အထက်တန်းကျောင်း ပထ၀ီဝင် ဘာသာရပ်ရဲ့ မြန်မာပြည် မြေပုံမှာ ရိုဟင်ဂျာများ နေထိုင်ရာ ဒေသကို သီးသန့် ဖော်ပြတဲ့ အထိရှိခဲ့တဲ့ အပြင် ၂၀၁၂ ခုနှစ်ထုတ် အဝေးသင် တက္ကသိုလ် ပထ၀ီဝင်ရဲ့ သင်ရိုးညွန်းတမ်းမှာလည်း ပါလာပြန်တယ်။
“ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရကို မြန်မာနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာမှာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ရခိုင်တွေက လက်မခံဘူးဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုရင် ရိုဟင်ဂျာကို တရားဝင် အသိအမှတ်ပြုတုန်းက အခုရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အဲဒီနေရာမှာဘဲ ရှိနေခဲ့တာပါ။ ရခိုင်တွေလည်း အဲဒီနေရာမှာဘဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက တရားဝင် အသိအမှတ် ပြုနေချိန်မှာ ရခိုင်တွေက မကန့်ကွက်ခဲ့ဘဲ၊ အခု တရားမ၀င်လို့ သတ်မှတ်ထားတဲ့ အချိန်ကျမှ ဘာကြောင့် ဒီလောက် အသည်းအသန် ကန့်ကွက်နေရသလဲ ဆိုတာကို လေ့လာ ဆန်းစစ်ဖို့ လိုပါမယ်။ တကယ်ပဲ ရခိုင်အားလုံးက လက်မခံတာလား? ဒါမှမဟုတ် ခေါင်းဆောင် ဆိုသူတွေက လက်မခံရဘူးလို့ ပြောထားလို့ ရခိုင်ပြည်သူတွေကပါ လက်မခံဘူးလို့ ပြောနေကြတာလား? ပြီးတော့ ရခိုင်နဲ့ ရိုဟင်ဂျာတွေက ၁၉၄၂ ကနေ ၂၀၁၂ ထိ နှစ်ပေါင်း ၇၀ ကြာ အဓိကရုဏ်းတွေကြားမှာ နေခဲ့ကြတာလား? ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာလား? ရခိုင်နဲ့ ရိုဟင်ဂျာ ဆိုရင် ၂၀၁၂ ခုနှစ် နောက်ဆက်တွဲ ဇတ်လမ်း တစ်ခုတည်း မဟုတ်ဘဲ ရာစုနှစ်ပေါင်းများစွာကတည်းက ဘယ်လို ရှိခဲ့သလဲ ဆိုတဲ့ သမိုင်းကို သေချာ ပြန်ဆန်းစစ်ဖို့ လိုပါမယ်။
အဲဒါတွေ အပြင် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက မြန်မာနိုင်ငံကို အင်္ဂလိပ်များ မသိမ်းပိုက်ခင်ကတည်းက ရှိခဲ့တဲ့ ဝေါဟာရလား၊ ပြီးတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်း အဲဒီဒေသမှာ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ မွတ်စလင်တွေ တကယ်ရှိခဲ့သလား ဆိုတာ သမိုင်းပညာရှင်များနဲ့ ဆန်းစစ်ဖို့ လိုပါမယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ မသိမ်းပိုက်ခင် ကတည်းက ရှိနေခဲ့တဲ့ လူနည်းစုတစ်စု (မွတ်စလင်များ) ရဲ့ လူမျိုးအမည် “ရိုဟင်ဂျာ” ကို လူအများစုက မလိုလားလို့ ပြောင်းလဲရမယ်ဆိုတာက လူများစုက လူနည်းစုကို အနိုင်ကျင့်တာနဲ့ အတူတူပါပဲ။
ယနေ့ ရခိုင်ပြည်နယ်လို့ ခေါ်နေတဲ့ အာရ်ကာန်ဒေသရဲ့ သမိုင်းအစစ်အမှန်ကို သေချာဆန်းစစ်ပြီး အဖြေရှာမယ်ဆိုရင် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ပြောင်းလဲပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဖြေကို ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “လူမျိုးအမည်ကလည်း သိပ်အရေးကြီးတယ် ဆိုတာကို ကျွန်မသိပါတယ်။ တစ်ကမ္ဘာလုံးက လူသားတိုင်းဟာ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်ချင်ကြတဲ့ ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြတယ် ဆိုတာကို ကျွန်မသိတယ်။ လူသားတိုင်းရဲ့ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်လိုမှုကို ကျွန်မ မဆန့်ကျင်ပါဘူး” လို့ပြောထားပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို နှစ်ဖက်လက်ခံနိုင်အောင် ပြောင်းလဲပစ်တယ် ဆိုရင်တောင် ရိုဟင်ဂျာများရဲ့ သဘောဆန္ဒမပါဘဲ နိုင်ငံတော်အစိုးရက ဒီလိုသတ်မှတ်လိုက်တယ် ဆိုတာမျိုးသာ ဖြစ်လာဖို့ ရှိမှာပါ။ အဲလို ပြောင်းလဲပစ်တယ် ဆိုရင် ရိုဟင်ဂျာများရဲ့ သမိုင်း၊ identity ကို လူအများစုက အနိုင်ကျင့်ပြီး ပြောင်းလဲပစ်တာမျိုးသာ ဖြစ်မယ်လို့ ထပ်ပြောပါရစေ။ ဘယ်ရိုဟင်ဂျာကမှ သူတို့ရဲ့ လူမျိုးအမည်ပြောင်းဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ နှစ်ပေါင်းများစွာ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားနေသူ တစ်ဦးအနေနဲ့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။
ဂျီနိုဆိုက် ကိစ္စပြောပါမယ်။ ဒီနေ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာများဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတည်မပြုခင်ကာလထိ နိုင်ငံသားများကိုသာ ထုတ်ပေးတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ပြီး နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ အစိုးရ၀န်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ခွင့်၊ ဆေးဝါးကုသခွင့်၊ အဆင့်မြင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ပညာသင်ကြားခွင့် အားလုံးကို အခြားသော တိုင်းရင်းသားများ နည်းတူ တန်းတူ ရရှိခဲ့ကြတယ်။
အဲဒီလို အခွင့်အရေး အပြည့်အ၀ ရခဲ့တဲ့ ရိုဟင်ဂျာများကို ဒီနေ့ ခိုးဝင်လာသူတွေ၊ တရားမ၀င် ပြောင်းရွှေ့လာသူတွေလို့ အမျိုးမျိုး စွပ်စွဲပြီး နိုင်ငံသားအဖြစ် အသိအမှတ် မပြုတော့ဘူး။ လူတွေက ဒီလူတွေပါပဲ။ ဒါပေမယ့် အဲဒီလူတွေ အပေါ်မှာ ကျင့်သုံးခဲ့တဲ့ မူ ပြောင်းသွားတာ တစ်ခုတည်းပါ။
၁၉၉၂ ခုနှစ်ကစပြီး ရိုဟင်ဂျာများရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ သွားလာလှုပ်ရှားမှု၊ မွေးဖွားခွင့် အားလုံးကို န.စ.က အဖွဲ့က ကန့်သတ်ပြီး အမိုးပွင့် အကျဉ်းထောင်ထဲမှာ ထားတဲ့ပမာ ထားလာခဲ့တယ်။ စစ်အစိုးရ ဆင်းသွားပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားများ ဆိုတဲ့ အစိုးရ တက်လာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး န.စ.က ထက် ပိုမိုဆိုးဝါးတဲ့ ကန့်သတ်မှုတွေ လုပ်ပြန်တယ်။ တစ်ခါ အခု NLD အစိုးရ တက်လာတော့လည်း အဲလို ကန့်သတ်မှုတွေ ရပ်တန့်သွားသလားလို့ မေးရင် လုံးဝ (လုံးဝ) မရပ်တန့်ဘဲ ယခင်အတိုင်း ရှိနေဆဲပါပဲ လို့သာ ဖြေရပါမယ်။
ကန့်သတ်မှုတွေနဲ့ အတူ ညှဉ်းပန်း နှိပ်စက်မှုပေါင်းစုံလည်း ရှိနေဆဲပါ။ ရိုဟင်ဂျာ တစ်ဦးက အိမ်ထဲက အိမ်ပြင်ထွက်ရင် ဘယ်လို ညှဉ်းပန်း နှိပ်စက်ခံရမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရပြီး၊ မိမိတို့ရဲ့ ရွာအတွင်း၊ အိမ်အတွင်းမှာ နေရင်းနဲ့ပဲ ညှဉ်းပန်း နှိပ်စက် ခံနေရတုန်းပါ။ အမျိုးသမီး ဘယ်နှစ်ဦး မုဒိန်းကျင့်ခံရသလဲ၊ အမျိုးသား ဘယ်နှစ်ဦး ပစ်သတ်ခံရသလဲ၊ ဘယ်နှစ်ဦးကို မတရားသဖြင့် ထောင်ချလိုက်သလဲလို့ မေးလာရင်လည်း မရေမတွက်နိုင်အောင် ရှိတယ်လို့သာ ဖြေရပါမယ်။ အမှန်တကယ် အဲဒီလို မရေတွက်နိုင်အောင် ရှိနေလို့ပါ။
ရိုဟင်ဂျာများ ညှဉ်းပန်းနှိပ်စက် ခံနေရတာတွေ၊ နှိပ်စက်မှုဒဏ်တွေကို မခံနိုင်လို့ စက်လှေတွေစီးပြီး နီးစပ်ရာ နိုင်ငံတွေကို ထွက်ပြေးနေတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက စနစ်တကျ မှတ်တမ်းတင်နေတာ ၁၉၇၈ ခုနှစ် နဂါးမင်း စီမံချက် စကတည်းကပါ။ နှစ်ပေါင်း ၄၀ နီးပါး ရလာတဲ့ မှတ်တမ်းများကို သေချာဆန်းစစ်ပြီးမှ ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့ လိုနေပါပြီ၊ ဂျီနိုဆိုက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပါတဲ့ အချက်တွေ အတိုင်း ဒီလူတွေက တကယ်ခံစားနေရပြီဆိုတာကို သိပြီးတဲ့နောက်မှာ ပညာရှင်အချို့ သေချာကွင်းဆင်း လေ့လာပြီးမှ ဆုံးဖြတ်ခဲ့တာပါ။
NLD အစိုးရရဲ့ ရက်ပေါင်း (၁၀၀) စီမံကိန်းထဲမှာ နိုင်ငံသား စီစစ်ရေး ကိစ္စလည်း ပါဝင်ပါတယ်။ မေလ (၂၇) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီး အချို့နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေး ဆွေးနွေးတာမှာလည်း နိုင်ငံသား စီစစ်ရေး ကိစ္စပါဝင်ပါတယ်။
၁၉၇၄ ခုနှစ်ကစပြီး ယနေ့ထိ ရိုဟင်ဂျာများကို စီမံချက် ခေါင်းစဉ် ပေါင်းစုံနဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ပြီး၊ စီမံချက်တိုင်းမှာ ပါဝင်ခဲ့တာက ရိုဟင်ဂျာများရဲ့ နိုင်ငံသားဆိုင်ရာ အထောက်အထားများကို အပြတ်ဖျောက်ပစ်ဖို့ပါ။ နိုင်ငံသားများသာ ကိုင်ဆောင်ခွင့်ရတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား တွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သိမ်းဆည်းခဲ့ပြီး၊ နောက်ဆုံးမှာ ယာယီသက်သေခံကဒ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒါတွေကိုလည်း လွန်ခဲ့တဲ့နှစ်က ပြန်သိမ်းခဲ့ပြီး အခုဆိုရင် ယာယီသက်သေခံကဒ်ပြား ပြန်အပ်ထားတဲ့ စက္ကူစာရွက် တစ်ရွက်စီသာ ကိုင်ထားရတဲ့ အခြေအနေကို တွန်းပို့ထားပါတယ်။ အဲဒါတွေကိုလည်း မြို့တွင်း သွားလာနေတဲ့ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စိတ်မထင်ရင် မထင်သလို ဆုတ်ဖြဲပစ်တာတွေ မနည်းပါဘူး။ အချုပ်အားဖြင့် ပြောရရင် စနစ်တကျနဲ့ အထောက်အထားတွေ ဖျောက်ပစ်ခံထားရတဲ့ လူတွေကို အထောက်အထား ပြပါဆိုရင် ပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဒီမှာ မေးခွန်းထုတ်ချင်တာက ၁၉၇၄ ခုနှစ် စံပယ်စီမံချက် ကစပြီး သိမ်းဆည်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ၊ ၁၉၇၈ ခုနှစ်မှာ နဂါးမင်းစီမံချက်နဲ့ သိမ်းဆည်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ၊ ၁၉၈၉ ခုနှစ်မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးမယ်ဆိုပြီး လိမ်ညာပြီး သိမ်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ ပြန်လည်ထုတ်ပေးပြီးမှ လိုအပ်တဲ့ အထောက်အထားတွေ တောင်းမလား ဆိုတာပါ။
ဦးနေ၀င်း အစိုးရလက်ထက်ကစပြီး လူသားမျိုးနွယ်စုတစ်စု အပေါ် စနစ်တကျ ကျူးလွန်လာတဲ့ ဒီရာဇ၀တ်မှုကြီးကို သေချာ လေ့လာဆန်းစစ်ဖို့ လိုပါမယ်။ ဒီလူတွေမှာ အထောက်အထား မရှိဘူးဆိုပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်းလုပ်မယ်ဆိုရင် ဦးနေ၀င်း ကျူးလွန်လာခဲ့တဲ့ ရာဇ၀တ်မှုကို ဆက်လက်ပြီး ကျူးလွန်သွားတာပဲ ဖြစ်မှာဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်ကစပြီး အခုလာမယ့် နိုင်ငံသားစီစစ်ခံဖို့ကိစ္စထိ ရိုဟင်ဂျာများ ကြုံတွေ့ရတဲ့ အတိဒုက္ခများ အားလုံးက ဂျီနိုဆိုက်မှာ အကျုံးဝင်နေတာကိုလည်း သတိပြုဖို့ လိုမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

23.5.2016
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်၊ သူနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံစည်းရိုးပေါ်ကနေ လမ်းပေါ်က လူထုပရိသတ်ကို မိန့်ခွန်းတွေပြော- အမေးအဖြေတွေ လုပ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၉၆ ခုနှစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာ လက်ရှိ အာဏာရ ပါတီ NLD ရဲ့ ရှေးဦး ပါတီဖခင်ကြီးထဲမှာ ပါတဲ့ ဦးတင်ဦးနဲ့ ဦးကြည်မောင် (ကာနယ်ကြည်မောင်) ဘယ် ညာ ရံပြီး စကားပြောလေ့လည်း ရှိပါတယ်။
တစ်ပြိုင်နက်မှာ- နအဖ အစိုးရထုတ် သတင်းစာများက NLD ပါတီ မကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးမစောင့်ကြောင်း အကြီးအကျယ် ပုတ်ခတ်ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။- အဆိုပါ သတင်းစာများ က တစ်ခါတစ်ရံ- ဦးတင်ဦးကိုပင် ပုဂ္ဂိုလ်ရေးစော်ကားပြီး “သွားခေါခေါနဲ့ စစ်သားဟောင်းကြီး” ဆိုတဲ့ အသုံးကိုပင် သုံးခဲ့တာများ ရှိပါတယ်။
အတိုက်အခံ ဆိုတဲ့ ဘောင်ကို ကျော်လွန်ယုံမျှမက အတိုင်းမရှိ အာဏာပြ ရန်လို စော်ကား ပုတ်ခတ်လွန်းတဲ့ သတင်းစာ အသုံးအနှုန်းများကြောင့်- ဒီမိုကရေစီရေးမှာ အားသန်နေတဲ့ ကျွန်တော်တို့သည်ပင် အလွန်တရာ ခံပြင်းမိပါတယ်။- သတင်းစာပါ စော်ကားမှု လွန်ကဲတဲ့ သတင်း စာသားများကြောင့်- နိုင်ငံရေးမှာ စိတ်မပါတဲ့ ပြည်သူများပင်- စော်ကားခံရသူ (NLD ပါတီနဲ့ ပါတီခေါင်းဆောင်)များကို ကရုဏာ ဖြစ်လာရတဲ့ အဆင့်၊ စော်ကားခံရသူဘက်မှ မခံမရပ်နိုင် ဖြစ်လာရတဲ့ အဆင့်ထိပါ။ (မှီလိုက်သူတိုင်း သိနေဦးမှာပါ။)
တစ်နေ့မှာ အဆိုပါ သတင်းစာများနဲ့ ပတ်သက်ပြီး ဦးကြည်မောင် (ကာနယ်ကြည်မောင်)က ခြံစည်းရိုးပေါ်မှ မှတ်ချက်ပြုပါတယ်- ဒီသတင်းစာ ရေးတဲ့ သူတွေဟာ (စိတ်ပညာ သဘောအရ) အစိုးရကို ပြည်သူက အမြင်ကပ်လာအောင်- စော်ကားခံရသူကို ပြည်သူက ကရုဏာဖြစ်လာအောင် ကိုယ့်ဘက်က ရေးပေးနေတယ် လို့တောင် ထင်ရတယ်-ကျေးဇူးတောင် တင်ရမယ်တဲ့။ (ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ဘေးမှာ ရှိပါတယ်။)။ (ကျွန်တော် အပါအ၀င် ပရိတ်သပ်ကြီးက သဘောကျလို့ ၀ါးကနဲ လက်ခုတ်တွေ တီးကြပေါ့။)-
အခု- ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လာရင်လည်း- ပြည်တွင်းပြည်ပ မီဒီယာများကို- ကျွန်တော် အဲ့လိုပဲ မြင်နေတာ ကြာခဲ့ပါပြီ။ ဦးကြည်မောင် (ကာနယ်ကြည်မောင်) စကားနဲ့ ပြောရရင်- ကမ္ဘာက ရိုဟင်ဂျာ အပေါ် ကရုဏာ သက်သည်ထက် သက်လာအောင်၊ ရိုဟင်ဂျာများဘက်က ကမ္ဘာ့ အသိုင်းအ၀ိုင်းက ရပ်တည် သည်ထက် ရပ်တည်လာအောင် တမင်များ ရေးပေးနေသလားလို့ပါ။
ရိုဟင်ဂျာများကို ကမ္ဘာ့ အသိုင်းအ၀ိုင်းက မဖြစ်မနေ ရပ်တည်ပေးရအောင်- မီဒီယာများသာ မက- နိုင်ငံခေါင်း ဆောင်များ၊ တပ်ခေါင်းဆောင်များ၊ ရခိုင်ခေါင်းဆောင်များကလည်း အကြီးအကျယ် အားဖြည့်ပေးနေသလို ဖြစ်နေပြန်ပါတယ်။
ပထမတော့ ရခိုင်နဲ့ ရိုဟင်ဂျာ ပြသနာလိုလို။ နောက်တော့ မီဒီယာများက ရခိုင်ဘက်က လိုက် တစ်ဘက်သပ် တအားဖိနှိပ်ရေးနေသလိုလို။ နောက်ဆုံးတော့- အာဏာပိုင် အစိုးရများ၊ စစ်တပ်ထိပ်သီးများ ကိုယ်တိုင်က- ရိုဟင်ဂျာများကို မတရားသဖြင့် ဖိနှိပ်၊ တစ်ဘက်သပ် ဖိနှိပ် အခွင့်အရေး မပေးချင်လို့ ပေကပ်ခံ- ဆိုတာများ ကမ္ဘာမိသားစုမှ မျက်လုံးမှိတ်ထားရင်တောင် အလိုလို မြင်နေရတဲ့ အဆင့်ထိ ဖြစ်ကုန်ပါရောလား။
ရခိုင်နဲ့ ရိုဟင်ဂျာ - နှစ်ဦးနှစ်ဘက်သာ ပြသနာ တက်ခဲ့တယ် ဆိုခဲ့ရင်- နှစ်ဘက်ကို မျှမျှတတ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ ရိုဟင်ဂျာများကို နိုင်ငံသား ရုပ်သိမ်းသလို ရခိုင်များကိုလည်း နိုင်ငံသား ရုပ်သိမ်း။ ရိုဟင်ဂျားကို ပညာရေး၊ ကျမ္မာရေး ပိတ်ထားသလို ရခိုင်များကိုလည်း ပညာရေး ကျမ္မာရေး ပိတ်ထား။ ရိုဟင်ဂျာများကို ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထားသလို ရခိုင်များကိုလည်း ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထား- နှစ်ဘက်လုံး မျှမျှတတ ပုံစံပေး ဆုံးမ လိုက်ရင်- အားလုံး ငြိမ်သွားမယ့် ကိစ္စ။ ပြီးမှ လိမ္မာပြီ ဆိုမှ နှစ်ဘက်လုံး ဖြေလျှော့ပေးလိုက်- အားလုံး အဆင်ပြေသွားမယ့် ကိစ္စ။
ခုတော့ လူနည်းစုလည်း ဖြစ်၊ ဖိနှိပ်ခံလည်း ဖြစ်တဲ့ ရိုဟင်ဂျာကိုမှ တစ်ဘက်သပ် - ခိုးဝင် လို့ စွပ်စွဲ၊ အတင်း မောင်းထုတ်၊ အတင်း နိုင်ငံခြားသား ခံယူခိုင်း၊ နိုင်ငံခြား ခိုးဝင် လက်မခံလို့ ထမင်းမပေး ဆေးမပေးဘဲ အစာဖြတ် ရေဖြတ် ဖြတ်ထား။- ဒီထက်မက လူမျိုးတုံး သုတ်သင်မှုကိုပါ ကျင့်သုံးလာတဲ့ အဆင့်ထိ ဖြစ်ကုန် ရော။ ဒီ ကျူးလွန်မှုတွေဟာ ရခိုင်လူမျိုးတွေက ကျူးလွန်နေတာလား-၊ အာဏာပိုင်တွေက ကျူးလွန်နေတာ လား-၊ ကမ္ဘာက သိနေပါတယ်။ (ရခိုင်လူမျိုးတွေက ရန်ဖြစ်ထားလို့ ရိုဟင်ဂျာများကို မုန်းနေတယ် ဆိုတာ လက်ခံပါတယ်။ အခွင့်အရေးရရင် ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ် ဆိုတာကိုလည်း သိပါတယ်။ သို့သော် ရခိုင်လူမျိုးတွေဟာ အာဏာပိုင်တွေ မဟုတ်လို့ Genocide ကို သူတို့ ကျူးလွန်လို့ မရဘူး။ အာဏာပိုင်တွေရဲ့ Genocide ကျူးလွန်နေခြင်းအပေါ်မှာ- သူတို့ မကျေနပ်တဲ့ လူမျိုးကို မျိုးဖြုတ်နေတာကြောင့် အားပေးနေတယ် ဆိုတဲ့ အဆင့်ထိ ဖြစ်ချင်ဖြစ်နိုင်မယ်။- သို့သော်- ရခိုင်လူမျိုးများက ရိုဟင်ဂျာများကို မကျေနပ်ခြင်း ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး လက်တွေ့ Genocide ကျူးလွန်နေသူများက ဗမာအာဏာပိုင် များသာ ဖြစ်နေပါတယ်။
Genocide ကျူးလွန်နေပြီလို့ ကမ္ဘာက အသိအမှတ်ပြုကာ အနီကဒ်ပြ ဖြေရှင်းတော့မယ့် အချိန်မှာ--၊ ဗမာ ဗမာချင်း အတင်းကာကွယ်ပေးနေတဲ့- လူတွေရဲ့ ဝေ့လည်ကြောင်ပတ် စကားများကြောင့်---
ကမ္ဘာ့အသိုင်းအ၀ိုင်းက ရိုဟင်ဂျာများ အပေါ် ပိုလို့ပိုလို့ ကရုဏာသက်လာတဲ့ အပြင်---၊ ဝေ့လည်ကြောင်ပတ် စကားပြောသူများကို ပိုလို့ပိုလို့ မုန်းတီးစက်ဆုတ်လာရလေတော့-၊
ကာနယ်ကြည်မောင် စကားနဲ့ ပြောရရင်-- ကျေးဇူးတောင် တင်ရမယ်ပေါ့။
မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement
ဌေးလွင်ဦး
RB News
17.5.2016
ရိုဟင်ဂျာ ဟု ဆိုခြင်းကြောင့် တိုင်းရင်းသား စစ်စစ် ဖြစ်၏။
အကြောင်းမူ- မည်သည့် လူမျိုးမှ မှိုပေါက်သလို ပေါက်လာခြင်းကား မရှိ။ လူသား မျိုးနွယ် တစ်စုချင်းစီ၏ ပြောင်းရွှေ့ရာ စီးကြောင်းအရ မြစ်ဖျားခံခဲ့ရာ အရပ် ရှိခဲ့ပေမည်။ သို့သော် လူတစ်မျိုးချင်းစီ၏ တိုင်းရင်းသား ဖြစ်ခြင်း ဌာနေလူမျိုး ဖြစ်သည်ဟု အမှတ်သညှာပြုခြင်းတို့မှာ- ၎င်းတို့၏ ယခင် မူလ စတည်ခဲ့ရာအား ဘိုးဘွားစဉ်ဆက် မမှီဘဲ သမိုင်းဆက်ဖြတ်ခဲ့သည်ထိ ကြာမြင့်လျက် လက်ရှိ အခြေချရာ ဒေသတွင် အမည်တစ်ခုဖြင့် မျိုးရိုးစဉ်ဆက် ဖြစ်တည်နေခဲ့ခြင်း၌ တည်၏။
ဥပမာ- ဗမာ ဟု ခေါ်တွင်နေသော လူမျိုးသည် မြန်မာနိုင်ငံ အတွင်းမှ မှိုပေါက်သကဲ့သို့ ပေါက်ဖွားခဲ့ခြင်း မဟုတ်။ တရုတ်ပြည်မြောက်ပိုင်းမှ နဂိုမူလ နန်ကျောင်လူမျိုးဟု ခေါ်တွင်ခဲ့သော လူမျိုးစု ဖြစ်၏။ နန်ကျောင်တို့ ၀င်လာရာ လမ်းမှာ ယခု ဘူတန် နီပေါလ် မှ အောက်သို့ မဏိပူရ်ကို ဖြတ်၍ လာခဲ့ခြင်း ဖြစ်၏။ (တရုတ်ပြည် မြေပုံကို မကြည့် မသိ သူတို့က တရုတ်ပြည်မှ လာလျှင် ယခု ကချင်ပြည်နယ် ရှမ်းပြည်နယ်ကို ဖြတ်ခဲ့ရမည်ဟုသာ ခံစားမိမည် ထင်သည်။- တရုတ်ပြည်၏ မြေပုံအား သေချာ ကြည့်စေလိုသည်။) မဏိပူရ် တောင်တန်းအား ဖြတ်သန်းဝင်ရောက်ခဲ့သည့် အတွက် လက်ရှိကာလတိုင် ဗမာစကားပြော လူမျိုးများ မဏိပူရ်တောင်တန်းပေါ်တွင် ရှိနေဆဲပင်။ သို့သော် နဂို မူလ ၎င်းတို့၏ ဘိုးဘွားစဉ်ဆက် သမိုင်းသည်ကား ပျောက်ခဲ့ပြီ။ လက်ရှိတွင် နန်ကျောင် မဟုတ်တော့ဘဲ ဗမာ ဟု ဖြစ်နေခဲ့ပြီ။ သို့ဖြစ်၍ ဗမာအား မြန်မာနိုင်ငံ၏ ဌာနေလူမျိုး အဖြစ် အမှတ်သညှာပြုရတော့၏။
ရှမ်းလူမျိုး။ ။ ရှမ်းလူမျိုး- မဏိပူရ်ကုန်းမြင့်မှသည် စစ်ကိုင်းတိုင်းအထက်ပိုင်း- ကချင်ပြည်နယ် အောက်ပိုင်း မှစ လက်ရှိ ရှမ်းပြည်နယ်၊ လာအို၊ ထိုင်းထိ မျိုးရိုးကြီး ရှိနေ၏။ မြန်မာပြည် အနေဖြင့် အလွန်ကြီးမား သော လူမျိုးစုကြီး ဖြစ်၍- လက်ရှိ မြန်မာနိုင်ငံ အတွင်းတွင်ပင်- ဗမာထက် အဆ ပိုများ၏။ (သန်းခေါင် စာရင်း အမှန်ကို ကြည့်ပါ။) အဆိုပါ ရှမ်းလူမျိုးကြီးသည် မြန်မာပြည်တွင်းတွင်သာ “ရှမ်း” ဟူသော အမည်ဖြင့် ဆက်လက်ရှိနေခဲ့ပြီး- လာအို နှင့် ထိုင်း တို့က ခွန်လာအို၊ ခွန်ထိုင်း ဟူသည့် အမည်များဖြင့် သီးခြားခွဲထွက်သွားခဲ့ပြီ။ သမိုင်းအားဖြင့်လည်း နှစ်ပေါင်း ရာထောင် ရှိခဲ့ပြီ။ သို့ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံမှ ရှမ်းသည် မြန်မာပြည်တွင် ဌာနေ လူမျိုး အဖြစ် သတ်မှတ်ရ၏။
မြန်မာနိုင်ငံ အတွင်းရှိ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်- စသည့် စသည့်- မည်သည့် လူမျိုး မဟူ လက်ရှိ နေထိုင်ရာ အရပ်ဒေသများတွင် အခြေချနေထိုင်မှု ကာလ ကြာမြင့်လျှက်- ၎င်းတို့၏ မူလဇစ်မြစ်မှ သီးခြားဖြာထွက်ခဲ့ပြီး ဖြစ်သည့် အတွက်- လက်ရှိနေထိုင်ရာ ဒေသတို့၏ ဌာနေများ ဖြစ်ခဲ့ကြပြီ။
လူသား သဘာဝ ပြောင်းရွှေ့မြဲ ဖြစ်သည့် အတွက် ဆက်လက်ပြောင်းရွှေ့ နေသော်လည်း မိမိတို့၏ မျိုးရိုးဇာတိအား မမေ့ပျောက်သေးသည့် လူမျိုးစုတို့အား အဆိုပါ ဒေသတွင် ဌာနေ လူမျိုး အဖြစ် မခေါ်ဆိုအပ် မသတ်မှတ်အပ်ပါ။-
ဥပမာ- မြန်မာနိုင်ငံမှ ကရင်၊ ကချင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ရခိုင် စသည်တို့ အနေဖြင့် ထိုင်း၊ မလေး နှင့် အနောက်နိုင်ငံများသို့ - ယခု ဆယ်စုနှစ်များတွင် ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ အချို့ဆိုလျှင် ဦးနု ခေတ်ကာလ (လွန်ခဲ့သော နှစ် ၆၀ ခန့်ကပင်) ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ သို့သော် သူတို့ကိုယ် သူတို့ မိမိတို့၏ ဇာတိများအား မမေ့ပျောက်သေးသည့် အတွက် သက်ဆိုင်ရာ ဒေသများ၌ နိုင်ငံသား အဆင့်ဖြင့်သာ ရပ်တည်နေကြလေ၏။
ရိုဟင်ဂျာ တို့ ဟူမူကား- ရိုဟင်ဂျာတို့သည်လည်း ရခိုင်ဒေသတွင် မှိုပေါက်သကဲ့သို့ ပေါက်ဖွား ခဲ့ကြသူများ မဟုတ်။ ၎င်းတို့၏ မြစ်ဖျားခံရာမှာ (ဘာသာစကား ရိုးရာဓလေ့ အသွင်အပြင် အားဖြင့် လိုက်သော်) နီပေါလ်ဘက်မှ တစ်ဆင့် မဏိပူရ် ကုန်းမြင့်အတိုင်း ရခိုင်ပင်လယ်ကမ်းရိုးထိ စုန်ဆင်းခဲ့ကြသူများ ဖြစ်၏။
၎င်းတို့သည် ဘင်္ဂလီ စင်စစ် လူမျိုးနွယ်များဖြင့် လွန်စွာ ကွာခြားပြီး- ဘာသာစကား ဓလေ့ထုံးတမ်း ရုပ်ရည်သွင်ပြင်လည်း သီးခြားစီ ဖြစ်၏။ (တနည်းအားဖြင့် အနောက်ဘက် ဘင်္ဂလားမှ အရှေ့ဘက် ရခိုင်ဒေသသို့ စီးကြောင်းအားဖြင့် ၀င်ခဲ့ကြသူများ မဟုတ်ဘဲ၊ မြောက်ဘက် မဏိပူရ်ကုန်းမြင့်မှ တောင်ဘက် ရခိုင်ကမ်းရိုးတန်းသို့ စုန်ဆင်းခဲ့ကြသူများသာ ဖြစ်၏။ ရခိုင်ဒေသသို့ ၎င်းတို့ဝင်ခဲ့ကြသည်မှာ လွန်စွာရှေးကျ၍ ၎င်းတို့၏ မူလမျိုးရိုး ဇာတိကိုပင် ၎င်းတို့မသိ မေ့ပျောက်ခဲ့ကြလေပြီ။ ၎င်းတို့နှင့် နီးစပ်မှု ရှိသည့် လူမျိုးနွယ်မှာ လက်ရှိ ကမ္ဘာ့မြေပုံ နိုင်ငံသတ်မှတ်မှု အရ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်ဆုံရာ (ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်း အထက်ပိုင်းဒေါင့်) များတွင် ရှိနေ၏။ သို့ဖြစ်၍ ၎င်းတို့ လူမျိုးနွယ်မှာ နီပေါလ်မှသည် ရခိုင်ထိ ပျံ့နှံ့လျှက် ရှိ၏။ (ကျမ်းကိုး ပြရန် လိုမည် မထင်- လက်ရှိအချိန်ထိ လူကိုယ်တိုင် သွားရောက်လေ့လာလျှင် - ဘာသာစကား ဆက်စပ်မှုအားဖြင့် တွေ့ရမည် ဖြစ်သည်။- ဟင်နရီ ဂျီ ဘဲလ် မှတ်တမ်းပြုသည့် ၁၈၅၂ ခုထုတ်- An Account of Burma Empire စာအုပ်တွင်လည်း တွေ့နိုင်၏။)
နိုင်ငံများ သီးခြား လွတ်လပ်ရေး ရကြသော အခါ- အဆိုပါ လူမျိုးနွယ်မှ စစ်တကောင်း ဒေသတွင် ရှိနေသည့် သူတို့အား- ဘင်္ဂလားမှ ပိုင်ဆိုင်သွား၍- အုပ်ချုပ်သူ ဘင်္ဂလီ လူမျိုးကြီးမှ ဘင်္ဂလီမှုပြု လျှက် ဘင်္ဂလီဟူသော အမည်ဖြင့် သတ်မှတ်လိုက်သော်လည်း အမှန်စင်စစ်မှာ ၎င်းတို့သည် ဘင်္ဂလီများ မဟုတ်ကြပေ။ စစ်ကိုင်းတိုင်းမှသည် ရှမ်းပြည်နယ် နယ်စပ်ထိ - (မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ် အောက်ပိုင်း) ကြီးမားကျယ်ပြန့်သော နေရာကြီးတွင် ရှိနေသည့် မြောက်များစွာသော ရှမ်းတို့အား ဗမာ ဟု ဗမာမှု ပြု လိုက်သကဲ့သို့ ဖြစ်၏။
အိန္ဒိယထဲတွင် ပါဝင်သွားသည့် အဆိုပါ လူမျိုးနွယ်မှ လူစုအား အိန္ဒိယနိုင်ငံမှ- အာသံသား၊ မဏိပူရ်သား စသည်ဖြင့် ဒေသနာမည်အားဖြင့် ၎င်းတို့ကိုယ်တိုင် သတ်မှတ်သည့် လူမျိုးအမည်များဖြင့် အသိအမှတ်ပြု၍ ဌာနေလူမျိုးများ အဖြစ် သတ်မှတ်ပေးထား၏။
အဆိုပါ လူမျိုးနွယ်မှ ရခိုင်ဒေသသို့ ပျံ့နှံ့ခဲ့သော ရိုဟင်ဂျာ လူမျိုးစုမှာ- ခိုင်မာသော သမိုင်းကြောင်း အထောက်အထားများ အရ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် အခြေချနေထိုင်ပြီး ဖြစ်၏။ (ထိုထက် ရှေးကျသော သမိုင်း အချက်အလက်ကိုကား ကျွန်ုပ်လည်း လက်လှမ်းမမှီသေးပါ။) လူသား သဘာဝ အလျှောက် အဆိုပါ ရိုဟင်ဂျာ လူမျိုးသည်လည်း မိမိတို့၏ မျိုးရိုးစဉ်ဆက်အား မေ့ပျောက် ကုန်လျှက် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟုသာ သိနေပြီး ဖြစ်၏။ (ဗမာများမှာ ၎င်းတို့ နန်ကျောင် လူမျိုး ဖြစ်ခဲ့သည်အား မေ့သွားသကဲ့သို့ပင်)။ ရိုဟင်ဂျာ ဟူသော လူမျိုး အမည်အား မှတ်တမ်း ခိုင်မာစွာ ရှိခဲ့သည်မှာလည်း နှစ်ပေါင်း နှစ်ရာကျော် ဖြစ်ခဲ့ပြီ။ ထို့ထက် ရှေးကျသော မှတ်တမ်းများတွင် ရခိုင်ဒေသအား ရိုဟမ်း ဟု ခေါ်တွင်ခဲ့သည်မှာလည်း နှစ်ပေါင်း လေးရာ ကျော် ရှိခဲ့ပြီ။ ၎င်းတို့ ပြောဆို သည့် ဘာသာစကားဖြင့် ရခိုင်ဒေသ မှတ်တမ်း ကျောက်စာများမှာလည်း နှစ်ပေါင်း ထောင်ကျော် ရှိခဲ့ပြီ။ (ကျွန်ုပ်ပြောဆို တင်ပြမှုတို့အား ကျွန်ုပ်ခိုင်မာစွာ ရပ်တည်နိုင်ပါသည်။)
လူမျိုးတစ်မျိုး အနေဖြင့် ၎င်းတို့၏ အနွယ် မည်သည့်ဒေသမှ ဖြစ်ခဲ့စေကာမူ။ အဆိုပါဒေသများတွက် ဆက်လက်ရှိနေစေကာမူ-၊ အဆိုပါ လူမျိုးတစ်မျိုးသည် ဒေသတစ်ခုတွင် နှစ်ပေါင်း ရာထောင် ချီလျှက် ကိုယ်ပိုင်အမည်နာမဖြင့် ရပ်တည်ခဲ့ပြီ ဖြစ်၍-။ အဆိုပါ လူမျိုး (ရိုဟင်ဂျာ)တို့သည် ရခိုင်ဒေသ၏ မူလဌာနေ လူမျိုး အဖြစ် မသတ်မှတ်၍ မရနိုင်တော့ပေ။
မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက် ပြောခဲ့သည့် စကားအတိုင်းပင်- အကယ်၍ ရိုဟင်ဂျာ လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် မသတ်မှတ်က- ရှမ်း၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန် တို့သည်လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် သတ်မှတ်၍ မဖြစ်နိုင်တော့ပါ။
အချို့ကလည်း စောဒက တက်လိုသည်မှာ- ရှမ်းလူမျိုးသည် ထိုင်း၊ မြန်မာ တရုတ် တွင် ရှိ၏။ မွန်လူမျိုးသည် ထိုင်း၊မြန်မာ တွင် ရှိ၏။ ရခိုင်လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် ရှိ၏။ သို့ဖြစ်၍ ဟိုဘက်ဒီဘက် ခွနေသော လူမျိုးဖြစ်ကာ- လူမျိုးအမည်ဖြင့် သတ်မှတ်မှု ရှိ၏။ သို့သော် ဘင်္ဂလားဒေ့ရှ် တွင် ရိုဟင်ဂျာ ဟု မရှိ- သို့ဖြစ်၍ ရခိုင်တွင်လည်း ရိုဟင်ဂျာ ဟု မရှိရာ၊ မရှိအပ် ဟု စွပ်စွဲလိုကြ၏။- အဆိုပါ စောဒက ပြုသူများ ဆင်ခြင်ရမည်မှာ-
ဗမာမှုပြုခံထားရသော ရှမ်းဖြူ လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ။ ကရင်လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ- (ထိုင်းက ကလီယန် ဟုသာ ခေါ်သည်။ ထိုင်းရှိ ကလီယန် တို့အား တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထားသည်)- အဆိုပါ ကရင် လူမျိုးနွယ်အား အင်ဒိုနီးရှားတွင် အော့ကရောင် လူမျိုးဟု ခေါ်သည်။ (မြန်မာနိုင်ငံတွင် ရှိသော ကရင်လူဦးရေဖြင့် မတိမ်းမယိမ်း ရှိသည်။) အက်ဒ်မန်ကျွန်းသည် မူလ ကရင်လူမျိုးများ၏ ဒေသ ဖြစ်၍ ယခု အခါ အိန္ဒိယ လူမျိုးဟုသာ အမည်တွင်တော့သည်။ လက်ရှိထိ သက်ကြီးရွယ်အိုများမှာ ကရင်စကားပြောလျှက်၊ ကရင်ရိုးရာ ၀တ်စုံဖြင့် ကျန်နေပါသေး သည်။
ထိုထက် အနီးစပ်ဆုံး ဥပမာ ကို ပေးရသော်- ဒိုင်းနက် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ကမန် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ရခိုင်လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိခဲ့ပါ။ (မော့ဂ် ဟုသာ သတ်မှတ်ခဲ့သည်။) ယခု နောက်ပိုင်းတွင်မှ မော့ဂ် ဟူသည် ရခိုင် ဟု သတ်မှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘင်္ဂလားတွင် ဒိုင်းနက်ဟု ခေါ်သော လူမျိုး မရှိ၍ မြန်မာတွင်လည်း ဒိုင်းနက် မရှိရ ဟု သတ်မှတ်လျှင်- မြန်မာ ဘင်္ဂလား ခွ နေသော လူမျိုးတို့အား ဘင်္ဂလား စကားဖြင့်သာ သတ်မှတ်ရ တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လျှင်- ဗမာ လူမျိုးများကိုလည်း မာရ်မာ့ လူမျိုးဟု ပြောင်းလဲ သတ်မှတ်ရန်၊ ရခိုင် လူမျိုးကိုလည်း မော့ဂ် လူမျိုးဟု ပြောင်းလည်း သတ်မှတ်ရန်သာ ရှိသည်။
ရခိုင်ဒေသတွင် ဌာနေ လူမျိုး ဖြစ်တည်ပြီး ဖြစ်သော “ရိုဟင်ဂျာ” တို့၏ လက်တွေ့ မျက်တွေ့ ခိုင်မာသော အထောက်အထားမှာ- အမေရိကန် အပါအ၀င် အနောက်နိုင်ငံများသို့ ရောက်နှင့်ပြီး “ရိုဟင်ဂျာ” များက ၎င်းတို့သည် ရိုဟင်ဂျာ လူမျိုးပင်ဖြစ်သည်ဟု ရပ်တည်နေခြင်းပင်။ အကယ်၍ ၎င်း တို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုး စင်စစ် မဟုတ်ခဲ့ပါက- လူ့အခွင့်အရေး အပြည့်အ၀ ရှိ၍- မိမိ သတ်မှတ် လိုသည့် အမည်အား သတ်မှတ်နိုင်သည့် နိုင်ငံများတွင်- သူတို့၏ ဇာတိ အမှန်အားဖြင့် သူတို့ ရပ်တည် လိုက်ကြမည်သာ ဖြစ်၏။ အမေရိကန်ရောက် ဘယ် ဗမာ တစ်ယောက်မှ (မိမိ၏ မြန်မာနိုင်ငံ ဆင်းရဲမွဲတေလျှက် မျက်နှာငယ်နေရချိန်တွင်ပင်) မိမိသည် ထိုင်းလူမျိုး ဖြစ်သည်ဟုလည်းကောင်း၊ မိမိသည် တရုတ်လူမျိုး ဖြစ်သည်ဟု လည်းကောင်း ရပ်တည်ခြင်း ပြောဆိုခြင်း မရှိသကဲ့သို့။ ရိုဟင်ဂျာ တို့သည်လည်း မိမိသည် ဘင်္ဂလီ ဖြစ်သည်ဟု ရပ်တည်သူ တစ်ဦးတစ်ယောက်မျှ မရှိပါချေ။
ဗမာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်း ဗမာတို့၏ ရပ်တည်ချက်အားဖြင့် လုံလောက်သကဲ့သို့ ရိုဟင်ဂျာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်းသည်လည်း ရိုဟင်ဂျာတို့၏ ရပ်တည်ချက်ဖြင့်ပင် လုံလောက်ပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးအား ၀င်ရောက်စွက်ဖက်ခွင့် မရှိပါချေ။

2.3.2016
သက်တန့်ဟုဆိုလျှင် ကလေးလူကြီး မကျန် အားလုံး သိကြသည်။ မိုးဦး၊ မိုးနှောင်းချိန် ကောင်းကင်တွင် တိမ်များရှိသောအခါ ပေါ်လေ့ရှိသည်။ ၎င်းသည် စက်ဝိုင်းခြမ်း သဏ္ဌာန် ရောင်စဉ်တန်း (၇) မျိုးဖြင့် ကောင်းကင်ပေါ်တွင် ပေါ်လေ့ရှိသော အရာတစ်ခု ဖြစ်သည်။ ၎င်းသည် နေမင်းကြီး၏ အဖြူရောင်ရှိသော အလင်းကို ထိုးပေါက်သောအခါ အရောင် (၇) မျိုး ဖြစ်စေခြင်းသာဖြစ်သည်။ ဤသည် နေမင်း၏ အဖြူရောင် အလင်းတွင် (၇) မျိုးရှိသည်ဟု ဆိုခြင်းဖြစ်သည်။
ကျွန်တော်တို့ ငယ်စဉ်က ကျောင်းတွင် သိပ္ပံဆရာများက သုံးမြောင်း ဖန်တုံးဖြင့်လည်းကောင်း၊ စက်ဝိုင်းတစ်ခု၌ အရောင်အထက်တွင် ဖော်ပြသော အရောင် (၇) မျိုးကို အကွက်အလိုက် ချယ်ပြီး ထိုစက်ဝိုင်းကို အားဖြင့် အမြန် လှည့်လိုက်သောအခါ အဖြူရောင် ဖြစ်လာခြင်းကို လက်တွေ့လေ့လာတွေ့ရှိခဲ့ရသည်။ ဤကား သဘာဝ၏ အံ့ဖွယ်ရာ တစ်ခုဟု ထင်မြင်မိသည်။
ကျနော်တို့ ရခိုင်ပြည်နယ်တွင်လည်း လူမျိုးနွယ်စု (၇) မျိုးရှိသည်။ ရခိုင်၊ ရိုဟင်ဂျာ၊ ဒိုက်နက်၊ မြို၊ ခမွှီး၊ ချင်း နှင့် မာရမာကြီးတို့ ဖြစ်ကြသည်။ အချိုးအဆအားဖြင့် ညီညီမျှမျှ မရှိသလို စည်းရုံးညီညွှတ်မှုတွင်လည်း မညီမညွှတ်၊ စုပေါင်းတိုင်ပင်ခြင်းလည်း မရှိ၊ ငါတကောကော နေသလို တွေ့ရသည်။ ယုတ်စွအဆုံး ပြောရလျှင် ရခိုင်အမျိုးသားပါတီပင် နှစ်ခြမ်းကွဲနေသလားဟု ခံစားမိသည်။
ရခိုင်အမျိုးသားပါတီမှ ကြေညာချက် ထုတ်ပြန်ရာတွင် မဲအများဆုံးနိုင်သည့် ပါတီ ဖြစ်၍ ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးရမည်။ ထိုသို့မဟုတ်လျှင် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ကြော်ညာခဲ့သော်လည်း အမျိုးသားလွှတ်တော်အတွက် ဦးအေးသာအောင်ကို ဒုဥက္ကဌအဖြစ် ရွေးချယ်ခန့်ထားရာ ဦးအေးသာအောင်က မိမိပါတီ၏ ဆုံးဖြတ်ချက်ကို ငြင်းပယ်၍ NLD ပါတီ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။ ကျောက်တော်မြို့၌ လူ ၅၀၀ ကျော် ဆန္ဒပြရာတွင် ဦးအေးသာအောင်၏ နောက်လိုက်လူထုများ ဖြစ်ကြောင်း ကြေညာသဖြင့် ရခိုင် အမျိုးသား ပါတီမှာ လက်မှိုင်ကျခဲ့ရသည်။ လူမျိုးနွယ်စု အချင်းချင်း တိုက်ခိုက် အပြစ်ပို့နေကြသည်။ အကွဲကွဲအပြားပြားဖြစ်နေသော ဘဝဟု ခံစားမိသည်။
ဥပမာအနေဖြင့် တင်ပြလိုပါသည်။ သံလိုက်နှင့် ရိုးရိုးသံတို့ သဘောလိုပင်။ ရိုးရိုးသံများတွင် သံလိုက်ဓာတ် ရှိသည်။ သို့သော် ညီညာမှု မရှိ။ တစ်ခုမှ မြောက် နောက်တစ်ခုက တောင် အရှေ့အနောက် စသည်ဖြင့် ဆန့်ကျင်ဖက် ဆွဲနေကြသဖြင့် တခြားသံများကို ဆွဲငင်နိုင်စွမ်း မရှိ ဖြစ်နေရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ လူမျိုးနွယ်စုများသည်လည်း ဤသို့ဤနှယ်ပင် ဖြစ်နေသလားဟု ထင်မိသည်။
ရိုးရိုးသံကို သံလိုက်ချောင်းနှင့် တောင်မှမြောက်သို့ အကြိမ်ကြိမ် ပွတ်တိုက်လိုက်ပါက ယခင်က သံလိုက်သည် သံရိုင်း ဖြစ်သွားကြောင်း သိပ္ပံပညာရှင်များက သက်သေပြသခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းပြီး ဖြစ်သည်။ သင်ခန်းစာယူစရာဟု ယူဆရသည်။ မိမိတို့၏ လူမျိုးနွယ်စုအတွင်း လက်တွေ့ကျင့်သုံးရန် အချိန်တန်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဖျံနှစ်ကောင်က ငါးတစ်ကောင်ကို ဖမ်းမိခဲ့ရာ ယုန်းအား ခွဲဝေပေးခိုင်းပြီး ရလာဒ်ကား မည်ကဲ့သို့ ထွက်ခဲ့ပါသနည်း။ ထိုသို့ ထိုနှယ် ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွှဲ သေချာပါသည်။ အချိန်ရှိခိုက် လုံလစိုက်ဖို့ အချိန်တန်နေပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်းမှာလည်း ကြမ်းတမ်းခဲ့သည်။ အချင်းချင်း တိုက်ခိုက်၍ သွေးချောင်းစီးခဲ့၏။ သို့သော် နောက်ဆုံးတွင် စည်းလုံးခြင်းသည် အင်အား၊ Diversity is strength ဟု နားလည်သဘောပေါက်ကာ စည်းရုံးခဲ့ခြင်းဖြင့် အောင်မြင်မှု အထပ်ထပ် ရရှိလျက် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာသည်ကို အားလုံး အသိပင် ဖြစ်သည်။ နမူနာ ယူစရာ ကောင်းလောက်သည့် အချက်ပင်။
အမဲသား ဟင်းတစ်ခွက် ဖြစ်လာရန် လိုအပ်သော အရာကား များလွန်းသည်။ အမဲသား၊ ဟင်း၊ ခတ်မဆလာမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း၊ မီး၊ အိုး၊ ရေ၊ ထင်း စသည့် ပစ္စည်းများဖြင့် ချက်ပြုတ်လျှင် မွှေးကြိုင်ပြီး လျှာရည်ကျလောက်အောင် အရသာ ထူးကဲလှသော အမဲသား ဟင်းတစ်ခွက် ရရှိလာသည်။ ဤကား ပေါင်းစပ်ခြင်း၏ သဘောပင်။ ချိုသာသော အကျိုးရလဒ်ပင် ဖြစ်သည်။
သက်မဲ့ဖြစ်သော အရောင် (၇) မျိုးကို နေမင်းကြီး၏ အလင်းရောင်ဖြစ်သည့် အဖြူရောင်သို့ ပြောင်းလဲနိုင်ပါက သက်ရှိလူသားများ ဖြစ်ကြသော ကျွန်တော်တို့ လူမျိုးနွယ်စု (၇) မျိုးတို့ စုပေါင်းညီညွှတ်လျှင် ကျွန်တော်တို့၏ ဌာနေ ရခိုင်ပြည်ကြီးကို အဘယ်ကြောင့် မထူထောင်နိုင်မှာနည်း။ မကယ်တင်နိုင်မှာနည်း။
ထူထောင်လိုသော စိတ်ဓာတ်၊ တည်ထောင်လိုသော ဆန္ဒ၊ စုပေါင်းလိုသော အာသိသနှင့် အောင်မြင်လိုသော မာနဇောတို့ဖြင့် ကြိုးစားအားထုတ်ကြပါစို့ဟု မေတ္တာဖြင့် တိုတိုတောင်းတောင်း ရေးသားဖော်ပြလိုက်ပါသည်။

MYARF
RB News
28.1.2016
မောင်တောမြို့ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်ရှိ မြို့များဖြစ်ကြသော တောင်ပြိုမြို့နယ်ခွဲ အပါအဝင် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့တွင် ရိုဟင်ဂျာများကို ဘင်္ဂါလီ ဇာတ်သွင်းရန် ကျင့်သုံးလာခဲ့သည့် ယခင် န၀တ အစိုးရ၏ စရိုက်ဆိုး တစ်ခုဖြစ်သော ဆွဲတင်စစ် ကို ယခုနှစ် ၂၀၁၆ နှစ်ဆန်းပိုင်းမှစ၍ "မ၊က၊ဖ" က ရွာဆင်းပြီး တဖန် ပြုလုပ်နေလျက် ရှိရာတွင် ရိုဟင်ဂျာ ပြည်သူများထံမှ ခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေ အမြောက်အမြား အတင်း ကောက်ယူ နေကြောင်း သတင်း ရရှိပါသည်။
ယခင်နှစ် ဆွဲ၊တင်၊စစ် တွင် မွေးတိုးဟု ခေါ်သော မွေးကင်းစ ကလေးများကို အိမ်ထောင်စု စာရင်းတွင် တင်ပေးခြင်းကိစ္စကို "မ၊က၊ဖ" က ချက်ချင်း ပြုလုပ်ပေးခဲ့သော်လည်း ယခုနှစ်တွင်မှု အထောက်အထား အမျိုးမျိုး တောင်းခံခြင်း၊ အထောက်အထား ပြသခဲ့လျှင်လည်း ကလေးကို အ.ထ.စ မှာ တင်မပေးဘဲ ရေးမှတ်ယူခြင်းသာ ပြုလုပ်ပါသည်။ မှတ်ယူခ အဖြစ်လည်း ငွေ ကောက်ခံနေလျက်ရှိပါသည်။ အလားတူ သေဆုံးသူများကို အ၊ထ၊စ မှ ပယ်ဖျယ်ခြင်း၊ နေရပ်လိပ်စာ ပြောင်းရွှေ့ခြင်း၊ နိုင်ငံခြားထွက်သူများကို အ၊ထ၊စ မှ ပယ်ဖျက်ပေးခြင်း စသည့် ကိစ္စရပ် များအတွက် "မ၊က၊ဖ" က ငွေ အမြောက်အမြား ကောက်ခံနေလျက်ရှိပါသည်။
ရိုဟင်ဂျာ အများအပြားသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်သောကြောင့် မ၊က၊ဖ မှ မတန်တဆ ကောက်ခံနေသည့် ငွေများ ပေးဆောင်ရန် အလွန်ပင် အခက်ကြုံနေရပါသည်။ နေ့စဉ်ပျဉ်းမျှ ၀င်ငွေကျပ် (၂၀၀၀)ထက် မပိုသော ရိုဟင်ဂျာ ထက်ဝက်ကျော် အတွက် မ၊က၊ဖ မှ ကောက်ခံနေသည့် ငွေကို နှစ်စဉ်လိုလို ပေးဆောင်ရခြင်းမှာ မနိုင်ဝန် ထမ်းနေရသကဲ့သို့ ဖြစ်နေပါသည်။
ယခုနှစ် ဆွဲတင်စစ် တွင် "မ၊က၊ဖ"မှ ကောက်ခံနေသည့် ငွေများကို လက်လှမ်းမှီသမျှ အောက်တွင် စုစည်းတင်ပြလိုက်ပါသည်။
ဘူးသီးတောင်မြို့
၁။ မီးချောင်းခေါင်းဈေးကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၅၀၀၀။
- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၇၀၀၀။
၂။ အန်းချောင်းဘဓာနာကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၅၀၀၀။
- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၇၀၀၀။
၁။ မီးချောင်းခေါင်းဈေးကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၅၀၀၀။
- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၇၀၀၀။
၂။ အန်းချောင်းဘဓာနာကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၅၀၀၀။
- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၇၀၀၀။
၃။ ငကျည်တောက် ကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၅၀၀၀။
- အပြောင်းအရွှေ့ - ငွေကျပ် ၁၇၀၀၀။
၎။ လုံးချောင်း ကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၀၀၀။
(ငကျည်တောက် ကျေးရွာတွင် ငွေကျပ် - ၅၀၀၀ စီ ကောက်ခံသည်ကို သိရ၍ (ဒိုင်းနက်လူမျိုး) ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်စိန်လှ က ထပ်မံငွေ ၃၀၀၀ စီကောက်ခံ)။
- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၇၀၀၀။
၎။ ဒုအိုးသည်မ ကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၅၀၀။

၅။ အမှတ် (၁) ရပ်ကွက်
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၀၀၀။
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၀၀၀။
မောင်တောမြို့
၁။ ကြိမ်ချောင်း ကျေးရွာ
- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၂၀၀၀။
- သေဆုံး/နိုင်ငံခြားထွက် ပယ်ဖျက်ခ - ငွေကျပ် ၆၀၀၀။
၂။ လှိုင်သီ/ထုံးချောင်း ကျေးရွာ
- မကဖ ထမင်းစားစရိတ်အတွက် ငွေကျပ် ၁၀၀၀။
- ကလေးမွေးတိုးအတွက် ငွေကျပ် ၅၀၀၀။ (ချက်ချင်းတင်မပေး)
- သေဆုံး/နိုင်ငံခြားထွက် ပယ်ဖျက်ခ - ငွေကျပ် ၅၀၀၀။
၃။ ငါးခူရကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၀၀၀။
- ကလေးမွေးတိုးအတွက် ငွေကျပ် ၅၀၀၀။ (ချက်ချင်းတင်မပေး)
၎။ သရက်အုပ် ကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၅၀၀။
- ကလေးမွေးတိုးအတွက် ၅၀၀၀ (ချက်ချင်းတင်မပေး)

၅။ ရွှေ့ဇား (ကပ္ပားခေါင်း)ကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၀၀၀။
- ကလေးမွေးတိုးအတွက် ငွေကျပ် ၅၀၀၀ (ချက်ချင်းတင်မပေး)

၆။ ဂေါ်ဒူသာရ ကျေးရွာ

- အပြောင်းအရွှေ့ခ - ငွေကျပ် ၁၅၀၀၀။
၇။ မြင်းလွှတ် ကျေးရွာ

၈။ အင်းဒင် ကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၂၀၀၀။
- ကလေးမွေးတိုး အတွက် ၅၀၀၀ (ချက်ချင်းတင်မပေး)။
- အပြောင်းအရွှေ့ခ -ငွေကျပ် ၅၀၀၀။
၉။ ကံပူးကျေးရွာ
- ဓာတ်ပုံရိုက်ခ - ငွေကျပ် ၁၀၀၀။
- သေဆုံးသူကို အ၊ထ၊စမှ ပယ်ဖျက်ရန် ငွေကျပ် ၂၅၀၀။
- အပြောင်းအရွှေ့ခ - ငွေကျပ်၂၅၀၀၀။ (နယ်မြေရုံးသို့ သွားရောက် ပြောင်းရွှေ့ရ)။
- မွေးတိုး တင်မပေး။

၁၉၇၄ ခုနှစ်ကစပြီး မြန်မာအစိုးရ အဆက်ဆက်က စီမံချက်မျိုးစုံ ဖန်တီးပြီး ရိုဟင်ဂျာလူမျိုးကို လူမျိုးသုဉ်း သုတ်သင်ရန် ကြိုးစားရင်းနှင့် ယခုအချိန်မှာ ဘင်္ဂါလီ ဇတ်သွင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများ အဖြစ် သတ်မှတ်ရန် ဆွဲ၊တင်၊စစ် အမည်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးစားလာနေခြင်း ဖြစ်သည်။
၁၉၉၀ ခုနှစ်မှ စတင်ခဲ့သည့် ဤ ဆွဲ၊တင်၊စစ် ကို စစ်အစိုးရက လက်နက်ပြ ခြိမ်းခြောက်ခြင်းဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဒီမိုကရေစီ အစိုးရဟု နိုင်ငံတကာက အသိအမှတ်ပြုခြင်း ခံနေရသည့် ယခု အစိုးရ လက်ထက်တွင် စစ်အစိုးရ၏ အစဉ်အလာ တစ်ခု ဆက်လက် အကောင်အထည် ဖော်နေခြင်းမှာ ဒီမိုကရေစီကို အလွန်ပင် ရုပ်ဆိုးစေပါသည်။ ပို၍ ဆိုးရွားနေသည်မှာ ယခု ဆွဲ၊တင်၊စစ် ကို မ.က.ဖ ဟုခေါ်သည့် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်နေထိုင်မှု ကာကွယ် တားဆီး နှိမ်နင်းရေး အဖွဲ့က ဦးစီး၍ လုပ်ဆောင် နေခြင်း ဖြစ်သည်။
ဆွဲ၊တင်၊စစ် တွင် စစ်ဆေးပြီး ပြုလုပ်ပေးနေသည့် မွေးတိုး၊ သေဆုံး ပယ်ဖျယ်၊ ပြောင်းရွှေ့၊ နိုင်ငံခြားထွက် ကိစ္စရပ် များက သက်ဆိုင်ရာ ဌာနဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် အိမ်ထောင် ဦးစီးများ ကိုယ်တိုင် သွားရောက်၍ လုပ်ရမည့် ကိစ္စရပ်များ ဖြစ်သည်။ မ.က.ဖ ဆိုသည့် အဖွဲ့အစည်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါ။ ယခုကဲ့သို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းမှာ ရိုဟင်ဂျာ လူမျိုး တစ်မျိုးထဲကိုသာ ပစ်မှတ်ထားပြီး ခွဲခြား၍ လုပ်ဆောင် နေခြင်း ဖြစ်သည့်အပြင် စာရင်းရေးသွင်း မှတ်တမ်းတင်ခြင်း များကို မ.က.ဖ က ပြုလုပ်နေသည့်အတွက် ရခိုင်ပြည်နယ်၏ မူလဘူတ ဖြစ်သော ရိုဟင်ဂျာများကို တရားမ၀င် ၀င်ရောက် နေထိုင်သည့် နိုင်ငံခြားသားများ စာရင်းထဲ အတင်းအဓမ္မ သွင်းလိုက်ခြင်းပင် ဖြစ်သည်ဟု ပြည်သူများ သုံးသပ် ဝေဖန်နေကြပါသည်။

(Photo: Wikipedia) |
MYARF
RB News
27.1.2016
ဤဆောင်းပါးကို ရေးဖို့ အကြောင်းဖန်လာခြင်းမှာ ၂၀၁၆ ခုနှစ် ဇန္နဝါရီလ (၃) ရက်နေ့ ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းခန်း၌ မေယု စစ်ရေယာဉ် သင်္ဘောနှင့် ပတ်သက်၍ ၎င်းသင်္ဘော တာဝန်ခံဟောင်း ရေတပ်ဗိုလ်မှူးကြီး တစ်ဦး၏ ရှင်းလင်း ဖြေကြားချက်ကို နားဆင်ပြီးမှ ဖြစ်သည်။ ၎င်း၏ ဖြေကြားချက်အရ ထိုသင်္ဘောသည် အင်္ဂလိပ် အစိုးရ၏ စစ်ရေယာဉ် တစ်စီး ဖြစ်သည်။ ထိုသင်္ဘော၌ အင်္ဂလိပ် အမည်နာမ တစ်ခုလည်း ရှိခဲ့သည်။ ထိုအမည် နာမကိုမှု အသံလွှင့်ချက်မှ သဲကွဲစွာ မကြားသိရ၍ ဖေါ်ပြနိုင်ခြင်း မရှိပါ။ (ဤသည်မှာ စာရေးသူ၏ အားနည်းချက် ဖြစ်ကြောင်း ဝန်ခံပါသည်။)

ထိုစဉ် ၁၉၄၇-ခုနှစ် အချိန်အခါ ဖြစ်သည်။ မြန်မာတို့၏ နိုင်ငံရေး အရှိန်အဝါသည် အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်၍ အင်္ဂလိပ် အစိုးရသည် ထိုသင်္ဘောကို မြန်မာတို့သို့ လွှဲပြောင်းပေးခဲ့သည်။ အခမ်းအနားနှင့် လက်ခံ ရယူပြီးနောက် ရန်ကုန် ဆိပ်ကမ်းတွင် ဆိုက်ကပ်စေပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သင်္ဘောပေါ် တက်ရောက်လျှက် လွတ်လပ်ရေး မိန့်ခွန်း ခြွေခဲ့သည်။ ထိုအခမ်းအနားမှာပင် ဗိုလ်ချုပ် ကိုယ်တိုင်က ထိုသဘောင်္၏ အမည်နာမကို မှည့်ခေါ်ခဲ့သည်။
အမည်မှည့် ခေါ်ရခြင်း၏ အကြောင်းရင်းမှာ မြန်မာတို့သည် ဂျပန်တို့အား မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့စဉ်က မြန်မာနိုင်ငံ၏ အနောက်ဘက်၊ ရခိုင်ပြည်၏ အနောက်မြောက်ဘက်တွင် မြောက်မှ တောင်သို့ စီးဆင်းတည်ရှိနေသော မေယုမြစ်၏ အဝတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးမှ အစွဲပြုခဲ့သည်။ တိုက်ပွဲတွင် ထိုသင်္ဘောသည် ရေပြင်မှနေ၍ တိုက်ခိုက်ခဲ့သည်။ မေယုဒေသ၌ နေထိုင်လျက် ရှိနေခဲ့သော လူမျိုးစု နှစ်စု (ရခိုင်+ မူဆလင်) မှလွတ်လပ်ရေး ရလိုသော ဆန္ဒနှင့် စည်းရုံး ပူးပေါင်းကာ ကုန်းကြောင်း၊ ရေကြောင်း နှစ်ဘက်ညှပ် တိုက်ခိုက်ပြီး ဂျပန်တို့အား အပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ၎င်းတိုက်ပွဲကို အရင်းခံလျက် စည်းရုံးနိုင်ခဲ့ခြင်း၊ အောင်မြင်နိုင်ခဲ့ခြင်းတို့ကို အစွဲပြုပြီး “မေယု” သင်္ဘောဟု မှည့်ခေါ်ခဲ့ကြောင်း၊ သူ၏ မိန့်ခွန်းတွင် အတိအလင်း ရှင်းလင်း ပြောပြခဲ့သည်။ သို့နှင့် မေယု သည် လွတ်လပ်ရေး၏ သင်္ကေတ၊ စည်းလုံးမှု၏ မှတ်ကျောက် ဖြစ်လာခဲ့သည်။
၎င်းပြင် ၁၅ ရာစု၊ သက္ကရာဇ် ၁၄၀၀ တွင် ရခိုင်ပြည်ကြီးသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားရာမှ နှစ်ဘက်လူမျိုးစုတို့ ပူးပေါင်း၍ နရမိတ်လှ ဦးဆောင်ကာ ရခိုင်ပြည်ကြီးကို ကမ္ဘာ့မြေပုံတွင် ပြန်လည် ရေးဆွဲနိုင်ခဲ့သည်။ မြောက်ဦးမြို့တွင် နန်းရာဆိုက်၍ မြောက်ဦးခေတ် ဟူ၍ပင် ကျော်ကြား ရာဇဝင်တွင်ခဲ့သည်။ သို့သော်လည်း ထိုယခင် မှတ်ကျောက် တင်ခံခဲ့ရခြင်း၊ ရာဇဝင်တွင်ခြင်းစသော စည်းရုံးမှုမှာ ၂၀၁၂ ခုနှစ်တွင် လူမျိုးရေး ဘာသာရေး ဆန်သော မုန်းတီး တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်သုဉ်းခံ ခဲ့ရရှာသည်။
ထိုမုန်းတီးရေး မုန်တိုင်း၏ အကျိုးရလဒ်ကား၊ ရခိုင်ပြည်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အနိမ့်ဆုံးအဆင့်သို့ ရောက်သွားရခြင်း၊ ရခိုင့်သယံဇာတများ ရခိုင်ပြည်သူတို့၏ အကျိုးမဲ့စွာ နိုင်ငံခြားရောက်သွားခြင်း၊ သေကြေပျက်စီးခြင်း၊ အိုးမဲ့အိမ်မဲ့ ဘဝသို့ ရောက်ရှိခြင်း စသည်တို့သာ ဖြစ်ကြသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ရာစုနှစ် များစွာ၏ အလွတ်လပ်ဆုံး ရွေးကောက်ပွဲဟု တင်စား ဟစ်ခေါ်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် မူဆလင်များ မဲမထည့်နိုင် ဖြစ်ခဲ့ရသည်။ ၎င်းကို ရခိုင်လူမျိုး အချို့က မိမိတို့၏ အောင်မြင်မှုဟု ထင်မှတ်ကျေနပ်နေကြသည်။ ထိုအချက်ကိုပင် မဲဆွယ်စဉ်က အရသာရှိရှိ၊ ဇာတိသွေးနိုးကြားလျက် မဲဆွယ်ခဲ့သည်။ မူဆလင်တို့အား ခိုးဝင် ဘင်္ဂါလီဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိဟူ၍ လည်းကောင်း တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။
သို့သော်လည်း ရခိုင်သမိုင်းကို လေ့လာကြည့်လျှင် ရခိုင်လူမျိုး တစ်ဦး ဖြစ်သည့် ဦးအောင်သာဦး ရေးသားခဲ့သော “ရခိုင်ရာဇဝင်” စာအုပ်၏ အဆိုအရ ထိုအမည် နာမသည် ရခိုင်-မြန်မာစစ်ပွဲ (မြောက်ဦးခေတ်)၌ ထိုလူမျိုးများ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ခြင်းကို အစွဲပြု၍ ရခိုင်တို့က “ရွာဟောင်းကကျား”ဟုခေါ်ဆိုရာမှ ရိုဟင်ဂျာ ဖြစ်လာသည်ဟု အတိအလင်း ဖေါ်ပြထားသည်။ ထို့အပြင် ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ၅ နှစ်ထိထိ အသံလွှင့်ခြင်း ခံခဲ့သော အမည်နာမ၊ ငြင်းရန်ခက်ခဲသော သမိုင်းအထောက်အထားနှင့် ပြည့်စုံသော အမည်နာမရှင် ရိုဟင်ဂျာလူမျိုး ဖြစ်ကြသည်။ ၎င်းရိုဟင်ဂျာ ဟူသည့် အမည်နာမ တစ်ခုသာ ဖြစ်သည်။ ဘင်္ဂါလီခေါ်လျှင်လည်း ထိုလူမျိုး၊ ရိုဟင်ဂျာဆိုပြန်လည်း ထိုလူမျိုးပင်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိဆိုရာ၌ နောက်ကွယ်တွင် တစုံတရာသော ရည်ရွယ်ချက်များ ရှိမည်လား။
AA တပ်ဖွဲ့ဝင်များနှင့် တိုက်ရခြင်းမှာ AA များရခိုင်ကို ကြီးစိုးလာလျှင် မူဆလင်များကို ဒုက္ခပေးမည် ဖြစ်၍ တိုက်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးအောင်မြင့်မှ ကြေညာလာပြန်သည်။ အဘယ် ရည်ရွယ်ချက်ပါနည်း။ စဉ်းစားရန် အချိန်တန်ပါသည်ဟု ယူဆပါသည်။ လက်တွေ့မှာမူ ထိုရိုဟင်ဂျာ လူမျိုးများကို မြန်မာ့မြေ၊ ရခိုင်မြေပေါ်မှ ပျောက်ကွယ် သွားအောင် ကျင့်သုံးနိုင်မည့် လမ်းစဉ် ရှိမည် မထင်ပါ။ အဘယ်ကြောင့်နည်း။
၁၅ ရာစု မြောက်ဦးခေတ်မှသည် ယနေ့ထိကို အသေအချာ လေ့လာကြည့်ပါက ထိုလူမျိုးတို့သည် မြောက်ဦးခေတ်တွင် ရှင်ဘုရင် (၁၇၃၇ ခုနှစ်၊ ၃၇ ကြိမ်မြောက်သော ရှင်ဘုရင်) စစ်သူကြီး (မာဂန်)၊ တရားသူကြီး (ဒေါလောတ်ခါဇီ)၊ စာရေးဆရာ (အဒူမင်းညို) တစ်ခြားသော အရာရှိ အရာခံများ၊ လွတ်လပ်ရေး ခေတ်တွင်၊ အမတ်ကြီး (ဦးဆုလ်တန်မာမွတ်၊ ကျန်းမာရေးဝန်ကြီး)၊ ပါလီမန်အတွင်းဝန် (ဦးဆုလ်တန်၊ မောင်တော)၊ ဆိုရှယ်လစ်ခေတ်တွင် ပါလီမန်အမတ်များ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်များ၊ အရာရှိကြီးများ၊ အစိုးရဝန်ထမ်းများ (ရှိနေဆဲ) ဖြစ်ခဲ့သည်။ ၎င်းတို့ကို မဲထည့်ပိုင်ခွင့် မရှိဟူသော ပါလီမန်၏ ဆုံးဖြတ်ချက်ဖြင့် လူမျိုးတစ်ခုလုံးကို ဖျောက်ပစ်၍ မရနိုင်ပါ။ အမှန်တရားမှာ ပေါ်လာစမြဲပါ မဟုတ်ပါလား။ စဉ်းစား ရမည်သာ။
၂၀၁၂ ခုနှစ် ကိစ္စမှာ မူဆလင် လူငယ်သုံးဦးမှ ရခိုင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟုဆို၍ တစ်ပြည်လုံး အုံကြွခဲ့သည်။ သို့သော် ရခိုင်အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော မူဆလင် လူငယ် သုံးဦးမှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူများလား ဆိုသည်မှာလည်း မရေရာ မသေချာခဲ့သော ပုံပြင်လိုလို ပြဇတ်လိုလို ဒဏ္ဌာရီဆန်ဆန် ဖြစ်ပါသည်။ အလားတူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တပ်မတော်သား တစ်ဦးမှ ၈-နှစ်သာ ရှိသော ရခိုင် မိန်းကလေးငယ် တစ်ဦးကို စစ်တွေတွင် မုဒိန်းကျင့် ခဲ့သည်။ ကလေးမ ခမျာ ဆေးရုံတွင် သေဆုံးခဲ့ ရရှာသည်။ ဤအရေးကိစ္စတွင်မူ အဘယ်ကြောင့် တစ်ပြည်လုံး အုံကြွခြင်း မရှိခဲ့ပါသနည်း။ လေးလေးနက်နက် စဉ်းစားရမည့် အချက်ပင်ဖြစ်သည်။
ယုတ်စွ အဆုံးပြောရလျှင် ပြင်ပ ပယောဂ နှင့် အမုန်းစကား ပြန့်ပွားနိုင်ခြင်းကို အမှန်တရားဟု ထင်နေသရွေ့ ရခိုင်ပြည်နှင့် ၎င်း၏ ပြည်သူများသည် အဆင့်နိမ့်ကျခြင်း၊ ပိုမို ဆင်းရဲခြင်း၊ သယံဇာတ အလုခံရခြင်း၊ အနိမ်ခံ ဘဝတွင် နေရခြင်း စသော အဟောသိကံများအပြင် လူအများ မျှော်လင့် တောင်းတနေသော “ဖယ်ဒရယ်” ရရှိမှုတွင် နောက်ကျ ကျန်ရစ်ခြင်း၊ နှောင့်နှေးခြင်း၊ အဟန့်အတားဖြစ်ခြင်းများ ဖြစ်လာမည်မှာ မြေကြီး လက်ခတ်မလွှဲ သေချာ နေပါသည်။
ထိုသို့သော သွေးထိုး လှုံဆော်မှုများအား ဟန့်တား ကာကွယ်နိုင်သော အရာက လူမျိုးနှစ်မျိုး စည်းရုံး ပူးပေါင်းမှုဖြင့် အောင်မြင်ခဲ့သော နည်းလမ်းသာ ဖြစ်သည်။ ယခုအချိန်ကား စဉ်စား၊ ဆင်ခြင်၊ သုံးသပ်ရမည့် အချိန်ပင်။ သို့နှင့် "မေယုသင်္ဘောမှသည် စည်းရုံးရေးသို့" ဆောင်ပုဒ်နှင့်အညီ စဉ်းစားဆင်ခြင်နိုင်ခြင်းအံ့သောဌာ ဤဆောင်းပါးကို ရေးသားလိုက်ရကြောင်းပါ။
ကျေးဇူးတင်ပါ၏
စန္ဒြမောင်စိက္ကေ - ရခိုင်မြေ ရေးသားတင်ပြသည်။

Moe Aung
18.1.2016
နှစ်ပေါင်း ၆၀ ကျော်ကြာ လူ့အခွင့်အရေး ဖိနှိပ်မှုတွေကို အတူတကွ ခါးစည်းခံ ခဲ့ရတဲ့ မတူညီသော ကိုးကွယ်ယုံကြည်သူ များကြား ပိုင်ဆိုင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့မှု တွေဟာ ဒီမိုကရေစီ အစိုးရ သက်တမ်း တစ်ခု အလွန်မှာ စလယ်ဝင်အိုး ဖင်မမည်းခင်က ကွဲခဲ့ရသလိုမျိုး ရခိုင်ပြည်နယ်ဟာ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ဒါတွေကို အပြီးတိုင် အဆုံးသတ်စေမယ့် မျှော်လင့်ချက်တစ်ရပ်က “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ အစိုးရ လက်ထဲမှာ ရှိနေပါတယ်။
ဒီလို မျှော်လင့်ချက်တွေနဲ့အတူ တစ်ခုသော ဆောင်းမနက်ခင်းတစ်ခုမှာ အနီရောင်တွေကို အောင်လံ လွှင့်ထူစေမယ့် ဆေးတံဆိပ်တွေကို ပုံအောခဲ့ကြပါတယ်။
နိုဝင်ဘာ ၈ အလွန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ ကိုးကွယ်ယုံကြည်မှု ဖိနှိပ်ခံနေရမှုတွေ လားရာဘက် ပြောင်းလဲဖို့ မြန်မာ့ဒီမိုကရေစီ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်မဲပေးခဲ့သူတွေထဲ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းနေ ၂၀၁၂ ပဋိပက္ခတိမ်းရှောင်ဒုက္ခသည် အစ္စလာမ်ဘာသာဝင် ဒေါ်စိုးစိုးဝင်းလည်း တစ်ဦး ပါဝင်ခဲ့ပါတယ်။
“လူသားတစ်ဦးဖြစ်ပြီးတော့ သံဆူးကြိုးတွေ ကာရံပြီး လွတ်လပ်စွာ သွားလာခွင့်တွေ ဆုံးရှုံးနေတဲ့ ကျမတို့တွေရဲ့ ဘ၀က ကြမ်းတမ်းလှပါတယ်။ ကုလားဆိုတဲ့ အခေါ်အဝေါ် တစ်ခုအောက်မှာ ကျမတို့ လူဖြစ်ရှုံးနေတာတွေကို မျှဝေခံစားပေးမယ့် အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်ဖို့ ကျမ NLD ကို ရွေးချယ်ခဲ့ပါတယ်”
ရခိုင်ပြည်နယ်အတွင်း ရာစုနှစ်များစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပြီးမှ မှုခင်းတစ်ခုပေါ် အခြေပြုပြီး အုပ်စုဖွဲ့ တိုက်ခိုက်မှုအပေါ် အခွင့်အကောင်းယူကာ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေကို လူသား အသိုင်းအ၀န်းတစ်ခုကနေ ဆွဲဖယ်ထုတ်နေခြင်းဟာ ရပ်တန့်ဖို့ အချိန်တန်ပြီ ဖြစ်တယ်လို့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းနေသူတွေက တညီတညွတ်တည်း ပြောဆိုနေကြပါတယ်။
ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်း ကမ့်တာဝန်ခံ ဖြစ်သူ ဦးမောင်လှက - အစိုးရအနေနဲ့ သူတို့ လူမျိုးတွေအပေါ် ခုလို ထိန်းသိမ်းထားခြင်းဟာ အစိုးရရဲ့ စိုးရိမ်လွန်မှုတစ်ခုသာ ဖြစ်ပြီး သူတို့အနေနဲ့ ယခင်ကလိုပဲ ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အသင့်ရှိနေကြောင်း ဦးမောင်လှက RiA နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
“ ပြန်လို့ နေထိုင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့တတွေဟာ ယခင်ကတည်းက တစ်ဦးပေါ် တစ်ဦး မှီခိုပြီး အတူတကွ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ကို မူဆလင်တွေက မှီခိုပြီး နေခဲ့ကြတာ ရှိသလို၊ မူဆလင်တွေကို ရခိုင်က မှီခိုပြီး လူမှုစီးပွား အစစ အမှီသဟဲ ပြုခဲ့တာတွေရှိပါတယ်။ ဒါ့ကြောင့် ခုချိန်မှာ အတူတကွ ပြန်နေထိုင်စေပြီး ယခင်လိုမျိုး ဆက်ဆံရေးကို ပြန်တည်ဆောက်ခွင့်ပေးခဲ့မယ်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ အစိုးရအနေနဲ့ကတော့ စိုးရိမ်စိတ်ရှိတာပေါ့။ ၂၀၁၂ တုန်းကလို ပဋိပက္ခ ပြန်ဖြစ်မှာစိုးလို့ အစိုးရက လောလောဆယ် ယာယီအားဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်တယ်လို့ ထင်ပါတယ်။”
ကျောက်ဖြူ မြို့နယ်ရှိ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းဟာ ၂၀၁၂ ခုနှစ်အလွန် မှာ ပေါ်ပေါက်လာတဲ့ ဒုက္ခသည်စခန်းတစ်ခုပါ။
ဒါပေမယ့် ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းဟာ ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော ကမ့်တွေနဲ့ ထူးခြားကွာခြားချက်တွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။
အဲဒါကတော့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းမှာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ ညားပြီး ပဋိပက္ခကြောင့် ကွဲကွာနေရသူ မိသားစု အနည်းဆုံး ၄ ခုထက်မနည်းကို RiA ရဲ့ သတင်းအဖွဲ့က တွေ့ခဲ့ရပါတယ်။
ကိုးကွယ်ယုံကြည်မှု မတူပေမယ့် အိမ်ထောင်ပြု ဘ၀ကို တည်ဆောက်နေသူတွေဟာ မှုခင်းတစ်ခုက အစပြုခဲ့ပြီး ဘာသာရေးအသွင်ဆောင် အမုန်းတရား ဖန်တီးသူတွေကြောင့် မိသားစု ဘ၀တွေ ကွဲကွာပြီး အနာဂတ်လုံခြုံမှု မဲ့နေမှု၊ သားသမီးတွေ အဖေ၊ အမေ ခေါ်စရာမဲ့နေမှု စတာတွေကို ယူကြုံးမရခံစားခဲ့ရပါတယ်လို့ ဗုဒ္ဓဘာသာ အမျိုးသားနဲ့ ညားနေပြီး ကလေး ၃ ဦးရှိတဲ့ ဒုက္ခသည်စခန်းနေ အစ္စလာမ်ဘာသာဝင် မသန်းဝေ က ပြောပါတယ်။
“ သိနားလည်တဲ့သူတွေကတော့ အစ္စလာမ်နဲ့ပဲ ညားညား၊ ဗုဒ္ဓဘာသာနဲ့ပဲ ညားညား လက်ခံကြပါတယ်။ ခု ဒီမှာက ခဏလေး ရှောင်နေပါ။ ကိုထွန်း အမျိုးသမီးဟာ ကိုထွန်း အမျိုးသမီးပါပဲ။ ဘယ်ဘာသာပဲ ဖြစ်ဖြစ်။ ၂ ရက် ၃ ရက်နေပြီးရင် ပြန်ပြီး တွေ့ရမှာပါပဲ။ ခဏလေး ရှောင်နေပါဆိုပြီးတော့ နေနေတာ ခုဆိုရင် ၃ နှစ်ကျော်သွားပြီ ကျမ ယောင်္ကျားနဲ့ မတွေ့တာ။ ပိုက်ဆံ ရှိတဲ့သူတွေကတော့ အခက်အခဲတွေ ရှိပေမယ့်လည်း မိသားစုအတူတကွ တခြားနေရာတွေ ရန်ကုန်လိုမျိုးကို ပြောင်းရွေ့သွားခဲ့ကြတယ်။ ကျမတို့လို လက်လုပ်လက်စား လူတန်းစားတွေက အဲလိုမျိုး အခြေအနေမပေးတော့ မိသားစုနဲ့ ဝေးခဲ့ရတယ်။ ဒီ ကယ်ဆယ်ရေးစခန်းမှာ နေချင်လို့ နေရတာ မဟုတ်ပါဘူး။ မိသားစုတကွဲတပြားနဲ့ ခုလိုမျိုး ရှင်သန်နေရတာဟာ အရမ်းခံစားရပါတယ်။ တနေ့နေ့ တချိန်ချိန်မှာ မိသားစု အတူတကွ ပြန်နေထိုင်ရခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အသက်ရှင်သန်ဖို့ ကြိုးစားနေတာပါ”
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခအလွန် မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေကြား အတူယှဉ်တွဲနေထိုင်ရေးဟာ နောင်တက်လာမယ့် အစိုးရကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခြင်းနဲ့ ကိုးကွယ်ယုံကြည်မှု ရောထွေးသွားခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းမှုကို အဖြေရှာဖို့ ခက်ခဲလွန်းနေပါတယ်။
ကျောက်ဖြူဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အတူတကွ နေထိုင်ဖို့ ဆိုတာဟာ ၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုကို လက်ခံရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသန်းလွင်က ပြောပါတယ်။
“နိုင်ငံသား ဖြစ်သင့်တဲ့သူကို ၁၉၈၂ ဥပဒေနဲ့ အညီ စစ်ဆေးလို့ အတည်ပြုရင် ကျနော်တို့ လက်ခံပါတယ်။ ၈၂ ဥပဒေနဲ့ ညီညွတ်တဲ့သူတွေကို နိုင်ငံသားပေးပါ။ ကျနော်တို့ မကန့်ကွက်ပါဘူး။ အခု ကျနော်တို့ ခံစားနေရတာက သူတို့ (အစ္စလာမ်ဘာသာဝင်တွေ) ဟာ ကျနော်တို့နဲ့ ပဋိပက္ခတစ်ခု ဖြစ်ခဲ့တာကြောင့် သူတို့အနေနဲ့ ထိတ်လန့်မှုတွေ ရှိချင်ရှိမယ်။ မနေချင်တဲ့ ဆန္ဒ ရှိချင်ရှိမယ်။ ဒါပေမယ့် သူတို့ ရင်ဆိုင်နေရတာက နိုင်ငံသားဖြစ်ခွင့် ရထားတာကြောင့် ဒီဒေသက ထွက်ခွာလို့ မရဘူးဆိုတာကိုပါ။ သူတို့ ပိုင်ဆိုင်မှုတွေကို ရောင်းချရင်လည်းပဲ သက်ဆိုင်ရာက အမည်ပြောင်းလဲခြင်းတွေ မပြုလုပ်ပေးတာကြောင့် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွတ်စပယ်ထားပြီး မသွားရဲဘူးဖြစ်နေကြပါတယ်။ နိုင်ငံသား စီစစ်မှုတွေကတော့ စီစစ်နေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားဖြစ်သွားတဲ့သူတွေကို နိုင်ငံသား ဖြစ်ခွင့် မပေးဘူးဆိုရင် နိုင်ငံသားစီစစ်မှု နိုင်ငံသားပေးအပ်မှုဟာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
ရိုဟင်ဂျာ အရေး လှုပ်ရှား ဆောင်ရွက်သူ (ဒေသအခေါ် ဘင်္ဂလီအရေး ဆောင်ရွက်သူများ) အကြီးအကဲ ဦးကျော်လှအောင်က - ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူများဟာ ယခင် ရာစုနှစ်များစွာကတည်းက အတူတကွ နေထိုင်ခဲ့သူများ ဖြစ်ပြီး အပြန်အလှန် အမှီသဟဲ ပြုမှုများလည်း ရှိခဲ့တာကြောင့် အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ကိုပဲ မျှော်လင့်ကြောင်း ပြောပါတယ်။
“ အစကတည်းက လွတ်လပ်ရေးမတိုင်ခင်ကတည်းက အေးအတူပူအမျှ နေထိုင်လာခဲ့ကြပြီးမှ ခုလို မှုခင်းတစ်ခုကြောင့် အားလုံးကို မေ့ပစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရင်လိုပဲ အတူတကွ သင့်မြတ်စွာ ပြန်လည်နေထိုင်ဖို့ မျှော်လင့်ပါတယ် နှစ်ဘက်သော လူ့အဖွဲ့အစည်းကို မေတ္တာရပ်ခံလိုပါတယ်”
ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင် ကလေး ၃ ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်မသန်းဝေက ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် ဝေးကွာခဲ့ရတဲ့ သူ့ အမျိုးသား၊ ကလေးတွေရဲ့ ဖခင်နဲ့ ပြန်လည်ဆုံစည်းခွင့်အတွက် အားကိုးရာမဲ့နေကြောင်း ၀န်ခံခဲ့ပါတယ်။
“ကျမအမျိုးသားက စိတ်ကောင်းနှလုံးကောင်း ရှိသူတစ်ဦးပါ။ ဖောက်ပြန်တတ်တဲ့ ယောင်္ကျားမျိုးထဲမှာလည်း မပါပါဘူး။ သူက ရခိုင်၊ ကျမက အစ္စလာမ်ဆိုပေမယ့် ထားခဲ့မယ့်သူ မဟုတ်ဘူးဆိုတာလည်း ကျမ ယုံကြည်ပါတယ်။ ကျမ အကြောက်ဆုံးက တစ်ယောက်နဲ့ တစ်ယောက် မတွေ့မမြင်ခဲ့ရဘဲ သေဆုံးသွားကြမှာကိုပါ။ ငွေကြေးအဆင်ပြေသူတွေက မိသားစု ဆုံစည်းခွင့် ရှိကြပေမယ့် ကျမတို့လို့ ကျပ်တည်းသူတွေအဖို့ ရုန်းကန်ရတာ အရမ်းခက်ခဲပါတယ်။ ဒီကြားထဲ မိသားစု တကွဲတပြားနဲ့ ဖြတ်သန်းရတာဟာ အရမ်းကို နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်း နားလည်ပေးနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီလို အခက်အခဲတွေ ပိုဖိစီးလာတော့ အမျိုးသားက အရက်ကို ဖိသောက်လာတယ်။ ကျမတို့ မိသားစု ပြန်လည် ပေါင်းစည်းခွင့်အတွက် ဘယ်သူ့ကို အားကိုးရမလဲ။ ကျမ တသက်လုံး ကျေးဇူးရှင်အဖြစ် ရှိခိုးသွားပါ့မယ်”

ဒါးပိန် ဒုက္ခသည် စခန်းတွင် အာဟာရ ပြတ်နေသော ၂၅ ရက်သား ကလေး အမွှာကို ၂၀၁၄ ခုနှစ် ဧပြီလက ဓာတ်ပုံ ဆရာက မှတ်တမ်း တင်ထားစဉ် (ဓာတ်ပုံ – Reuters) |
နီကိုလတ်စ် ခရစ်စတော့ဖ်
13.1.2016
လူအများ၏ ချစ်ခင် လေးစားမှုကို ခံရသော နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တဦးက ၂၁ ရာစု၏ အကျဉ်းစခန်းများကို ဦးဆောင်သည့် မြင်ကွင်း တခုကို မကြာခင် ကမ္ဘာက မြင်တွေ့ရတော့မည်။
ကမ္ဘာ့သူရဲကောင်းများထဲ တဦးအပါအ၀င်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သူ၏ တိုင်းပြည်အတွက် ဒီမိုကရေစီကို ရယူပေးနိုင်ခဲ့သည်။ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူတဦး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ကြားခဲ့ရသမျှဖူးသော လူမျိုးတုန်းစေမှုများထဲတွင် အဆိုးရွားဆုံး တခုဖြစ်သည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဟု ခေါ်သော မွတ်ဆလင်များအပေါ် ဖျက်ဆီးနှောက်ယှက်မှုများကိုလည်း အမွေဆက်ခံရတော့မည် ဖြစ်သည်။
Yale တက္ကသိုလ်မှ မကြာသေးခင်က ပြုလုပ်ခဲ့သည့် လေ့လာမှုတခုတွင် လူဦးရေ ၁ သန်းကျော် ရှိသော ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုသည် လူမျိုးတုန်းစေမှုဟု ဆိုနိုင်ကြောင်း ဖော်ပြထားပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာတစောင်ကမူ “နိုင်ငံတကာ ရာဇ၀တ်ဥပဒေများအရဆိုလျှင် လူသားမျိုးနွယ်ကို ဆန့်ကျင် ဖျက်ဆီးသည့် ရာဇ၀တ်မှုများ” ဖြစ်ရန် ပုံပေါ်သည်ဟု ဆိုသည်။
ယခုအချိန်အထိမူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတို့၏ လက်ရှိခွဲခြားမှု အမြင်အတိုင်း ဆက်သွားမည့် အသွင်ရှိသည်။ သူက ယခုအခါ နိုင်ငံရေး သမားတယောက် ဖြစ်သည်။ ရိုဟင်ဂျာကဲ့သော လူနည်းစုများကို ဖိနှိပ်ကန့်သတ်ခြင်းက ဗုဒ္ဓ ဘာသာဝင် မဲဆန္ဒရှင် အများစုကြားတွင် လူကြိုက်များပါသည်။
နောက်ထပ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တဦးဖြစ်သော အမေရိကန် သမ္မတ အိုဘားမားကလည်း ထိုကိစ္စအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့သည်။ သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးနိုင်သူ တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ၂ ကြိမ် ရောက်ခဲ့သည်။ သမ္မတအိုဘားမားနှင့် ဟီလာရီကလင်တန် တို့က မြန်မာနိုင်ငံကို ဒီမိုကရေစီ ရရန်နှင့် အနောက်တိုင်းနှင့် နီးစပ်စေရန် ဆွဲဆောင် သိမ်းသွင်းခဲ့ပြီး သိသိသာသာ အောင်မြင်မှုလည်း ရရှိခဲ့သည်။ ရိုဟင်ဂျာ အများအပြား ထိန်းသိမ်းခံထားရသည့် အကျဉ်းစခန်းနှင့်တူသည့် ဒုက္ခသည် စခန်း ၆၇ ခု အကြောင်းကို အရေးစိုက်ခဲ့လျှင် ပွဲပျက်နိုင်သောကြောင့် ဖြစ်နိုင်ပါသည်။
ထိုအကြောင်းများကြောင့် အသက် ၁၄ နှစ် အရွယ် မိုဟာမတ်ကာရင် သေဆုံးခဲ့ရသည်မှာ လက်တွေ့ ဖြစ်သည်။
သောင်းနှင့် ချီသော ရိုဟင်ဂျာများနှင့် အတူ ကြီးမားသည့် ဒုက္ခသည် စခန်းတခုတွင် မိုဟာမတ်ကာရင် နေထိုင်ခဲ့သည်။ အစိုးရက ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို တားမြစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကိုလည်း ကန့်သတ်ထားသည်။ သူက လူကုန်ကူးသူများကို ပိုက်ဆံပေး၍ လှေဖြင့် ထွက်ပြေးချင်ခဲ့သည်။ ထိုနည်းဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်သည့် ရိုဟင်ဂျာ အများအပြားရှိသည်။
“ကျမတို့က သူ့ကို ခွင့်မပြုခဲ့ဘူး။ အဲဒါက အန္တရာယ် များတယ်လေ” ဟု မိခင်ဖြစ်သူ ဆာရာဟတူက ပြောသည်။
ထို့နောက် မိုဟာမတ်ကာရင်၏ ခြေဖနောင့်တွင် ဒဏ်ရာတခု ရရှိခဲ့သည်။ ဒဏ်ရာနှင့် ပတ်သက်၍ မည်သူကမျှ အလေးအနက် မထားခဲ့သော်လည်း မကြာမီမှာပင် သူ၏ မေးရိုးများ လှုပ်ရှားရန် ခက်ခဲလာခဲ့သည်။
မိုဟာမတ်ကာရင် မေးခိုင်ရောဂါ ရရှိခဲ့သည်မှာ ထင်ရှားပါသည်။ သူ့အနေဖြင့် ဒုက္ခသည် စခန်းအတွင်းမှ အခြားသော ကလေးငယ် များကဲ့သို့ ပင် မေးခိုင်ရောဂါ ကာကွယ်ဆေးအပါအ၀င် ကာကွယ်ဆေးများ မရခဲ့ပါ။
သူ နေမကောင်းဖြစ်လာသည့် အချိန် ဒေသခံကျန်းမာရေး ၀န်ထမ်းများနှင့် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတတ်သည့် ဆေးခန်းက သူ့ကို အကူအညီမပေးနိုင်ခဲ့ပါ။ နောက်ဆုံးတွင် စခန်းမှ ထွက်ပြီး ဆေးရုံတင်ရန် အထူးခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော်လည်း အလွန်နောက်ကျခဲ့ပြီ ဖြစ်သည်။ “နောက် ၂ရက်လောက်ကြာတော့ သူ့ရဲ့ အလောင်းပဲ ပြန်ရောက်လာတယ်” ဟု ဆာရာဟတူက ပြောသည်။
သူတို့တဲနှင့် ပေ ၁၀၀ ခန့်ကွာသည့် နေရာတွင် အခြားသော မိသားစုတခုလည်း ကြေကွဲနေသည်။ အသက် ၂၀ အရွယ် မိန်းကလေး တယောက်ဖြစ်သည့် ဘေလ်ဒါဘီးဂန်းသည် အသည်းရောင် အသားဝါပိုး (အေ) ဖြင့် သေဆုံးခဲ့ရသည်ဟု အိမ်နီးချင်းများက ပြောသည်။ အသည်းရောင် အေ ရောဂါသည် အသက်ကို အန္တရာယ်ပေးနိုင်သည့် ရောဂါ မဟုတ်သော်လည်း သူ သည်လည်း လိုအပ်သည့် ဆေးဝါးကုသမှု မရရှိခဲ့သဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အသက် ၂ နှစ် အရွယ် သားဖြစ်သူ ဟိုင်ရိုးလ်ကို ထားရစ်ကာ ကွယ်လွန်သွားခဲ့သည်။
“တကယ်လို့ သူဟာ ရိုဟင်ဂျာ တယောက်မဟုတ်ခဲ့ဘူးဆိုရင် သူ အသက်ရှင်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်။” ဟု လူမျိုးစု ခေါင်းဆောင် တယောက်ဖြစ်သည့် အီနွတ်မိုနိုင်က ပြောသည်။
ယခုအခါ ဟိုင်ရိုးလ် အလွန် ဆာလောင်နေသည်။ အသက် ၂ နှစ် နှင့် ၄ လ အရွယ်ရှိပြီဖြစ်သော ဟိုင်ရိုးလ်၏ ကိုယ်အလေးချိန်က ၁၉ ပေါင်သာ ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိုယ်ခန္ဓာ အလေးချိန်နှင့် အသက်အရွယ် အချိုးကိုပြသသည့် ဇယားတွင် ဟိုင်ရိုးလ် မပါ ၀င်ပါ။ သူက အနိမ့်ဆုံး အဖြစ်သတ်မှတ်ထားသည်ထက်ပင် များစွာ နိမ့်ကျနေပါသည်။
စခန်းတွင်ရှိသော မိသားစုအချို့မှာ မိုင်အနည်းငယ်မျှသာ ဝေးသည့် စစ်တွေမြို့ရှိ ဘဏ်များတွင် ငွေစုစာရင်းများ ရှိကြ သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ သူတို့၏ ငွေစာရင်းများကို ပိတ်ထားခဲ့သည့် အတွက် မိသားစုများ စားဝတ်နေရေး သုံးစွဲရန် ငွေထုတ်ယူနိုင်ခြင်း မရှိကြပါ။
ကမ္ဘာ၏ တုန့်ပြန်မှုကလည်း ထိရောက်စွာ မကူညီနိုင်ခဲ့ပါ။ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် စာနယ်ဇင်းသမားများက ရိုဟင်ဂျာများနှင့် တွေ့ဆုံနိုင်ရေးကိုလည်း မြန်မာနိုင်ငံက ခက်ခဲအောင်ပြုလုပ်ထားခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့ကို မြင်တွေ့ခွင့် နည်းပါးခဲ့ရသည်။
ကုလသမဂ္ဂ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် အလုပ်မဖြစ်ပါ။ ကျနော်ရရှိခဲ့သည့် ကုလသမဂ္ဂ၏ ဌာနတွင်း စာတစောင်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ၀န်ထမ်းများသည် တယောက်နှင့် တယောက် အချင်းများနေကြပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု သတိ ပေးထားသည်ကို တွေ့ရပါသည်။
ဆက်လက်ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာများအပေါ် ခွဲခြားနှိပ်စက်မှုများကို မီးမောင်းထိုးပြခဲ့သော Human Rights Watch၊ Fortify Rights နှင့် United to End Genocide တို့ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့အစည်းများကို ဂုဏ်ပြုရမည် ဖြစ်သည်။ အစိုးရ ခွင့်ပြုထားသည့် နေရာများတွင် နစ်နာမှုများ သက်သာရာရအောင် ဆောင်ရွက်ပေးနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ချီးကျူးရမည် ဖြစ်သည်။ ကျနော်ရောက်ခဲ့သည့် ကျွန်းကြီး တကျွန်းတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MFS) နှင့် Save the Children အဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာ အကူအညီများ ပေးနေကြပါသည်။
အကူအညီပေးရေး အဖွဲ့အစည်းများကို နေရာအများစုတွင် ပိတ်ပင်ထားခြင်းနှင့် ရိုဟင်ဂျာများကို စနစ်တကျ ဖျက်ဆီးနေ ခြင်းများကြောင့် ၂၁ ရာစုနှစ်၏ လူ့အခွင့်အရေး ကပ်ဘေးတွင် လျစ်လျူရှု အခံရဆုံးစာရင်း၌ တခု အပါအ၀င် ဖြစ်စေခဲ့သည်။
မြန်မာ အစိုးရက လူပုဂ္ဂိုလ်အရ ဖိနှိပ်ကန့်သတ်သည်သာမက ရိုဟင်ဂျာများကိုလည်း မျိုးနွယ်စုတခု အဖြစ်မှ ဖယ်ရှားပစ်ရန် ကြိုးစားနေပါသည်။ ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မရှိဟု ငြင်းပယ်ထားသည်။ အာဏာပိုင်များက ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခြင်းမပြုပါ။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င်ရောက်လာသူများ ဖြစ်သည်ဟု ဆိုသည်။ ရိုဟင်ဂျာများသည် တိုင်းရင်းသား လူမျိုးစု ဖြစ်သည်ဟု ဖော်ပြထားသည့် ၂၀၁၆ ခုနှစ် ပြက္ခဒိန် ရိုက်နှိပ်ခဲ့သည့်အတွက် လူ ၅ ဦး ကို နိုဝင်ဘာလအတွင်း အစိုးရက ဖမ်းဆီးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ရိုဟင်ဂျာဟုပြောရန် ရှောင်ရှားခဲ့သည်။ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးကလည်း အလျှော့ပေးသည့်အနေဖြင့် ၎င်းတို့၏ တရားဝင်ကြေညာချက်များတွင် အဆိုပါ စကားလုံးကို သုံးစွဲရန် ရှောင်လွှဲနေခဲ့သည့် အသွင်ရှိသည်။
“အိုဘားမားရဲ့ အစိုးရက အများကြီးပိုပြီး လုပ်ပေးနိုင်ခဲ့မယ်ဆိုတာ သေချာပါတယ်” ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို အလေးပေးဆောင်ရွက်နေသည့် အဖွဲ့တခု ဖြစ်သည့် Fortify Rights မှ Matthew Smith က ပြောသည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခုကို ကျောထောက်နောက်ခံပေးရေး၊ မြန်မာအစိုးရ၏ မူဝါဒကို တွန်းအားပေးရေး၊ နိုင်ငံသား ဖြစ်ခွင့် ပြန်လည်ရရှိရေး၊ ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ အစည်းများကို ခွင့်ပြုရေးတို့ အပါအ၀င်ဖြစ်သည်။ အခြား အမေရိကန် နိုင်ငံရေးသမား အများစုမှာလည်း နှုတ်ဆိတ်နေခဲ့ကြသည်။ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုများတွင်လည်း အဆိုပါ ကိစ္စမှာ တခါတရံမျှသာ ရှားရှားပါးပါး ပေါ်ထွက်လာတတ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်။ အထူးသဖြင့် ဒီမိုကရေစီ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ သို့သော် ဒီမိုကရေစီထွန်းကားလာခြင်းက လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသား ဆန့်ကျင်ရေး လှုံ့ဆော်သည့် လူပြိန်းကြိုက် နိုင်ငံရေးကိုလည်း အင်အားကောင်းလာခဲ့ပြီး ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရ ပိုခက်ခဲစေခဲ့သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက မွတ်ဆလင် ကိုယ်စားလှယ်လောင်း တဦးမျှ ရွေးချယ်ခြင်း မပြု ခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာများနှင့် ပတ်သက်၍ သဘောထားပျော့ပျောင်းလွန်းသည်ဟု မြန်မာနိုင်ငံသား အများစုက ယူဆကြသည်။ သူက ရိုဟင်ဂျာများကို ဆန့်ကျင်ရှုတ်ချခြင်းမပြုဘဲ နှုတ်ဆိတ်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့ကို နှစ်ပေါင်းများစွာ လေးစားခဲ့သော ကျနော်တို့အတွက်မူ နိုင်ငံရေးအရ အဆင်ပြေစေရန် အခြေခံ သဘောတရားများကို စွန့်လွှတ်စတေးခဲ့ခြင်းအပေါ် စောင့်ကြည့်နေရသည်က စိတ်မသက်သာစရာ ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ခုခံကာကွယ်သူများက မြန်မာနိုင်ငံတွင် ပြဿနာပေါင်းများစွာရှိနေသည်ဟု ထောက်ပြကြသည်။ သူတို့အတွက် ရိုဟင်ဂျာ အရေးသည် နိုင်ငံအတွင်းရှိ ကံဆိုးမှုများစွာအတွင်းမှ ကံဆိုးမှုတခုသာ ဖြစ်သည်။ ဦးစားပေးရမည်မှာ စီးပွားရေးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ပြည်တွင်း ပဋိပက္ခများ ပြီးဆုံးရေး ဖြစ်သည်ဟု သူတို့က ယူဆကြသည်။ စိန်ခေါ်မှုပေါင်းများစွာ ရှိနေသော တိုင်းပြည်တခုတွင် လူမျိုးစုတခု၏ ပြဿနာများကိုသာ အာရုံစိုက် အလေးပေးခြင်းက အရှည်ကို မမျှော်တွေးခြင်း ဖြစ်သည်ဟု သူတို့က ဆိုသည်။
ကျနော့် အတွက်မူ အစိုးရတခုက လူမျိုးနွယ်စုတခုကို တမင်သက်သက် ဦးတည်၍ နှောက်ယှက်ဖျက်ဆီးနေခြင်း၊ အကျဉ်းထောင်နှင့် တူသည့် ဒုက္ခသည် စခန်းများတွင် ပိတ်လှောင်ထားခြင်း၊ သူတို့၏ အသက်မွေးမှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ငြင်းပယ်နေခြင်းများက တကယ်ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဖြစ်ပါသည်။ သူတို့၏ လူမျိုးစုကို အစွဲပြု၍ ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်းခံရရင်း ကလေးငယ်များ သေဆုံးနေခြင်းသည် ကမ္ဘာပေါ်တွင် ကြုံ တွေ့နေရသည့် ဆင်းရဲနွမ်းပါးမှု ပြဿနာတခု သက်သက်မဟုတ်ပါ။ လူသားမျိုးနွယ်ကို ထိခိုက်စေသည့် ရာဇ၀တ်မှုဖြစ် ပါသည်။ ၎င်းကို ဖြေရှင်းနိုင်ရေးက လူသားမျိုးနွယ် အားလုံး၏တာဝန် ဖြစ်ပါသည်။
(The New York Times သတင်းစာ ဆောင်းပါးရှင် Nicholas Kristof ၏ Myanmar’s Peace Prize Winner and Crimes Against Humanity ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ နီကိုလတ်စ် ခရစ်စတော့ဖ်သည် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကျန်းမာရေးနှင့် ကမ္ဘာ့ရေးရာများတွင် သူ၏ ဝေဖန်သုံးသပ် ရေးသားချက်များကြောင့် လူအများက လေးစားပြီး ပူလစ်ဇာဆု ၂ ဆု ရရှိထားသူ ဖြစ်သည်။)
ဓါတ်ပုံသတင်း
- ပြည်သူ့လွှတ်တော် ရပ်နား
- ပထ၀ီသင်ရိုး ညွှန်းတမ်း ထဲက ရိုဟင်ဂျာ သမိုင်း
- စစ်တွေ သက္ကေပြင် ဒုက္ခသည်စခန်းတွင် NVC ပေးရန် ကြိုးစားသော်လည်း တစ်ဦးတစ်ယောက်မှ လက်မခံ
- လ၀က နှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာ (၆) ဦးကို အတင်းအဓမ္မ NVC ထုတ်ပေး
- ငှက်ကလေးသို့ ......
- မြန်မာ့မြေမှ မွတ်စလင်များ
- ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ရောက်ရှိနေချိန်တွင် ပြသရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ငွေယူ၍ ရွာသားများအား ဆိတ်များ ထောက်ပံ့
- မြန်မာ ပြည်မှ မွတ်စလင်များ စိုးရိမ် ထိတ်လန့်မှု များနှင့် ရင်ဆိုင် ကြုံတွေ့ နေရ
- ဒုအိုးသည်မတွင် အနိုင်ရ အုပ်ချုပ်ရေးမှူးကို ပယ်ချ၍ တစ်ဦးတည်း ၀င်ပြိုင်ခွင့် ရှိသည့် ရွေးကောက်ပွဲ ကျင်းပ
- NDPD နှင့် DHRP တို့ပူးတွဲ၍ ပြည်ထောင်စု အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရထံ စာရေးသား