နောက်ဆုံးသတင်း/ဆောင်းပါးများ

ရန်ကုန်ရှိ ဗလီတခု၏ အတွင်း မြင်ကွင်း (ဓာတ်ပုံ – http://www.independent.co.uk)

ကားလော့စ် ဆာဒီနာ ဂလချီနှင့် ဗာရိုနီကာ ပီဒရိုဆာ
21.12.2015

တရားခံ ရှေ့နေများနှင့် လုံခြုံရေး ကျွမ်းကျင်သူ များက အမှန်တကယ်ရှိ မနေကြောင်း ပြောကြသည့် အကြမ်းဖက် အဖွဲ့ အစည်း တခုနှင့် ဆက်သွယ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အစိုးရ၏ ဖမ်းဆီးခံရသူ အနည်းဆုံး ၁ ဒါဇင်ခန့် ရှိခဲ့ပါသည်။

“မြန်မာမွတ်စလင်တပ် (Myanmar Muslim Army)” အမှန်တကယ်ရှိနေကြာင်း ဖော်ပြနိုင်သည့် သက်သေ အထောက်အထားများကို ဖော်ထုတ်ပြသရန် ဦးသိန်းစိန် အစိုးရက ငြင်းပယ်ခဲ့သည့်အတွက် ကာလရှည်ကြာစွာ မွတ်စလင်များအပေါ် ဖိနှိပ်ကန့်သတ်ခဲ့သည့် အစိုးရက အကြမ်းဖက်ခြိမ်းခြောက်မှုတခုကို တီထွင်၍ ရှေ့တန်းတင်နေသည်ဟူသော အလားအလာက ဖြစ်နိုင်ချေ ပိုများနေသည်။

ဖမ်းဆီးခံထားရသူ အရေအတွက်ကို သဲသဲကွဲကွဲ မသိရသော်လည်း The Intercept အွန်လိုင်း သတင်းဌာနက ရရှိခဲ့သည့် အထောက်အထားများနှင့် မြန်မာနိုင်ငံမှ အမှု ၃ ခုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ခြင်းများအရ ပထမအမှုတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦး၊ ဒုတိယ အမှုတွင် တိုင်းပြည်နေရာ အနှံ့အပြား တွင် ဗုံးဖောက်ခွဲရန် ကြံစည်ရာ၌ ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၅ ဦးနှင့် တတိယမြောက်မှာ အကြမ်းဖက်အဖွဲ့ ကို ငွေကြေးထောက်ပံ့သည့် အမှုဖြင့် ဖမ်းဆီးခံထားရသူ တဦးတို့ ဖြစ်သည်။ ၎င်းတို့ကို စက်တင်ဘာနှင့် နိုဝင်ဘာလများ အတွင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။ (ပြီးခဲ့သည့်အပတ် တနင်္လာနေ့က မန္တလေးတွင် မွတ်စလင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့သည်)

“စွဲဆိုခြင်းခံရသူများသည် တရားမ၀င်လှုပ်ရှားနေသည့် မြန်မာမွတ်စလင်တပ်၏ စခန်းများတွင် လေ့ကျင့်သင်တန်း တက်ခဲ့ကြသည်”ဟု The Intercept မှရရှိသည့် တရားရုံးမှ စာရွက်စာတန်းတခုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းသည် မွတ်စလင်များ ဖြစ်သော်လည်း အမှန်တကယ် တွင် ၎င်းထက် အရေအတွက်များမည်ဟု ယူဆရပြီး ၁၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်ပါသည်။ လူဦးရေ အများဆုံး ဖြစ်သည့် ရိုဟင်ဂျာ မွတ်စလင်များမှာ ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ကြပြီး အခြားမွတ်စလင်များမှာ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ရှိနေကြသည်။ အစိုးရက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးရန် ညင်းပယ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်ပြီး သူတို့သည် ရည်ရွယ်ချက်ရှိရှိပြုလုပ်သည့် လူမျိုးရေးတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဆိုသည်။ ပင်လယ်ပြင်ကို ဖြတ်ကျော် ထွက်ပြေးရင်း သေဆုံးသူ အရေအတွက်မှာ ယခုနှစ် ပထမ ၄ လ အတွင်းတွင် ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုသည်။

ရိုဟင်ဂျာ မဟုတ်သည့် မွတ်စလင်များမှာလည်း မြန်မာနိုင်ငံသားများ ဖြစ်သော်လည်း ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေ ကြရသည်။ ပြီးခဲ့သည့် နှစ်များ အတွင်းတွင် ရခိုင်ပြည်နယ် ပြင်ပတွင်လည်း မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ် ပေါ်ခဲ့သည်။ မြန်မာမွတ်စလင်တပ်နှင့် အဆက်အသွယ်ရှိသည် သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည် ဆိုသည့် စွဲချက်နှင့် ဖမ်းဆီးခံရသူများမှာ အများအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းမှ ဖြစ်ကြသည်။

စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ် ၅ ခုကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ကြီးများက “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ စစ်ဗိုလ် ချုပ် ဟောင်းများပါဝင်သည့် အရပ်သားတပိုင်းအစိုးရကို ဖွဲ့စည်းခဲ့သည်။ ရာနှင့် ချီသော နိုင်ငံရေး အကျဉ်းသားများကို လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်နှင့် ၁၅ နှစ်ကျော် နေထိုင်ခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်လည်း ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် အတွက် အစိုးရအနေဖြင့်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် စဉ်းစား၍ ပင်မရနိုင်သည့် နိုင်ငံတကာ၏ အသိအမှတ်ပြုလက်ခံမှုများ အတော်အသင့်ပြန်လည် ရရှိလာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသော ကွန်ဒိုလီဇာရိုက်စ်က မြန်မာနိုင်ငံကို အာဏာရှင် များ၏ ရှေ့တန်း စခန်းများထဲမှ တခုအဖြစ် အထက်လွှတ်တော်ကြားနာမှုတခုတွင် စာရင်းသွင်း ထွက်ဆိုခဲ့သည်။ ၂၀၁၂ ခုနှစ် ရောက်သည့်အခါ ဘားရတ်အိုဘားမားက မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးသော အမေရိကန် သမ္မတ ဖြစ်လာပြီး ပြုပြင်ပြောင်းလဲရေးကို ဂုဏ်ပြုခဲ့ပါသည်။ သူ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်မှုကြောင့် အသက်ရှူပင်မှားခဲ့ရသည်ဟု ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြောပြခဲ့သည်။ မြန်မာအစိုးရက ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် အတွက် ဂျွန်ပိုဒက်စတာ တည်ထောင်သည့် ၀ါဒ ဖြန့်ချီရေး ပွဲစားကုမ္ပဏီ တခုဖြစ်သည့် Podesta Group ကို ငှားရမ်းခဲ့သည်။ ဂျွန်ပိုဒက်စတာသည် ကလင်တန်၏ မဲဆွယ် လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဖြစ်ပါသည်။

တိုင်းပြည်၏ လူများစု ဗုဒ္ဓဘာသာဝင်များ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက် ကောင်းမွန်လာသော်လည်း မွတ်စလင်များ၏ အခြေအနေ ဆိုးရွားလာသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်များကို လူများစု ဗုဒ္ဓဘာသာဝင်များက နိုင်ငံခြားသားများအဖြစ် သဘောထားခဲ့ကြသည်။ ၎င်းတို့ကို အစိုးရ တာဝန်ရှိသူများနှင့် အမျိုးသားရေး အစွန်းရောက်သူများက အပြင်လူများ၊ ရန်သူများ အဖြစ် ပုံဖော် နေခဲ့ကြသည်။ စစ်အာဏာရှင်များက နိုင်ငံရေး ပဋိပက္ခများမှ အာရုံပြောင်းလဲစေရန် အတွက် ထိုသို့ ပြုလုပ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။

၂၀၀၁ ခုနှစ်တွင် သမ္မတ ဂျော့ဘုရှ်၏ အမေရိကန် အစိုးရက အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ စတင်ဆင်နွဲသည့် အချိန်တွင် မြန်မာနိုင်ငံမှ မွတ်စလင်များကို အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် အလားအလာတခု အဖြစ် စတင်ပုံ ဖော်ခဲ့သည်။ သို့သော်လည်း အမေရိကန် အစိုးရက စစ်အစိုးရကို အထီးကျန်ဖြစ်စေရန် ကြိုးစားနေသည့် ကာလ ဖြစ်သည့် အတွက် နိုင်ငံတကာ၏ အလေးပေးမှု အနည်းငယ်သာ ရရှိခဲ့သည်။ စစ်အစိုးရက မွတ်စလင်များကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း မွတ်စလင်များ၏ အကြမ်းဖက်တိုက်ခိုက်မှု မှတ်တမ်း မရှိခဲ့ပါ။

ယခုအချိန်တွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် အခြား ရန်သူဟောင်းများက ထောက်ခံအားပေးသည့် ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ရှိနေပြီး အရေးပါသည့် ရွေးကောက်ပွဲတခုကိုလည်း နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ မြန်မာအစိုးရအဖွဲ့မှ ဗိုလ်ချုပ်ဟောင်းများ အနေဖြင့် ၎င်းတို့၏ အာဏာထိန်းချုပ်မှုကို နိုင်ငံတကာမှာရော ဗုဒ္ဓဘာသာဝင် လူများစုမဲဆန္ဒရှင်များ အတွင်းတွင်ပါ ယခင်ကထက်ပို၍ တရားဝင်ဖြစ်စေရန် ပိုမို ကြိုးပမ်းခဲ့သည်။ အကြမ်းဖက် ခြိမ်းခြောက်မှု အသစ်တခု ပြန်လည်ပေါ်ထွက်လာခြင်းက စစ်တပ်အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်တွင် သူတို့သည်သာ လုံခြုံရေးကို အာမခံချက်ပေးနိုင်သူများ ဖြစ်သည်ဟု ဆက်လက်၍ ပြောနိုင်ပါလိမ့်မည်။

စိုးမိုးအောင်၏ မိသားစု တခုလုံး အိပ်ပျော်နေသည့် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနက်ပိုင်းတွင် မန္တလေးမြို့ရှိ သူတို့ အိမ် အတွင်းသို့ ရဲ အဖွဲ့ဝင် ၈ ဦးခန့် ၀င်ရောက်လာခဲ့သည်။ ရဲအဖွဲ့က အသက် ၂၄ နှစ်အရွယ် သားဖြစ်သူကို သူတို့လက်သို့ အပ်ရန် မိသားစုကို တောင်းဆိုခဲ့သည်ဟု ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် သူ၏ မိခင် ဒေါ်နွယ်နီ အောင်က ပြန်ပြောပြသည်။ ရဲအဖွဲ့ဝင်များရော အိမ်ကို ၀ိုင်းရံထားသည့် စစ်သားများပါ ဖမ်းဆီးရန် ၀ရမ်းပြနိုင်ခြင်းမရှိဟု သူက ပြောသည်။ သားဖြစ်သူကို ဒေါ်နွယ်နီအောင် ၁၀ ရက်ခန့် မမြင်ခဲ့ရပါ။ သူ့ကို ရဲစခန်းတွင် ချုပ်ထားပြီး ရှေ့နေနှင့်လည်း တွေဆုံခွင့် မရခဲ့ပါ။ ရုံးတင်စစ်ဆေးသည့် အခါကျမှ “မြန်မာမွတ်စလင်တပ်”နှင့် ပတ်သက်နေသည့် အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိခဲ့ရသည်။

“သူက စစ်စခန်းတခုမှာ သင်တန်းတက်ခဲ့တယ်လို့ သူတို့ က စွပ်စွဲတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ သူက နေမကောင်း ဖြစ်နေတယ်။ အဆစ်အမြစ်ယောင်တဲ့ ရောဂါဖြစ်နေတယ်။ ဒါကြောင့် သူက ဘယ်လိုလုပ်ပြီး သင်တန်း တက်နိုင်မှာလဲ” ဟု ဒေါ်နွယ်နီအောင်က ပြောသည်။

စိုးမိုးအောင်၏ ရှေ့နေဖြစ်သူ ဒေါ်နန္ဒာမြင့်သိန်းက ၎င်းအမှုမှ အခြား သံသယရှိသူ ၄ ဦးအတွက်လည်း လိုက်ပါဆောင်ရွက် ပေးနေသူဖြစ်သည်။ “မြန်မာမွတ်စလင်တပ်”နှင့် ပတ်သက်သည့် အတွက် ရုံးတင်စစ်ဆေးခြင်းခံရသူ စုစုပေါင်း ၁၂ ဦး ရှိသည်ဟု The Intercept မှ ရရှိသည့် စာရွက်စာတမ်းများအရ သိရသည်။ ၎င်းတို့ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံမှု အက်ဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်သည်။ အတိုက်အခံများ၊ နိုင်ငံရေးအရ သဘောထား မတူညီသူများကို ဖမ်းဆီးရန်အတွက် ထို ပုဒ်မကို အသုံးပြုလေ့ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆိုအရ သိရသည်။

တရားစွဲဆိုမှုတွင် စစ်မှန်သော သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားစဉ် နှိပ်စက် ညှဉ်းပမ်း၍ လက်မှတ်ရေးထိုးခိုင်းထားသော ထွက်ဆိုချက်များအရသာ စွပ်စွဲခြင်း ဖြစ်သည်ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောသည်။ ဖမ်းဆီးခံရသူ အများစုမှာ တရားရုံးမရောက်မီက တယောက်နှင့် တယောက် မသိခဲ့ဟု သူက ဆိုသည်။

“အစိုးရဘက်က သက်သေတွေ (သတင်းတပ်ဖွဲ့ဝင်များ) ကို မြန်မာမွတ်စလင်တပ်နဲ့ ပတ်သက်လို့ သက်သေ အ ထောက် အထားပြဖို့ ကျမကမေးတဲ့ အခါ တရားရုံးမရောက်ခင် သူတို့ မပြောနိုင်ဘူးလို့ ဖြေတယ်။ အဲဒီ အချက်အလက် တွေက အထက်ကနေရောက်လာတာ” ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောသည်။

ယခု ဆောင်းပါးအတွက် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရ၏ အနေ အထားကို ကာကွယ်သွားခဲ့သည်။ “ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာနမှာ သက်သေ အထောက်အထားတွေ အားလုံးရှိပါတယ်။ ဒါပေမယ့် အများပြည်သူသိအောင်တော့ ကျနော်တို့ ကြေညာလို့ မရပါဘူး။ ဘာကြောင့်လဲဆို တော့ အမျိုးသားလုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါ” ဟု သူက ပြောသည်။ တရားခွင်တွင် သက်သေ အထောက်အထားများ ပြသနိုင်ခြင်း မရှိသည့် အတွက် ဖမ်းဆီးခံထားရသူများ အနေဖြင့် မျှတသော စစ်ဆေးမှုကို မည်ကဲ့သို မျှော်လင့် နိုင်မည်နည်းဟု မေးသည့်အခါ ဦးဇော်ဌေးက “သူတို့ အနေနဲ့ အထက်ရုံးတွေကို အယူခံဝင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်” ဟု ဖြေသည်။

အဆိုပါ “မြန်မာမွတ်စလင်တပ်”တွင် အဖွဲ့ဝင်မည်မျှ ပါဝင်သည်ဆိုသည့် အချက်ကို ဖြေဆိုရန် ဦးဇော်ဌေးက ငြင်းပယ်ခဲ့သည်။ အမျိုးသား လုံခြုံရေး အခြေအနေကြောင့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဟု ဆိုသည်။ သို့သော်လည်း “ တိုင်းပြည် ပြင်ပမှာတော့ လှုပ်ရှားမှုတွေ အများကြီး ရှိပါတယ်။ သူတို့က ပြည်တွင်းက တချို့နဲ့ ပေါင်းပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ချင်ကြတယ်။ ဒါကြောင့် အခု ကျနော်တို့က ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု မှန်သမျှကို ကာကွယ်နိုင်ဖို့ လုပ်ဆောင် နေပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သည့် Legal Aid Documentation Team ၏ အဆိုအရ ယခုနှစ် ဖေဖော်ဝါရီလ အထိ အကြမ်းဖက်မှုနှင့် ဆက်နွယ်၍ ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင် ဘာသာဝင် ၁၀၀ ၀န်းကျင်ခန့် ရှိသည်ဟု ဆိုသည်။

“မြန်မာမွတ်စလင်တပ်”၏ တည်ရှိမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှု ကျွမ်းကျင်သူများ၊ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စင်ကာပူအခြေစိုက် International Centre for Political Violence and Terrorism Research ၏ အကြီးအကဲဖြစ်သော Rohan Gunaratna တဦးသာလျှင် ရည် ညွှန်းပြောဆိုမှု ရှိခဲ့သည်။ သူလတ်လောရေးသားခဲ့သည့် အစီရင်ခံစာ တစောင်တွင် “(“မြန်မာမွတ်စလင်တပ်”) Myanmar Muslim Army (MMA) အမည်ရှိ အဖွဲ့သစ်တခု ပေါ်ပေါက်လာကြောင်း အတည်မပြုနိုင်သေးသော သတင်းများ ရရှိခဲ့သည်။ ၎င်းတို့က မြန်မာ မွတ်စလင်များကို ထိုင်းနိုင်ငံ ပိုင်နက်အတွင်း လေ့ကျင့်သင်တန်းပေးနေသည်ဟု သိရသည်” ဟု ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တဦးနှင့် တွေ့ဆုံခဲ့ရာတွင် အမေရိကန် အစိုးရအနေဖြင့် Rohan Gunaratna ၏ ပြောဆိုမှုအပြင် အခြားသတင်းအချက်အလက်များ မရရှိသေးဟု သူက ပြောခဲ့ပါသည်။ အရှေ့ တောင် အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် နိုင်ငံရေး ကျွမ်းကျင်သူတဦး ဖြစ်သော Zachary Abuza က Myanmar Muslim Army ကို မကြားဖူးကြောင်းပြောသည်။ “ကျနော့် အတွက်တော့ အဲဒါက စိတ်ကူးယဉ် ဖန်တီးမှု သက်သက်ပါပဲ။ အစိုးရ ကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခုက စစ်အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ‘Myanmar’ ဆိုတဲ့ စကားလုံးကို သုံးပါ မလားလို့ ကျနော် သံသယဖြစ်မိတယ်” ဟု သူကဆိုသည်။ ‘Myanmar’ ဆိုသည့် နိုင်ငံ အမည်ကို စစ်အစိုးရက ၁၉၈၉ ခု နှစ်တွင် Burma ဆိုသည့် အမည်နေရာတွင် အစားထိုးသုံးစွဲခဲ့ခြင်း ဖြစ်သည်။ “နာမည်နဲ့ တပ်မတော်ရဲ့ သမိုင်းမှတ်တမ်း တွေရဆိုရင် သူတို့ရဲ့ ဖြောင့်ချက်ဆိုတာ နှိပ်စက်ပြီး ရယူခဲ့တာ ဖြစ်ဖို့ များပါတယ်” ဟု Zachary Abuza က ပြောသည်။

Yusuf ဟု သိကြသည့် ကိုခင်မောင်ရွှေမှာမူ “မြန်မာမွတ်စလင်တပ်”ကို ကူညီခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရ ခြင်းဖြစ်သည်။ အသက် ၄၄ နှစ် အရွယ် စီးပွားရေးသမားတယောက်ဖြစ်သော သူ့ကို မန္တလေးမြို့တွင် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခဲ့သည်။ သို့သော်လည်း သူ၏ ရှေ့နေဖြစ်သော ဦးအောင်နိုင်စိုး က အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူ များက အမှုစစ်ဆေးသူများကို Yusuf ဆိုသည့် နာမည်ကို ပြောလိုက်ရုံ တခုထဲဖြင့် အဖမ်းခံရခြင်း ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အခြား အထောက်အထား မတွေ့ရှိရကြောင်း ပြောသည်။

အဆိုပါ အမှုများကို ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။ ကိုခင်မောင်ရွှေ ၏ အမှုနှင့် ပတ်သက်၍ ၀န်ကြီးလက်မှတ်ထိုးထားသော ခွင့်ပြုချက်တစောင်ကို The Intercept က ရရှိခဲ့သည်။ မန္တလေးမှ အခြားအမှုများ အတွက်လည်း ၀န်ကြီးက အလားတူ လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်ဟု တရားခံရှေ့နေများက ပြောသည်။ ဓာတ်မြေသြဇာဖြင့် ဗုံးလုပ်ရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲဖမ်းဆီး ခံရသူ ၅ ဦး၏ အမှုတွင်လည်း ၀န်ကြီး၏ ခွင့်ပြုချက် စာကို The Intercept က ရရှိခဲ့ပါသည်။ “စွပ်စွဲခံရတဲ့သူတွေအတွက် တကယ်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားရုံးက ၀န်ကြီးကိုယ်တိုင်က ပေးတဲ့ အမိန့်တွေကို မလိုက်နာဘဲ မနေရဲလို့ပါ” ဟု ဦးအောင်နိုင်စိုး ကပြောသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်တွင် ပြည်ထဲရေးဝန်ကြီးက တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းက လျစ်လျူရှုထား၍ မရသည့် ကိစ္စတခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်တွင် စစ်တပ်က ဆက်လက်သြဇာလွှမ်းမိုးနေသည်ကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင် သွင်းသည့် စစ်ဘက် အရာရှိဖြစ်ရန် လိုအပ်ပါသည်။ International Commission of Jurists က ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော အစီရင်ခံစာ တစောင်တွင် “တရားသူကြီးများအပေါ် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လွှမ်းမိုးမှုများ ရှိနေခြင်းက ရှေ့နေများအတွက် အဓိက အတားအဆီးတခုအဖြစ် ဆက်လက်တည်ရှိနေသည်။ အမှု၏ အခြေအနေကို လိုက်၍ တရားသူကြီးများက အစိုးရနှင့် စစ်ဘက်တာဝန်ရှိသူများက ပေးလာသည့် အမိန့်များပေါ်တွင် မူတည်၍ ဆုံးဖြတ်ချက်များ ချမှတ်နေကြရသည်” ဟု ဖော်ပြထားသည်။

International Commission of Jurists ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Sam Zarifi က “တရားစွဲဆိုခံရသူတွေအနေနဲ့ မျှတတဲ့ တရားစီရင်မှုကို ရရှိနိုင်မယ့် အခွင့်အရေး အတွက် စိုးရိမ်စရာ အကြောင်းတွေ ရှိနေပါတယ်။ လွတ်လပ်တဲတရားစီရင်ရေးဆိုတာကလည်း အုပ်ချုပ်ရေးပိုင်းရဲ့ မလိုလားအပ်တဲ့ သြဇာလွှမ်းမိုးမှုနဲ့ စွက်ဖက်မှုတွေကြောင့် အားနည်းခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံရေးအရ ထိရှလွယ်တဲ့ မှုတွေမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သည့် ရန်ကုန်မှ နောက်ထပ်အမှုတခုမှာ လက်နက်ကိုင်တော်လှန်ရန် စီစဉ်သည့် အမှုဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် ဓာတ်မြေသြဇာများ မှောင်ခိုသယ်ယူသည်ဆိုသော စွပ်စွဲမှုဖြင့် မွတ်စလင် ၅ ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဓာတ်မြေသြဇာများမှ ဗုံးများပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်းတွင် ဖောက်ခွဲရန် ဖြစ်သည်ဟု တာဝန်ရှိသူများက အကြောင်းပြခဲ့သည်။ စွပ်စွဲခံရသူ တဦးမှာ ဓာတ်မြေသြဇာ ၀ယ်ယူခဲ့သည့် ဆိုင်ရှင် တဦးဖြစ်သည်ဟု သူ၏ ရှေ့နေက ပြောသည်။

သံသယရှိသူများကို စစ်တပ်က ၃ လကြာအောင် ဖမ်းဆီး နှိပ်စက်၍ ဖြောင့်ချက်ရယူခဲ့သည်ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။ ယခုဆောင်းပါး အတွက် တွေ့ဆုံ မေးမြန်းခဲ့သော အခြားရှေ့နေများကဲ့သို့ပင် ဓာတ်မြေသြဇာများနှင့် ထွက်ဆိုချက်များအပြင် အကြမ်းဖက်မှုကျူးလွန်မည့် အခြားအထောက်အထား မတွေ့ရှိရဟု သူက ပြောသည်။ သူ၏ ထင်မြင်ချက်ကို မေးသည့်အခါ ဦးရောဘတ်စန်းအောင်က “ဒီအမှုမှာ ကျနော် နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တရားသူကြီးက ဥပဒေအတိုင်းလုပ်မယ် ဆိုရင်တော့ ကျနော်နိုင်လိမ့်မယ်။ ဒါပေမယ့် ဥပဒေအတိုင်း လုပ်မှာ မဟုတ်ဘူး” ဟု ဖြေသည်။

(The Intercept အွန်လိုင်းသတင်းမဂ္ဂဇင်းပါ Carlos Sardiña Galache နှင့် Veronica Pedrosa တို့ ၏ In Myanmar, Muslims Arrested for Joining Terror Group That Doesn’t Exist ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)



ဦးစည်သူအောင်မြင့်
10.12.2015

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ (၅၄) လမ်းမှာ ရှိတဲ့ ကျော်ပုံနှိပ်တိုက်ကို သက်သေတွေနဲ့ အတူ ၀င်ရောက် စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ ကြိုတင် သတင်းရထားသလိုပဲ အဲဒီ ပုံနှိပ်တိုက်မှာ ရိုဟင်ဂျာ အကြောင်း ဖော်ပြထားတဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တွေ ရိုက်နှိပ်နေတာကို တွေ့ရတဲ့အတွက် သက်သေခံ ပစ္စည်းအဖြစ် အားလုံးကို သိမ်းဆည်းခဲ့ပါတယ်။ တဆက်တည်း ပုံနှိပ်တိုက်ပိုင်ရှင်၊ မန်နေဂျာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ရာမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း (၅) ယောက်ကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။ တဆက်တည်း ပုံနှိပ်တိုက်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။ ပြက္ခဒိန် ပုံနှိပ်ဖို့ စေခိုင်းသူ လို့ ဆိုတဲ့ ဦးအောင်ခင် ကတော့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖမ်းဆီးရမိခြင်း မရှိဘူးလို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေကို ကနဦး ပုံနှိပ် ထုတ်ဝေ ဥပဒေနဲ့ တရားစွဲပြီး တရားရုံးက တစ်ယောက် ဒါဏ်ငွေ ကျပ် ၁၀ သိန်းစီ ချမှတ်ခဲ့ပါတယ်။ အဲလို ပုံနှိပ်ထုတ်ဝေ ဥပဒေနဲ့ အရေးယူပြီး နောက်မှ အာမခံပေးလို့မရတဲ့ ပုဒ်မ ၅၀၅ (ခ) “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ ဖမ်းဆီး၊ ရုံးတင် တရားစွဲလိုက်ပါပြီ။ ဒီမှုခင်း ကိစ္စ ဘာသဘော ဆောင်သလဲ၊ ဒါဟာ မီဒီယာ ဖိနှိပ်မှု တစ်ခုလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဇာတ်လမ်း အစ ကတော့ Facebook အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေက စ တာပါ။ စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) ဟာ သူရိုက်နှိပ် ထုတ်ဝေမယ့် ပြက္ခဒိန်ပုံတွေကို ဖေ့ဘွတ်ခ်ပေါ် တင်ပါတယ်။ အဲဒီ ပြက္ခဒိန်မှာ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး အရင် ပါလီမန် ဒီမိုကရေစီ ခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ခေတ်က ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်စာတန်းတွေမှာ ပါတဲ့ စာသား တစ်ချို့ကို ကောက်နှုတ် ဖော်ပြထားပါတယ်။ တစ်ချို့စာမျက်နှာတွေမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ်ချက်လိုမျိုးလည်း ပါဝင်ပါတယ်။ ပါလီမန် ဒိမိုကရေစီခေတ်က တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ ပါလီမန် အမတ် ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။ ပြက္ခဒိန် နေ့စွဲကိုတော့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ အာရဗီ ဘာသာ သုံးမျိုးနဲ့ ဖော်ပြထားပါတယ်။

ဒီ ပြက္ခဒိန် ရုပ်ပုံတွေ လူမှုကွန်ယက် စာမျက်နှာထက် ရောက်လာပြီးနောက် ရန်ကုန်က မဘသ အဖွဲ့ဝင်တစ်ချို့ စည်းဝေးပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ သတင်းပို့ပါတယ်။ ဒီ ပြက္ခဒိန်ထုတ်ဖို့ စီစဉ်တဲ့ ဦးအောင်ခင်ဟာ ရွှေပြည်သာ မြို့နယ်မှာ နေထိုင်တာကြောင့် ဒါကို ဆက်မလုပ်ဖို့၊ ထုတ်ဝေခြင်း မပြုဖို့၊ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းရအောင် ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဦးအောင်ခင် ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်တဲ့အတွက် အဲဒီအစီအစဉ် မဖြစ်မြောက်တော့ပါဘူး။ နောက်ပိုင်း ပုဇွန်တောင်မြို့နယ် ၅၄ လမ်းမှာ ပုံနှိပ်နေပြီ ဆိုတာ သိရတဲ့အတွက် ပုံနှိပ်တိုက်ကို သွားရောက် ဖမ်းဆီးတာမျိုး လုပ်ကြတာပါ။

ဒီပြသနာနဲ့ ပတ်သက်ပြီး ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ အာရဗီ ဘာသာနဲ့ ပြက္ခဒိန်ရိုက်နှိပ်ဖို့ လုပ်လို့ အရေးယူရတာလို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ပုဇွန်တောင် မြို့နယ် ရဲစခန်းမှူးကို သွားရောက်မေးမြန်းတဲ့အခါ အာရဗီ ဘာသာနဲ့ ပုံနှိပ် ထုတ်ဝေလို့ အရေးယူရတာ မဟုတ်တဲ့အကြောင်း၊ ရိုဟင်ဂျာတွေအကြောင်း ရေးသားဖော်ပြလို့ အရေးယူရတာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ဒါဆိုရင် အဲဒီ ပြက္ခဒိန်ထဲမှာ ရိုဟင်ဂျာအကြောင်း ဘာတွေ ရေးသားထားလဲ လေ့လာကြည့်ဖို့ လိုလာပါတယ်။

ပြက္ခဒိန်ထဲမှာ ပါလီမန် ဒီမိုကရေစီခေတ် ဒု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး ၁၉၆၁ ခုနှစ်က ပြောတဲ့ “ မေယုခရိုင် အတွင်းတွင် နေထိုင်ကြသော၊ ရိုဟင်ဂျာများသည်လည်း ပြည်ထောင်စုအတွင်း လူမျိုးစု တစ်စု ဖြစ်သည်ကို သဘောပိုက်ထားကြစေလိုကြောင်း” ဆိုတာ ဖော်ပြထားပါတယ်။ နယ်ခြား ဒေသ အရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့် ပြောတဲ့ ရိုဟင်ဂျာ အမျိုးသားများ ခင်ဗျား အစချီ မိန့်ခွန်းကောက်နှုတ်ချက် တိုကို ဖော်ပြထားပါတယ်။ စာမျက်နှာ တစ်ခုမှာတော့ “မြန်မာ့အသံ တိုင်းရင်းသား ဘာသာ အစီအစဉ်ကနေ ရိုဟင်ဂျာ ဘာသာ အစီအစဉ်ကို ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်နေ့ကနေ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အသံလွှင့်ခဲ့တယ်” ဆိုတဲ့ စာသားမျိုး ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်တဲ့ စခန်းမှူး ပြောစကားနဲ့ ပြက္ခဒိန် စာမျက်နှာပါ အကြောင်းအရာတွေကို ကြည့်ရင် ရိုဟင်ဂျာ လူမျိုးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြတာကြောင့် ဖမ်းဆီး အရေးယူခံကြရတယ် ဆိုတာ ထင်ရှားပါတယ်။ တကယ်တော့ ဒီ ပြက္ခဒိန်ထဲမှာ ဖော်ပြတဲ့အကြောင်းအရာတွေဟာ အရင် မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေထားပြီးသား စာအုပ်စာတန်းက အချက်အလက်တွေကို ပြန်လည် ကူးယူ ဖော်ပြထားတာတွေပဲ ဖြစ်ပါတယ်။ အသစ်အဆန်း ဖန်တီးရေးသားထားတာတွေလည်း မတွေ့မြင်ကြရပါဘူး။ ဒါဆို ဒီပြက္ခဒိန် ထုတ်ဝေမှုနဲ့ ပါတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ) “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ ရုံးတင်တရားစွဲတာကရော ဖြစ်သင့်ပါသလား ဆိုတာ ဆွေးနွေးဖို့ လိုလာပါတယ်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ၂၀၁၂ နှစ်လည်မှာ ဆင်ဆာအဖွဲ့ကို ရုပ်သိမ်းပြီး ပုံနှိပ်မီဒီယာကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ စာအုပ်၊ စာစောင်တွေ ရိုက်နှိပ်ရာမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံစရာ မလိုတော့ပဲ ပုံနှိပ် ထုတ်ဝေပြီးနောက်မှ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးကို စာအုပ်စာစောင်တွေ သွားပို့ပေးရတာပဲ ရှိပါတယ်။ အဲလို ပုံနှိပ်မီဒီယာ လောက လွတ်လပ်ခွင့်ရပြီးချိန်ကနေ ဒီကနေ့အချိန်ထိ ပုံနှိပ်ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး မီဒီယာ ဖိနှိပ်မှုလို့ အသေအခြာ ပြောနိုင်တဲ့ အမှု (၃) ခုပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပထမ တစ်မှုကတော့ ယူနတီဂျာနယ် အမှုဖြစ်ပြီး ဓာတုလက်နက်စက်ရုံ ဆိုပြီး ဖော်ပြလို့ သတင်းသမား ၅ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်(၁၀) နှစ်စီ ချမှတ်ခဲ့ပါတယ်။ နောက်တစ်မှုကတော့ ဘိုင်မွန်းတည့်နေ ဂျာနယ် အမှုဖြစ်ပြီး လူမှုအဖွဲ့အစည်း တစ်ခုရဲ့ “ကြားဖြတ်အစိုးရဖွဲ့လိုက်တယ်” ဆိုပြီး ကြေငြာချက်ထုတ်တာကို သတင်းရေးသားဖော်ပြလို့ သတင်းသမား ၅ ယောက်ကို ထောင် ၂ နှစ်ချခဲ့တာပါ။ တတိယ အမှုကတော့ မြန်မာသံတော်ဆင့် ဂျာနယ်ပါ သမ္မတ ဦးသိန်းစိန်ကို ဝေဖန်တဲ့ ရေးသားချက်ကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ပုဒ်မ ၅၀၀ အသရေဖျက်မှု နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ငွေဒါဏ် ချမှတ်ခံရတာပါ။

အခု ပြက္ခဒိန် ထုတ်ဝေမှု ပြသနာကိုကြည့်ရင်လည်း ပုံနှိပ်ဖော်ပြမှုကြောင့် ဖြစ်ရတဲ့ ပြသနာပါ။ ပုံနှိပ်ဖြန့်ချီခြင်း မပြုခင် အရေးယူခံရတာပါ။ ဒီအတွက် ဖြစ်ခြင်းဖြစ် ပုံနှိပ်-ထုတ်ဝေ ဥပဒေ ဒါမှမဟုတ် သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူဖို့ ရှိပါတယ်။ ဒါပေမယ့် အခုလို ရိုဟင်ဂျာ အကြောင်း ပုံနှိပ် ဖော်ပြလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပုံနှိပ်-ထုတ်ဝေ ဥပဒေနဲ့ အရေးယူ၊ အပြစ်ပေးရုံတင်မက ထောင်ဒါဏ်နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၅၀၅ (ခ) လို “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ တရားစွဲတာကိုတော့ မီဒီယာ ဖိနှိပ်မှုလို့ သတ်မှတ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့ဦး စေတီအနီး လူထု ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသည့် သူရဦးတင်ဦး။ (ဓာတ်ပုံ-သော်ဟိန်းထက်/ဧရာဝတီ)

သာလွန်ဇောင်းထက်
13.11.2015

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သမ္မတ အဖြစ် တင်မြှောက်ဖို့ ရေပန်း အစားဆုံးနဲ့ အသင့်တော်ဆုံးက NLD နာယက လည်းဖြစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟောင်းလည်း ဖြစ်တဲ့ သူရဦးတင်ဦး ဖြစ်တယ်လို့ NLD ပါတီ အသိုင်း အ၀ိုင်းထံမှ သိရှိရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ပြီး ရွေးကောက်ပွဲ ရလဒ် တွေ ကို ကြေညာခဲ့ရာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ပြည်သူ့ လွှတ် တော် ၊ အမျိုးသား လွှတ်တော် အပါအ၀င် ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာပေါင်း ၃၂၉ နေရာ ရရှိပြီး အစိုးရ ဖွဲ့ခွင့်၊ သမ္မတ တင် မြှောက် ခွင့်ရရှိသွားပါတယ်။

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီက ဘယ်သူ့ကို သမ္မတတင်မလဲဆိုတာ ပြည်တွင်း ပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားဆုံးဖြစ်နေသလို တပ်မတော်နဲ့ သမ္မတဦးသိန်းစိန်အစိုးရ အသိုင်း အ၀ိုင်းကလည်း အင်မတန်ကို စိတ်ဝင်စားနေကြပါတယ်။
NLD က တင်မယ့် သမ္မတက ဘယ်သူပဲဖြစ်ဖြစ် သမ္မတအထက်ကနေ ညွှန်ကြားချက်တွေ ပေးဖို့ ရှိတယ်လို့ ဒေါ်အောင် ဆန်း စုကြည်က ပြည်တွင်းပြည်ပသတင်းဌာနတွေကို ဖြေဆိုထားတာမို့ ဒီဖြေကြားချက် ကြောင့် လည်း သမ္မတ ဘယ်သူ ဖြစ်မလဲဆိုတာကို ပိုမိုစိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။

ရွေးကောက်ပွဲ အပြီး ဘီဘီစီသတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဘီဘီစီသတင်းထောက် Fergal Keane က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ နာမည် မရှိ တာ ကလွဲ ပြီး ကျန်တဲ့ အခွင့် အာဏာ အကုန် ရှိမှာလားဆိုတဲ့ မေးခွန်း ကို မေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဆိုတာ ပညတ်နာမ ပဲ၊ နှင်းဆီ ကို တခြား နာမည် နဲ့ ခေါ် သလို ပဲ ပေါ့ ဆိုပြီး တုံ့ပြန် ပါတယ်။ သမ္မတ အဖြစ် တာဝန်ထမ်း ဆောင်ခွင့်မရပေမယ့် သူက ရနံ့မွှေးနေမယ့် နှင်းဆီ၊ အာဏာရှိတဲ့နေသူဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့် လင်းလင်းပြောဆိုသွားပါတယ်။

NLD က တင်မယ့် သမ္မတမှာ အာဏာမရှိဘူးဆိုပေမယ့် နိုင်ငံတော်အကြီးအကဲတဦးဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နိုင်ငံအတွက် အရေးကြီးတဲ့ အာဏာလက်ကိုင်ရှိနေတဲ့ ပုဂ္ဂိုလ်တဦး၊ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ရနံ့မွှေးမယ့် နောက်ထပ် နှင်းဆီ တပွင့်ဆိုတာက ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အစောပိုင်းထွက်ပေါ်တဲ့ သတင်း တွေမှာ ဒေါက်တာတင်မျိုးဝင်း၊ ဦးထင်ကျော် အစရှိတဲ့သူတွေရဲ့ နာမည်တွေ ထွက်ပေါ် နေပေမယ့် NLD ပါတီ တွင်း စုံစမ်းသိရှိရတဲ့သတင်းအချက်အလက်တွေအရတော့ နာမည်ထွက်တဲ့သူ အားလုံး မဟုတ်ဘူး လို့ သိရှိ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဘယ်သူကို တင်မြှောက်မလဲဆိုတာ သူကိုယ်တိုင် ရွေးချယ် ဆုံးဖြတ် ထားပြီး ပြီဖြစ် ပေမယ့် အသိမပေးချင်သေးလို့ အသိမပေးတာလို့ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဖြေဆိုထား ပါ တယ်။

NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတ ၁ ဦး ၊ အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတ ၁ ဦး တင်မြှောက် ရမှာဖြစ်ပြီး အဲဒီ ၂ ဦးထဲကမှ ၁ ဦးကို သမ္မတအဖြစ် မဲပေး တင်မြှောက်ရမှာဖြစ်ပါတယ်။

သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးရှိနေတဲ့ သူရဦးတင်ဦးဟာ လက်ရှိ NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် ယုံကြည် အားကိုး မှုရှိပြီး လေးစားမှု အရှိဆုံး ပုဂ္ဂိုလ် တဦးဖြစ်တာမို့ သူရဦးတင်ဦးကို ကျော်လွှားပြီး အခြားသူတွေကို သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ဖို့တာ မဖြစ်နိုင်ဘူးလို့ NLD အမတ်တွေက ဆိုပါတယ်။

“အန်တီ အမြဲပြောတဲ့စကားတခွန်းရှိတယ်။ အဲဒါဘာလဲဆိုတော့ ဘဘဦးတင်ဦးကို နမူနာယူဖို့ပဲ။ ဘဘဦးတင်ဦးဟာ အမြဲပဲ ပါတီရဲ့ မူဝါဒ၊ မူဘောင်တွေကို ချိုးဖောက်တာမျိုးမရှိဘူး။ ငါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့လို့ဆိုပြီး အခြား သူတွေကို မလေးမစားလုပ်တာမျိုးမရှိဘူး။ အခွင့်အရေးပိုင်းမှာလည်း သူများထက်ပိုယူတာမျိုးမရှိဘူး။ ပါတီအတွက်၊ ဒီမိုကရေစီ အတွက်ဆိုရင် မနေ မနား အမြဲလုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ဘဘဦးတင်ဦးကို အားလုံး နမူနာယူ ရမယ်လို့ ပြောတယ်။ ဘဘဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ညီမတဦးလို ချစ်ခင်တယ်။ ပါတီမှာ တော့ ဘဘဦးတင်ဦးကို ကျော်ပြီး သမ္မတဖြစ်မယ့်သူဆိုတာတော့ မမြင်ပါဘူး” လို့ NLD အမတ်တဦးက ဆိုပါတယ်။

NLD ပါတီက တင်မြှောက်မယ့် သမ္မတဆိုတဲ့ ရာထူးနေရာက အာဏာအမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ ရာထူးနေရာဖြစ်တာမို့ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိနိုင်တဲ့ အရည်အချင်းမှာလည်း သူရဦးတင်ဦးက ပြည့်မီနေတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ဇူလိုင်အတွင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သူရဦးတင်ဦးက သူ့အနေနဲ့ သမ္မတ မလုပ်ချင်ကြောင်း၊ သမ္မတအဖြစ် တာဝန်ပေးလာမယ်ဆိုရင်လည်း အသက်အရွယ်အရ မလုပ်နိုင်တော့တဲ့အကြောင်း ဖြေဆိုခဲ့ပါသေးတယ်။

“ကျနော်ကတော့ မလုပ်ပါဘူး။ အခုလည်း ဒီသတင်းတွေ ကျနော်ကြားနေတယ်။ တော်တော်လေး ကျယ်ကျယ် ပြန့်ပြန့်ကို ပြောနေ ကြတယ်။ ကျနော်က နဂိုမူလကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစား ပြီးတော့ သူ့ရဲ့ လုပ်ငန်းကိုပဲ အောင် မြင်အောင် ကျနော်ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေနဲ့ ကူလုပ်ပေးမယ်ဆိုပြီး ကျနော်လာတာ။ အဲဒါပဲ ရှိတယ်။မလုပ်ပါဘူး။ တာဝန် ပေးလာခဲ့ရင်လည်း မလုပ်ဘူး။ ကျနော် တော်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အသက်က ၈၉ နှစ်ထဲမှာ။ အသက် ၉၀ လောက်မှ လုပ်ရမယ်ဆိုရင် လူဟာ ဘာပဲ ပြောပြော ကာယအားဖြင့် လည်း ကောင်း၊ ဥာဏအားဖြင့် လည်းကောင်း ဆုတ်ယုတ် နေတာပဲ။ အဲဒါ ကြောင့် မလွယ်ဘူး။ မလုပ်သင့်တော့ဘူး။ ဒါက နောက်ပိုင်း အခြေအနေကို ပြောတာ။ အရင်ကတည်းကလည်း မလုပ်ချင်ပါဘူး” လို့ ဦးတင်ဦးက ဧရာဝတီ သတင်းဌာနကို ဇူလိုင်လအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မှုရှိတဲ့ NLD လွှတ်တော်အမတ်တဦးကတော့ “ဘဘဦးတင်ဦးက ဘယ်လိုပင် မလုပ်ချင် ပါဘူး ဆိုပါ စေ ဦးတော့ လိုအပ်ချက်အရ လုပ်ဖို့ လိုလာပြီဆိုရင် အမေစု မေတ္တာရပ်ခံတာမျိုးကို ဘဘဦးတင်ဦး ငြင်းပယ် တာမျိုး ခက်နိုင်ပါတယ်။ ဘဘဦးတင်ဦးလို လူမျိုး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦး သမ္မတ ဖြစ်လာရင် လည်း တပ်နဲ့ အစိုးရ ဆက်ဆံရေး ကွာဟချက် အရမ်းကို နည်းသွားတယ်။ အများကြီး အဆင်ပြေနိုင်တယ်။ တပ်မတော် အနေနဲ့ သူတို့ အလေးပြုရမယ့် သမ္မတ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆိုတာ သိရင် ပိုပြီးတော့ လေးလေး စားစားဖြစ်မယ်။ ပိုပြီးတော့ တပ်မတော်နဲ့ အရပ်သားအစိုးရ သဟဇာတ ပိုဖြစ်လာမယ်ပေါ့။ အဲဒါကြောင့်မို့ ဘယ်လိုပင် မလုပ်ဘူးဆိုစေကာဦးတော့ အသင့်တော်ဆုံးနဲ့ အမြန်ဆုံး ရွေးချယ်ရမယ်ဆိုရင် ဘဘဦးတင်ဦး အပြင် အခြားလူ ရှိကို မရှိဘူး” လို့ ဆိုပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ နိုဝင်ဘာလ ၁ ရက်နေ့ သုဝဏ္ဏမြို့ဦးစေတီမှာ လုပ်ခဲ့တဲ့ လူထုဟောပြောပွဲမှာသူရဦးတင်ဦး ဒေါ်အောင် ဆန်း စုကြည်နဲ့အတူ လူထုကို ဟောပြောခွင့်ရရှိပြီး သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ဦး အတူ တွဲလျက် ရှိနေတဲ့ပိုစတာကြီးက NLD က တင်မယ့် သမ္မတ ဦးတင်ဦးဆိုတာ သေချာစေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

အခြားတဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ တပ်ချုပ် မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတာမို့ ဒီရလဒ်ပေါ် မူတည်ပြီး NLD တင်မယ့် သမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့ အဖြေ ပြောင်းနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်းရှိပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ပြီး ညှိနှိုင်းလို့ အဆင်ပြေတယ်ပဲထားဦး။ ချက်ချင်းကြီး အမေစု သမ္မတဖြစ်ဖို့ အတား အဆီး ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဖို့ မလွယ်ဘူး။ လွှတ်တော်မှာ အတည်ပြု၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်၊ ရလဒ်ကို အတည်ပြုရမှာဆိုတော့ ဒီဖြစ်စဉ်တွေက အချိန်ယူရမယ်။ ညှိနှိုင်းမှုအဆင်ပြေတယ်ဆိုရင်တော့ ပုဒ်မ ၅၉(စ) ပြင်နိုင်တဲ့ အခွင့်အလမ်းလည်းဖြစ်လာနိုင်တယ်။ လာမယ့် ဇန်န၀ါရီလကုန်ဆိုရင် လွှတ်တော်သစ်ပေါ်မယ်။ ပြီးရင် သမ္မတရွေးရ တော့ မယ်။ အဲဒါကြောင့် ပုဒ်မ ၅၉ (စ) ချက်ချင်းကြီးပြင်ဖို့ မလွယ်ဘူး။ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်တယ်ဆိုရင်တောင် လောလော ဆယ် ဘဘဦးတင်ဦးက သမ္မတရာထူး ခေတ္တယူထားပြီး ပုဒ်မ ၅၉(စ) ပြင်ပြီးတဲ့အချိန်ကျမှ အမေစုက သမ္မတရာထူး ယူတာမျိုးလည်းဖြစ်နိုင်တယ်” လို့ NLD အမတ်တဦးက သုံးသပ်ပြောဆိုပါတယ်။



မောင်ဇာနည်
နယူးယောက်တိုင်းမ်
စက်တင်ဘာ ၂၅၊ ၂၀၁၅

မြန်မာ အစိုးရသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူချက် အပေါ် တိုးတက် ဖြစ်ထွန်းမှုကို လပေါင်းများစွာ ကြေငြာ မောင်းခတ် လာခဲ့သည်။ ဤအပစ်ရပ် သဘော တူညီချက်သည် နှစ်ပေါင်းများစွာ ဖြစ်ပွား ခဲ့သော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရေး အတွက် ကြီးမားသော ခြေလှမ်းတခုဖြစ်သည် ဟုလည်း ဆို၏။ သို့သော် လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က သမ္မတ သိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဒါဇင်ကျော်မှ ကိုယ်စားလှယ်များ ထိပ်သီး ဆွေးနွေးပွဲသည် မကျေမလည်နှင့် အဆုံးသတ် ခဲ့လေသည်။

အပတ်ရပ်ရေး လက်မှတ်ထိုးပွဲတွင် အစိုးရက အဖွဲ့အားလုံးကို ပါဝင်ခွင့်မပြုလျှင် အချို့ အဖွဲ့အစည်းများက လက်မှတ်မရေးထိုးနိုင်ဟု ငြင်းဆိုခဲ့သည်။ လက်နက်ကိုင်အဖွဲ့များတွင် ဒုတိယအကြီးမားဆုံးအုပ်စုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)သည် ခပ်မာမာပင်ငြင်းသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်း၏ အရင်းနှီးဆုံးမဟာမိတ်များအနက် တိုင်းပြည်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မြန်မာအစိုးရတပ်များနှင့် တိုက်ခိုက်နေရဆဲဖြစ်သော အဖွဲ့သုံးဖွဲ့ကို အစိုးရက ပါဝင်ခွင့်မပေးဘဲ ဘေးဖယ်ထားသောကြောင့်ပင်ဖြစ်သည်။

သူပုန်အားလုံးလက်ခံနိုင်မည့် သဘောတူညီချက်တခုကို ဖော်ဆောင်ရန်မှာ ခက်ခဲပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့တွင် မတူညီသော အကျိုးစီးပွားများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ အချို့သူများက - ဥပမာ ကရင်အမျိုးသားအစည်းအရုံး (KNU)- အပစ်ရပ်ရေးကို စီးပွားရေးအခွင့်အလမ်းကောင်းတခုအဖြစ် ရှုမြင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အသစ်တည်ဆောက်ပြီးကာစ အာရှဟိုင်းဝေးလမ်းမကြီးကို ၄င်းတို့က ကိုင်တွယ်အသုံးချနိုင်မည့်အခွင့်အလမ်း ပွင့်သွားသောကြောင့်ဖြစ်သည်။ ကချင် နှင့် ကရင် ကဲ့သို့သော သူများက အပစ်ရပ်စဲခြင်းသည် မလိုလားအပ်သော ဆည်ပရော့ဂျက်များ၊ ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှု , သစ်တော ပိုမိုပြုန်းတီးမှုများ နှင့် ပိုမို၍ဖက်ဒရယ်ကျသောစနစ်တခုအတွက် ၄င်းတို့တောင်းဆိုချက်ကို အလေးဂရုမပြုသလို ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

သို့ရာတွင် သဘောတူညီချက်ကို အပြီးသတ်ဖော်ဆောင်နိုင်ရေးတွင် အကြီးမားဆုံး အတားအဆီးတခုမှာ ဤလူနည်းစုတိုင်းရင်းသားအဖွဲ့အစည်းအားလုံး မကွဲမလွဲ တူညီစွာ မျှဝေခံစားကြသည့် အရာတခုကြောင့်ဖြစ်သည်။ ဤကား မြန်မာစစ်တပ်အပေါ် မယုံကြည်မှုပင်တည်း။ ယင်းတို့အားလုံးက မြန်မာစစ်တပ်ကို ခေတ်သစ်ကိုလိုနီနယ်ချဲ့စိတ်ဓါတ်ပိုင်ရှင် ကျူးကျော်အင်အားစုတခုအဖြစ် ရှုမြင်ကြသည်။

သူတို့အမြင် မှန်ပါသည်။ ကျနော်လည်း မန္တလေးတွင် စစ်တပ်အဆွယ်အပွားမိသားစုတခုအတွင်း ကြီးပြင်းခဲ့ရသည်။ မြန်မာပြည်ရှိ လူများ၏ အများစုကဲ့သို့ပင် ကျနော်တို့သည် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မွတ်စလင်များအပေါ် မယုံကြည်သော၊ ရှမ်း၊ ကရင်၊ ကချင်ကဲ့သို့သော တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အထက်စီးက ဆက်ဆံချင်သော ယဉ်ကျေးမှုကြီးတခု၏ ရိုက်သွင်းမျိုးစေ့ချပေးခြင်းကို ခံခဲ့ကြရသည်။ တိုင်းရင်းသားလူနည်းစုများအတွက်မူ ၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်မှ မြန်မာ့လွတ်လပ်ရေးရခဲ့ခြင်းသည် လွတ်လပ်ရေးကာလ အပိုင်းအခြားဆိုသည်ထက် နောက်ထပ် ဖိနှိပ်မှုအသွင်ကွဲတမျိုးအောက်သို့ ရွှေ့ပြောင်းကျရောက်ခြင်းသာဖြစ်သည်။ နယ်ချဲ့ဖိနှိပ်မှုမှသည် လူမျိုးကြီးဝါဒကြီးစိုးသော လူအများစုလက်အောက်ရှိ ဗဟိုအုပ်ချုပ်မှုစနစ်အဖြစ်သို့ အသွင်ပြောင်းသွားခြင်းသာဖြစ်သည်။

နှစ်ပေါင်း ၇၀ နီးပါးကြာပြီးသည့်နောက် မြန်မာ့နိုင်ငံရေးသည် ဘာသာရေး လူမျိုးရေး ရောထွေးသည့်နိုင်ငံရေးဖြစ်ပြီး အစိုးရက တိုင်းရင်းသားများအပေါ် အလုံးစုံ ဖိနှိပ်ခြင်း မဟုတ်လျှင်တောင် အုပ်ထိန်းသူအာဏာရှင်ဆန်ဆန် လက်ဝါးကြီးအုပ်လိုသည့် အစိုးရဖြစ်သည်။ ကျနော်တို့၏ စစ်ခေါင်းဆောင်များသည် သူတို့ကိုယ်သူတို့ အမျိုးသားအချုပ်အခြာအာဏာပိုင်စိုးမှုကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှုမြင်သုံးသပ်သူများ ဖြစ်ကြလေရာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအစစ်အမှန်ကို ဖော်ဆောင်ရန် လိုအပ်ချက် နည်းနည်းမျှပင်မရှိဟု တွေးထင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ထို့အတူ အစိုးရ၏ လောလောလတ်လတ် ကမ်းလှမ်းချက်များကို ငြိမ်းချမ်းရေးကို လိုလားတောင့်တကြသော ထိုတိုင်းရင်းသားအဖွဲ့အစည်းများကပင် မယုံမကြည်သံသယဝင်ကြသည်မှာလည်း အံ့သြစရာမဟုတ်ပါ။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလအစောပိုင်းက ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ခဲ့ပါ။ သူသည် ထိုအချိန်က အစ္စရေးသို့ ရောက်နေပြီး စစ်ဖက်ဆိုင်ရာ လက်နက်အဆောက်အဦးများကို လှည့်လည်ကြည့်ရှုနေခဲ့သည်။ ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်သူများက နေပြည်တော်တွင် စုဝေးနေကြချိန်တွင်ပင် မြန်မာစစ်တပ်သည် တဖက်က ရန်မစပါဘဲနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ ၃ ကို တိုက်ခိုက်လျက်ရှိသည်။

ကေအိုင်အေ၏ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် ထိုးစစ်များ တပြိုင်နက် ဆင်နွှဲတတ်သည်မှာ မြန်မာစစ်တပ်၏ လုပ်ရိုးလုပ်စဉ် အကျင့်တရပ် ဆို၏။ သူ့အဆို မှန်ပုံရသည်။ စစ်တပ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ထိန်းချုပ်သော ဒေသများကိုလည်း တိုက်ခိုက်လျက်ရှိသည်။ ဤသည်မှာ လက်နက်ကိုင်အုပ်စုများ အားလုံးမပါဝင်လျှင်ပင် ထိုအဖွဲ့(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ပြီးသည့် နောက်ပိုင်းတွင်ပင် တိုက်ခိုက်ခြင်း ဖြစ်သည်။

ထိုသို့ သမ္မတက ငြိမ်းချမ်းရေးအကြောင်း ပြောကြားနေစဉ်တွင် အစိုးရစစ်တပ်မှ ထိုးစစ်များ ဆင်နွှဲနေခြင်းသည် စစ်တပ်နှင့် အစိုးရအကြား စိတ်ဝမ်းကွဲပြားမှုဟု အဓိပ္ပါယ်မဆောင်။ ယင်းသည် မြန်မာအစိုးရ၏ မီးစတဖက် ရေမှုတ်တဖက် လုပ်သည့် အကွက်တမျိုးပင်ဖြစ်သည်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ရခိုင်တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု စသည့် အဖွဲ့များကို တပြည်လုံးအပစ်ရပ်ရေးသဘောတူညီချက်ထဲမှ ဖယ်ထုတ်ထားရန် အစိုးရ၏ ကြိုးပမ်းချက်သည် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား သွေးခွဲကာ အနိုင်ယူအုပ်ချုပ်ဖို့ ကြိုးစားသည့် အကြံအစည်တရပ်ပင်ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းများကလည်း သဘောပေါက်ကြသည့်အတိုင်း သံသယဝင်ကြသည်။ ထိုအဓိပ္ပါယ်မှာ ငြိမ်းချမ်းရေးဆီသို့ရှေးရှုသော အမှန်တကယ် တိုးတက်မှုကို ပြုလုပ်လိုလျှင် အစိုးရအနေဖြင့် ထိုအဖွဲ့အစည်းများကို စစ်ရေးအရ နှင့် နိုင်ငံရေးအရ လုံလောက်သော အလျှော့ပေးမှုများ အလျှင်အမြန် ကမ်းလှမ်းပြီး အပစ်ရပ်ရေးသည် လုပ်ငန်းသဘောဆောင်ကြောင်း တိုင်းရင်းသားများ နားဝင်ယုံကြည်လက်ခံလာအောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်သည်။

စစ်တပ်အနေဖြင့် စစ်ပွဲများကို ချက်ချင်းရပ်တန့်သင့်သည်။ စစ်ပွဲကြောင့်ပိတ်မိနေသူများဆီသို့၊ အထူးသဖြင့် ကချင်နှင့် ရှမ်းဒေသများဆီသို့ လူသားဆန်သောအကူအညီများရောက်ရှိစေရန် ခွင့်ပြုသင့်သည်။ နောက်ဆုံးလက်မှတ်သဘောတူညီချက်တွင် ပါဝင်ခွင့်ရစေရန် ပဏာမလိုအပ်ချက်တရပ်အနေဖြင့် အပစ်မရပ်ရသေးသော အဖွဲ့အစည်းများကို အစိုးရနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် အပစ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ကို အရင်ရေးထိုးရမည်ဆိုသော အစိုးရ၏ တောင်းဆိုချက်ကို စွန့်လွှတ်ရမည်။ ကာကွယ်ရေးဦးစီးချုပ်က အပစ်ရပ်ရေးသဘောတူညီချက်မူကြမ်းပါ ဖြည့်စွက်ချက်အတိုင်း လိုက်နာမည်ဟု လူသိရှင်ကြား ကြေညာသည်။ ထိုစာရွက်စာတမ်းမှာ အများပြည်သူကို ကြေညာရခြင်းမရှိသေး။

သို့သော် တွေ့ဆုံညှိနှိုင်းပွဲများတွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတခု၏ ထိပ်တန်းအကြံပေးတဦး၏ အဆိုအရ နောက်ဆက်တွဲဖြည့်စွက်ချက်တွင် တိုင်းရင်းသားအဖွဲ့အစည်းများကို လက်နက်စွန့်ရန် မတိုက်တွန်းမီ လုံခြုံရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်ဖော်ဆောင်ရန် ဖော်ပြထားသည်။

တိုင်းရင်းသားလူနည်းစုများ၏ မယုံကြည်မှုကို ကျော်လွှားနိုင်ရန် အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများသို့ အခွင့်အာဏာကို ပိုမို၍ လွှဲပြောင်းပေးဝေရမည်။ တိုင်းရင်းသားများ ပိုမို စိတ်ချယုံကြည်လာစေရန် ခိုင်မာသော လုပ်ဆောင်မှုတရပ်အနေဖြင့် ကာချုပ် နှင့် သမ္မတ နှစ်ဦးစလုံးသည် တိုင်းရင်းသားဒေသများ၏ ဝန်ကြီးချုပ်များကို သမ္မတက ရွေးချယ်ခန့်အပ်သည့် လက်ရှိကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းကို အဆုံးသတ်ရန် ယခုအချိန်တွင် မဖြစ်မနေ ဆောင်ရွက်ရမည်။ အပစ်ရပ်ရေးသဘောတူစာချုပ် နောက်ဆက်တွဲပြင်ဆင်ချက်တွင် ပြည်နယ်ဝန်ကြီးချုပ်များရွေးချယ်ရန် အခွင့်အာဏာကို ပြည်နယ်လွှတ်တော်များသို့ ရွှေပြောင်းလွှဲအပ်ကြောင်း စာသားကို ထည့်သွင်းသင့်သည်။

ဤအကြံပြုချက်များသည် အလှမ်းကွာလွန်းသည်ဟု ထင်ရပေမည်။ သို့သော် အချိန်ကာလအားဖြင့် မှန်ကန်လှပေသည်။ အစိုးရသည် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ အပတ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် လက်မှတ်ထိုးပွဲအခမ်းအနားကို ကျင်းပရန် ပိုင်းဖြတ်ထားပုံရလေသည်။ ဤသည်မှာ မဲပေးသူများအကြား နှင့် အပြည်ပြည်ဆိုင်ရာအလှူရှင်များအကြား ပေါ်ပြူလာဖြစ်မှုကို မြှင့်တင်ရန်လည်း တကြောင်းဖြစ်သည်။ ထိုပေါ်ပြူလာဖြစ်မှုသည် အစိုးရက ဝိဝါဒကွဲပြားဖွယ် လုပ်ဆောင်မှုအများအပြားကို လုပ်ဆောင်ခဲ့ပြီးနောက် ကျဆင်းလာခဲ့၍ဖြစ်သည်။ အစိုးရသည် အာဏာရပါတီ၏ လစ်ဘရယ်ပိုဖြစ်သော ခေါင်းဆောင်ကို ဖယ်ရှားခဲ့သည်။ စစ်တပ်ကို ဝေဖန်သော ကိုယ်စားလှယ်လောင်းများကို ပိတ်ပင်ရန် ခြိမ်းခြောက်ခဲ့သည်။ မွတ်စလင်လူနည်းစုဖြစ်သော ရိုဟင်ဂျာများ၏ မဲပေးပိုင်ခွင့်ကို ရုတ်သိမ်းခဲ့သည်။

အစိုးရ၏ လက်ရှိ ပျော့ကွက်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများအတွက် အဖိုးမဖြတ်နိုင်သော အခွင့်အလမ်းတရပ်ဖြစ်သည်။ ယင်းတို့အနေဖြင့် ညီညွတ်စွာ ရပ်တည်ကြရမည်။ တပြည်လုံးအပစ်ရပ်ရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးမှုကို အားလုံးပါဝင်ခွင့်ရသည်အထိ၊ စစ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ အလျှော့ပေးမှုများ တလုံးတခဲ ရရှိသည်အထိ ဆိုင်းငံ့ထားရမည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလိုလားကြောင်း ပြောသလောက် အလေးအနက်ရှိသည်ဆိုပါက ဖိနှိပ်ဗိုလ်ကျစိုးမိုးရေး စိတ်ဓါတ်ကို စွန့်လွှတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အာဏာ ပိုမိုရရှိရေးဟူသည့် တိုင်းရင်းသားများ၏ တရားနည်းလမ်းကျသည့် ရည်မှန်းချက်ကို အသိအမှတ်ပြုရပေမည်။

(မောင်ဇာနည်သည် မြန်မာပြည်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံ Sleuk Rith Institute မှ ပညာရှင်တဦးလည်းဖြစ်သည်။)

The New York Times တွင် စက်တင်ဘာလ ၂၄၊ ၂၀၁၅ နေ့တွင် မောင်ဇာနည် ရေးသားသည့် In Myanmar, Peace for Ethnic Rights ဆောင်းပါးကို ကိုအောင်နိုင်မိုးမှ ဆီလျော်အောင် ဘာသာပြန်ထားသည်။ 



Peace Father
RB News
6.9.2015

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်သည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အပေါဆုံး မြို့တစ်မြို့ ဖြစ်လို့နေသည်မှာ အလွန်ပင် လူသိ ထင်ရှား ကျော်ကြား နေပါသည်။ တရုတ် နိုင်ငံထုတ် WY ဟုခေါ်သည့် မူးယစ်ဆေးဝါး၏ အဓိက ဈေးကွက်မှာ မြန်မာနိုင်ငံ၏ အနောက်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံ ဖြစ်ပါသည်။ မောင်တော မြို့နယ်သည် ဘင်္ဂလာဒေရှ့်နိုင်ငံနှင့် နယ်စပ် ဖြစ်နေသဖြင့် မူးယစ်ဆေးဝါးများ တစ်ဖက်နိုင်ငံသို့ ခရီးမဆက်ခင် အချိန်တွင် မဖြစ်မနေ ခရီးတစ်ထောက် နားခိုရသော နေရာလေး ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကို အလွန်ပင် တင်းကျပ်စွာ တားမြစ်ထားနေပါလျက် တရုတ်နိုင်ငံမှ ထုတ်လုပ်သော အဆိုပါ WY ဟုခေါ်သော မူးယစ်ဆေးဝါး များကို မိုင်ပေါင်း ထောင်နှင့်ချီသော ခရီးကိုဆန့်၊ စစ်ဆေးရေးဂိတ်များ အထပ်ထပ်ကိုကျော်ပြီး မောင်တောမြို့အထိ အလွယ်တကူ သယ်ယူလာ၍ တစ်ဖက်နိုင်ငံသို့ သွားရောက် ရောင်းဝယ်နိုင်ခြင်းသည် လူအများ စဉ်းစားစရာ အချက်တစ်ချက် ဖြစ်လို့နေပါသည်။ ဤသို့ မြန်မာနိုင်ငံ၏ အရှေ့ဖျားဆုံး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ အနောက်ဖက်စွန်း မောင်တောမြို့နယ်အထိ မူးယစ်ဆေးဝါးများ အလွယ်တကူ သယ်ယူလာနိုင်ခြင်း၏ နောက်ကွယ်တွင် မည်သူရှိပါသနည်း။ မည်သူများက သယ်ယူလာ၍ မည်သူ့ကို ရောင်းချနေပါသနည်း။

ဤအကြောင်းအရာများနှင့်ပတ်သက်၍ အနည်းအကျဉ်း တင်ပြလိုပါသည်။ မောင်တောမြို့နယ်သို့ မူးယစ်ဆေးဝါးများ လမ်းသုံးသွယ်ဖြင့် လမ်းခရီးချောမွေ့စွာ ဝင်ရောက်လာနေပါသည်။ ပထမလမ်းသွယ်ကတော့ အစိုးရအာဏာပိုင်များ မှတဆင့် ဝင်ရောက်လာခြင်းဖြစ်ပါသည်။ အထူးသဖြင့် ရဲဝန်ထမ်းများမှ တဆင့် ဖြစ်ပါသည်။ ပြောရလျှင် မောင်တောခရိုင်မှ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် မြို့မရဲစခန်းမှူး တို့သည် မူးယစ်ဆေးဝါး အများဆုံး ရောင်းဝယ်နေသူများ ဖြစ်ကြပါသည်။ မူးယစ်ဆေးဝါးများကို ၎င်းတို့၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား တပည့်များဖြင့် အဆင့်ဆင့် သယ်ယူလာခိုင်းပြီး မောင်တောမြို့နယ်သို့ ရောက်လာလျှင် ၎င်းတို့နှင့် ခင်မင်းရင်းနှီးသော ဒေသခံပြည်သူအချို့သို့ ရောင်းချလေ့ရှိပါသည်။ ထို့သို့ ရောင်းချရာတွင် ခရိုင်ရဲမှုးက သူ့စခန်းမှ လက်အောက်ဝန်ထမ်းများ ဖြစ်ကြသော ရဲအုပ် ဦးသောင်းထွန်း ၊ ရဲအုပ် ဦးအောင်ခင်သန်း၊ တပ်ကြပ် ဦးသန်းဝင်း (ခ) ဦးမောင်ချေ တို့ဖြင့် လည်းကောင်း၊ မြို့နယ်ရဲမှူး နှင့် မြို့မရဲစခန်းမှုး တို့က သူတို့၏ လက်အောက် ဝန်ထမ်းများဖြစ်ကြသော ရဲအုပ် ဦးတိုးတိုး၊ တပ်ကြပ် ဦးလှမြင့်၊ တပ်ကြပ် ဦးတင်အေး စသောရဲဝန်ထမ်းများဖြင့်လည်းကောင်း ရောင်းချလေ့ရှိပါသည်။ ထိုသို့ ရောင်းချပြီးနောက်ပိုင်းလည်း ဝယ်ယူသူက တစ်ဖက်နိုင်ငံသို့ လွယ်ကူစွာ သွားရောက် ရောင်းဝယ်နိုင်ရန် ၎င်းတို့ ရဲများ ကိုယ်တိုင်က ပစ္စည်းများ သယ်ပေးသွားလေ့ရှိပါသည်။ မူးယစ်ဆေးဝါး ကုန်ကူးရောင်းဝယ်နေသူ ရဲဝန်ထမ်းများ၏ ကိုယ်ပိုင်ကား ဝယ်စီးနေမှု၊ တိုက်ကြီးများဆောက်မှု၊ ရွှေဆိုင်မှ ရွှေဝယ်ယူမှုနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်မှု တို့ကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကြောင့် ကြွယ်ဝ ချမ်းသာနေမှုကို အထင်းသား တွေ့ရှိပါလိမ့်မည်ဖြစ်ပါသည်။ 

ဒုတိယ လမ်းသွယ်မှာ ရခိုင် အမျိုးသားပါတီ၏ ပါတီရံပုံငွေအတွက် ယင်းပါတီဝင်များ၏ သယ်ယူလာမှုကတဆင့် ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ အများသိပြီး ဖြစ်သလို ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ယူထားသော ဝန်းထမ်းများသည် အများအားဖြင့် ရခိုင်လူမျိုးများဖြစ်ကြပါသည်။ ရခိုင်လူမျိုးများသည် ရခိုင်ပြည်နယ်ကို ရခိုင်များကသာ အုပ်ချုပ်ရမည်ဟူသော အကြံဖြင့် အားလုံး တက်ညီလက်ညီ ကြိုးပမ်းနေသည်နှင့်အညီ ရခိုင်အမျိုးသားပါတီကြီးကို ဝန်းရံကြပါသည်။ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးကသာ အုပ်ချုပ်ရမည်ဟုသော အကြံဖြင့် အလုပ်လုပ်နေသည်နှင့်အတူတူ မည်သည့် အစိုးရဌာနတွင် တာဝန်ထမ်းဆောင်နေပါစေ ၎င်းတို့သည် ရခိုင်အမျိုးသားပါတီ၏ လမ်းညွှန်ချက်အတိုင်းသာ အလုပ်လုပ်လေ့ရှိပါသည်။ ထို့ကြောင့် သွားလာရေး လမ်းအဆင့်ဆင့်ရှိ စစ်ဆေးရေး စခန်းများတွင် တာဝန်ကျ ရခိုင်လူမျိုးများသည် ရခိုင်အမျိုးသားပါတီ၏ ပစ္စည်းဟုဆိုလျှင် ထိုပစ္စည်းဝန်ထုပ်များကို စစ်ဆေးခြင်းမရှိဘဲ လွှတ်ပေးလေ့ရှိရာ ရခိုင်အမျိုးသားပါတီဝင်များမှ တဆင့်လည်း မောင်တောမြို့နယ်သို့ မူးယစ်ဆေးဝါးများ တသွင်သွင် ဝင်ရောက်လာလေ့ရှိပါသည်။ ၎င်းတို့ယူလာသော မူးယစ်ဆေးဝါးများကိုလည်း သူတို့နှင့် ခင်မင်းရင်းနှီးသော ဒေသခံ ရိုဟင်ဂျာအချို့နှင့် ဘင်္ဂလားတွင် မွေးဖွားပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်နေထိုင်နေသော ရခိုင်အချို့ကို ရောင်းချပြီး ဝယ်ယူသူက တစ်ဖက်နိုင်ငံသို့ လွယ်ကူစွာ သွားရောက်ရောင်းဝယ်နိုင်ရန် ကူညီပေးလေ့ရှိပါသည်။ 

တတိယ လမ်းသွယ်ကတော့ ပုဂ္ဂလိကလမ်းသွယ် ဖြစ်ပါသည်။ အထူးသဖြင့် ရခိုင်အမျိုးသား အမျိုးသမီးများနှင့် ဘုန်းကြီးဆရာတော်အချို့က သယ်ယူလာနေခြင်း ဖြစ်ပါသည်။ အမှတ်(၃) ရပ်ကွက်နေ ဦးထွန်းမင်းနိုင်၊ အမှတ်(၄) ရပ်ကွက်နေ ဦးသံခဲ၊ ဝေသာလီရွာနေ သိန်းနိုင် [ဗန်းပြ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်]၊ ဒေါ်ပေါက်စ (ခ) မမချေ [မမချေ-ကွမ်းယာဆိုင်]၊ မြို့မကညင်တန်းနေ ဦးခိုင်မင်းထွန်း စသည်တို့သည် မောင်တောမြို့ပေါ်က မူးယစ်ဆေးဝါး ဘုရင်များဟု တင်စားရလောက်သူများဖြစ်ကြပါသည်။ ၎င်းတို့သည် အာဏာပိုင်များကို လစဉ်ကြေးသွင်းပြီး မူးယစ်ဆေးဝါးများ တရားဝင်သဖွယ် ရောင်းနေသူများပင်ဖြစ်ပါသည်။ ထို့အပြင် မောင်တောမြို့နယ်၊ မြို့မကညင်းတန်းကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်နှင့် ရွှေဇား-အောင်ဘာလရွာရှိ ဘုန်းကြီးကျောင်း၏ ဆရာတော်တို့သည်လည်း ယင်းတို့၏ ဘာသာရေးခေါင်းဆောင် ဆိုသော သြဇာကို အလွဲသုံးစားပြု၍ မူးယစ်ဆေးဝါးများ တရားဝင် သယ်ယူလာနိုင်ပြီး ရောင်းဝယ်နေလျက်ရှိပါသည်။ ဆရာတော်များက ယူလာသော မူးယစ်ဆေးဝါးများကို ဘင်္ဂလားနွယ်ဖွားဖြစ်ပြီး မြန်မာနိုင်ငံထဲ ဝင်လာနေထိုင်နေသော ရခိုင်လူမျိုးအများက ဝယ်ယူပြီး ရွှေဇား- အောင်ဘာလရွာ၊ မောင်တောမြောက်ပိုင်း ခြံပြင်ကျေးရွာနှင့် နံသာတောင်ကျေးရွာများမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သူတို့ကိုယ်တိုင် သယ်ယူသွားပြီး ရောင်းချနေပါသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမွေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြီးပြင်းလာသူများဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာဒေသ အသီးသီးကို အကျွမ်းတဝင် သိရှိနေသူများ ဖြစ်သလို နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်လည်း တစ်ပြိုင်နက် ခံယူထားသောကြောင့် ၎င်းတို့တွင် နှစ်နိုင်ငံစလုံး၌ သွားရေးလာရေး နေရေးထိုင်ရေးအတွက် အခက်အခဲမရှိတတ်ပေ။ 

"မူးယစ်ဆေးဝါး ကင်းရှင်းနယ်မြေ" ဆိုသည့် မြို့ပေါ်ခွဆုံ၌ တင်ထားသော ဆိုင်းဘုတ်၏ သိက္ခာမကျရေးအတွက်မှာမူ ဒေသအာဏာပိုင်များအနေဖြင့် ၎င်းတို့ကို လစဉ်ကြေးမသွင်းဘဲ မူးယစ်ဆေးဝါးများ အနည်းအကျဉ်း ရရာနေရာက ဝယ်ယူပြီး အရောင်းအဝယ်ပြုလုပ်နေသော ဒေသခံ ရိုဟင်ဂျာများအချို့ကို လိုက်လံဖမ်းဆီးပြီး ထောင်ချလိုက်ခြင်း ဖြစ်သည်။ ခြွင်းချက်အနေဖြင့် ၎င်းအာဏာပိုင်တို့တောင်းဆိုသော လာဘ်ငွေ ပေးနိုင်သူများကိုမူ လွှတ်ပေးလေ့ရှိပါသည်။ တစ်ရွာမှ တစ်ရွာသို့ပင် လွတ်လပ်စွာ သွားလာနိုင်ခွင့်မရှိသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ အရှေ့ဖျားဆုံးမှ မူးယစ်ဆေးဝါးမှာ သယ်ယူလာပြီး မူးယစ်ဆေးဝါး ဒိုင်အဖြစ် ရောင်းဝယ်နေသည်ဟု စွပ်စွဲခဲ့လျှင်မူ မည်သို့ ယုတ္တိဆန်ပါမည်နည်း။ လက်လုပ်လက်စား ရောင်းဝယ်နေသူများကတော့ ရှိမှာ မလွဲပင်။ သတင်းမီဒီယာ မရှိသော မောင်တောမြို့နယ်က အောက်ခြေအာဏာပိုင်များ၏ ခြစားမှုများ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် ဖီလာဆန့်ကျင်သော လုပ်ဆောင်မှုများ စသည့် တရားဥပဒေမဲ့ ထင်ရာဆိုင်း လုပ်ဆောင်နေမှုများ၊ မူးယစ်ဆေးဝါးများ တရားဝင်သဖွယ် ရောင်းဝယ်နေသော အာဏာပိုင်များနှင့် ဒေသခံများ၏ သတင်းမှန်များသည် အချိန်ကာလ ကြာမြင့်သည်အထိ ပျားရည်ဆမ်းခရီးလို ဖြစ်နေခဲ့ပါသည်။

ယခုအခါ ပြည်ထောင်စုအစိုးရမှ အထူးမူးယစ်ရဲတပ်ဖွဲ့ဝင်(၁၅) ဦး မောင်တောမြို့သို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါး ကုန်ကူးသူများကို ရှာဖွေ စီစစ်၊ စစ်ဆေးနေသည်ဟုကြားသိရပါသည်။ သို့ဖြစ်၍ အတန်ကြာကြာ လျှောက်လှမ်းခဲ့သော မူးယစ်ဘုရင်များ၏ ပန်းခင်းလမ်းပေါ်မှာ ယခုတစ်ကြိမ် ဆူးခလုတ်များ ကျရောက်လာနေပြီလားဟု အားကိုးယုံကြည်စွာ တွေးမိရင်း ပြည်ထောင်စုအစိုးရမှ အထူးမူးယစ်ရဲတပ်ဖွဲ့ဝင်(၁၅) ဦး၏ မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက် ဘာသာလူမျိုး မခွဲခြားဘဲ ရောင်းဝယ်နေသူမှန်သမျှကို ဖော်ထုတ်ဖမ်းဆီး အရေးယူနေမည့် မူးယစ်ဘုရင်များ သုတ်သင်ရေးအစီစဉ်ကို ရင်တမမနှင့် စောင့်မျှော်နေပါကြောင်းပါခင်ဗျား.....။

Peace Father သည် မောင်တောမြို့မှ ဒေသခံ တစ်ဦး ဖြစ်သည်။



ဦးဘစိန်
RB News
16.8.2015

ဗိုလ်ချုပ်တွေက ဗိုလ်ချုပ်တွေကို ဖြုတ်၊ ထုတ်၊ သတ် စနစ် ထွန်းကားနေတာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ကတည်းကပါ။ ဒီတစ်ခါ ဗိုလ်ချုပ်ဖြုတ်တာ ထူးဆန်းပါတယ်။ နိုင်ငံတော်နဲ့ မဆိုင်ဘဲ စစ်ဗိုလ် ချုပ်ဟောင်း များ အချင်းချင်း ပါတီတွင်း အာဏာသိမ်းပွဲပါ။ လွတ်လပ်ရေး ရခဲ့တာ ၆၇ နှစ်ရှိနေပါပြီ၊ အာဏာရှင် စနစ်ကို တွယ်တာမြတ်နိုးနေတာ လူနည်းစု စစ်ဗိုလ်ချုပ် တစ်စုကပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေက နိုင်ငံတော်ရဲ့ ၀န် ထမ်းတွေ ဖြစ်ပေမယ့်လည်း သန်းကြွယ်သူဌေးတွေ ဖြစ်လာကြတယ်။ နိုင်ငံတော် သဏ္ဍာတွေကို မတရား သဖြင့် သုံးစွဲပြီး ချမ်းသာကြွယ်ဝ လာတာကို အရသာခံနေတာကိုက နိုင်ငံတော်ကို ဆင်းရဲတွင်း ရောက်စေ တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ ပါတီတွင်း အာဏာသိမ်းပွဲကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်က နောက်ထပ် သမ္မတ သက်တမ်း ၅ နှစ် လုပ်ချင်လွန်းလို့ အစွယ်ထုတ်ပြလိုက်တယ် ဆိုတာ သိသာလွန်းနေပါတယ်။ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ချင်တဲ့ သမ္မတဟာ အာဏာရှင် အစစ်ဆိုတာ ပြည်သူတွေ နားလည်ဖို့ လွယ်ကူသွားပါပြီ။ ဒီမိုကရေစီ အရောင်ပြပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ထောင်သွင်း အကျဉ်းချ၊ စနစ်တ ကျနဲ့ ချုပ်ကိုင်ထားတာကိုလည်း ပြည်သူတွေ သိပြီး ဖြစ်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက --

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီးအဓိပ္ပါယ်လေးနက်
အောင်ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက် အား ကိုးတန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရ ဘူး။ ဒါကစကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။နိုင်ငံရဲ့ရန်သူ တွေမဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာအားလုံးသဘောပေါက်   အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိ
တယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့ အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက်
အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာ ရှိတဲ့နေ
ရာရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။

ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက် ၊ အားကြီးတဲ့အခါလဲ
အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့ အတိုင်း လုပ်ချင်တယ် ၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ
နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

ဒီမိုကရေစီ အလေ့အထ မရှိတာ ၅၃ နှစ် ရှိနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်များက သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်မျိုး၊ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ အသုံးအနှုန်း အသစ်နဲ့ တစ်ဖုံ အုပ်ချုပ် လာတာ အရိုးစွဲနေပြီ ဖြစ်တော့ အရပ်သား အယောင်ဆောင် ဒီမိုကရေစီ အစိုးရ ဦးဆောင်သူ စစ်ဗိုလ် ချုပ် ကြီးဟောင်း ဦးသိန်းစိန်လည်း အရိုးစွဲ ရောဂါရှိနေကြောင်း ပြသလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီ အရိုးစွဲရော ဂါနဲ့ အ တူ ဥစ္စာပစ္စည်း ရောဂါ၊ ကုမ္ပဏီရောဂါ၊ မြေပိုင်ဆိုင်မှုရောဂါ၊ တိုက်တာ အဆောက်အဦ ရောဂါ .. စ တဲ့ .. စတဲ့ ရောဂါ စုံပါတယ်။ အဲဒါကြောင့် အမေရိကန် သမ္မတ အိုဘားမားက ၂၀၁၅ ဇူလိုင်လ ၂၈ ရက်နေ့မှာ -- ၅၄ နိုင်ငံပါဝင်တဲ့ အာဖရိက သမဂ္ဂရဲ့ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတက အီသီ ယိုပီးယားနိုင်ငံ၊ အက်ဒိစ်အဘာဘာ မြို့တော်မှာ ပထမဆုံး အကြိမ် မိန့်ခွန်း ပြောကြားခဲ့ရာမှာ --

"ခေါင်းဆောင်တွေ အနေနဲ့ ရာထူး သက်တမ်း ပြည့်ချိန်မှာ ဖယ်ရှား မပေးဘူး ဆိုရင် အာဖရိကတိုက်လည်း တိုးတက်မှာ မဟုတ်ကြောင်း အိုဘားမားက ဆိုပါတယ်။

ဒါ့အပြင် သတင်းသမားတွေ ထောင်ချခံရပြီး အခွင့်အရေး လှုပ်ရှားသူတွေ ခြိမ်းခြောက် ခံနေရမယ် ဆိုရင် လည်း ဒီမိုကရေစီဟာ အမည်သာ ရှိပြီး အနှစ်သာရ ရှိမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။"

မြန်မာနိုင်ငံမှာ အာဏာရှင် စနစ်ကို အသက်သွင်းပေးခဲ့သူက နာမည်ဆိုးနဲ့ သွားလေသူ ဦးနေ၀င်း ဖြစ်ပြီး၊ အခုအချိန်ထိ သူ့ရဲ့ နောက်လိုက်များက ဦးနေ၀င်း ချမှတ်ထားတဲ့ လမ်းစဉ်ကို ဆက်လက် လျှောက် လှမ်းနေ ဆဲပါ။ အာဏာရှင်များ အားလုံးက စစ်အာဏာရှင်များ ဖြစ်ပြီး စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်သူမှန်သမျှ အာ ဏာရှင်ရဲ့ နည်းလမ်းများ အတိုင်း ဖြုတ်၊ ထုတ်၊ သတ်လုပ်ခံကြရတယ်။

မြန်မာနိုင်ငံကို စစ်တပ်ကသာ အုပ်ချုပ်ရမယ်လို့ ဦးနေ၀င်း စီမံထားတဲ့ အတိုင်း ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထိ စစ်ဗိုလ်ချုပ်များက စစ်ဝတ်စုံနဲ့ အုပ်ချုပ်လိုက်၊ စစ်ဝတ်စုံချွတ်ပြီး အုပ်ချုပ်လာလိုက်တာ၊ အခြေအနေက နိုင် ငံတော် အုပ်ချုပ်ရေးက ပြည်သူ့လက်ထဲ ရောက်တော့မယ့် အခြေအနေမျိုး ဖြစ်လာတဲ့ အတွက်၊ အတိုက်အ ခံ ပါတီ ခေါင်းဆောင်နဲ့ ပူးပေါင်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့တင် သူရရွှေမန်းကို နှိပ်ကွပ်လိုက်တာက ဦးနေ၀င်း ချမှတ်လိုက်တဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ် အသက်ဝင်နေသေးတယ် ဆိုတာကို သက်သေပြ လိုက်တာပါပဲ။

ဦးနေ၀င်း လက်ထက်တုန်းကလည်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ ဖြုတ်၊ ထုတ်၊ သတ် လုပ်ခဲ့တာတွေ အများကြီးရှိခဲ့သလို၊၁၉၈၈ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်ကြီးစောမောင်ကိုလည်း၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တန်းလျား ပြန်မယ်လို့ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ရာထူးက ဖြုတ်ချခဲ့သလို၊ အာဏာရှင်ကို ဆန့်ကျင်လာနိုင်တဲ့ အနေအထား ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုလည်း ရားထူးက ဖြုတ်ပြီး ထောင်ဒဏ် ၄၄ နှစ်တောင် ချခဲ့တာက မကြာသေးခင် ကာလမှာ ဖြစ်သွား ခဲ့တာတွေပါ။

အဲဒါတွေအပြင် အာဏာရှင် စနစ် လမ်းပြခေါင်းဆောင် ဦးနေ၀င်းရဲ့ မြေးများကိုလည်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ သေဒဏ်အထိ ပြစ်ဒဏ်ပေးခဲ့တာတွေလည်း ရှိခဲ့တယ်။ န.၀.တ ခေတ်မှာဘဲ အာဏာရှင် ကို တော်လှန်ဖို့ ကြိုးစားတဲ့ တိုင်းမှူးတွေကို ၀န်ကြီးများ အဖြစ် နေရာပြောင်းရွှေ့၊ ထပ်ပြီး တော်လှန်ဖို့ ကြိုးစားသူတွေကို ရာထူးက ဖြုတ်၊ အကျယ်ချုပ်ချခဲ့တာတွေက မြန်မာနိုင်ငံမှာ အစဉ်အလာ တစ်ရပ် လို ဖြစ် လာတာ ကြာပါပြီ။

ယနေ့ ဒီမိုကရေစီ အစိုးရလို့ ပြောနေကြပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနဲ့၊ လွှတ်တော် အမတ် အများစုက စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ အစဉ်အ လာတွေကို ဖျောက်ဖျက်ဖို့ လွယ်ကူမှာ မဟုတ်တာ သေချာပါတယ်။

တစ်ခါ အတိုက်အခံ ပါတီဘက်ကို ကြည့်မယ်ဆိုရင်လည်း စစ်မှုထမ်းဟောင်းပေါင်းစွာ ပါဝင်နေတဲ့ အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် အုပ်ချုပ်ရေးမျိုး မဟုတ်ဘဲ ဗဟို ဦးစီး စနစ်နဲ့ အုပ်ချုပ်နေတယ် ဆိုတဲ့ အသံတွေ လည်း ကျယ်ကျယ် လောင်လောင် ထွက်လာတာကို တွေ့နေရတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ထွန်းကားဖို့ အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံရေး အမှန်တ ကယ် နားလည်သူများ ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ အင်အားကြီး တစ်ရပ် လိုအပ်နေပါတယ်။

စစ်တပ်ရဲ့ အရိပ်ပါဝင် နေသမျှ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ် ရှိနေမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဗဟိုဦးစီး ချုပ်ကိုင်တဲ့ စနစ်က နေရာတကာမှာ ရှိနေမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရသည့် သူရ ဦးရွှေမန်း။ (ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

သာလွန်ဇောင်းထက်
13.8.2015

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချ လိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့ မလား ဆိုတဲ့ မေးခွန်းတွေထွက်ပေါ် လာပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေး ပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ သူရဦးရွှေမန်းကို သာမန် ပါတီဝင် တဦး အဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကနေ ဦးရွှေမန်းကို နေ့ချင်းညချင်း ဖယ်ရှားလိုက်တာက ပါတီတွင်း အာဏာသိမ်းမှု ဆန်ဆန် လုပ်ဆောင်တာဖြစ်ပြီး ပါတီတွင်းသမ္မတဦးသိန်းစိန်ကို ထောက်ခံသူတွေ၊ သမ္မတဦးသိန်းစိန်ကိုယ်တိုင်နဲ့ တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်မှု ရလာဒ် တခုလည်းဖြစ်ပါတယ်။ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချလိုက်ပုံက လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းဥပဒေတွေနဲ့ ပါတီညီလာခံဆိုတာမျိုး တွေကို အခြေမခံဘဲ အာဏာနဲ့ ဖြုတ်ချလိုက်တာ ဆိုရင် လည်း မမှားနိုင်ပါဘူး။

ဒါပေမယ့် တကယ်ပဲ သူရဦးရွှေမန်းအနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် ဆက် လက် တည်ရှိနေနိုင်မလား၊ ဦးရွှေမန်းအနေနဲ့ ကြံ့ခိုင်ရေးပါတီမှာ သာမန်ပါတီဝင်တဦးအနေနဲ့ နေပါ့မလားဆိုတာက စိတ် ၀င်စားစရာပါပဲ။

အစိုးရနဲ့ တပ်မတော်အနေနဲ့ ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ ဥပဒေအရ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရှိပေမယ့် တရားဝင်ဖယ်ရှားဖို့ကတော့ လွှတ်တော်မှာပဲ လုပ်ဆောင်လို့ရမယ့် အခြေအနေဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ တပ်မိသားစုအများစု နေထိုင်တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရွှေမန်းကို ဖယ်ရှားဖို့ ဇူလိုင် ၂၄ ရက်နေ့မှာကတည်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လျှို့ဝှက်စာတင်ပြ တိုင်ကြားခဲ့တာရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲပွဲမှာ မိမိကိုယ်တိုင် မဲပေးခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင်ချိုးဖောက်ခဲ့တယ်လို့ တပ်မိသားစုများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတိုင်တန်းတဲ့စာမှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၈၆ နဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပုဒ်မ ၂၄ တို့မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ မဲခွဲဆုံးဖြတ်တဲ့ကိစ္စတွေမှာ ပြည်ထောင်စုလွှတ်တော်နာယက သို့မဟုတ် နာယက တာဝန်ထမ်း ဆောင်နေတဲ့ ဒုတိယနာယကဟာ ဆန္ဒမဲမပေးရ၊ ထောက်ခံဆန္ဒမဲနဲ့ ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေတဲ့ ကိစ္စမှာ နာယကက အနိုင်မဲပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဦးရွှေမန်းက လွှတ်တော်မှာ ဥပဒေပုဒ်မ ၄၃၆(က) ပြင်ဆင်ရေး မဲခွဲမှုမှာ ကိုယ်တိုင် မဲပေးခဲ့လို့ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ က (၂) ကို ချိုးဖောက်တယ်လို့ တပ်မိသားစု တွေရဲ့ တိုင်စာမှာ ဖော်ပြထားပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၃၉၆ ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ပြဋ္ဌာန်းချက်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည် ရုပ်သိမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တပ်မတော်မိသားစုတွေက တိုင်တန်းပြောဆိုတဲ့အချက်တွေက ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေကသာမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းနိုင်တဲ့ တိုင်တန်းချက် တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကို အခုအချိန် အထိ မပြဋ္ဌာန်းသေးဘဲ ဆိုင်းငံ့ထားတာမို့ ဥပဒေနဲ့အညီ ဦးရွှေမန်းကို ဖြုတ်ချဖို့ ဆိုတာ မလွယ်ကူပါဘူး။

“ဥပဒေနဲ့အညီတော့ လုပ်လို့ရမယ့် နည်းလမ်း ကျနော်မတွေ့ဘူး။ ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဖြုတ်ချ လို့ရမယ့် ဥပဒေကလည်း မပြဋ္ဌာန်းထားသေးဘူး။ ဒီအတိုင်းလည်း လွှတ်ထားမယ်လို့ မထင်ဘူး။ အဲဒီတော့ အခြား အမှု အခင်း ဖြစ်စဉ်တွေနဲ့ပဲ အရေးယူမလား ဆိုတာကလည်း စိတ်ဝင်စားစရာပဲ။ အမှားရှာမယ်ဆိုရင်တော့ အမှားတွေက ထွက် လာမှာပဲလေ။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နမူနာ ရှိတာပဲ” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ် ပြော ဆိုပါတယ်။

အခြားတဖက်မှာလည်း ဦးရွှေမန်းက သမ္မတဦးသိန်းစိန်၊ ဦးဌေးဦးတို့ရဲ့ လက်မြန်ခြေမြန် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုကို ငြိမ်ခံနေမှာမဟုတ်ဘူးလို့ သုံးသပ်သူတွေရှိနေတာမို့ ဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကနေ မဖြစ်မနေ ဖြုတ်ချမှာပဲ တွက်ထားတာတွေလည်းရှိနေပါတယ်။

“ဦးရွှေမန်းက စိတ်ကြီးတယ်။ စိတ်ဆတ်တယ်။ သူ့မှာလည်း စီးပွားရေးအရရော၊ အာဏာအရရော အသိုင်းအ၀ိုင်းဆိုတာ လည်းရှိတော့ ဒီအတိုင်းကြီးတော့ လွှတ်ထားမယ်လို့တော့ မထင်ဘူး။ တဖက်က အရေးယူနိုင်မယ့် နည်းလမ်း ရှာနေတာ မျိုးကြောင့်သာ ကြာချင်ကြာမယ်။ နောက်ပြီး သူ့သားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလည်း အရေးယူတာ မျိုးရှိမလားဆိုတာလည်း တွက်ကြည့်ရမှာပဲ” လို့ လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။

ဦးရွှေမန်းအသိုင်းအ၀ိုင်းမှာလည်း ဒီတချီအားမတန် မာန်လျှော့ဆိုတဲ့ လေသံမျိုးပစ်ထားကြပြီး နောင်လာမယ့် ရွေး ကောက်ပွဲ အပြီး ဖြစ်လာမယ့် လွှတ်တော်သစ်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်မှာ ၀င်နွှဲဖို့ အားခဲနေကြဆဲပါပဲ။ ဒါပေမယ့် လည်း အစိုးရနဲ့ တပ်မတော်ဘက်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဦးရွှေမန်းကို နိုင်ငံရေးမှာ လုံးဝ ၀င်ပါလို့ မရအောင်၊ နိုင်ငံရေးဆက်လုပ်လို့မရအောင် လုပ်နိုင်မယ့် အခြေအနေရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။



ကျော်စွာဝင်း
RB News
20.7.2015

ပြည်ခိုင်ဖြိုး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ - USDP) ဆိုတာ ယခင် စစ်အစိုးရရဲ့ ပါတီ ဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွက် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့တုန်းက စစ်အစိုးရက ရိုဟင်ဂျာများ ဆုံးရှုံးသွားတဲ့ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေးများ ပြန်လည် ရရှိမယ်လို့ ကတိပေးပြီး ထောက်ခံခိုင်း ခဲ့လို့ ထောက်ခံပေးခဲ့ပါတယ်။ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူး။

၂၀၁၀ ခုနှစ်က ယနေ့ သမ္မတ တာဝန်ယူထားတဲ့ ဦးသိန်းစိန် ကိုယ်တိုင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဘ၀နဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် တွေကို လာရောက်ပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့၊ အခွင့်အရေးများ အားလုံး ပြန်လည် ရရှိမယ်လို့ ကတိပေးခဲ့သလို၊ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အမတ်များကလည်း တူညီတဲ့ ကတိက၀တ် ပြုပြီး ရိုဟင်ဂျာ ပြည်သူများဆီက မဲယူခဲ့တယ်။ အခြေအနေ ထူးခြားမလာတဲ့ အပြင် အဆိုးဆုံး အခြေအနေကို ယနေ့ ရင်ဆိုင်နေရပါတယ်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်ခိုင်ဖြိုး အမတ်များက ရွေးချယ်ခံဖို့ အမတ်များ စာရင်းကို တင်သွင်းခဲ့တယ်။ ဘူးသီးတောင်နဲ့ မောင်တော ဒေသမှာ ပြည်ခိုင်ဖြိုး အမတ် (၅) ဦး ရှိပြီး၊ နှစ်စု ကွဲနေတယ်လို့ ပြောရင် မှားမယ် မထင်ဘူး။ အဲဒီတော့ နှစ်စုလုံးက မိမိတို့နဲ့ အဆင်ပြေမယ့်သူတွေရဲ့ အမည်များကို တင်သွင်းခဲ့တယ်။ 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာများ ယှဉ်ပြိုင်ရင် အနိုင်ရမယ့် မဲဆန္ဒနယ် (၁၃) နေရာ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက မဲကို ညှိနှိုင်းခဲ့လို့ ရိုဟင်ဂျာ အမတ်နေရာ နည်းခဲ့ခြင်း ဖြစ်ပါတယ်။ 

ဗြိတိသျှ လက်အောက်ခံ လက်ထက် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်ကလည်း ရိုဟင်ဂျာများဟာ မြန်မာ တိုင်းရင်းသားများ အဖြစ် မဲပေးခွင့် ရခဲ့ပြီး၊ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာလည်း ရိုဟင်ဂျာ အမတ် နှစ်ဦး ပါဝင်ခဲ့သလို၊ လွတ်လပ်ရေး ရပြီး ဦးနုခေတ်၊ မ.ဆ.လ ပါတီ ဦးနေ၀င်းခေတ်မှာလည်း ရွေးချယ်ခံခွင့်၊ မဲပေးပိုင်ခွင့်များ ရရှိခဲ့ပါတယ်။ 

စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရခဲ့သလို၊ ရွေးချယ်ခံခွင့် ရှိခဲ့လို့သာ အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်အရေး ပါတီ (NDPH) က လွှတ်တော်အမတ် လေးဦး ရွေးချယ်ခံခဲ့ရတာပါ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရခဲ့လို့ ယနေ့ ပြည်ခိုင်ဖြိုးက လွှတ်တော် အမတ် (၅) ဦး ရှိနေခြင်း ဖြစ်ပါတယ်။ 

ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားများ၊ နိုင်ငံသားများနဲ့ တန်းတူ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ ကိုင်ဆောင်ခွင့် ရခဲ့ပြီး၊ စစ်အစိုးရ လက်ထက်မှာ စနစ်တကျ စီမံကိန်း ရေးဆွဲပြီး၊ ယာယီ သက်သေခံ ကဒ်ပြားများကို အတင်းအဓမ္မ ကိုင်ဆောင်ခိုင်းခဲ့တယ်။ ယခုအခါမှာတော့ အစိမ်းနုရောင် ယာယီ နေထိုင်ခွင့် ကဒ်ပြားများ သဖွယ် အတင်းအဓမ္မ ကိုင်ခိုင်း နေတာကို ရိုဟင်ဂျာ မိဘ ပြည်သူများ အားလုံး အသိပင် ဖြစ်ပါတယ်။ 

ရိုဟင်ဂျာများ အနေနဲ့ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသား အဖြစ် ရပ်တည်နိုင်ခဲ့ပြီးမှ ယခု အစိုးရ လက်ထက်မှာ ခိုးဝင် ဘင်္ဂါလီများ အဖြစ် သတ်မှတ်ခံရခြင်း ဘ၀ကို ရောက်ရှိခဲ့ရတော့ပါတယ်။ 

ဝှိုက်ကဒ် ယာယီ သက်သေခံ ကဒ်ပြားများကို သိမ်းဆည်းပြီး အစိမ်းနုရောင် ကဒ်ပြားများ ထုတ်ပေးပြီး နိုင်ငံသား လျှောက်ထားခိုင်းခြင်းရဲ့ ရည်ရွယ်ချက်မှာ ရာစုနှစ်ပေါင်းများစွာ မိမိတို့ရဲ့ ပင်ရင်း နိုင်ငံအဖြစ် နေထိုင်လာတဲ့ အာရ်ကာန် ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ရိုဟင်ဂျာ များကို နိုင်ငံခြားမှ ရောက်ရှိလာသူများ အဖြစ် သတ်မှတ်ပြီး ပြုနိုင်ငံသား ကဒ်ပြား (အစိမ်းရောင်) များ ကိုင်ဆောင်ခိုင်းဖို့ လုပ်ဆောင် နေတာကြောင့် ရိုဟင်ဂျာ ပြည်သူတွေက အခုထုတ်ပေးနေတဲ့ နှစ်နှစ် သက်တမ်း ရှိတဲ့ အစိမ်းနုရောင် ကဒ်ပြားကို ခါးခါးသီးသီး ငြင်းဆန် နေကြခြင်း ဖြစ်ပါတယ်။ 

နိုင်ငံသား၊ ပြုနိုင်ငံသားနဲ့ ဧည့်နိုင်ငံသားများသာ မဲပေးခွင့် ရှိမယ့် လာမယ့် ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေဆီက မဲရဖို့ ရိုဟင်ဂျာများကို ၂ လ - ၃ လ အတွင်း ပြုနိုင်ငံသား ထုတ်ပေးနိုင်မှသာ မဲရမှာ ဖြစ်တယ်ဆိုတာ ပြည်ခိုင်ဖြိုး ပါတီလည်း သိပါတယ်။ အဲဒီတော့ အစိမ်းနုရောင် ကဒ်ပြားကို ငြင်းနေတဲ့ ရိုဟင်ဂျာ ပြည်သူများဆီက မဲရမယ်ဆိုတာကို မျှော်လင့်လို့ မရတော့တဲ့ အတွက် ရိုဟင်ဂျာ အမတ်များကို မရွေးချယ်ဖို့ ပြည်ခိုင်ဖြိုး ဗဟိုက ဆုံးဖြတ်လိုက်တာကို မြေပြင်မှာ ရှိတဲ့ ပါတီ အကြီးအကဲ အချို့ဆီက သိလာရတယ်။ 

ယခု နောက်ဆုံးရ သတင်းများအရ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်ခိုင်ဖြိုး ပါတီဝင် မွတ်စလင် အမတ် ရွေးထားတယ်လို့ နိုင်ငံတကာကို ပြရုံသက်သက် အနေနဲ့ အမတ်တစ်ယောက်ကိုသာ ရွေးချယ်ခံခွင့် ပေးမှာ ဖြစ်ပြီး၊ ကျန်တဲ့ မဲဆန္ဒနယ် (၁၂) နေရာမှာ ဘယ်မွတ်စလင် ရိုဟင်ဂျာကိုမှ ရွေးချယ်ခံခွင့် ပေးမှာ မဟုတ်ဘူးလို့ သိရတယ်။ ရွေးချယ်ခံခွင့် ပေးမယ် ဆိုတဲ့ တစ်ယောက်ကလည်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အတူ နိုင်ငံခြား ခရီးစဉ်တွေမှာ အစိုးရ အလိုကျ ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေကို နှိပ်စက်နေခြင်း မရှိဘူး၊ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ မိမိရဲ့ ကိုယ်ကျိုး စီးပွားကို ရှေ့ရှုပြီး လိမ်ညာပေးခဲ့သူမို့ အခုလာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခွင့်နဲ့ ဂုဏ်ပြုခံနေရခြင်း ဖြစ်ပါတယ်။ အဲဒီ အမတ်တစ်ယောက် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ မဲအရေအတွက်ကလည်း အဲဒီ မဲဆန္ဒနယ်ထဲက ၆၀၀၀ ကျော်လောက်သာ လိုအပ်တာမို့ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ အလိုတော်ရိ မိသားစုဝင်များကို စည်းရုံးပြီး အစိမ်းနုရောင် ကဒ်ပြား ကိုင်ခိုင်း၊ ဘင်္ဂါလီနဲ့ ပြုနိုင်ငံသား ထုတ်ပေးပြီး မဲရအောင် ယူသွားမယ်လို့ စီစဉ်ထားတာ သိရတယ်။ 

အဲဒီတော့ ပြည်ခိုင်ဖြိုး အမတ်တွေထဲက အုပ်စုတစ်စု (အစိုးရ အလိုကျ နှုတ်ပိတ်နေခဲ့တဲ့ အုပ်စု) ကတော့ သူတို့ ရွေးချယ်ခံခွင့် ရရှိရေးအတွက် ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား ကိုင်ခိုင်းဖို့ စည်းရုံးပေးမယ်လို့ ပါတီ ဗဟိုကို ကတိပြုပြီး ရိုဟင်ဂျာ လူထုများ ရှိတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ စစ်တွေ မြို့များကို ဖုန်းများဆက်ပြီး လိုက်လံ စည်းရုံးနေတာလည်း ကြားသိနေရပါတယ်။ 

အဲဒီတော့ ရိုဟင်ဂျာလူထုမှာ ရွေးချယ်စရာ နှစ်လမ်း ရှိနေပါတယ်။ အစိမ်းနုရောင် ကဒ်ပြားကိုင်၊ နိုင်ငံသား စီစစ်ခံပြီး၊ ပြုနိုင်ငံသား ကဒ်ပြား ကိုင်မလား? ဒါမှမဟုတ် ရိုဟင်ဂျာနဲ့ နိုင်ငံသားကဒ် (ပန်းရောင်) ရအောင် ဆက်လက် ချီတက်မလား? 

ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် နိုင်ငံသား အခွင့်အရေး အပြည့်အ၀နဲ့ နေထိုင်လာတဲ့ ရိုဟင်ဂျာများ အတွက် ပြည်ခိုင်ဖြိုး အမတ် ရွေးချယ်ခံခွင့်နဲ့ မဲပေးခွင့်က အရေးမကြီးပါဘူး။ အရေးကြီးတာက “ရိုဟင်ဂျာ” သာ ဖြစ်ပါတယ်။ 

အဲဒီတော့ ရိုဟင်ဂျာများကို လူမျိုး၊ ဘာသာ မပါတဲ့ ပန်းရောင်ကဒ်ပြားများ ထုတ်ပေးရင် လက်ခံနိုင်ဖွယ် ရှိသလို၊ လူမျိုး နေရာမှာ “ရိုဟင်ဂျာ” ပါတဲ့ ပန်းရောင် ကဒ်ပြား ထုတ်ပေးရင်လည်း မှန်ကန်တဲ့ ရပိုင်ခွင့်သာ ဖြစ်ပါတယ်။ 

အဲဒီနှစ်မျိုးကလွဲပြီး ကျန်တာတွေ ရိုဟင်ဂျာ လူထု အတွက် အရေးမကြီးသလို၊ နှစ်ကြိမ်တိုင်တိုင် အလိမ်ခံရဖူးသူတွေမို့၊ ဘယ်လိုဖြစ်လာမှာဆိုတဲ့ မက်လုံးများကို မယုံကြည်ဘဲ မိမိတို့ ဆုံးရှုံးသွားတဲ့ ရပိုင်ခွင့်များအတွက် ဆက်လက်ချီတက်ကြပါလို့ မြေပြင်က ရိုဟင်ဂျာ ညီနောင် တစ်ဦးက ရိုဟင်ဂျာများ အားလုံးကို တိုက်တွန်း နှိုးဆော်အပ် ပါကြောင်း။



“ကျွန်တော် ရိုဟင်ဂျာ”

ကျွန်တော်တို့ကို တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီလို့ မဟုတ်မတရား စွပ်စွဲ ဝါဒဖြန့်မှု တစ်ရပ် လွန်ခဲ့တဲ့ ၃ နှစ်နီးပါးကစပြီး ပေါ်ပေါက်ခဲ့တာ လူတိုင်းအသိပါ။ အမှန်က ကျွန်တော်တို့တတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ရခိုင်မြေမှာ ဘိုးစဉ်ဘောင်ဆက်နေလာ ခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုတစ်စုပါ။ ဘာသာအယူဝါဒ ကွဲပြားခြားနားခြင်းကြောင့် မြန်မာနိုင်ငံရဲ့ အာဏာရှင်ကြီး ဦးနေဝင်း လက်ထက်က စလို့ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး မြန်မာနိုင်ငံက ထွက်ပြေးသွားအောင် လုပ်ခဲ့တဲ့ မဟာ စီမံကိန်းတစ်ခုရဲ့ သားကောင်တွေပါ။ အာဏာရှင်ခေတ် အဆက်ဆက်မှာ ကျွန်တော်တို့ ခွဲခြား ဆက်ဆံခံရတာတွေ၊ အနှိမ်ခံရတာတွေ၊ စော်ကားခံရတာတွေကို နောက်ကြောင်းပြန် မပြောလိုပါဘူး။

အခုမျက်မှောက်အချိန် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး စသည်ဖြင့် အခွင့်အရေးမျိုးစုံအတွက် လူကြားကောင်းအောင် ဟိတ်ဟန်ထုတ်နေတဲ့ နိုင်ငံရေးသမား လက်သစ်တချို့ကတောင် ကျွန်တော်တို့ရဲ့သမိုင်း၊ ကျွန်တော်တို့ရဲ့ဘဝ၊ ဒုက္ခတွေကို ဘာမှမသိနားမလည်၊ နားလည်သိရှိအောင်လည်း မကြိုးစားဘဲနဲ့ သူတို့ကပါ ရိုဟင်ဂျာမရှိဘူး။ ခိုးဝင်ဘင်္ဂါလီတွေပဲဖြစ်တယ်လို့ ပြောနေကြတဲ့အတွက် ဒီဆောင်းပါးရေးရင်း ဓာတ်ပုံပါထည့်လိုက်တာ။ ကိုယ့်ကိုယ်ကို ထင်ပေါ်အောင်လုပ်တာကို ကျွန်တော်မနှစ်မြို့ပါ။ လိုအပ်လို့သာ ကျွန်တော်နဲ့ ဇနီးရဲ့ဓာတ်ပုံကို ထည့်ရခြင်းဖြစ်ကြောင်း ရှင်းပြလိုပါတယ်။

ဒီဆောင်းပါးရဲ့အဖွင့်မှာ အင်္ဂလိပ်လိုရေးထားတဲ့စာပုဒ်က ကျွန်တော်ဖတ်ဖူးတဲ့ Political Thought Since World War II စာအုပ်က Hans Kelsen ရေးတဲ့ Foundations of Democracy (ဒီမိုကရေစီအခြေခံမူများ) ဆောင်းပါးမှာ အတွေးအခေါ်ပညာရှင် Schumpeter ရဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ အဲဒီဒဿနကို သိတဲ့နေ့ကစလို့ တစ်ပါးသူတွေရဲ့ ခံစားချက်တွေကို ကျွန်တော်အမြဲတစေ ကိုယ်ချင်းစာစိတ်နဲ့ နားထောင်လေ့ရှိပါတယ်။ ကူညီစရာရှိရင်လည်း ကူညီလာခဲ့ပါတယ်။ ဥပေက္ခာမပြုတော့ပါဘူး။ လူယဉ်ကျေးဆိုတာ တစ်ပါးသူရဲ့ မှန်ကန်တဲ့ခံစားချက်တွေကို ကူညီထောက်ခံပေးတယ်ဆိုတဲ့ Schumpeter အဆိုအတိုင်း နေထိုင်လာခဲ့ပါတယ်။

အခုတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလရဲ့ လူစွာကျယ်ကြီးတွေ၊ ဟီးရိုး သူရဲကောင်းလုပ်ချင်ကြသူတွေနှင့်တကွ မီဒီယာလွတ်လပ်မှုအတွက် တစာစာအော်နေကြသူ အများစုကတောင် အာဏာရှင်ဦးနေဝင်း၊ ဗိုလ်ခင်ညွန့်တို့ လုပ်ခဲ့တဲ့ လူ့အခွင့်အရေးဂရုမစိုက်တဲ့ (ရိုဟင်ဂျာ)မရှိဘူးလို့ လိုက်အော်နေကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ အမှန်တကယ်ရှိခဲ့ပါတယ်။ ရှိနေဆဲပါဆိုတာကို လိုရင်းတိုရှင်း ကျွန်တော်ရှင်းပါရစေ။ ရခိုင်မင်းအဆက်ဆက်က ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များကို မည်ကဲ့သို့ ခေါ်ဝေါ်သုံးစွဲခဲ့သည်မသိ။ ရခိုင်မင်းပိုင်နက် နယ်မြေအတွင်း (ယခု ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း ရမ်းဗြဲကျွန်း) ၌ အစ္စလာမ်ဘာသာဝင်များရှိသည့် သမိုင်းအထောက်အထား အမြောက်အမြားရှိရာ၌ ရခိုင်ဘုရင် မင်းစောမွန်လက်ထက် မြောက်ဦးမြို့တွင် ၁၄ ရာစုက တည်ဆောက်ခဲ့တဲ့ ဆင်ဒီခန်း Sindi Khan ဗလီက အထင်အရှားပါပဲ။ ရိုဟင်ဂျာသမိုင်းအမွေအနှစ်တွေကို အစတုံး ဖျောက်ဖျက်ချင်တဲ့ အာဏာရှင်ဗိုလ်ခင်ညွန့်အမိန့်နှင့် အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်တို့ ၁၉၉၃ ခုနှစ်မှာ ဖြိုဖျက်လိုက်ပြီး အနီးပတ်ဝန်းကျင်က ရိုဟင်ဂျာရွာတွေကိုပါ မောင်တောကို ပြောင်းရွှေ့စေခဲ့တာပါ။ အဲလိုပဲ မင်းပြားမြို့နယ်က ဓမ္ဘလေရွာဆိုတာလည်း ရှေးရခိုင်မင်းတွေလက်ထက်တည်းက ရှိလာခဲ့ကြတာပါ။

အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးလို့ ရန္တာပိုစာချုပ်အရ ရခိုင်ဒေသကို အင်္ဂလိပ်ကရယူပြီး စစ်တွေမြို့တည်တော့ ရခိုင်မင်းနေပြည်တော်ကလူတွေ စစ်တွေကို ပြောင်းရွှေ့လာနေကြတယ်။ အဲဒီကာလမတိုင်ခင် စစ်တွေကျွန်း (အခု စစ်တွေ ကျေးလက်ဒေသ) မှာ ရွာကြီး ၁၁ ရွာ ရှိတယ်လို့ အင်္ဂလိပ်မဟာမင်းကြီး ချားလ်စ်ပက်တန်ရဲ့ ၁၈၂၆ ခု အစီရင်ခံစာမှာ ဖော်ပြထားတော့ ကျွန်တော့်အဖေဘက်က မျိုးရိုးတွေ နေလာခဲ့ကြတဲ့ ဘုမေရွာဟောင်းလည်း ပါဝင်ပါတယ်။ အဲဒီရွာမှာ ကျွန်တော့်အဖေဘက်က မျိုးရိုးတွေ စစ်တွေကျွန်းကို ပေါ်တူဂီတပ်မှူးအုပ်ချုပ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝဝ (သုံးရာကျော်)လောက်ကတည်းက နေလာခဲ့ကြတာပါ။ ကျွန်တော့်အဖေက ၁၉၂ဝ ခုနှစ်မှာ မွေးပြီး ၁၉၃၇ ခုနှစ်မှာ အလယ်တန်းဆရာဖြစ်အောင်တယ်။ အသက် ၉၅ နှစ် ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ခေတ်ပညာတတ် နိုင်ငံရေးသမား ဗဟုသုတကြွယ်ဝသူဖြစ်လို့ ရခိုင်သမိုင်း၊ စစ်တွေမြို့ခံမိသားစု တစ်ခုချင်းရဲ့ မျိုးရိုးဇစ်မြစ်ကိုပါ သိခဲ့ရပါတယ်။ အဲလောက်ထိ စစ်တွေမြို့ခံ လွန်ခဲ့တဲ့နှစ်ပေါင်း (၃ဝဝ) သုံးရာကတည်းက နေလာခဲ့တဲ့ မျိုးဆက်တွေပါ။

ဒီအစ္စလာမ်ဘာသာ ကိုးကွယ်မှုကြောင့် ခိုးဝင်ဘင်္ဂါလီလို့ မဟုတ်မတရား စွပ်စွဲခံရပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးတာ၊ သွားလာခွင့် ကန့်သတ်တားမြစ်ခံနေရတာ ဒီမိုကရေစီလားလို့ ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈ မျိုးဆက်)က ဦးကိုကိုကြီးကို မေးပါရစေ။ မင်းကိုနိုင်ရဲ့ ပြောဆိုမှုတွေက ယထာဘူတကျတဲ့အတွက် (ရခိုင်ကိစ္စကို သမိုင်းနှင့်ချီပြီး သုံးသပ်ဖို့လိုတယ်လို့ မင်းကိုနိုင်ပြောခဲ့လို့) သူ့ကို မရည်ညွှန်းတာပါ။ ဦးကိုကိုကြီးကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို လူမျိုးရေးအရ မုန်းတီးတဲ့သဘော သူ့စကားတွေ မီဒီယာမှာ တွေ့ရလို့ပါ။ အဲဒါကြောင့်ပဲ ဒီဆောင်းပါးရဲ့အစမှာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်များမှာ ပညာရှင် Schumpeter ရဲ့ လူယဉ်ကျေးနှင့် လူရိုင်း ကွဲပြားစေတဲ့ အင်္ဂလိပ်စာသားကို ဖော်ပြပေးလိုက်တာပါ။

ဒီတော့ မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရပဲ ကျွန်တော်တို့ တိုင်းရင်းသားဖြစ်နိုင်ရဲ့သားနဲ့ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတာ ဒီမိုကရေစီလား။ လူ့အခွင့်အရေး ဆုံးရှုံးခံရတာ မဟုတ်လား။ ဒါပေမဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ အားနည်းချက်က ဘာလဲဆိုရင် ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ပိုင်နက်အတွင်းမှာ ၁၈၂၃ ခုနှစ် မတိုင်ခင်ကတည်းက နေထိုင်လာခဲ့ကြသူတွေက (တိုင်းရင်းသားလူမျိုး) ဖြစ်တယ်လို့ ဆိုထားပေမယ့် လူတစ်ဦးတစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝ (၁၈၂၃)ခုနှစ် မတိုင်ခင်ကတည်းက နေလာခဲ့တာကို ဘယ်လိုသက်သေပြနိုင်မှာလည်းဆိုတာကို လူကြီးမင်းများ စဉ်းစားကြည့်ကြပေတော့။

စစ်တွေမြို့ ဈေးဟောင်း မောလိတ်ရပ်ကွက်ဆိုတာ အင်္ဂလိပ်အစိုးရက ၁၈၂၇ ခုနှစ်မှာ စစ်တွေမြို့တည်တော့ ကျွန်တော့်အမေဘက်က ဘိုးဘွားတွေက မင်းပြားမြို့နယ်၊ ဆတ်ကျာရွာကနေ ပြောင်းလာခဲ့ကြသလို၊ ယောက္ခထီး ဦးသာအောင်ရဲ့ ဘိုးဘွားတွေက မြောက်ဦးမြို့နယ်၊ ဗူးတစ်လုံးရွာက ပြောင်းရွှေ့လာခဲ့ကြတယ်။ ယောက္ခမဒေါ်နုနုရဲ့ အမေဘက်က ဘိုးဘွားတွေကတော့ မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်က ပြောင်းရွှေ့လာခဲ့ကြတာပါ။ အဲလို ရခိုင်မင်းနေပြည်တော် အနီးတစ်ဝိုက်က ပြောင်းလာကြပြီး ရွာတည်ခဲ့ကြလို့ ရွာနာမည်ကိုတောင်မှ (ရိုဟင်ဂျာရွာ)လို့ ဒီနေ့အထိ ခေါ်နေကြဆဲပါ။ ရိုဟင်ဂျာမရှိဘူးလို့ ပြောနေကြသူတွေ စဉ်းစားကြဖို့ပါ။

ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျွန်တော်တို့လူမျိုးတွေရဲ့နာမည်ကို ရိုဟင်ဂျာလို့ သတ်မှတ်ခြင်းဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ ကိုယ့်ကိုယ်ကိုသတ်မှတ်ခြင်း (Self Identification) ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူမျိုးအမည်ကို တစ်ပါးသူက အတင်းအဓမ္မ သတ်မှတ်ပိုင်ခွင့် မရှိပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက သာမန်နိုင်ငံသားတွေထက် အခွင့်အရေးပိုရှိတာကြောင့် ကျွန်တော်တို့ကို ဘင်္ဂါလီလို့ သတ်မှတ်ခြင်းဖြင့် နိုင်ငံခြားသားတွေအဖြစ် ပုံသွင်းဖို့ ကြိုးစားခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလူမျိုးစစ်စစ်ဖြစ်တဲ့ ကျွန်တော်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အပေါ် ထာဝရသစ္စာရှိစွာဖြင့် ကျန်တိုင်းရင်းသားလူမျိုးတွေနှင့်အတူ ပြည်ထောင်စုအကျိုးအတွက် တို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက်ရှိပါကြောင်း ရေးသားရင်း ခေတ်ဟောင်းအမွေဆိုးများကို ပယ်ဖျောက်ကြပါစို့လို့ တိုက်တွန်းလိုပါသည်။

ဦးအောင်ခင် (စစ်တွေ)

သာအောင်သတင်းစုံဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၊ စာမျက်နှာ ၁ဝ မှ ကူးယူဖော်ပြသည်။

ဌေးလွင်ဦး
RB News
7.2.2015

ဗမာက ရခိုင်ကိုသိမ်း- ရခိုင်ထီးနန်းပျက် တဲ့ ၁၇၈၄ ခုနှစ် ၀န်းကျင် ကတည်းက ရခိုင်မြေရဲ့ အပြင်ဘက် စစ်တကောင်းတောင်ပေါ်ကို တက်ပြေးခဲ့ရတဲ့ ရခိုင်မျိုးဆက် ဆိုတာ စစ်တကောင်းတောင်ပေါ်မှာ နှစ်ပေါင်း ၂၀၀ ကျော် သော မျိုးဆက်ဖြစ်ခဲ့ပါပြီ။ ဒီ မတိုင်မှီ- ဘုရင့်နောင် မင်းတရားကြီးရဲ့ မျိုးဆက်ဟာလည်း ၁၅ ရာစု (လွန်ခဲ့သော နှစ်ပေါင်း ၅၀၀) ကတည်းက စစ်တကောင်း တောင်ပေါ်မှာ ဗိုလ်ထောင်မင်းဆက်ငယ် အဖြစ် ယနေ့ထိ ရှိနေပါတယ်။

ဒီလူတွေက ဒီနေ့အခါ မြန်မာပြည်ထဲကို ပြန်လာရင်-မြန်မာပြည်ထဲက မူလဘူတ တိုင်းရင်းသား ဖြစ်ရော့လား လို့ မေးစရာပါ။ အာဏာရ အစိုးရကတော့ ဒါကို နိုင်ငံရေး စကားကွက် အဖြစ် အသုံးပြုတာကလွဲ အခြား မရှိလောက်ပါ။ သို့သော်- ၈၈ ပွင့်လင်း အဖွဲ့လို ခေါင်းဆောင်မှန်း အုပ်စုကတော့ ဒါတွေကို အဝေးရောက် တိုင်းရင်းသားတွေ ဆိုပါလား။-

၈၈ က ခေါင်းဆောင်မှန်းတွေဟာ မျက်လုံးကန်းသွားခဲ့လေသလား၊ သို့မဟုတ် မျိုးစဉ်မျိုးဆက် မျက်လုံး မပါခဲ့လေသလား မေးရတော့မယ် ထင်ပါတယ်။ ဘုရင့်နောင်မင်းကြီးရဲ့ မျိုးစဉ်မျိုးဆက်တို့ကို အဝေးရောက် တိုင်းရင်းသားတွေ အဖြစ် ခံစားနေမယ်ဆိုရင်- ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ ထိုင်းလူမျိုးစုတွေကိုလည်း မြန်မာရဲ့ အဝေးရောက် တိုင်းရင်းသားများ အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံပေးရတော့မှာပါ။ ထောင်ပြန် အကျဉ်းသား ခေါင်းဆောင်များ အဖြစ် ခံယူထားသူများက- သမိုင်းမကျေ၊ ရာဇ၀င်မသိဘူးပြောရင် အရပ်က ကြားကောင်းလှ ပါတယ်။ ဒါပေမယ့် ကျောင်းသား ခေါင်းဆောင်များလို့- ကျောင်းသားအပေါင်းရဲ့ ခေါင်းဆောင်ကဏ္ဍအား မောင်ပိုင်စီးထားသူများက- သမိုင်းမကျေ ရာဇ၀င် မသိဘဲ လျှောက်အော်နေတာတော့-၊ အတော့ကို ဇတ်ပျက်ရ မယ့် ကိန်း ဆိုက်တော့မှာပါ။

ဘယ်လိုဖြစ်ဖြစ် တစ်ကယ့် သနားစရာ အုပ်စုက နှစ်ပေါင်း ၂၀၀ ကျော် သို့မဟုတ် နှစ်ပေါင်း ၅၀၀ ကျော် ဓားမ ဦးချနေခဲ့တဲ့ နေရာက "မြေတစ်ကွက် ရလေနိုးနိုး ခိုကိုးလာခဲ့တဲ့ ရခိုင်စကားပြော စစ်တကောင်းသားရဲ့ ဘ၀ပါ။"

ဒီလူတွေနဲ့ ပတ်သက်ပြီး- ဦးသိန်းစိန် အစိုးရကလည်း အလွန်ဆုံး စီစဉ်ပေးနိုင်လှ ပေ ၄၀ ပေ ၆၀ အိမ်ရာ တစ်ကွက်မျှသာ ဖြစ်ပါလိမ့်မယ်။- တစ်ကယ်တော့ ဒီလူတွေ ပြောတဲ့ မြေတစ်ကွက်ဆိုတာ သူတို့ လုပ်စားကိုင်စား တတ်တဲ့ ဓလေ့အရ- တောင်ယာခုတ်စားမယ့် (အနည်းဆုံး မြေ ၄- ၅ ဧက) မြေတစ်ကွက်ကို ရည်မှန်းပြောဆိုကြောင်း သိနိုင်ပါတယ်။- သို့သော် အဲ့လို ပေးနိုင်ဘို့ လုံးဝ မဖြစ်နိုင်တော့ပါ။ ရိုဟင်ဂျာတွေဆီက မြေသိမ်းမယ်၊ ယာသိမ်းမယ် ပြီးတော့ ဒီလို ၀င်လာတဲ့ လူတွေကို ပေးမယ်လို့ ဦးသိန်းစိန်တို့ စိတ်ကူးခဲ့ကောင်း ကူးမိမှာပါ။- သို့သော် လက်တွေ့မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အရေးနိမ့်သွားပြီ ဖြစ်တဲ့ ဦးသိန်းစိန်တို့က နဂို ရည်မှန်းထားသလို မဖြစ်နိုင်တော့မှန်း သိနေလောက်ပါပြီ။- ဒါကြောင့် UN က လူတွေ လာတိုင်း၊ နိုင်ငံတစ်ကာက ပုဂ္ဂိုလ်တွေ လာတိုင်း ရခိုင် ဒုက္ခသည်တွေကိုလည်း ကြည့်ပါ-၊ မျက်နှာမလိုက်ပါနဲ့လို့ သွေးရူး သွေးတန်း လျှောက်ပြောရတဲ့ အဖြစ်ကို အစဉ်တစ်စိုက် ကျူးလွန်နေရပါတော့တယ်။

နိုင်ငံတစ်ကာ အသိုင်းအ၀ိုင်းဆိုတာလည်း အဲ့လောက် တုံးအ နေသူများ မဟုတ်သလို-၊ ဒုက္ခသည် လို့ သတ်မှတ်ရမယ့် လူ အမျိုးအစားကို ကမ္ဘာ့ ဥပဒေ အရသာ သတ်မှတ်ရပြီး၊ ကမ္ဘာ့ ဥပဒေဘောင်တွင်းကသာ ကူညီခွင့်များကို ပြုနိုင်သူများ ဖြစ်နေပါတယ်။ (ဒါကိုလည်း ဦးသိန်းစိန်တို့ အစိုးရ အနေနဲ့ မသိဟန် မရှိပါ။)

ဘယ်လို ဖြစ်ဖြစ် ဦးသိန်းစိန်တို့မှာ နိုင်ငံရေး အရ အမြတ်ထွက်သွားတာ ရှိနေပါတယ်။- အဲ့ဒါက ရခိုင်ခွဲထွက်ရေး အုပ်စုတွေဟာ ထိုင်းနယ်စပ်မှာ၊ တရုတ်နယ်စပ်မှာ စစ်သင်တန်းတွေ တက်နေတယ် ဆိုပေမယ့်-၊ တစ်ကယ့် ရခိုင်အရေးကို လုပ်ဘို့ ရခိုင် ဘင်္ဂလား နယ်စပ်ကိုပဲ ခြေကုပ်ယူလာရမှာပါ။ ဒီအခါ- စစ်တကောင်းတောင်ပေါ်မှာ ရှိတဲ့ ရခိုင်စကားပြော စစ်တကောင်းနယ်သားတွေရဲ့ ရွာများ၊ တောင်ယာများဟာ ရခိုင်ခွဲထွက်ရေး ၀ါဒီတွေရဲ့ ကျက်စားရာ စခန်းများ ဖြစ်လာမှာ သေချာပါတယ်။ ဒါတွေကို ကြိုတင် အကြောဖြတ်တဲ့ အနေနဲ့ - မြန်မာပြည် အပြင် (နယ်စပ်)က ရခိုင်ရွာများကို ဖျက်သိမ်းထားလိုက်တဲ့ သဘောလို့ ပြောနိုင်ပါတယ်။

နောက်တစ်ချက်က- ရခိုင်နယ်မှာ သူတို့ လုပ်ခဲ့သမျှ လက်ညှိုးထိုးပြနိုင်မယ့် တရားခံများကို ခြံထဲထည့်ထား လိုက်ခြင်းလို့လည်း ပြောနိုင်ပါတယ်။

ဒီအတွက် လေလုံးကြီးကြီးနဲ့ ခွဲထွက်ရေး အသံကို လွှတ်တော်ထဲထိ ဟစ်ပြနေတဲ့ ဘင်္ဂလီ အေးမောင်ကို အသာလေး မွေးထားလိုက်ပြန်ပါတယ်။ ရခိုင်နယ်က မွတ်ဆလင်များကို သတ်ချင်တိုင်း သတ်နိုင်ဘို့ရာ ရခိုင် လူမျိုး လှမောင်တင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခိုက်- ဘင်္ဂလီအေးမောင်ကိုလည်း လွှတ်ပေးထားလိုက် ပြန်ပါတယ်။ ဒီအခြေအနေမှာ ဘ၀င်လေဟပ်သွားတဲ့ ဘင်္ဂလီအေးမောင်က "ငါတို့ အဖ နိုင်ငံတော်ကြီး လွတ်လပ်တော့မယ်- ဗမာကိုလိုနီအောက်က လွတ်အောင်ပြေးခဲ့တဲ့ ရခိုင်မျိုးနွယ်တို့ အဖ နိုင်ငံတော်ကြီးဆီ ပြန်လာခဲ့ကြ၊ ကုလားတွေဆီက မြေတွေကို သိမ်းပြီး မင်းတို့ကို ပေးမယ်၊ ဒါတွေဟာ မင်းတို့ရဲ့ အမွေပိုင်မြေတွေ ဖြစ်တယ်၊" လို့ အောက်လမ်းက စည်းရုံးလိုက်ပါတယ်။ တစ်ဘက်မှာ မွေးစား အဖေ ဦးသိန်းစိန်ကို "လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ လုပ်ကြံပေးမယ်၊" လို့ ကတိပေးပြီး- မွတ်ဆလင် ရှင်းလင်းရေး အတွက် စစ်တပ်ကို ကျောထောက်နောက်ခံယူလိုက်ပြန်တယ်။

တစ်ပြိုင်နက်မှာ ရခိုင်ခွဲထွက်ရေးကို စနစ်ဇယားချပေးတဲ့ ဒေါက်တာအေးကျော်ရဲ့ ဗျူဟာ အတိုင်း ဘုန်းကြီး လောက၊ မီဒီယာလောက ထဲကို ငွေကြေး အမြောက်အများနဲ့ ၀င်လုံးထားခဲ့ပြန်တယ်။ (ဒီငွေကြေး ဆိုတာ- မူးယဇ်ဆေး ကုန်ကူးရာက ၀င်တဲ့ ငွေကြေးများပါ။) NLD ထဲမှာ လူ မြှုပ်ဘို့ ငွေကြေး အမြောက်အများ သုံးခဲ့သလို- 88 ကိုလည်း လက်လွတ်မခံခဲ့ပါ။ ဒါတွေကို ဦးသိန်းစိန် အစိုးရက သိနေခဲ့ပါတယ်။ ဒီတင်မက ကမ္ဘာ့ အသိုင်းအ၀ိုင်းကလည်း သိနေခဲ့ပါတယ်။ (ကမ္ဘာ့ အသိုင်းအ၀ိုင်းက သိနေခဲ့လို့ တစ်စချင်း ဆွဲထုတ်ကာ မွတ်ဆလင် နှိပ်ကွပ်မှုကြီးကို တန်ပြန်နိုင်ခဲ့တာပါ။)

ဘင်္ဂလီ အေးမောင်ကို အားကိုးပြီး စစ်တကောင်းဒေသက ၀င်လာခဲ့တဲ့ လူတွေမှာလည်း မြေတစ်ကွက်များ ရလေမလားလို့- ရိုဟင်ဂျာများထံမှ မြေလု၊ ယာလု- လူသတ်မှုပေါင်းများစွာမှာ လက်ထည့်မိသား ဖြစ်သွားခဲ့ သလို၊- တစ်ဘက်မှာ ဘင်္ဂလီအေးမောင်နဲ့ ခွဲထွက်ရေးဝါဒီတို့ အကြောင်း ခရေစေ့တွင်းကျ သိထားတဲ့ ဦးသိန်းစိန် အစိုးရက "ကြက်လည်းပန်းစေ- ယာလည်းညက်စေ"- "ရခိုင်လည်း တရားခံ ဖြစ်စေ- အတိုက်အခံ များလည်း ကျဆုံးစေ" ဗျူဟာကို အလိုက်သင့် အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘယ်သူတွေ မုန်းမုန်း၊ ဘယ်သူတွေ ချစ်ချစ်- ရိုဟင်ဂျာ ဆိုတာ ရခိုင်ဒေသရဲ့ မူလဘူတ ဇစ်မြစ် လူမျိုး ဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရက သိပြီးသားပါ။ အစိုးရ တစ်ရပ် အနေနဲ့ နိုင်ငံ့သမိုင်းကို ပြဲပြဲစင် ကျေညက်တဲ့ သမိုင်း အဓိပတိကြီးများဆီက မသိဘဲ မရှိပါ။- ဒီအချိန်ထိ မြန်မာ့ သမိုင်း အဓိပတိကြီးများကို ထုတ်သုံးခြင်း မရှိဘဲ- သမိုင်းပညာကို တစ်လုံးတစ်ပါဒ မလေ့လာခဲ့တဲ့- (သမိုင်းနဲ့ မဆိုင် စစ်ဗိုလ်လူထွက်) များကိုသာ ထုတ်သုံးပြီး- ရခိုင်ခွဲထွက်ရေး ၀ါဒီများ အကြိုက် အနံ့ပေး ပြောဆိုမှုများသာ ရှိနေခဲ့တာက- သက်သေတစ်ရပ် ဖြစ်နေပါတယ်။

မကြာမှီမှာ ဦးသိန်းစိန် အစိုးရက ဒီအချက်ကို ထုတ်သုံးပါတော့မယ်။ Genocide အတွက် တရားခံများဟာ ရခိုင်များသာ ဖြစ်ကြောင်း၊ ရခိုင်များကို မြှောက်ပင့်ပေးတဲ့ 88 က ခေါင်းဆောင်မှန်းများ၊ NLD က မျက်ကန်းများ၊ NDF က ဦးနှောက်ကြွက်တက်နေသူများသာ ဖြစ်ကြောင်း- ကမ္ဘာ့အလယ်မှာ ထိုးကျွေးလိုက်ပါတော့မယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့- ခွဲထွက်ရေး ၀ါဒီများရဲ့ လည်မြိုကို ကိုင်မိပြီ ဖြစ်သလို- တစ်ဘက်မှာ အတိုက်အခံတို့ သည်လည်း မျက်ကန်း အမျိုးသားရေး ၀ါဒီများသာ ဖြစ်ကြောင်း ကမ္ဘာ့အလယ်မှာ သက်သေတစ်ရပ် ထူခဲ့နိုင် ပါပြီ။

နိုင်ငံရေး နိုင်ငံရေး- လို့ လမ်းပေါ်ထွက် ဆန္ဒပြတာကလွဲ ဘာကိုမှ မလေ့လာခဲ့တဲ့- ပါးစပ်နိုင်ငံရေး သမားမျိုး ဆက်နဲ့- တစ်ဘက်က- ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်တဲ့ လက်တွေ့ အုပ်ချုပ်မှု ပညာ မျိုးဆက် တို့ရဲ့ ကွာဟမှုကို ဦးသိန်းစိန်တို့ဘက်က ထုတ်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးမှာ မြေတစ်ကွက် အတွက် ဘ၀ ပျက်သွားရသူများကတော့ ဘင်္ဂလီ အေးမောင်ကို ယုံမိသူများ၊ ဘင်္ဂလီ အေးမောင်နောက်ကို လိုက်မိသူများသာ ဖြစ်သွားရဘို့ ရှိနေပါတော့တယ်။

(ဒီဆောင်းပါးကြောင့်- ကျွန်တော်တို့ အမှုဖွင့်ထားတဲ့ Genocide အမှု- သွေဖီသွားပြီလို့ မဆိုလိုပါ။)

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
Rohingya Exodus