နောက်ဆုံးသတင်း/ဆောင်းပါးများ
RB News
6.1.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်မြေမှူး တစ်ဦး ဖြစ်သော ရဲမှူး သိန်းထွန်းကျော်က ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ရဲမှူး သိန်းထွန်းကျော်နှင့် အဖွဲ့သည် ၂၀၁၄ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘူးသီးတောင် မြို့နယ် အထက်ကျွဲကြိုမော် ကျေးရွာ အုပ်စု၊ ကာဒီရွာမှ ဦးကာဒီဟူဆောင်းကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ရာ၊ သေလုမျောပါး ဖြစ်ခဲ့ရပြီး၊ ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ရသည်။ ထိုသို့ လူမဆန်စွာ ရိုက်နှက်ခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာသို့ တိုင်တန်းပါက အသေသတ်ပစ်မည်ဟု ရဲမှူး သိန်းထွန်းကျော်က ခြိမ်းခြောက် ခဲ့ပြီး၊ ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရဲမှူး သိန်းထွန်းကျော်သည် တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ရဲမှူး အဆင့်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကြောင်း၊ လောဘ အလွန်ကြီးသလို၊ ဒေါသကြီးသူ တစ်ဦးလည်း ဖြစ်ကြောင်း၊ အထက် အရာရှိ၊ လက်အောက်ငယ်သား များကိုလည်း အမြဲ မချေမငံ ပြောဆိုသူ ဖြစ်ကြောင်း အမည် မဖော်လိုသည့် နယ်ခြားစောင့် ရဲတစ်ဦးက ပြောပါသည်။
၎င်း၏ တာဝန်မှာ နယ်မြေတွင်း လုံခြုံရေးနှင့် ပြည်သူများကို စောင့်ရှောက်ရန် ဖြစ်သော်လည်း ပြည်သူများကို နေ့စဉ်နှင့် အမျှ ဒုက္ခပေးလျက် ရှိပြီး၊ ရရှိထားသည့် ရာထူးနှင့် သြဇာ အာဏာကို အလွဲသုံးစား ပြုလုပ်၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။ ရဲမှူး သိန်းထွန်းကျော်နှင့် ပတ်သက်၍ ဒေသခံများက တပ်ရင်းမှူး ထံတိုင်ကြား ထားကြောင်း၊ သို့သော်လည်း နေ့စဉ် အဆက် မပြတ် ဥပဒေမဲ့ ပြုလုပ်နေခြင်း များကို အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် ပြည်ထောင်စု အစိုးရနှင့် ပြည်ထဲရေး ၀န်ကြီး တို့ကို တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။
ဌေးလွင်ဦး
RB News
6.1.2015
မြန်မာနိုင်ငံ၏ ပထမဆုံး ပြည့်ရှင်မင်းမှာ အနော်ရထာ ဖြစ်သည်ဟု အစဉ် နားလည် ထားမှုကြောင့် အနော်ရထာ မတိုင်မှီက ပုဂံပြည် (ပေါက်ကံပြည်) မရှိခဲ့ဟုလို့-၊ မြန်မာ လူမျိုးပင် မရှိခဲ့ ဟုလို့ နားလည်မှု လွဲမှားသည်ထိ ဖြစ်လာ ခဲ့ရသည်မှာ လက်တွေ့ပင် ဖြစ်တော့သည်။
အစဉ်အလာ ပြောဆို မိန့်မှာ သင်ရိုးတို့၏ အလွဲမှာ နောက်မျိုးဆက် အတွက် ဦးနှောက်မှိုင်း တိုက်ခံ ရသည်သာ ဖြစ်လေသည်။
အလားတူပင် ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား လိုက်လေသမျှသော လူကြီးလူငယ်များမှာ ၎င်းတို့၏ လူမျိုးအစ သင်္ဘောပျက်မှ ဟုလို့ နားလည်မှုမှာလည်း ကြီးစွာသော လွဲမှားမှုသာ ဖြစ်နေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာ လူမျိုး သမိုင်းနှင့် စပ်လျဉ်း၍ သင်္ဘောပျက် ဇတ်လမ်းအား ကျွန်ုပ် ၁၀ တန်းအောင်ပြီးနှစ် ၁၉၈၆ ခုနှစ်မှပင် စတင် ကြားဖူးခဲ့သည်။ ထိုစဉ်က ဟုတ်ချင် ဟုတ်မည်ဟုသာ ခံစားမိခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား စိတ်ဝင်တစား မလေ့လာမိခဲ့ပေ။
နောက်ပိုင်းတွင်မှ လေ့လာမိသော အခါ- ထိုသမိုင်းသည် ကြီးစွာလွဲမှားသော သမိုင်းရင်းမြစ် ဖြစ်နေကြောင်းကို တွေ့ရတော့သည်။ လွဲမှားသည်ဟူသော အချက်အား ကျွန်ုပ်အနေဖြင့် ယုတ္တိမဲ့ ပြောဆိုခြင်း မဟုတ်ပေ။ အေဒီ ၇ - ၈ ရာစုလောက်တွင် အာရဗ် သင်္ဘောတစ်စင်းသည် ရမ်းဗြဲကျွန်း ရှိ လေးတောင်ရွာ အနီးတွင် ပျက်၏။ ထိုမှ အာရဗ် သင်္ဘောသား များနှင့် ဒေသခံ ရခိုင် အမျိုးသမီးများ စုံဖက်၏။ ထိုမှ ကပြား လူမျိုးများ မွေးဖွားလာ၏- ဟူသည်မှာ ဖြစ်နိုင်ချေ ရှိသော်လည်း-၊ ထိုဖြစ်တည် လာသော လူမျိုးဟူသည်မှာ ယခု ရိုဟင်ဂျာ ဟုခေါ်သော လူမျိုး လုံးဝ မဖြစ်နိုင်ပါ။
အဘယ်ကြောင့် ဆိုသော်- အကယ်၍ ရိုဟင်ဂျာတို့သည် အာရဗ်ကပြားများ ဖြစ်လေလျှင်-၊ ဖခင်ဘက်အား လိုက်၍ အာရဗ် စကားကို ပြောဆိုသည့် လူမျိုး ဖြစ်ရမည်၊ သို့မဟုတ် မိခင်ဘက်အား လိုက်၍ ရခိုင် စကားပြော လူမျိုး ဖြစ်ရပေမည်။ သို့မဟုတ် အာရဗ်နှင့် ရခိုင် ကြား ကပြား ဘာသာ စကား တစ်ရပ်ကို ပြောဆို ရပေလိမ့်မည်။ ယခုမူ ထိုသို့ အလျဉ်း မဟုတ်--၊ ရိုဟင်ဂျာ တို့တွင် ယနေ့တိုင် ကိုယ်ပိုင် ဘာသာစကား ရှိနေပြီး ထိုစကားမှာ ရခိုင် ရှေးဦး ဘုရင်များ၏ ကျောက်စာပါ စကားများ ဖြစ်နေခြင်းပင်။
အစ္စလာမ် သာသနာပြု များကြောင့် အစ္စလာမ် သာသနာသို့ ကူးပြောင်း လာခဲ့သည့် အတွက် ဘာသာရေး ဆိုင်ရာ အသုံးအနှုန်းများတွင်သာ ကုရ်အာန်သုံး အာရ်ဗီ ဝေါဟာရများ ပါဝင်နေခြင်းမှ အပ- အခြားသော ဘာသာစကား အများစုမှာ ရှေးအကျဆုံး မြန်မာ့ လူမျိုးတို့ ပြောဆိုခဲ့သည့် ပါဠိ ဝေါဟာရ များသာ ဖြစ်သည်။
ထို့ကြောင့် ရိုဟင်ဂျာ လူမျိုး၏ မူလဇစ်မြစ် သဘာဝအား လိုက်လျှင် ပင်လယ် သမုဒ္ဒရာအား ကျော်ဖြတ်လျက် တိုင်းခြားမြေခြား အာရဗ်တို့၏ နောက်သို့ လိုက်နေမည့် အစား- အမှန် စင်စစ် အနီးစပ် ဆုံးသော ရခိုင်မြေတွင်သာ ရှာဖွေဖေါ်ထုတ် ရမည်သာ ဖြစ်တော့သည်။
ရခိုင်ကျောက်စာ များအရ သော်လည်းကောင်း၊ ရခိုင် မင်းဆက်တို့၏ အမည်နာမ ရိုးရာ ဓလေ့များ အရသော်လည်း ကောင်း ရိုဟင်ဂျာတို့သည် ရှေးဦးဗမာတို့ ရခိုင်မြေသို့ မရောက်မှီကပင် ရခိုင်မြေတွင် အခြေချပြီးသား လူမျိုးစု ဖြစ်ကြောင်း ကျွန်ုပ်အနေဖြင့် မြောက်များစွာ ဖေါ်ထုတ်တင်ပြပြီး ဖြစ်သည့် အပြင်- ကမ္ဘာ့ ပညာရှင်များမှ ထိုအချက်အား စနစ်တကျ လေ့လာလျှက် ဟုတ်မှန်ကြောင်း သက်သေတည်ပြီး ဖြစ်နေခဲ့လေပြီ။
ဤနေရာတွင် တင်ပြလိုသည်မှာ- ရိုဟင်ဂျာ တို့သည် ရခိုင်မြေ၏ မည်သည့် အရပ်ထိ ပျံ့နှံ့ အခြေချ နေထိုင်ခဲ့ကြ သနည်း ဟူသည်ပင်-။ အမှန်သော်ကား ရိုဟင်ဂျာတို့၏ မျိုးနွယ်များမှာ နီပေါလ် ဘက်မှ တစ်ဆင့် အာသံ မဏိပူရဘက်မှ ဆင်းသက်လာ သော လူမျိုးနွယ်စု ဖြစ်၍ စစ်တကောင်း တောင်တန်း၏ အရှေ့ဘက် အခြမ်းတွင် နေထိုင် အခြေချသူများ ဖြစ်ကြသည်။ သို့သော် ကာလဒေသနှင့် အချုပ်အခြာ သတ်မှတ် ပိုင်စိုးမှု အလျှောက် ယခုရခိုင်ဒေသဟု ခေါ်တွင်သော မြေဒေသတွင် နေထိုင်အခြေချခဲ့သော လူမျိုးစုမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု သတ်ခေါ်တွင်ကာ ရခိုင်မြေမှ အနောက်ဘက်သို့ ယွန်းသော ဒေသတွင် နေထိုင်သည့် လူမျိုးစုအား အာနီကြာ ဟု ရှေးနှစ်ပေါင်း ပဋိစ္ဒေမှပင် ခွဲခြားသတ်မှတ်ခဲ့လေသည်။ (ရှမ်း၊ လော၊ ထိုင်း လူမျိုးများကဲ့သို့ အနွယ်တူသော်လည်း ကိုယ်မြေဖြင့်ကိုယ် သတ်မှတ်ခွဲခြားပြီး ဖြစ်ခဲ့သည်- ကို ယှဉ်တွဲနားလည်စေလိုသည်။)
ရခိုင်ဒေသသို့ ရှေးဦး မြန်မာ လူမျိုးနွယ်များ ရောက်ရှိလာခဲ့ပြီး အေဒီ ၉ ရာစုနောက်ပိုင်းတွင် ရှေးဦးမြန်မာလူမျိုး ဖြစ်သည့် မော့ဂ်ခေါ် (ရခိုင်သား) တို့က သြဇာ လွှမ်းမိုးသွားခဲ့သော်လည်း လူမျိုးနှစ်စု၏ ထိပ်ဆိုင် ပဋိပက္ခမှာ ကြီးထွားမှု မရှိခဲ့ပေ။ ထိုမျှသာမက ရခိုင်ဒေသအတွင်း အခြေချနေထိုင်ကြသော ချင်း၊ လင်း၊ ခမွီး၊ မြို စသည့် မည်သည့် လူမျိုးနှင့်မျှ- လူမျိုးတုံး သတ်ဖြတ်သည်ထိ ရန်လိုမုန်းထားခြင်း ရှိခဲ့ကြောင်း သမိုင်းနောက်ခံ မတွေ့ရ ပေ။ ထိုစဉ်က ရခိုင်ဒေသသား အားလုံး ဗမာ တို့၏ ရန်အား ကာကွယ်ရန် လည်းကောင်း၊ ဘင်္ဂလားတို့၏ ရန်အား တုံ့ပြန်ရန် လည်းကောင်း ညီညွတ်ခဲ့ဟန်သည်။ ပြည်ပ ရန်အား ကာကွယ်နေရသူတို့ သဘာဝ ပြည်တွင်း ပြဿနာအား မကြီးထွားရစေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
သမိုင်းစဉ်ဆက် အတူနေထိုင်ခဲ့သော လူမျိုးများ၏ အကြားတွင် မမျှော်လင့်သော ပြဿနာကြီး တစ်ခုမှာ ၁၉၄၂ ခုနှစ်တွင်မှ စတည်ခဲ့ခြင်း ဖြစ်ပြီး- ကမ္ဘာနှင့် အ၀န်း ကိုလိုနီနိုင်ငံများ အမျိုးသားရေးစိတ် ထကြွလာခြင်းကြောင့် ဟု သုံးသပ်နိုင်သည်။ လူမျိုးကြီး လူမျိုးငယ်ကြား ပြဿနာ၊ ဘာသာ တရား ကိုးကွယ်ရာ အုပ်စု မတူညီမှုကြောင့် ခွဲခြားခြင်း ပြဿနာ- တို့မှ ကမ္ဘာနှင့်အ၀ှမ်း ဖြစ်တည်ခဲ့ပြီး ထိုပယောဂမှာ မြန်မာနိုင်ငံသို့ပါ ထိုးဖောက်ခြေကုပ်ယူခဲ့ ခြင်းဖြစ်သည်။
အခြားသော နိုင်ငံအများတွင် ထိုရောဂါဆိုးအား ပြန်လည် ကုစားနိုင်ခဲ့သော်လည်း- ဒုတိယ ကမ္ဘာစစ်မတိုင်မှီ ဖြစ်တည်နေသည့် ဂျပန်တို့၏ အမျိုးသားရေးဝါဒ အစွဲ စစ်ပညာကို သင်ယူခဲ့သော မြန်မာ့ တပ်မတော်မှ မြန်မာနိုင်ငံအား စဉ်ဆက်မပြတ် အုပ်ချုပ်သွားသော အခါ- မြန်မာနိုင်ငံတွင် ထိုလူမျိုးရေး ဘာသာရေး ပြဿနာ ကြီးမှာ နှစ်ရှည်လများ ကုရခက်သော အနာဆိုးကြီး သဖွယ် လှိုက်စားလျက် ရှိနေတော့သည်။ (အကယ်၍သာ ယခုခေတ် ဂျပန်တို့၏ စိတ်နေစိတ်ထားဖြင့် စစ်ပညာအား သင်ယူခဲ့ရလျှင် ထိုမျှ ဆိုးနိုင်ဖွယ် အကြောင်း မရှိနိုင်ပေ။) တနည်းအားဖြင့် စိတ်နေစိတ်ထား သင်ရိုးညွှန်းတမ်း အဟောင်းအတိုင်း ဆက်လျှောက်နေမိခြင်း ကြောင့်ဟု သုံးသပ်နိုင်သည်။
ရိုဟင်ဂျာတို့၏ ပျံ့နှံ့မှုမှာ မေယုဒေသမှ ရမ်းဗြဲကျွန်းထိ ရှိခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မတိုင်မှီထိ လူမျိုးရေး ဘာသာရေး ပြသနာ မရှိခဲ့ သဖြင့် မိမိလူမျိုးဟူသော ရပ်တည်ချက် တစ်ခုပေါ်တွင် ရိုဟင်ဂျာတို့ အဖြေထုတ် ရပ် တည်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၄၂ နှစ် လူမျိုးရေး ပြဿနာနှင့် ဖိနှိပ်ခံလိုက်ရမှုကြောင့်သာ ရိုဟင်ဂျာ ဟူသော ရပ်တည်ချက်ဖြင့် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်လေသည်။
သို့တိုင် ရိုဟင်ဂျာ လူနည်းစုနေထိုင်သော ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ တို့မှ ရိုဟင်ဂျာများ အနေဖြင့် ဘေးအန္တရာယ်များကို ကြောက်ရွံ့ရလျှက် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ မျိုးနွယ်မှ ဖြစ် သည်ဟု ထုတ်ဖေါ်ပြောဆိုရဲခြင်း အလျဉ်းမရှိခဲ့ပေ။
သင်္ဘောပျက်ဇတ်လမ်းအား ဖက်တွယ်လျက် အာရဗ်- ရခိုင်ကပြားလိုလို မအူမလည် ရပ်တည်ခဲ့ရသည်သာ ဖြစ်တော့သည်။ ရံဖန်ရံခါ သူတို့ကိုယ်သူတို့ ရခိုင် အစ္စလာမ် ဟုလည်း ရပ်တည်ခဲ့မှုများ ရှိခဲ့သည်။
ကျွန်ုပ် ကျောက်နီမော်ရွာတွင် လနှင့်ချီ၍ တည်းခိုနေထိုင်ခဲ့ဖူးသည်။ ကျောက်နီမော်ရွာသို့ ရောက်မှ ကမန် လူမျိုးဟူသော အစ္စလာမ် သာသနာဝင်တို့အား စတင် တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ ကျောက်နီမော် တစ်ရွာလုံးတွင် ကမန်ဟု ခံယူသော အိမ် လေးအိမ်မျှသာ တွေ့ရပြီး- ၎င်းတို့မှာ ကျောက်နီမော် ကျောက်ထရံရှိ လူများနှင့် ရုပ်ရည်၊ ဓလေ့ ကွဲပြားနေသည်မှာ ထင်ရှားပေါ်လွှင်လှပေသည်။ လူတို့သဘာဝ ခွဲခြားမှု ရှိသည်နှင့်အညီ ကမန် တို့နှင့် ကျောက်နီမော်၊ ကျောက်ထရံ ရွာသားများကြားတွင်လည်း လူမျိုးမတူဟူသော အစွဲဖြင့် ခွဲခြားမှု ရှိနေ ကြောင်းလည်း မျက်ဝါးထင်ထင် မြင်ခဲ့တွေ့ခဲ့ရသည်။
ခေတ်ကာလ စနစ်ဆိုးအား ကာကွယ်လိုသည့် သဘောဖြင့် ဖြစ်စေ၊ အရှေ့သား အနောက်သား ခွဲခြားလိုသည့် စိတ်ဖြင့် ဖြစ်စေ- ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ပိုက်ဆိပ်တို့မှ လူများက "ငါတို့သည် ရိုဟင်ဂျာ လူမျိုးမှ မဟုတ်" ဟု ကြွေးကြော်လေလျှင် ထိုသို့ ကြွေးကြော်ရင့်ကျူးမှုမှာ သမိုင်းမှားအား ကျူလွန်ခြင်းသာ ဖြစ်ပေမည်။
ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ရှိ လူမျိုး၏ ဘာသာစကားမှာ ရခိုင်စကား လုံးဝ မဟုတ်ပေ။ ဓလေ့ စရိုက်မှ အစ ရခိုင်လူမျိုးနှင့် ကွဲပြားလျက် ရှိနေသည်။ သို့ဖြစ်၍- ပိုးဟပ်အား အမြှီးတပ်လျှင်လည်း အိမ်မြှောင် မဖြစ်နိုင် သကဲ့သို့၊ အိမ်မြှောင်အား အမြှီးဖြတ်လျှင်လည်း ပိုးဟပ် မဖြစ်နိုင်ပေ။ ထိုဒေသရှိ လူတို့ ပြောဆို သုံးစွဲ နေသော ဘာသာစကားမှာ မြောက်ပိုင်း ရိုဟင်ဂျာများနှင့် အသံအနည်းငယ်သာ ၀ဲသော- ဘာသာ စကားတူပင် ဖြစ်သည်။ ယနေ့ ရခိုင်လူမျိုးများသည်လည်း မြောက်ပိုင်း စစ်တွေဘက်မှ ပြောသော အသံနှင့် တောင်ပိုင်း ရမ်းဗြဲ တောင်ကုတ်တို့မှ ပြောသော အသံမှာ အကြီးအကျယ် ကွဲပြားလျက် ရှိနေသည်။ သို့သော် အသံသာ ကွဲလျက် (အနည်း အကျဉ်းသော အခေါ်အဝေါ်သည်သာ ကွဲလျက်) ဘာသာစကား အတူတူပင် ဖြစ်လေသည်။
ဒေသစွဲ၊ နေရာစွဲ အမျိုးစွဲများကြောင့် လူမျိုးစု တစ်စု အတွင်း စည်းလုံးညီညွတ်မှုများ မယုတ်လျှော့သင့်ပေ။ မိမိတို့အား ဖိနှိပ်နေသည့် လူမျိုးအား ကြောက်ရွံ့သောကြောင့်လည်း အချင်းချင်း သွေးမကွဲသင့်ပေ။
အကယ်၍ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူမှ လူမျိုးစုသည် မိမိကိုယ်မိမိ ရိုဟင်ဂျာ ဟု မခံယူဘဲ ရခိုင် လူမျိုးဟု ခံယူလျှင် ရခိုင်လူမျိုးတို့မှ ကြည်ဖြူပါမည်လော-၊ စဉ်းစားသင့်သည်။ ကျွန်ုပ်ပြောနိုင်သည်မှာ- ဝေးလာမှ ဝေးပါလိမ့်မည်။ သို့ဖြစ်နေသည်ကို သိနေပါလျက် မိမိလူမျိုး၏ အစစ်အမှန်အား မထုတ်ဖေါ်ရဲလျှင်လည်း အချိန် ကာလ အလျောက် နှုတ်ဆိတ်၍သာ နေသင့်ပြီး- ရိုဟင်ဂျာ လူမျိုး မဟုတ်ဟု အတင်း ခြံခုန် မထွက်သင့်ပေ။
ယခုအခါ- ရိုဟင်ဂျာ လူမျိုးစု ဆိုသည်မှာ ကမ္ဘာ့ ကုလသမဂ္ဂမှ တရားဝင် အသိအမှတ် ပြုထားသော ကမ္ဘာပေါ်တွင် တစ်ခုတည်း ရှိသည့် လူမျိုးစု ဖြစ်နေလေပြီ။ ရိုဟင်ဂျာတို့အား မတရားသဖြင့် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ စော်ကားမှုတို့အား ကာကွယ်စောင့်ရှောက်ရန် ကုလသမဂ္ဂမှ အတည်ပြု ဆုံးဖြတ်ပြီးလည်း ဖြစ်နေခဲ့လေပြီ။ ထိုအခြေအနေ မျိုးတွင်မှ ခြံခုန်ထွက်လိုသူတို့သည် - အမျိုးသား သစ္စာဖေါက်များသာ ဖြစ်ရပေလိမ့်မယ်။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
ဗွီအိုအေမြန်မာပိုင်း
5.1.2015
မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာ နိုင်ငံတွင်း ရခိုင် ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက လူ့အခွင့် အရေး အခြေ အနေကို သုံးသပ် လေ့လာဖို့ အတွက် အခုလာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် တွင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေ အခြေ အနေ တိုးတက်မှု ရှိမရှိ ဆိုတာကို သုံးသပ်မှာ ဖြစ်သလို ရှမ်းပြည် မြောက်ပိုင်းက လူနည်းစု လူမျိုးတွေရဲ့ လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာ သုံးသပ်ဖို့ လာရောက်မှာ ဖြစ်တယ်လို့ Ms. Yanhee Lee က ပြောဆိုတဲ့ အကြောင်း ကုလ သမဂ္ဂက သတင်း ထုတ်ပြန် ပါတယ်။ ခရီးစဉ် အတွင်း မှာပဲ ရခိုင် ပြည်နယ်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ ဆောင်ရွက်မှု တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ ရှိပြီး လူမှု အသိုင်း အဝိုင်းတွေ အကြား တင်းမာမှု ပဋိပက္ခ တွေနဲ့ ပတ်သက်လို့ အဲဒီ လူမှု အသိုင်း အဝိုင်း အကြီး အကဲ တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အပေါ်မှာ လိင်ပိုင်း ဆိုင်ရာ စော်ကား အကြမ်းဖက်မှု တွေနဲ့ ပတ်သက် လို့လည်း ပြောဆို ဆွေးနွေး သွားမယ်လို့ Ms. Yanhee Lee က ပြောပါ တယ်။ ဒါ့အပြင် လူမျိုး ဘာသာ ကာကွယ်ဖို့ ဆိုတဲ့ မျိုးစောင့် ဥပဒေ မူကြမ်း လေးရပ် အပေါ်မှာလည်း ဒါဟာ နိုင်ငံ တကာ လူ့အခွင့် အရေး စံနှုန်း စံထားတွေနဲ့ မပြည့်တဲ့ အချက်တွေ အပေါ်မှာလည်း အလေးပေး ဆွေးနွေးဖို့ ရှိပါတယ်။ ဒီ ဥပဒေကြမ်း တွေကို အတည်ပြု လိုက်မယ် ဆိုရင် ဒါဟာ လူနည်းစု ဘာသာ ဝင်တွေ၊ လူနည်းစု လူမျိုးတွေ အပေါ် ခွဲခြား ဆက်ဆံမှု ဖြစ်လာစေနဲ့ အမျိုးသမီးတွေ အပေါ် ခွဲခြား ဆက်ဆံမှု ဖြစ်လာစေ နိုင်တာမို့ ဒီအပေါ်မှာ အထူးပဲ စိုးရိမ် မကင်း ရှိနေတယ် လို့လည်း Ms. Yanhee Lee က ပြောတဲ့ အကြောင်း ကုလ သမဂ္ဂက ထုတ်ပြန် ပါတယ်။
ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာမယ့် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာပဲ အခြားသော လူ့အခွင့် အရေး ဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတဖို့ ကိစ္စတွေ အပေါ် အာဏာပိုင်တွေ အရပ်ဖက် လူမှု အဖွဲ့ အစည်း တွေနဲ့ တွေ့ဆုံ သွားဖို့လည်း ရှိပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေ ကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲ လုပ်မယ့် ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို အခု တခေါက် ဆိုရင် ဒုတိယ အကြိမ်မြောက် လာရောက်မှာ ဖြစ်ပါတယ်။
RB News
4.1.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာတွင် နယ်ခြားစောင့် ရဲကင်းစခန်း ဆောက်ရန် အတွက် ပုဇွန်ကန် လုပ်ငန်း လုပ်ကိုင်သူ များထံမှ ငွေကျပ် ၁၀ သိန်း ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။
၂၀၁၄ ဒီဇင်ဘာလ (၃၁) ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုကွပ်ကဲရေးမှူးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာသို့ ရောက်ရှိလာပြီး ဓါးပြရန် ကာကွယ်ရန် အတွက် ကင်းစခန်း တစ်ခု ဆောက်လုပ်ရမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း ကောက်ခံ ပေးရန် ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို မှာကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ကင်းစခန်းဆောက်ရန် နိုင်ငံတော် ဘဏ္ဍာမှ သုံးစွဲရမည် ဖြစ်သော်လည်း ဒေသတွင်း စီးပွားရေး မပြေမလည် ဖြစ်နေသည့် ဒေသခံများကို တမင် ၀န်ထိုးဝန်ပိုး ဖြစ်အောင် ပြုလုပ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ငွေကျပ် ၁၀ သိန်းကို ပြူးမချောင်း အနီးတ၀ိုက်တွင် ပုဇွန်ကန် လုပ်ငန်းဖြင့် လုပ်ကိုင် စားသောက် အသက်မွေးဝမ်းကျောင်း ပြုနေသူများထံမှ ကောက်ခံခဲ့သည်ဟု ဆိုသည်။ ငွေပေးရသည့် ပုဇွန်ကန် ပိုင်ရှင်များမှာလည်း စီးပွားရေး ချောင်လည် နေသူများ မဟုတ်ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကလည်း ရေမြောင်း တံတားဆောက် ရမည်ဟုဆိုကာ ဆင်းရဲသည့် ဒေသခံ များထံ ငွေကျပ် ၃ သိန်း ကောက်ခံ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
RB News
3.1.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း ၅၅၂ မှ ဗိုလ်မှူး ဆွေနီဌေး ဦးဆောင်သည့် အဖွဲ့သည် မိကျောင်းဈေး ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၂၄ ဦးထံမှ ငွေကျပ် ၂၂ သိန်းကျော် ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း ၅၅၂ မှ ဗိုလ်မှူး ဆွေနီဌေး ဦးဆောင်၍၊ တပ်ရေး တာဝန်ခံ ရဲထွန်းလှိုင်၊ တပ်ကြပ် ကျော်နိုင်ဦးနှင့် ၎င်းတို့၏ အကူ ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးအက်ရာမ် တို့သည် မိကျောင်းဈေး ကျေးရွာ အုပ်စု၊ ဘိုကြီးချောင်း ကျေးရွာ အပြစ်မဲ့ ဒေသခံ ၂၄ ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ခြိမ်းခြောက်၍ ငွေကျပ် ၂၂ သိန်း ၃ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၂၄) ဦးထံမှ ငွေများကို ၂၀၁၄ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့ အတွင်း ညှစ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ငွေညှစ်ခံရသည့် ဒေသခံများမှာ --
(၁) ဦးအဒူရော်ကိမ်း (ဘ) ဦးဘော်ဒီရာမန် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၂) ဦးဆော်ယာဒ်နူရ် (ဘ) ဦးအာဘူလူဆောင်း (ညှစ်ခံရသည့်ငွေကျပ် ၅ သောင်း)
(၃) ဦးမာမတ်ရှုရိဖ် (ဘ) ဦးဆွေတူဆောင်း (ညှစ်ခံရသည့်ငွေကျပ် ၄ သောင်း)
(၄) ဦးမာမတ်ရှုရိဖ် (ဘ) ဦးရှော်ဘိရ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၂ သိန်း ၅ သောင်း)
(၅) ဦးနူရ်မာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၇ သောင်း)
(၆) ဦးကမာလ်အူဒင် (ဘ) ဦးမာမတ်အီနုစ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၅ သောင်း)
(၇) ဦးမာမတ်ရီယာစ် (ဘ) ဦးအာဘူလ်ကာဆိမ်း (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၉ သောင်း)
(၈) ဦးမာမတ်တူဟာ (ဘ) ဦးဟာလဲစ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၄ သောင်း)
(၉) ဒေါ်ဟာကီမာလီ (ဘ) ဦးရှုနာလီ (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၅ သောင်း)
(၁၀) ဦးအဘူဆူဖီယာန် (ဘ) ဦးယာကုပ်မာမတ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၁၁) ဦးမာမတ်တော်ယုဖ် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၂) ဦးအဒူဂေါ်ဖော်ရ် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၃) ဦးမာမတ်အာယုဖ် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၄) ဦးဇော်ကော်ရီယာ (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၅) ဦးဆူဂုတ်အာလမ် (ဘ) ဦးအီနုစ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၆) ဦးဟာဖီးဇ်အာမတ် (ဘ) ဦးအဒူကာဒဲရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၇) ဦးမာမတ်ဆော်လာမ် (ဘ) ဦးဇော်မိရ်ဟူဆန် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၈) ဦးဆော်လီမူလ္လာ (ဘ) ဦးအဒူဂေါ်ဖော်ရ် (ညှစ်ခံရသည့်ငွေကျပ် ၂ သိန်း ၅ သောင်း)
(၁၉) ဦးကာလူ (ဘ) ဦးအလီအာဘောရ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၂၀) ဦးဆာဒဲခ်ဟူဆန် (ဘ) ဦးအဘူဆူဖီယန် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၂၁) ဦးမာမတ်ရီယာစ် (ဘ) ဦးအဘူလ်ကာဆိမ်း (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၈ သောင်း)
(၂၂) ဦးအီဆုပ် (ဘ) ဦးကာဆိမ်း (ညှစ်ခံရသည့်ငွေကျပ် ၂ သောင်း ၅ ထောင်)
(၂၃) ဦးဘော်ဒီရောန် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၂ သောင်း ၅ ထောင်)
(၂၄) ဦးဇာဖော်ရ် (ဘ) ဦးဖေရုစ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း) -- တို့ဖြစ်ကြောင်း သိရှိရပါသည်။
MYARF
RB News
3.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့် ရဲများက သ၀င်ချောင်းနှင့် သင်္ဘောကွေး ကျေးရွာများရှိ ဒေသခံ ရိုဟင်ဂျာ များကို အာဏာပိုင်များနှင့် နားလည်မှု ယူ၍ ဓါးပြတိုက် နေသည့် ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
၂၀၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့က မောင်တောမြို့နယ် သ၀င်ချောင်း ကျေးရွာ အတွင်းသို့ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများ ၀င်ရောက် လာပြီး၊ အာဏာပိုင်များနှင့် နားလည်မှု ယူ၍ ဓါးပြ တိုက်နေသည့် အဒူလ်ဟာကိမ်းနှင့် အဖွဲ့နှင့် ဆက်သွယ်၍ ကူညီနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဒေသခံ ရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီး၍ အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့ပြီး (၄) ရက်တိတိ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ၎င်းတို့ (၅) ဦးထံမှ ငွေကျပ် ၁၃ သိန်း ညှစ်ယူ၍ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဖမ်းဆီး ရိုက်နှက်ခံရပြီးနောက် ငွေညှစ်ခံရသည့် သ၀င်ချောင်းမှ ဒေသခံ ရိုဟင်ဂျာ (၅) ဦးမှာ --
(၁) ဒေါ်ရာဘီခါတူ (ဘ) ဦးမူဇဲရ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း)
(၂) ဦးမာမတ်နာဇီရ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၅၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း)
(၃) ဦးအာမာန်အုလ္လာ (ဘ) ဦးအာမီးန်အုလ္လာ - (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း)
(၄) ဦးရော်ဘီစ်အာမတ် (ဘ) ဦးအိုလာမျာ - (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း)
(၅) မော်လ၀ီ ဆော်ဒူ (ဘ) မော်လ၀ီ ဦးအဒူရာမန် - (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း) -- တို့ ဖြစ်ကြောင်း သိရသည်။
အလားတူ ယင်းနေ့ကပင် ဘင်္ဘောကွေး ကျေးရွာ အတွင်းသို့လည်း နယ်ခြားစောင့် ရဲများ ၀င်ရောက်ပြီး၊ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲပြီး ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၆ သိန်း ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
သင်္ဘောကွေးမှ ရိုက်နှက် ငွေညှစ်ခံရသူ (၃) ဦးမှာ --
(၁) ကိုမာမတ်ကာဆိမ်း (ဘ) ဦးဟာမိဒုလ္လာ (အသက် ၂၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း)
(၂) ဦးဟာရှိမ်းအုလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၅၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း)
(၃) ဦးဆွေယာဒူလ္လာ (ဘ) ဦးနာဇိရ်အာမတ် (အသက် ၄၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၇ သောင်း) -- တို့ဖြစ်သည်။
မောင်တောမြို့နယ် အတွင်း ယခင် န.စ.က လက်ထက်ကတည်းက ဓါးပြဗိုလ် အဒူလ်ဟာကိမ်းနှင့် အဖွဲ့ကို တရားဝင် ဓါးပြများကဲ့သို့ ထားရှိခဲ့ပြီး၊ ယခု အချိန်ထိ မကြာမကြာ ဓါးပြတိုက်မှုများ ပြုလုပ်လျက် ရှိသော်လည်း၊ အာဏာပိုင်များက အမှန်တကယ် ဓါးပြများကို ဖမ်းဆီးခြင်း မပြုလုပ်ဘဲ၊ အပြစ်မဲ့ ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း များသာ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
MYARF
RB News
3.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်တောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲများက ရိုက်နှက်၍ ဘင်္ဂလား ဖုန်းသုံးနေသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
၂၀၁၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျားခေါင်တောင်း ကျေးရွာမှ အေနာမုလ်ဟောက် (ဘ) ဦးဖွေယာဇုလ်ဟောက် (အသက် ၂၃ နှစ်) သည် တဖက်နိုင်ငံမှ ပြန်လာစဉ် ငါးခူရ ကျေးရွာ အုပ်စု၊ ခိုင်ဖာရာ၏ မြောက်ဘက်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ ၎င်း၏ ပစ္စည်းများထဲတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မပါရှိခဲ့သော်လည်း၊ အိတ်ထဲတွင် ဖုန်းအားသွင်းသည့် ကြိုးတစ်ကြိုး ပါရှိခဲ့ကြောင်း သိရှိရသည်။ ရဲများက အဆိုပါ ဖုန်းအားကြိုး ပါရှိသည်ကို ဘင်္ဂလား ဖုန်းပါသည်ဟု စွပ်စွဲ၍ ငါးခူရရှိ နယ်မြေရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ထို့နောက် အေနာမုလ်ဟောက်ကို ရဲများက ရိုက်နှက် နှိပ်စက်ပြီး ဘင်္ဂလား ဖုန်းသုံးနေသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး တစ်ရက် တိတိ ချုပ်နှောင် ထားကာ ငွေကျပ် နှစ်သိန်း ညှစ်ယူပြီး ဇန်န၀ါရီလ (၁) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မောင်တောနှင့် ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် တပ်ရင်းများ၊ ဌာန ဆိုင်ရာများ ကိုယ်တိုင် ဘင်္ဂလား ဖုန်းကို ပေါ်ပေါ်တင်တင် တရားဝင် သုံးစွဲလျက် ရှိပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်များ သုံးစွဲလျက် ရှိသော ဒေသခံ ရိုဟင်ဂျာ များကို အာဏာပိုင်များက ဘင်္ဂလား ဖုန်းများ သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက် ငွေညှစ်ခြင်းများ နေ့စဉ်များ အဆက် မပြတ် ပြုလုပ်လျက် ရှိသည်။ အာဏာပိုင်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရသို့ တိုင်စာများ အကြိမ်ကြိမ် ပို့၍ တိုင်ကြားလျက် ရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
ငါတို့ သန္နိဌာန်
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.1.2015
နှစ်​သစ်​ဝင်​၍ (၃)ရက်​​မြောက်​ဟာ
ရိုဟင်​ဂျာတို့ရဲ့ အမျိုးသား​နေ့ပါ ...
နေ့ထူး​နေ့မြတ်​ အခမ်းအနား
ချုပ်​ချယ်​မှုလှိုင်း ထန်​​နေတဲ့ကြားက
အစဉ်​မပျက်​ တို့​တွေကျင်းပ ...။
ခမ်းခမ်းနားနား မဖြစ်​ခဲ့လည်း
ရည်​ရွယ်​ချက်​က ထည်​ထည်​ဝါဝါ ...
ရောက်​​နေရတဲ့ ကျွန်​ဘဝက
လွှတ်​​မြောက်​ဖို့ရာ ဝိုင်းဝန်းကြံဆ ...။
လူအလွှာစုံ တက်​တက်​ကြွကြွ
ပါဝင်​ဆင်​နွှဲ ​ဆွေး​နွေးချိန်​ခါ
သန္နိဌာန်​​တွေ အခိုင်​အမာ
ချမှတ်​နိုင်​တာ ဂုဏ်​ယူစရာ ...။
ညှဉ်းပန်းဖိနှိပ်​ ခွဲခြားဆက်​ဆံ
ခံရလွန်းလို့ ​ခြေကုန်​လက်​ပန်း
ဒုက္ခသံသရာ ဤဘဝက
အပြီးအပိုင်​ ကျွတ်​နိုင်​ခြင်းငှာ
အမျိုးသားမာန်​ ဝိညာဉ်​ထဲသို့
ကိုယ်​စီသွင်းလို့ အား​တွေဖွားကြ ...။
အမာရွတ်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...။
မှေးမှိန်​သွားတဲ့ စိတ်​ဓာတ်​ခွန်​အား
ဤ​နေ့မြတ်ကို အစွဲပြု၍
ဝင်းဝင်းလက်​လက်​ ထွန်း​ပြောင်​ဖို့ရာ
အာဇာနည်​စိတ်​ ဖန်​တီးယူကြ ...။
စိတ်​ဝမ်းကွဲစိတ်​ ခန္ဓာထဲက
တစ်​စက်​မကျန်​ အပြီးဖယ်​ရှား ...
မေတ္တာမျှလို့ တစ်​စိတ်​ပမာ
တူရာစိတ်​ဖြင့်​ ရင်​ချင်းထိကြ ...။
ပန်းတိုင်​တည်​ရာ ခရီးလမ်းမှာ
ငရဲမင်းပမာ အုပ်​ချုပ်​သူများက
နှိပ်​စက်​မှုဖြင့်​ ကာဆီး​နေကာ
ခေါင်းငုံ့မခံ မယိုင်​​ခြေလှမ်း
ဇာတိပြင်းစိတ်​ နှလုံးသွင်းလို့
ချီတက်​ဖို့ရာ သစ္စာဆိုကြ ...။
ဘုံပန်းတိုင်သို့ တူတူလျှောက်ချိန်
တရားမျှတမှု ဥ​ပေက္ခာပြုခံရတဲ့ခါ
အ​မှောင်​ရင့်​လို့ လမ်း​တွေ​ပျောက်​သွားလည်း
မျှော်​လင့်​ချက်​မပျက်​ မာန်​ခဲဝင့်​လျက်
ရိုဟင်​ဂျာများရဲ့ အခွင့်​အ​ရေးရတနာ
တိုက်​ပွဲဝင်​၍ အရယူသွားမှာ
အမျိုးသား​နေ့ရဲ့ ထူးခြားတဲ့သန္နိဌာန်​ပါ ...။
* ၂၀၁၅ ခုနှစ်​ ဇန်​နဝါရီလ (၃)ရက်​​နေ့တွင်​ ကျ​ရောက်​​သော ရိုဟင်​ဂျာ အမျိုးသား​နေ့ကို ဂုဏ်​ပြု၍ ​ရေးသားခြင်း ဖြစ်​ပါသည်​။
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့ 
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း
RB ကဗျာ
2.1.2015
ရိုဟင်ဂျာတွေ့ 
လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ဝယ် 
နောက်ပြန်မလှည့်ပါရစေနဲ့ 
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့ 
သက်တမ်းတိုတို ရှိုက်သံပြင်းနဲ့ 
ရှည်လျားခရီး ရွက်လွင့်နေပြီ 
လောင်စာကုန်ငြား တက်ကျိုးလည်းပဲ 
နိမိတ်ပုံလှ ထုဆစ်နေတာ 
အံ့မခန်းဖွယ် လေးစားစရာ။
ရိုဟင်ဂျာတွေ့ 
လှိုင်းဒဏ်လေဒဏ် ခံနိုင်လူသား 
လွတ်လပ်ခြင်းရဲ့ လေပြည်တွေနဲ့ 
အနာဂတ်ကို ဝပြောချင်တာ 
ငြိမ်းချမ်းမှုရဲ့ အနမ်းတွေနဲ့ 
ဒဏ္ဍာရီဇာတ်လမ်းခင်းဖို့သာ 
နောက်ဆုံးထွက်သက်ထိကြိုနေတာ 
အဖြူထည်နှလုံးသားတွေနဲ့ 
ပဲ့ကိုင်မှုက အားကျစရာ။
၂၀၁၅ ရဲ့ ရှေ့တော်ပြေး ကောက်ကြောင်းများ 
ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
1.1.2015
ကျွန်ပ်မှာ အာဏာတကယ်ရှိခဲ့လျှင့့် 
အားအင်ချည့်နဲ့တဲ့ လူသားမျိုးနွယ်စုကို 
ရက်ရက်စက်စက် သတ်ဖြတ်ရန် ကြံစည်မိမှာ မဟုတ်ပါ။ 
ကျွန်ုပ်မှာ ငွေတကယ်ရှိခဲ့လျှင့့် 
ဒုက္ခသည်စခန်းမှာနေရတဲ့ သက်ရှိလူသားတွေကို 
မလှူဘဲ တစ်ကိုယ်တည်းသုံးစွဲရန် ကြံစည်မိမှာ မဟုတ်ပါ။ 
ကျွန်ုပ်မှာ ပညာတကယ်ရှိခဲ့လျှင့့် 
ပညာသင်ခွင့်မရတဲ့ ဆင်းရဲသားကလေးတွေကိုေ
ကျောခိုင်းသွားပြီး မိမိဘဝတောက်ပြောင်အောင် ကြံစည်မိမှာ မဟုတ်ပါ။ 
ကျွန်ုပ်မှာ အဝတ်အစားကောင်းတွေတကယ်ရှိခဲ့လျှင့့် 
တာလပတ်အမိုးအောက်နေရတဲ့ ဝတ်လစ်စလစ်ကလေးတွေကို 
မဝတ်ဆင်စေဘဲ မိမိစမတ်ကျအောင် ကြံစည်မိမှာ မဟုတ်ပါ။ 
ကျွန်ုပ်မှာ ရေသန့်ဗူးတကယ်ရှိခဲ့လျှင့့် 
သန့်ရှင်းသောက်သုံးရေမရတဲ့ ဒုက္ခသည်စခန်းရှိလူတွေကို 
အငတ်ပြေအောင်မတိုက်ဘဲ မိမိငတ်ပြေအောင် ကြံစည်မိမှာ မဟုတ်ပါ။ 
ကျွန်ုပ်မှာ နားတကယ်ရှိခဲ့လျှင့့် 
မိမိလုပ်ရပ်တွေကိုဘဝင်မကျတဲ့ ဘေးလူရဲ့ပြောစကားတွေကို 
နားမစွင့်ဘဲ မိမိအာသာပြေအောင် ကြံစည်မိမှာ မဟုတ်ပါ။ 
ကျွန်ုပ်မှာ မီဒီယာတကယ်ရှိခဲ့ရင့့်
ငြိမ်းချမ်းမှုမရနိုင်တဲ့ အမုန်းတရားတွေကို 
မစူးစမ်းမဆင်ခြင်ဘဲ ဝါဒဖြန့်အောင် ကြံစည်မိမှာ မဟုတ်ပါ။
RB News
1.1.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အငတ်ဘေးဖြင့် ကြုံတွေ့ နေရသည့် ဒေသခံ ရိုဟင်ဂျာ ၁၁ ဦးသည် လုပ်ကိုင် စားသောက်နိုင်ရန် အခွင့်လမ်း ရရှိရေး အတွက် ဘူးသီးတောင် မြို့သို့ လာစဉ် ဖမ်းဆီးခံရပြီး၊ ၎င်းတို့ကို ဘူးသီးတောင် မြို့နယ် တရားရုံးမှ နှစ်ရှည် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သတင်း ရရှိပါသည်။
ကျောက်တော်မြို့နယ်တွင် လုပ်ကိုင် စားသောက်ခွင့် မရ၊ သွားလာခွင့် မရ၊ ဆေးကုသခွင့် မရဘဲ အမိုးပွင့် အကျဉ်းထောင် ထဲမှ အကျဉ်းသား ဘ၀ ဖြစ်နေ၍ အလုပ်အကိုင် အခွင့်လမ်း ရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ကျောက်တော်မှ ဒေသခံ ရိုဟင်ဂျာ ၁၁ ဦးသည် တောတောင် များကို လေးရက်ကြာမျှ ဖြတ်၍ ဘူးသီးတောင် မြို့နယ် ကင်းတောင် ကျေးရွာသို့ ရောက်ရှိစဉ် ၂၀၁၄ နိုဝင်ဘာလ ၂၅ ရက်နေ့က အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။
ဘူးသီးတောင် မြို့နယ်ရှိ တရားရုံးက ယနေ့ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးခံရသူ ၁၁ ဦးအနက် ၉ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီနှင့် ကျန်နှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရသူ များထဲတွင် အသက် (၈၀) နှစ် အရွယ် မော်လ၀ီ နူရ်ဘော်ရှော်ရ်နှင့် အသက် (၇၈) နှစ် အရွယ် ဦးနူရ်မာမတ် တို့လည်း ပါဝင်ကြောင်း သိရှိရပါသည်။ ၎င်းတို့ကို မြို့နယ် ဖြတ်ကျော်မှုဖြင့် တရားစွဲဆို၍ ထောင်ချ လိုက်ခြင်း ဖြစ်ပြီး၊ ရှေ့နေ ငှားရမ်းခွင့် မရခဲ့ဟု ဆိုသည်။
ဘူးသီးတောင် မြို့နယ် တရားရုံးမှ တရားသူကြီးသည် လူမျိုး ဘာသာ ခွဲခြား၍ အစ္စလာမ် ဘာသာဝင် များကို ပြစ်ဒဏ် ချမှတ်ရာတွင် ဥပဒေထက် မိမိ၏ အမုန်းတရားကို ဦးစားပေးပြီး စီရင်ချက်များ များစွာ ချမှတ်ခဲ့ခြင်း ရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းမှာ မတရားသဖြင့် ချမှတ်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ ပြည်ထောင်စု အစိုးရမှ ဘူးသီးတောင် မြို့နယ်၏ တရားစီရင်မှုကို သေချာ စီစစ်ရန် လိုအပ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ဆက်လျှောက်ပါ့မယ်
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
1.1.2015
ဘဝ 
အကြောက်တရားလမ်းမဝယ်
လျှောက်လှမ်းနေရတဲ့ဘဝ 
ငါမောနေပြီဟ...။
ခြေလှမ်းတိုင်း ဆူးငြောင်းခလုတ် 
အဲ့ဒီ ဆူးငြောင်းခလုတ်ပေါ် 
သိသိကြီးနဲ့ ခြေကျနေရတဲ့ ဘဝ 
ငါ နာကျင်နေပြီ ဟ...။
ဆူးတွေ နင်းရလွန်းလို့ 
ငါ့ခြေဖဝါးနုနုလေးတွေမှာ 
ဒဏ်ရာ အနာတရပေါင်းများစွာ 
နာကျင်မှုနဲ့ဘဝ 
ငါ လဲကျတော့မလို ဟ...။
ဘာဘဲဖြစ်ဖြစ် 
ရိုဟင်ဂျာသား ငါ 
နောက်ပြန်လှည့်ဖို့မရှိပြီ 
ဘယ်​​တော့မှ ​ခေါင်းငုံ့ခံဖို့မရှိပြီ 
ဘယ်​​တော့မှ အရှုံး​ပေးမှာမဟုတ်​ပြီ 
ကိုယ့် အခွင့်အရေး 
ကိုယ်ယူမှ ရမှာမို့ နောက်ဆုံး လျှောက်နိုင်ချိန်ထိ 
ရှိသမျှအားကိုတင်ရင်း 
ဆက်လျှောက်နေဦးမှာပင်​...။
ဘဝတူများ 
လက်တွဲပြီး 
လျှောက်ကြရအောင် 
ပူးပေါင်းကြပါစို့လား....။
Rohingya Eye
RB News
1.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း များမှ နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာ များကို အစ္စလာမ် ဘာသာဝင် ဖြစ်၍ အပြစ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။
၂၀၁၄ ဒီဇင်ဘာလ (၃၁) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မော်တူလာရွာမှ ကိုဆုလ်တာန် (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၂၅ နှစ်) သည် မောင်တောမြို့ပေါ်သို့ ဈေးဝယ်ရန် လာနေစဉ် ဒုချီးရားတန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲကင်း စခန်းမှ တာဝန်ခံ ဒုရဲအုပ် (ဒေသ အခေါ် ဗိုလ်လေး) က ၎င်းကို စစ်ဆေးရန် ခေါ်ပြီး၊ စစ်ဆေးခဲ့သည်။ ကိုဆုလ်တာန် ထံမှ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ကိုဆုလ်တာန်၏ စီဒီအမ်အေဖုန်းကို ယူ၍ “မင်းတို့ ဘင်္ဂလီတွေက စီဒီအမ်အေ ဖုန်းကိုင်ဖို့ တန်တဲ့သူတွေ မဟုတ်ဘူး” ဆိုကာ လူမဆန်စွာ ရိုက်နှက်ပြီး တစ်နာရီကြာ ချုပ်နှောင် ထားပြီးနောက် ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အလားတူ မောင်တောမြို့နယ် တောင်ပိုင်း နူရူလ္လာရွာ၊ ဘဂုံးနားရွာနှင့် အခြားသော ရွာများရှိ နယ်ခြားစောင့် ရဲကင်းစခန်း များမှ ရဲများသည် ဈေးဝယ်ရန် သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးပြီး ဥပဒေနဲ့ မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း အစ္စလာမ် ဘာသာဝင် ဖြစ်သည်က အပြစ်ဖြစ်သည်ဟု ဆိုကာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
RB News
1.1.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ တပ်မတော်သား များသည် အခြားသော ဌာနဆိုင်ရာများ၊ နယ်ခြားစောင့် ရဲများကဲ့သို့ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော ခရိုင် အတွင်းရှိ မြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်များတွင် အခြေစိုက်သည့် တပ်ရင်းများမှ တပ်မတော်သား များသည် အခြားသော ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကဲ့သို့ပင် ဒေသခံ ရိုဟင်ဂျာ များကို ပစ်မှတ် ထား၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
၂၀၁၄ ဒီဇင်ဘာလ (၃၀) ရက်နေ့ ည ၁၀ နာရီခန့် အချိန်တွင် ဘူးသီးတောင် မြို့နယ် သင်္ဂနက် အခြေစိုက် အမှတ် ၅၅၂ တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီးနှင့် တပ်မတော်သား (၄) ဦးတို့သည် မိချောင်းဈေး ကျေးရွာ အုပ်စု၊ ဘိုကြီးချောင်းရွာမှ တပ်ရင်း၏ အကူဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးအက်ရာမ် နှင့်အတူ မိချောင်းဈေး ကျေးရွာ အုပ်စု၊ ဘိုကြီးချောင်းရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ လူငယ် (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ၅ သောင်းစီ - စုစုပေါင်း ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ရိုက်နှက် ငွေညှစ်ခံရသူ (၃) ဦးအနက် တစ်ဦးမှ သတ္တမတန်း ကျောင်းသား တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေကျပ် ၅ သောင်းစီ ညှစ်ခံရသူ (၃) ဦးမှာ --
(၁) ဖိုက်ဆဲလ် (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၁၄ နှစ်) သတ္တမတန်း ကျောင်းသား
(၂) မော်လ၀ီ အာမာန်အုလ္လာ (ဘ) ဦးယူဆုဖ်အလီ (အသက် ၂၂ နှစ်)
(၃) ဂျာနီအာလမ် (ဘ) ဦးဟာဖီးဇ် အာမတ် (အသက် ၂၀) နှစ် -- တို့ဖြစ်သည်။
အဆိုပါ တပ်ရေး ဗိုလ်ကြီးသည် ဒေသခံများကို အကြောင်းမဲ့ ရိုက်နှက် ငွေညှစ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြား နေသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ပတ်သက်၍ ဒေသခံများက စ.က.ခ (၁၅) သို့ အကြိမ်ကြိမ် စာရေးသား တိုင်ကြားခဲ့သော်လည်း အထက် အရာရှိများက အရေးယူ ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
ကျေးရွာများတွင် လုံခြုံရေး တာဝန်ယူ ရသည့် တပ်မတော်သား များသည် မိမိတို့နှင့် မဆိုင်သည့် ကိစ္စရပ်များတွင် ၀င်ရောက်၍ နှောက်ယှက်ခြင်း၊ ကျေးရွာသူ/သား များထံမှ စားစရိတ် တောင်းခြင်း၊ ရွာသားများကို ကင်းစောင့်ခိုင်း ထားပြီး ကင်းသမား များကို အပြစ်ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ကြက်များကို ဒဏ်ခတ်သည်ဟု ဆိုကာ အတင်း အဓမ္မ လုယက်ခြင်း၊ လယ်ယာ လုပ်ငန်း၊ ငါးဖမ်းခြင်း လုပ်ငန်းများဖြင့် တပိုင်တနိုင် လုပ်ကိုင် စားသောက် နေသူများကို ထောက်ခံစာ ယူရမည်ဟု ဆိုကာ ငွေညှစ်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။
ယခုကဲ့သို့ တပ်မတော်သား များက ဥပဒေ ချိုးဖောက်၍ ရိုက်နှက် ငွေညှစ်နေခြင်း များကို ဒေသတွင်းရှိ တပ်မမှူးနှင့် ဗျူဟာမှူးများက စီစစ်၍ အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။
ယျာတင် (MYARF)
RB News
31.12.2014
မနက် အိပ်ရာက နိုးတာနဲ့ တစ်ရွက်ချင်းစုတ် ပြက္ခဒိန်ရဲ့ နောက်ဆုံး အရွက်ကို ဆွဲစုတ်မိချိန်မှာ ..
သြော် .. စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ ရက်၊ ရက်မှ အပတ်၊ အပတ်မှလ၊ လမှနှစ် .. ဒီလို အဆင့်ဆင့် ပြောင်းလဲ လာတတ်တဲ့ ပြောင်းလဲခြင်း တရားနဲ့ အညီ ၂၀၁၄ ဆိုတဲ့ “နှစ်” ကလည်း အရာရာကို ကျောခိုင်း သွားတော့မှာပါလား ဆိုတဲ့ အသိက အတွေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ညကျမှ ရေးမယ်လို့ တေးမှတ်ထားလိုက် မိတယ်။
ကုန်ဆုံးသွားတဲ့ ၂၀၁၄ ခုနှစ် အတွင်း မိမိကျင်လည်ရာ ဘ၀မှာ အောင်မြင်မှုကြောင့် ၀မ်းသာကြည်နူး ခဲ့သူများ ရှိသလို၊ ကျရှုံးမှုကြောင့် ၀မ်းနည်းပက်လက် ဖြစ်ခဲ့သူများလည်း ရှိမည်မှာ မလွဲပင်။ လောကဓံရဲ့ အနိမ့်အမြင့်ကို သတ္တ၀ါတိုင်း တွေ့ကြုံ ရတတ်တာ ဓမ္မတာပင် မဟုတ်လား။ ဒီအထဲ ကျွန်တော်လည်း ပါဝင်နေသမို့ ကုန်ဆုံးသွားတော့မယ့် ၂၀၁၄ ခုနှစ် အတွင်း ကျွန်တော် ကျင်လည်ခဲ့တဲ့ ဘ၀ရဲ့ အတွေ့အကြုံ အချို့ကို စာဖတ် ပရိသတ်များအား မျှဝေ ခံစားစေချင် ပါတယ်။
ကျွန်တော်က သတင်းနည်းပညာ ဘွဲ့ရ သတင်းထောက် တစ်ယောက် မဟုတ်သလို၊ အများ အသိအမှတ်ပြု Activist တစ်ယောက်လည်း မဟုတ်ပါဘူး။ ကမ္ဘာမှာ အဖိနှိပ်ခံရဆုံး စာရင်းဝင် ရိုဟင်ဂျာ လူမျိုးထဲက တစ်ယောက် ဖြစ်ပေမယ့်လည်း အမှန်တရားကို ချစ်မြတ်နိုးသူ တစ်ယောက်မို့ မိမိတို့ နေထိုင်ရာ ဒေသမှာ မိမိလူမျိုး တွေ့ကြုံ ခံစားနေရတဲ့ မတရား ဖိနှိပ်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ တဖက်သတ် ခွဲခြား ဆက်ဆံ ခံနေရမှု များကို လက်လှမ်းမှီ သလောက် မှတ်တမ်း ပြုစုပြီး မီဒီယာက တဆင့် ကမ္ဘာသူ ကမ္ဘာသားများ သိစေဖို့ နေ့စဉ်နဲ့အမျှ မှတ်တမ်းတင် မျှဝေ ပေးနေခဲ့သူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီလို မှတ်တမ်းတင် ပြုစုရာမှာ လျှို့ဝှက် လုပ်ဆောင် ရတာမျိုး၊ ခံရသူရဲ့ နာမည် စာရင်း အတိအကျ ရခဲ့သော်လည်း၊ ကျူးလွန်သူရဲ့ နာမည်၊ ရာထူး အတိအကျ ရဖို့ မလွယ်တာမျိုး စတဲ့ အခက်အခဲ အမျိုးမျိုးကို တွေ့ကြုံရပါတယ်။ တခါတရံ မတရားသဖြင့် ဖိနှိပ်ခံခဲ့ရသူ အချို့ကတောင် မိမိရဲ့ အမည်၊ ဖြစ်ပျက်ခဲ့ပုံ စတာတွေကို ကိုယ်တိုင် ၀န်မခံချင်ကြဘူး။ ဥပမာ - လူတစ်ယောက်ဆီက ရဲများက မဟုတ်မတရား စွပ်စွဲပြီး ငွေညှစ်တယ် ဆိုပါစို့။ ငွေညှစ်ခံရတာ မှန်ကန်သော်လည်း ၀န်မခံဝံ့တဲ့ အပြင် မဟုတ်ဘူးလို့ ငြင်းတတ်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ မိမိငွေညှစ်ခံရတာကို သူများကို ပြောလိုက်လို့ ငွေပြန်ရမှာ မဟုတ်သလို၊ အဲဒီလို ၀န်ခံလိုက်ခြင်း အားဖြင့် ငွေညှစ်ခံသူကို ရဲများက တဖန်လာပြီး ဖမ်းဆီးနိုင်မှာ ဖြစ်လို့ပါ။ တစ်ခါ ငွေညှစ်ခံရမှု သတင်းပေါက် သွားရင် အခြား အာဏာပိုင် အဖွဲ့အစည်း တွေကလည်း ရဲကို ပေးခဲ့ရသလို သူတို့ကိုလည်း ပေးဖို့ အကြပ်ကိုင် တတ်ပါတယ်။ တပူပေါ် နှစ်ပူ ဆင့်ရတဲ့ အဖြစ်မျိုးတွေပေါ့။
နောက်တစ်ခု အခက်ကြုံ ရတာက မိန်းကလေးများ မုဒိန်းကျင့် ခံရတဲ့ သတင်း လိုက်ရတဲ့ အခါမှာပါ။ မိမိ အမည်နာမ ထုတ်ဖော် ၀န်မခံချင်တာက မိမိရဲ့ ဂုဏ်သိက္ခာကျမည် ဆိုတာထက် ကျူးလွန်သွားသူ တရားခံများက သူတို့ကို စွပ်စွဲရ ကောင်းလားဆိုပြီး နောက်တကြိမ် လာပြီး ကျူးလွန် တတ်တာကြောင့် ဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဇွဲမလျှော့ဘဲ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ည (၉) နာရီ ကတည်းက တစ်ရွက်ချင်း လှန်ဖတ် ကြည့်နေတဲ့ ကျွန်တော့်ရဲ့ “နေ့စဉ် ခံစားမှု မှတ်တမ်း ဒိုင်ယာရီ” စာအုပ်မှ ၂၀၁၄ ခုနှစ် အတွင်းမှာ ကျွန်တော် မှတ်တမ်း ပြုစုပြီး မီဒီယာပေါ် တင်ခဲ့တဲ့ အဖြစ်အပျက် ထဲက “အလွန် လူသား မဆန်တဲ့ အဖြစ်အပျက် တစ်ခု” အကြောင်းကို စာဖတ်သူများအား ပြောပြချင်ပါတယ်။ အဲဒီ အဖြစ်အပျက်ကို ဒိုင်ယာရီပေါ် ရေးခဲ့တုန်းက ကျွန်တော် ရင်နင့်အောင် ခံစားခဲ့ရပြီး၊ ဒိုင်ယာရီ စာရွက်လည်း မျက်ရည်စက်တွေကြောင့် စိုစွတ်သွားခဲ့တယ်။ မှန်ကန်တဲ့ အဖြစ်အပျက် ပေမယ့်လည်း မှတ်တမ်းတင် ရေးခဲ့တုန်းက ကျွန်တော့် လက်တွေက မရေးချင်ဘဲ တွန့်ဆုတ် နေခဲ့သေးတယ်။ အခုလည်း အဲဒီ အဖြစ်အပျက်ကို ပြန်ဖတ်နေလို့ ကျွန်တော့်မှာ မျက်ရည်ကျ နေရပြန်ပြီ။
ပြောရမှာတောင် ရှက်စရာ ဖြစ်ပေမယ့် လူစိတ်ရှိသူတိုင်း ဒီလူသား မဆန်တဲ့ အဖြစ်အပျက်ကို ကြားမိရင် စိတ်မကောင်း ဖြစ်မိမှာ သေချာပါတယ်။ သတင်းကတော့ --
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင်ရွာနှင့် ငါးစားကြူး ကျေးရွာ အုပ်စု၊ ဖန်မြောင်းရွာ တို့ရှိ ဒေသခံ ရိုဟင်ဂျာများရဲ့နေအိမ်များကို ၂၀၁၄ ခုနှစ်​ မတ်လ ၁၀ ရက်နေ့ တစ်ကြိမ်၊ မတ်လ ၁၅ ရက်နေ့တွင် တစ်ကြိမ် ရခိုင် အစွန်းရောက်များက ဓာတုပစ္စည်းများနှင့် အဝေးထိန်း ကိရိယာများ သုံးပြီး မီးရှို့ခဲ့ပါတယ်​။
အဆိုပါ မီးရှို့မှုနဲ့ ပတ်သက်ပြီး အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး လေးဦးကို အာဏာပိုင်များက ယင်းနေ့မှာပင်​ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်​။ ဖမ်းဆီးခံရသူများမှာ ဆင်သေပြင်ရွာမှ (၁) ဒေါ်ရှာအာနု (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၂၉ နှစ်)၊ (၂) ဒေါ်နူးရ်အန်ကီးစ် (ဘ) ဦးဂျမာလ်ဟူစိန်း (အသက် ၄၆ နှစ်)၊ (၃) ဒေါ်ဟာဆီနာဇူဟာရ် (ဘ) ဦးအီမာန်ဟူစိန်းနှင့် ဖန်မြောင်းရွာမှ (၄) ဒေါ်ဂူလ်ဇာရ် (ဘ) ဦးအဒူရာမန် တို့ဖြစ်ကြပါတယ်​။ ၎င်းတို့ကို ဖမ်းဆီးပြီးနောက် အာဏာပိုင်များက ၎င်းတို့ရဲ့ နေအိမ်များ ရှေ့တွင် ရပ်ခိုင်း၍ ဓါတ်ပုံ ရိုက်ယူပြီးနောက် ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ပါ​တော့တယ်​။
အဆိုပါ အမျိုးသမီး (၄) ဦးနဲ့ မတ်လ (၁၀) ရက်နေ့တွင် ဖမ်းဆီးခံရတဲ့ အမျိုးသမီး တစ်ဦးကို ကြိမ်ချောင်း ရဲစခန်းမှာ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ပြီး ရွာနှစ်ရွာမှာ အိမ်များကို သူတို့ ကိုယ်​တိုင်​သာ မီးရှို့တယ်​ဆိုပြီး အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့တယ်​။ သာမာန် ညှင်းပန်း နှိပ်စက်ရုံ သာမက အမျိုးသမီးများရဲ့ လိင်အင်္ဂါများကို ဖယောင်းတိုင်မီးများနဲ့ ရှို့ခဲ့တဲ့အတွက် မတ်လ ၁၆ ရက်နေ့မှာ သူတို့ကို ကြိမ်ချောင်း ဆေးရုံကို တင်​ခဲ့ရတယ်​။ ဆေးရုံမှ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက လူမဆန်စွာ လိင်အင်္ဂါများကို မီးရှို့ နှိပ်စက်မှုအတွက် ရဲများကိုနှမချင်း စာနာစိတ်​ကင်းမဲ့ပါလား ဆိုပြီး ပြင်းပြင်းထန်​ထန် ပြစ်တင် ဝေဖန်ခဲ့တယ်​။ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက ရခိုင်​ လူမျိုး တစ်​​ယောက် ဖြစ်​​ပေမယ့်​လည်း အမျိုးသမီး အချင်းချင်း စာနာစိတ်​နဲ့ အလွန်​ပင်​ စိတ်​မ​ကောင်း ဖြစ်​သွားခဲ့ပြီး လူနာများကိုလည်း အ​​ကောင်းဆုံး ​ဆေးကုသမှု ​ပေးခဲ့ပါတယ်​။ သို့​သော်​လည်း အာဏာပိုင်​များက ထိုအမျိုးသမီးများကို ​ပေါ့ဆမီး ပုဒ်​မ တပ်​ဆင်​ပြီး ​ထောင်​ဒဏ်​ ၂ နှစ်​စီ ချမှတ်​ခဲ့​တယ်​။ ယခုအခါမှာ​တော့ ထိုအမျိုးသမီးများဟာ သူတို့ဘဝ​ နေ့ရက်​များကို ဘူသီး​တောင်​အကျဉ်း​ထောင်​မှာ ခက်​ခဲစွာ ဖြတ်​သန်း​နေရပါရဲ့။
မီးရှို့မှုကို ရခိုင် အစွန်းရောက် များက ဓာတု ပစ္စည်းများ၊ အဝေးထိန်း ကိရိယာများ သုံး၍ ပြုလုပ် ခဲ့သော်လည်း အာဏာပိုင်များက အမှန်တကယ် အပြစ်ရှိသူများကို မဖော်ထုတ်ဘဲ၊ အပြစ်မဲ့ များကို ညှဉ်းပန်း နှိပ်စက်၍ အာဏာ အလွှဲသုံးစား ပြုလုပ်ပြီး ထောင်ဒဏ် ချမှတ်​လိုက်​ခြင်းက ကျွန်တော့် ရင်​ကို အလွန် ​နာကျင်​​စေ ခဲ့ပါတယ်​။ ပိုဆိုးသည်​က ထိုအမျိုးသမီး များထဲမှာ နို့စို့ ကလေး တစ်ဦးရဲ့ မိခင် ပါ​နေခြင်းပါ။ နို့ငတ်​​နေမယ့်​ က​လေးငယ်​ရဲ့အ​ကြောင်း၊ နို့ရည်​ဖြင့်​ ရင်အုံ တဆစ်​ဆစ်​ နာကျင်​မယ့်​ အ​မေ တစ်​​ယောက်​ရဲ့ ဒုက္ခများ အ​ကြောင်း၊ အားနည်း​တဲ့ လူမျိုးစု ဖြစ်​​နေရလို့ ဒီလိုမဟုတ်​မတရားခံ​ နေရတဲ့ အ​ကြောင်း​တွေ ​တွေးမိတိုင်း ကျ​နော်​ မျက်​ရည်​မထိန်းနိုင်​ပါဘူး။
"သား .. ​ကော်​ဖီရပြီ" ဆိုတဲ့ အ​မေရဲ့ စကားသံကြားမှသာ ကျွန်တော့် အ​တွေး​တွေ ပျက်​သွား ပါ​တော့တယ်​။ ကျွန်တော့်ရဲ့ ပါးပြင်​​ပေါ်က မျက်​ရည်​စက်​ များကို အ​မေက အသာအယာသုတ် ​​ပေး​နေရင်း " သား ... စိတ်​မပျက်​နဲ့ ... သား လုပ်​​​နေတာ​တွေ ဆက်​လုပ်​ပါ ... အ​မေ သားနဲ့အတူ အမြဲရှိ​နေမယ်​ ... ဒီလိုဘဝမျိုးကနေ တစ်​​နေ့ လွတ်​​မြောက်​သွားမှာပါ သားရယ်​ ..." ဟု အား​ပေးစကား ​ပြောလာတဲ့ အမေ့ရဲ့ ချိုမြတဲ့ အသံတွေကို နားထောင်ရင်း​ ကျွန်တော် အ​မေ့ကို ​ပွေ့ဖက်​လိုက်​ပါ​တော့တယ်​။
ဒီလို ညဉ့်နက်​ချိန်​ဝယ်​ စာ​ရေး​နေခိုက်​ အ​မေက ကျွန်တော့်ကို ​ကော်​ဖီ​ဖျော် ​လာ​ပေးတတ်​သလို စာ​ရေးရင်း ကျွန်တော် ငိုမိတာတို့၊ ပြုံးမိတာတို့လည်း အ​မေ့အတွက်​ ထူးဆန်း မ​နေ​တော့ပါ။ ဘယ်​တုန်းကမှ ကြားဝင်​ အ​နှောက်​အယှက်​ မပေးတတ်​သလို အား​တောင်​ လာ​ပေးတတ်​​သော အ​မေ့ကို ​ကျေးဇူးကမ္ဘာပါ အ​မေရယ်​ဟု ​ပြောလိုက်​ပြီး ပါးပြင်​​ပေါ် မျက်ရည်​စက်​လက်​နဲ့ ကျွန်တော် အိပ်​ရာ​ပေါ် လှဲအိပ်​ လိုက်​​ပါတော့တယ်။
အင်ကြင်းနိုင်
31.12.2014
၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်ကို လူ့အခွင့် အရေး အဖွဲ့တွေက ကြိုဆို လိုက်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အပေါ် ခွဲခြား ဆက်ဆံတဲ့ မူဝါဒကို အဆုံးသတ်ဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက တိုက်တွန်း လိုက်တာ ဖြစ်တယ်လို့ HRW လူ့အခွင့် အရေး အဖွဲ့က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြ ထားပါတယ်။
၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ မူဆလင် လူနည်းစု တွေကို နိုင်ငံသား ဖြစ်ခွင့် အပြည့်အ၀ ပေးဖို့နဲ့ နိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် တွေကို သူတို့ နေရပ်မှာ ပြန်လည် နေရာ ချထားရေး ဆောင်ရွက် ပေးဖို့လည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဦးရေ ၁ သန်းကျော်ဟာ မြန်မာနိုင်ငံ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့် ပယ်ချ ခံထားရပြီး နိုင်ငံမဲ့ ဘ၀နဲ့ အခွင့် အရေးတွေ ဆုံးရှုံး နေတယ်လို့ ရေးသား ထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် ခွဲခြား ဆက်ဆံတာကို အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ အနောက် နိုင်ငံတွေတင် မဟုတ်ဘဲ၊ အာဖရိကနဲ့ အာရှနိုင်ငံတွေ ကပါ တညီ တညွတ်တည်း ထောက်ခံ ခဲ့ကြတာ ဖြစ်တယ်လို့ HRW လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှ ရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။
“ကုလ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို HRW အနေနဲ့ အပြည့်အ၀ ထောက်ခံ ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အနာဂတ် အတွက် အရေးပါတဲ့ အချက် ၂ ချက်ကို တွေ့ရပါတယ်။ ရိုဟင်ဂျာ တွေဟာ နိုင်ငံသား ဖြစ်ခွင့် အပြည့်အ၀ ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ကို လူမျိုးရေး၊ ဘာသာရေး အပေါ် ကြည့်ပြီး ခွဲခြား ဆုံးဖြတ်တဲ့ နိုင်ငံမျိုး ဆက်ပြီး ဖြစ်ချင်တယ် ဆိုရင် ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ အတွက် တကယ့် အခက် အခဲကြီး ဖြစ်မှာပါ။ ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် ခွဲခြား အုပ်ချုပ်တဲ့ မူဝါဒကို မြန်မာ အစိုးရ အနေနဲ့ အဆုံးသတ်ဖို့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ ခဲ့တာပါ။”
ကုလသမဂ္ဂရဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်ကို ကြည့်မယ် ဆိုရင် ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာ ပြဿနာကို မဖြေရှင်း နိုင်တာဟာ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကိုပါ ထိခိုက် စေတယ်လို့ နိုင်ငံ တကာ အသိုင်း အ၀ိုင်းက မြင်ကြောင်း တွေ့ရတယ်လို့ အမျိုးသမီးရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားနေတဲ့ Women’s Peace Network-Arakan ကို ဦးဆောင်နေသူ မဝေေ၀နုက ပြောပါတယ်။
“ရခိုင်ပြည်က ပြဿနာကို မဖြေရှင်းဘူး ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီက ရှေ့မတိုးနိုင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ ဖြေရှင်းဖို့ လိုအပ်တယ်။ မဖြေရှင်းဘူး ဆိုရင် ဒီဟာက အမြဲတမ်း ပြဿနာတခုကို မွေးထား သလို ဖြစ်နေပြီး တခြား နေရာတွေကိုပါ အမြဲတမ်း ဂယက် ရိုက်နေတာမျိုး ဖြစ်နေမယ်။ ဒါဟာ သိပ်အန္တရာယ် ကြီးတယ်။ နောက်တခုက အစိုးရ အနေနဲ့လည်း သူတို့ အသုံးချချင်တဲ့ အချိန်မှာ အချိန်မရွေး အသုံးချ လို့ရတယ်။ သူက ဖြေရှင်းဖို့ လိုတယ် ဒီတချက်။ နောက်တချက် ကျတော့ UN ရဲ့ Resolution ကို ဖြစ်သင့်တယ်လို့ မြင်တယ်လေ။”
၂၀၁၂ ခုနှစ် ကစပြီး ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခတွေ ဖြစ်ပွားပြီး နောက်ပိုင်း ရိုဟင်ဂျာ ၁ သိန်းခွဲလောက်ဟာ စားနပ်ရိက္ခာ လုံလုံ လောက်လောက် မရတဲ့ ဒုက္ခသည် စခန်းတွေမှာ ကျပ်သိပ်ပြီး နေထိုင် နေကြ ရတာပါ။ မြန်မာ အစိုးရ ကတော့ သူတို့တွေကို ရိုဟင်ဂျာလို့ အသိအမှတ် မပြုချင်ဘဲ ဘင်္ဂါလီ ဆိုတဲ့ အမည်ကို တရားဝင် သုံးဖို့ လိုလားနေပြီး အိမ်နီချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမ၀င် ခိုးဝင်လာကြသူ တွေဖြစ်တယ် လို့လည်း ပြောပါတယ်။
မြန်မာ အစိုးရ ကတော့ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီ တွေကို နိုင်ငံသား ဖြစ်ခွင့်ပြုရေးနဲ့ ပတ်သက်လို့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥဒေအရ စိစစ်ပြီးတော့ ဆောင်ရွက် ပေးသွားမယ်လို့ နိုင်ငံတကာ အသိုင်း အ၀ိုင်းကို တုံ့ပြန် ပြောဆိုထား ပါတယ်။
၂၀၁၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်မှာ မတရား ဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ အတင်း အဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်း တာတွေ၊ လိင်မှု ဆိုင်ရာ အကြမ်းဖက် မှုတွေ၊ လူမဆန်တဲ့ ညှဉ်းပမ်းမှု တွေနဲ့ အဓမ္မ မြေယာ သိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်မှု တွေကို အဆုံးသတ်ဖို့ မြန်မာ အစိုးရကို တိုက်တွန်း ထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေ အနေ ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီဝင် တွေဖြစ်တဲ့ အီးယူ ဥရောပ သမဂ္ဂနဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတွေက ရေးဆွဲ ခဲ့တာဖြစ်ပါတယ်။ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက် နေတာကို ကုလသမဂ္ဂ အနေနဲ့ ကြိုဆိုကြောင်း ဖော်ပြ ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ကနေ သုံးစွဲဖို့ နောက်ထပ် ဘတ်ဂျက် လျာထားငွေ အမေရိကန် ဒေါ်လာ ၁.၁၆ သန်းကို အတည်ပြု ခဲ့သလို နောက်နှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီအသုံး စရိတ်နဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြရမှာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
နေဆန်းလွင်
RB News
29.12.2014
ဆယ်ခုနှစ်ပေါင်း များစွာ အမိုးပွင့် ထောင်ထဲမှာ ပညာရေး နိမ့်ပါး၊ အ၀ီစီတွင်းအောက် ရောက်နေတဲ့ လူနေမှု အဆင့်အတန်း၊ ဗဟုသုတ ဆိုတာ ရှာဖွေဖို့ စာအုပ်ဆိုင် ဆိုတာမျိုးတောင် မရှိတဲ့ နယ်မြေမှာ၊ နေ့စဉ် ထမင်းနပ် မှန်အောင် စားဖို့သာ ရုန်းကန် နေရတဲ့သူတွေက ရိုးသားတယ် ဆိုတာဘာလဲ၊ ကောက်ကျစ်ဆိုတာ ဆိုတာဘာလဲ ဝေခွဲဖို့ အချိန်လည်း မရှိ၊ အထူးသဖြင့် ကောက်ကျစ်မှုတွေကို နားမလည်တဲ့သူတွေ။
အဲဒီလို လူတွေ အရူးလုပ်ခံနေရတာ မြင်ရရင် တော်တော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ အမှန်ပြောတော့ အမှားနဲ့ အရိုးထုတ်မယ်ဆိုတဲ့ လူတွေက မခံနိုင်ကြ၊ အမုန်းပွား အမျက်ထွက်နဲ့၊ အဲဒါတွေကို ဂရုစိုက်ပြန်လည်း အမှားတွေထဲ မျောပါသွားမယ့် ရိုးသားတဲ့ လူတွေရဲ့ ကံကြမ္မာ။ အဲဒီတော့ အမှန်အတွက် ကျွန်တော် ဆက်ပြီး အမုန်းခံမယ်။
ခေတ်ကိုက မတရားတဲ့ခေတ်၊ သေနတ်ပစ်ခံရပြီး ဒဏ်ရာပေါင်းများစွာနဲ့ ဆေးကုခွင့်မရတဲ့သူ တစ်ယောက်ကို စာနာမိတယ်လို့ ဆိုရှယ်မီဒီယာပေါ် ရင်ဖွင့်ဖို့ ၀န်လေးကြပေမယ့်၊ နည်းနည်းပါးပါး ဟိုလှုပ် ဒီလှုပ် အဆင့်လောက်က သာမာန် နှာစေးတာမျိုး ဆိုရင်တောင် ဆုတောင်းပေးကြရတာ အမော။ စုပ်ပြတ်နေတဲ့ စက်လှေပေါ်မှာ လနဲ့ချီ ခရီးကြမ်းနှင်နေတဲ့ သူတွေရဲ့ ကံကြမ္မာတွေ ဘယ်လိုရှိနေမလဲ ဆိုတာ အတွေးထဲ နယ်ချဲ့နေတဲ့ သူတွေကတော့ တကယ်တမ်း မြေပြင်မှာ လူးလွန့်နေတဲ့ အမိုးပွင့် အကျဉ်းထောင်ထဲက အကျဉ်းသားများသာ။ ခမ်းနား ထယ်ဝါတဲ့ နောက်ဆုံးပေါ် လေယာဉ်ပျံ ပေါ်တက်မယ့်သူ အတွက် ကောင်းမွန်တဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆုတောင်းပေးတဲ့ မြို့ကြီးသားများ အများသား။
ဥပဒေက ဘယ်တုန်းကမှ ကာကွယ်ပေး မခံရတဲ့သူတွေကို ဥပဒေ ဘောင်တွင်းကနေ မိမိတို့၏ အခြေခံ လူ့အခွင့်အရေး အတွက် ချီတက်ကြပါစို့လို့ ဖိအားနေတဲ့ ဥပဒေဘက်တော်သား တွေကို မေးစရာ မေးခွန်းတွေ တန်းစီ လာတော့ ကျွန်တော် အမုန်းခံပါ့မယ်။ နေ့စဉ်နဲ့ အမျှ နယ်ခြားစောင့်ရဲတွေက လိုင်စင်ရ ဓါးပြတွေလို ငွေညှစ်နေတာတွေ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်နေတာတွေကို သိရက်နဲ့ ဒီဥပဒေ ဘက်တော်သားတွေ အသံတုန်တုန်ရင်ရင်နဲ့ ပြောခဲ့တာများ ရှိရဲ့လား? နယ်ခြားစောင့် ရဲတွေက စိတ်မထင်ရင် မထင်သလို သေနတ်နဲ့ ပစ်သတ်ရုံတင်မက လိင်အင်္ဂါတွေပါ ဖြတ်ပစ်ပြီး လူမဆန်စွာ နှိပ်စက်တာတွေကို ဥပဒေ ဘက်တော်သား တွေပြောဖို့ တွေးတောင် တွေးမိကြရဲ့လား? အမျိုးသမီးတွေကို ၀တ်လစ်စလစ်လုပ်ပြီး ကင်းစခန်းတွေမှာ စစ်ဆေးရုံတင်မက မုဒိန်းကျင့်တာတွေကို ဥပဒေ ဘက်တော်သားတွေ သိပါတယ်လို့ အသိအမှတ် ပြုရုံတောင် ပြောဖူးကြရဲ့လား? သေသွားသူရဲ့ အလောင်းကို ဘောလုံးလိုကန်၊ အလောင်းသယ်သူ တွေကို ရိုက်နှက်၊ ဆေးရုံပေါ်မှာ သေဆေးထိုးခံရပြီး သေဆုံး သွားသူ များအတွက် ဥပဒေ ဘက်တော်သားတွေ ဥပဒေဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ခဲ့ရဲ့လား? ဘာသာရေး လွတ်လပ်ခွင့် ပေးထားပါတယ်လို့ အခြေခံ ဥပဒေမှာ အတိအလင်း ပြောထားရက်နဲ့ နေ့ကြီးရက်ကြီး တွေမှာတောင် ၀တ်ပြုခွင့် ဆုံးရှုံးနေတာ နှစ်နဲ့ချီနေပြီ ဖြစ်ပေမယ့် ဥပဒေ ဘက်တော်သားများ ဘက်က ဥပဒေနဲ့ မညီညွတ်တဲ့ ပိတ်ပင်မှုတွေကို ရပ်တန့်ပါလို့ရော တစ်ခွန်းလောက် ပြောဖူးရဲ့လား? ပညာ ဆက်လက် သင်ကြားခွင့် မရတဲ့ ကျောင်းသား/သူတွေ၊ ဆေးကုသခွင့် မရလို့ သေဆုံးသွားသူတွေ အတွက်ရော အလွန်ကို ၀မ်းနည်း ပူဆွေးရပါတယ်လို့ နွေးထွေးတဲ့ စကားလုံးတွေနဲ့တောင် နှစ်သိမ့်ဖူးကြရဲ့လား? မေးရမယ် ဆိုရင်တော့ မေးခွန်းတွေ အများကြီးပဲ။
တကယ်လို့ ကိုယ့်ရဲ့ မိဘ၊ မောင်နှမ၊ သားသမီးတွေက အဖိနှိပ်ခံ တွေဖြစ်နေမယ် ဆိုရင် ဥပဒေ ဘက်တော်သား တွေရဲ့ နှုတ်ခမ်းဖျားက ကာကွယ် မပေးတဲ့ ဥပဒေကို စက္ကန့်နဲ့ အမျှ ရှုတ်ချမှာ ဧကန် မလွဲ သေချာပါ။ သို့ပေမယ့် ကိုယ့်ရဲ့ သွေးရင်း သားရင်းတွေက အဖိနှိပ်ခံတွေ မဟုတ်ဘဲ လွတ်မြောက် နယ်မြေထဲ ရောက်နေလေတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ အတွေးနဲ့ မင်းတို့ကြောင့် ငါတို့ထိုင်ခုံ မလှုပ်စေနဲ့ မူဝါဒကို စွဲကိုင်ပြီး အဖိနှိပ်ခံတွေကို မလှုပ်နဲ့လို့ ဖိအားပေးခြင်းက လူမဆန်သလို ဖြစ်နေမလားလို့ အတွေးပွား ကြည့်မိရဲ့လားလို့ မေးချင်မိပါသေးတယ်။
အဖိနှိပ်ခံတွေ အတွက် တိုက်ပွဲဝင်မယ်လို့ ကတိ အထပ်ထပ်ပေးပြီး ကျုပ်တို့ကို ရွေးချယ်ပါလို့ ပြောခဲ့တဲ့ စကားတွေက ပြောခဲ့တဲ့ နေရာမှာ ကျန်နေခဲ့တယ် ဆိုတာ လှုပ်ရှားမှု အသွင်သဏ္ဍန်နဲ့ ယခုသုံးစွဲနေတဲ့ စကားလုံးများက သက်သေတည် နေပါပြီ။
ကိုယ့်ရဲ့ အမျိုးသားရေး အတွက် လှုပ်ရှားမှုတိုင်းကို လူတိုင်းက ချီးမြှင့် မြှောက်စား ရမယ်လို့ ခံယူတယ်ဆိုရင် လွန်စွာ မှားယွင်းနေတဲ့ အတွေးအခေါ်လို့သာ ဆိုရပါမယ်။ တဖက်က ပြန်တွေးဖို့ လိုတာက တခမ်းတနား ပွဲတွေ တက်ခွင့် ရရေး အတွက် ကိုယ့်ကို နေရာပေးခဲ့သူ တွေရဲ့ ဆန္ဒတွေထဲက ဘယ်နှစ်ခုကို ဖြည့်ဆည်း ပြီးပြီလဲဆိုတာ။ ကိုယ်က ဖြည့်ဆည်း မပေးနိုင်တဲ့ အပြင် ပိုဆိုးနေတဲ့ အခြေအနေကို ရောက်နေတာမို့ ဒါက ရှက်ဖို့ ကောင်းသလား ဆိုတာ မတွေးမိတာကိုက မိမိရဲ့ ညံ့ဖျင်းမှုဆိုတာကို အနည်းဆုံး ကိုယ့်ကိုယ်ကိုတော့ ၀န်ခံဖို့ သင့်နေပြီ။
ပြည်သူတွေ ရွေးချယ်တဲ့ ကိုယ်စားလှယ် ဆိုတာ ပြည်သူ့ဝန်ကို ထမ်းဖို့ဘဲ။ ရွေးချယ်ခံရတဲ့ ကာလ တစ်ခုမှာ ပြည်သူတွေနဲ့ အနီးကပ်ဆုံး နေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အော်လံ တစ်ခုသုံး၊ လွှတ်တော်ထဲအော်ပြီး ဖြည့်ဆည်း ပေးဖို့ မဟုတ်လား။ လုံခြုံရေး မကောင်းလို့ အနားမှာ မနေနိုင်ပေမယ့် ကိုယ့်ရဲ့ လူမျိုးနာမည်ကိုတောင် မထုတ်ဖော်ဝံ့ဘဲ အသံတိတ်လိုက်ရမယ့် တခဏတာ ခရီးစဉ် တစ်ခုကို သမိုင်းဝင် ခရီးစဉ် အဖြစ် နှလုံးသားထဲသွင်း မှတ်တမ်းတင်ပါလို့ လာပြောတော့ ဆွံ့အ နားမကြားလို ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ ဒီနေရာမှာ ဖြစ်သင့်တာက ပျက်ကွက်မှု အားလုံး အတွက် တောင်းပန်ပါတယ်၊ တခဏတာပေမယ့် ရသမျှ အချိန်မှာ ပြည်သူများကို ဖြည့်ဆည်း ပေးမယ်လို့ ပြောသင့်တာ မဟုတ်လား?
ကိုယ်ကျိုး အတွက်လား၊ ပြည်သူ့ အကျိုးအတွက်လား၊ ကိုယ့်ဟာကိုယ် မေးပါ။ ရင့်ကျက်လာတဲ့ ပြည်သူတွေကတော့ သိပြီးသား၊ ထပ်လိမ်ရင်လည်း အပိုဘဲ။ ၂၀၁၀ နဲ့ မတူတော့တာမို့ အကြံ တစ်ခုတော့ ပေးပါရစေ။ ၄၇ နှစ်အရွယ် ဦးအဒူကရီးမ်က ကြိုဆိုဖို့ စောင့်နေလိမ့်မယ်။ အဲဒီတော့ လုံခြုံရေး များများနဲ့သာ သွားပါ ကိုယ်စားကြီး .. အော် .. မှားလို့ ကိုယ်စားလှယ်ကြီး .. ။
သနားစရာ ကောင်းတာ ရိုးသားတဲ့ ပြည်သူတွေ၊ မျှော်လင့်ချက် များစွာနဲ့၊ တစ်ခုခု ပြောင်းလဲလေမလားလို့ မျှော်လင့်ရင်းနဲ့ အသက်ရှင် နေကြရတာ။ ဒီကြားထဲ လှည့်စားမှု ပေါင်းစုံကို ခံရမယ့် ၂၀၁၅ ထဲကို နောက်နှစ်ရက်ဆို ရောက်ပြီ။ ၂၀၀၈ နဲ့ ၂၀၁၀ တို့က စံနမူနာကောင်း တွေပါ။ အလိမ်မခံနဲ့တော့။ ကိုယ့်အတွက် ဘယ်သူတွေ ဘယ်မှာ ဘယ်လိုအော်သလဲ ဆိုတာလည်း အားလုံး သိသင့်သလောက် သိနေကြပြီ။
ကိုယ့်ရဲ့ ဒုက္ခတစ်ခုကို မျှဝေခံစားပြီး၊ မိမိရဲ့ ရာထူး၊ ဥစ္စာ၊ ဘ၀ကို မတွေးတောဘဲ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူသာလျှင် ကိုယ့်ရဲ့ ကိုယ်စားလှယ်လို့ မှတ်ပါ။ ၂၀၁၅ နီးပြီ - နှစ်ကြိမ် အလိမ်ခံခဲ့ ရပေမယ့် သုံးကြိမ်မြောက် အလိမ်ခံရရင် ကိုယ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါလိမ့်မယ်။
RB News
30.12.2014
မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ တရားဝင် ကိန်းဂဏန်းများ အရ မလေးရှား နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀၇၀ ဦး ရှိသည်ဟု မလေးရှား နိုင်ငံမှ သတင်း တစ်ရပ်က ရေးသား ဖော်ပြ ထားသည်။ မလေးရှား နိုင်ငံတွင် အခြားသော မြန်မာ ဒုက္ခသည်များနှင့် အတူ တရားဝင် မှတ်ပုံတင် ထားသည့် ဒုက္ခသည် ၁၅၀၄၆၀ ရှိသည့် အနက် ရိုဟင်ဂျာ ဒုက္ခသည်မှာ သုံးပုံ နှစ်ပုံ နီးပါး ဖြစ်နေသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံမှ အခြားသော မွတ်စလင်များ၊ ကချင်၊ ချင်း၊ ကရင်နှင့် အခြားသော တိုင်းရင်းသားများလည်း မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် မှတ်ပုံတင် ထားကြသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြဌာန်းသည့် အချိန်မှ စ၍ နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ် ထားသည့် အပြင်၊ အခြေခံ လူ့အခွင့်အရေး များအားလုံး ချိုးဖောက်ခံနေရသည့် အတွက် ၂၀၀၉ ခုနှစ်မှ စ၍ စက်လှေများဖြင့် ထိုင်း၊ မလေးရှားနှင့် အခြားသော နိုင်ငံများသို့ သွားရောက်၍ ခိုလှုံနေကြရသည်။
၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှစ၍ အစုလိုက် အပြုံလိုက် စက်လှေများဖြင့် ထွက်ခွာလျက် ရှိရာ နှစ်နှစ်ခန့် အတွင်းတွင် တစ်သိန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။
မလေးရှား နိုင်ငံတွင် တရားဝင် မှတ်ပုံတင် ထားသည့် ရိုဟင်ဂျာ ဒုက္ခသည် လေးသောင်း ကျော်ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ် ကိန်းဂဏန်းများ အရ တစ်သိန်း နီးပါးခန့် ရှိမည်ဟု မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။ မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးတွင် မှတ်ပုံတင်ရန် အခက်အခဲ ပေါင်းစုံ ရှိနေသည် ဟုလည်း ဆိုသည်။
ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲလျက် ရှိသည့်အတွက် အများစုမှာ ဒုက္ခများနှင့်သာ ရင်ဆိုင်နေရပြီး၊ လူကုန်ကူးသည့် လူမှောင်ခိုဂိုဏ်းများ၏ ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း ဒဏ်များကို ခံစားရကြောင်း ၎င်းက ပြောပါသည်။
RB News
30.12.2014
မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လူနည်းစုကို နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးရန် ကုလသမဂ္ဂက ဆုံးဖြတ်ချက် တစ်ရပ်ကို တနင်္လာနေ့က ချမှတ်လိုက်သည်။
၁.၃ သန်းကျော် ရှိသည့် ရိုဟင်ဂျာ များသည် မြန်မာနိုင်ငံ အတွင်း နိုင်ငံသား ဖြစ်ခွင့်ကို ငြင်းပယ်ခံထား ရသည့် အတွက် နိုင်ငံမဲ့များ ဖြစ်နေကြရပြီး မြန်မာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီ များဟု တရားဝင် သတ်မှတ် ချင်နေကြောင်း အေပီ သတင်းဌာနက ရေးသား ဖော်ပြထားသည်။
ကုလသမဂ္ဂမှ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်တွင် အထွေထွေ ညီလာခံမှ မြန်မာအစိုးရ၏ ရိုဟင်ဂျာများ အပေါ် ပြုမှု ဆက်ဆံနေသည် များကို အလွန်အမင်း စိုးရိမ်ကြောင်း၊ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ညီညွတ်စွာဖြင့် ရိုဟင်ဂျာများ၏ အခြေအနေကို ပြောင်းလဲပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် တစ်ရပ် ဖြစ်သည်ဟု ရေးသား ဖော်ပြထားသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် မြန်မာ အစိုးရမှ ရိုဟင်ဂျာ များကို ရိုဟင်ဂျာဟု ခေါ်ဆိုခွင့်ပြုရန်လည်း ထည့်သွင်း ထားသည်။ ထို့အပြင် ရိုဟင်ဂျာများကို ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍ တို့တွင်လည်း တူညီသော အခွင့်အရေးများ ပေးရန်၊ ခွဲခြား ဆက်ဆံမှုများ၊ အကြမ်းဖက်ခံရခြင်း များ၏ မူလ အရင်းအမြစ် များကို ဖော်ထုတ်ရန်၊ ရိုဟင်ဂျာများကို မိမိတို့၏ မူရင်း နေရာများသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ပြန်ခွင့်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းနှင့် ပတ်သက်၍ လွတ်လပ်စွာ စုံစမ်းခွင့်ပြုရန်နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ရန် အတွက် အထောက်အကူ ပြုပေးရန် တို့ကိုလည်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် ထည့်သွင်း ထားကြောင်း သိရသည်။
ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲနေသည် များကို ကြိုဆို လိုက်သော်လည်း ဆက်လက် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီး ထောင်ချခြင်းများ၊ အိုးအိမ်မဲ့ နေရခြင်းများ၊ လိင်အကြမ်းဖက် ခံရခြင်းများကို အဆုံးသတ်ရန် လိုအပ်ကြောင်း တိုက်တွန်း ထားသည်။
ဥရောပ သမဂ္ဂက မူကြမ်း ရေးဆွဲ ထားသည့် အဆိုပါ ဆုံးဖြတ်ချက်တွင် အကြမ်းဖက်မှုများ၊ အမုန်းတရာ ပြန့်ပွားခြင်းများ၊ တိုင်းရင်းသား လူနည်းစုများ ကြုံတွေ့နေရသည့် စီးပွားရေး အကျပ်အတည်းများ၊ အိုးအိမ်များ ဖယ်ရှားခံနေရခြင်းများ၊ မွတ်စလင် လူနည်းစုများနှင့် အခြားသော ဘာသာဝင်များ တိုက်ခိုက် ခံနေရခြင်းများနှင့် ခွဲခြား ဆက်ဆံခံ နေရခြင်းများကို မြန်မာ အစိုးရမှ အဆုံးသတ်ရန် အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တိုက်တွန်း ထားသည်။
RB News
29.12.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပဒင်းကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး၏ ငါးများနှင့် ဆိုင်ကယ် တစ်စီးကို နယ်ခြားစောင့် ဒုရဲအုပ် တစ်ဦးက လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၂၉) ရက်နေ့ မွန်းလွှဲ ၁း၃၀ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် ပဒင်း ကျေးရွာမှ ငါးများကို ဆိုင်ကယ် နှစ်စီးဖြင့် သယ်၍ မြို့ပေါ်တွင် ရောင်းချရန် လာသည့် ဦးမာမတ်ရော်ဖိတ်နှင့် ၎င်း၏ သူငယ်ချင်း တစ်ဦးတို့ ငါးများနှင့် ဆိုင်ကယ် တစ်စီးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးက လုယက် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဦးမာမတ်ရော်ဖိတ်တို့ နှစ်ဦး ဆိုင်ကယ် နှစ်စီးဖြင့် ငါးများ သယ်ဆောင် လာစဉ် နူရူလ္လာရွာရှိ နယ်ခြားစောင့် ရဲကင်း စခန်းနှင့် တစ်ဖာလုံခန့် အကွာတွင် ဒုရဲအုပ် တစ်ဦးက ငါးများ ဟင်းသီးဟင်းရွက်များ လုယက် နေသည့် တွေ့သဖြင့် ရှောင်၍ သွားရန် ကြိုးစား သော်လည်း ရဲဝတ်စုံ မ၀တ်ထားသော အခြားသော ဒုရဲအုပ် တစ်ဦးက ရပ်ရန် တားခဲ့သည်။ သို့သော်လည်း ငါးများ လုယက်ခံရမည်ကို စိုးရိမ်၍ ဆိုင်ကယ်များကို အမြန်မောင်းနှင်၍ ထွက်ပြေး ခဲ့သော်လည်း ၎င်းတို့ကို တားသည့် ဒုရဲအုပ်က နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး၊ ဘဂုံးနား ဈေးအနီးတွင် ၎င်းတို့ထံမှ ငွေကျပ် တစ်သိန်းဖိုးရှိ ငါးများနှင့် ရပ်ထားသည့် ဆိုင်ကယ် တစ်စီးကို လုယက် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ဦးမာမတ်ရော်ဖိတ်သည် လူမဆန်စွာ ရိုက်နှက် ခံရမည်ကို စိုးရိမ်၍ ဘဂုံးနားဈေး အနီးမှ တိမ်းရှောင် သွားခဲ့ပြီး၊ ၎င်းနှင့် လိုက်ပါလာသူ သူငယ်ချင်း ကလည်း ဆိုင်ကယ် မောင်း၍ တိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။
နူရူလ္လာရွာ အရဗီ တက္ကသိုလ် ကျောင်းအနီးရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ ဒုရဲအုပ်သည် ယခုကဲ့သို့ ငါးများ၊ ဟင်းသီး ဟင်းရွက်များ လုယက်ခြင်းကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသလို၊ အလယ်သံကျော် ကမ်းခြေမှ တပိုင်တနိုင် ငါးဝယ်၍ ပြန်လည် ရောင်းချသူ များမှာ နယ်ခြားစောင့် ရဲကင်းစခန်း များ၏ လုယက်ခြင်းကို နေ့စဉ် ခံနေရကြောင်း ဒေသခံများက ပြောပါသည်။ အလယ်သံကျော်မှ မောင်တော မြို့ပေါ်သို့ ၁၂ မိုင်သာ ကွာဝေးသော်လည်း လမ်းတွင် နယ်ခြားစောင့် ရဲကင်း စခန်း ၂၀ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။
RB News
29.12.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ကျောထောက် နောက်ခံပေး ထားသည့် ဓါးပြဂိုဏ်းက ကျွန်းပေါက်ဆင်အိုး ကျေးရွာသို့ ၀င်ရောက်၍ ဓါးပြတိုက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုသို့ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ကျောထောက် နောက်ခံ ပေးထားသည့် ဓါးပြဂိုဏ်း ၀င်ရောက်၍ ကိုမူဂျို (ဘ) ဦးနူရ်မာမတ်၏ နေအိမ်ကို ဓါးပြတိုက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဓါးပြတိုက်သူ ၁၄ ဦးခန့် နေအိမ် အတွင်းသို့ ၀င်ရောက်၍ ငွေများ၊ အဖိုးတန် ပစ္စည်းများနှင့် အ၀တ်အထည်များ ယူဆောင် သွားခဲ့သည့် အပြင် ၎င်းတို့ကို ၀ိုင်းဝန်း ဖမ်းဆီးသည့် ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ရွာသား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ရာ ရရှိသွားသည့် ကိုရှုနိုက် (ဘ) ဦးနူရ်မာမတ်နှင့် ဦးဒိလ်ဒါရ် တို့ကို ကြိမ်ချောင်း ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း ကြိမ်ချောင်း ဆေးရုံက လက်မခံသဖြင့် မောင်တော ဆေးရုံသို့ ပို့လိုက် ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
ထို့အပြင် ကိုမူဂျို၏ ဇနီးဖြစ်သူ နားတွင် ၀တ်ဆင် ထားသည့် နားကပ်ကို ဓါးပြများက နားအုံပါ ဖြတ်၍ ယူသဖြင့် ၎င်းကိုလည်း ဆေးရုံတင် ထားရကြောင်း သိရှိရသည်။
ဓါးပြတိုက်သူ ၁၄ ဦးထဲတွင် ဦးဆာနိုး၏ သားများ၊ ကျွန်းပေါက် ပြုစု ကျေးရွာ၊ ဘော်တလီ (၁) ရွာတွင် အ.ထ.စ မရှိဘဲ နေထိုင်သူ အချို့ ပါဝင်သည်ဟု ဒေသခံများက ပြောပါသည်။ ဒေသခံများက ဓါးပြ အချို့၏ အမည်များကို သိသော်လည်း ၎င်းတို့ အနေဖြင့် ထပ်မံ၍ သေနတ်ဖြင့် ပစ်ခံရမည်ကို စိုးရိမ်၍ ပြောရန် ကြောက်ရွံ နေကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ မကြာခဏ ဓါးပြတိုက် ခံနေရခြင်းနှင့် ပတ်သက်၍ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို ဥပဒေနှင့် အညီ စစ်ဆေးမည် ဆိုပါက အမှုမှန် ပေါ်ပေါက်မည့် အပြင် ဓါးပြဂိုဏ်းကို နိုင်ငံတော် အစိုးရမှ သုတ်သင် ရှင်းလင်း နိုင်လိမ့်မည် ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး တစ်ဦး ဖြစ်သူ ဒုရဲမှူးကြီး မိုးညိုကို ဝေစုခွဲ ပေးနေသည့် အတွက် ဒေသခံများ အနေဖြင့် ဥပဒေ၏ ကာကွယ်မှု ရအောင် ကြိုးစားမရ ဖြစ်နေသည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါ ဓါးပြဂိုဏ်းနှင့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ တို့သည် မူးယစ် ဆေးဝါး အရောင်းအ၀ယ် များတွင်လည်း ပါဝင် ပတ်သက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။
RB News
28.12.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဖွဲရာရွာ အတွင်းရှိ ဒေသခံ များကို ဒီဇင်ဘာ လဆန်းပိုင်းမှ စ၍ ညစဉ် ညတိုင်း အကြောင်းမဲ့ ဖမ်းဆီးလျက် ရှိရာ ဒေသခံ ရွာသားများ ညစဉ် တိမ်းရှောင် နေရသဖြင့် ထိုကဲ့သို့ ညစဉ် ၀င်ရောက်၍ မဖမ်းဆီးရန် အတွက် ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေး၏ လူယုံ ဖြစ်သူ ဦးဖေတာမောင်ကို ငွေကျပ် ၈ သိန်းနှင့် ဆိုင်ကယ် တစ်စီး ပေးခဲ့ရကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာ လဆန်းပိုင်းမှ စ၍ မောင်တောမြို့နယ် တောင်ပိုင်းရှိ ဖွဲရာရွာ အတွင်းသို့ ဂေါ်ဒူသာရ တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေး ဦးဆောင်သည့် အဖွဲ့က ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ ရွာသား များကို ညစဉ်ညတိုင်း အကြောင်းမဲ့ ဖမ်းဆီးလျက်ရှိသည့် အတွက် ရွာသားများမှာ ညပိုင်းတွင် တိမ်းရှောင် နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဖမ်းဆီးခံရသူ များကို ငွေညှစ်၍ ပြန်လည်ခြင်းများ ရှိသော်လည်း၊ ငွေမပေးနိုင်သူ များကို ချုပ်နှောင် ထားခြင်းများ ရှိနေသည်ဟု ဆိုသည်။
ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့ ၀င်ရောက် ဖမ်းဆီးနိုင်ရန် အတွက် လမ်းပြအဖြစ် အကူအညီ ပေးနေသူမှာ ဦးဖေတာမောင် ဖြစ်ပြီး၊ ၎င်းသည် ရဲမှူး ငြိမ်းချမ်းအေး၏ လူယုံ တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ ရဲမှူး ငြိမ်းချမ်းအေး၏ ညစဉ်ညတိုင်း ၀င်ရောက် ဖမ်းဆီးခြင်း၊ နေအိမ်များ အတွင်းရှိ ရွှေ၊ ငွေ ပစ္စည်းများ၊ ကျွဲ၊ နွားများ လုယက်မှုကြောင့် တိမ်းရှောင် နေရသည့် သူများ ရွာတွင် နေထိုင်နိုင်ရန် အတွက် ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ရဲမှူး ငြိမ်းချမ်းအေး၏ လူယုံ ဖြစ်သူ ဦးဖေတာမောင်က အစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့ရာ ရွာမှ ရပ်မိရပ်ဖ ၃၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
အစည်းအဝေးတွင် ဦးဖေတာမောင်က ၎င်းကို ငွေကျပ် ၈ သိန်းနှင့် ဆိုင်ကယ် တစ်စီး ပေးရမည် ဖြစ်ကြောင်း၊ ညစဉ် ညတိုင်း ရွာမှ လူငယ် ၂၀ ဦးခန့် ၎င်း၏ လုံခြုံရေးကို တာဝန်ယူ ပေးရမည် ဖြစ်ကြောင်း ပြောဆို၍ အစည်းအဝေး တက်ရောက် လာသူများကို သဘောတူကြောင်း တံဆိပ်ခေါင်း ပါသည့် စာရွက် အဖြူပေါ်တွင် အတင်း အဓမ္မ လက်မှတ်ရေးထိုး၊ လက်ဗွေနှိပ်ခိုင်း ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် ယင်းနေ့က ဆိုင်ကယ် တစ်စီး ၀ယ်ယူလာပြီး ငွေကျပ် ၆ သိန်းကို ဒေသခံများအား ချက်ချင်း ပေးခိုင်းခဲ့ပြီး၊ ကျန်ငွေ ၈ သိန်းကို တဖြေးဖြေး ပေးရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ၎င်းသည် ဖွဲရာရွာနှင့် တပ်ဦးချောင်းရွာ တို့၏ ရပ်မိရပ်ဖ တစ်ဦး ဖြစ်ပြီး၊ သွေးစုပ်ကောင် ဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦး ဖြစ်သည်။
“ဖေတာမောင်က ဘယ်တုန်းကမှ စက်ဘီးတောင် စီးခဲ့ဖူးတဲ့သူ မဟုတ်ဘူး။ အခု ရဲမှူးငြိမ်းချမ်းအေးရဲ့ တပည့် ဖြစ်လာတော့ ဆိုင်ကယ်တောင်း၊ ငွေညှစ်တာတွေ လုပ်လာတယ်။ ငွေကြေး တတ်နိုင်တဲ့ လူတွေကို ပစ်မှတ်ထားပြီး သူတောင်းသလောက် ငွေ မပေးရင် ရဲမှူးကို တိုင်မယ်၊ ထောင်ချမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်တယ်။ ရဲမှူး ငြိမ်းချမ်းအေး ကိုယ်တိုင်က ကျွန်တော်တို့ ရွာသားတွေ အပေါ် ပြစ်မှုပေါင်း များစွာ ကျူးလွန် နေတော့ ကျွန်တော်တို့မှာ တိုင်စရာ လူမရှိဘူး၊ ဥပဒေ အရ ကာကွယ်ပေးမယ့်သူ မရှိဘူး” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“အခုတော့ ဆိုင်ကယ်တောင်း၊ ငွေညှစ်ပေါ့။ နောက်ပိုင်းမှာ သူတိုက်အိမ်ဆောက်ဖို့၊ ဇိမ်ခံကား စီးဖို့ပါ တောင်းလာမှာကို ကျွန်တော်တို့ စိုးရိမ်နေမိတယ်၊ အနီးအနားမှာ ရှိတဲ့ ဂေါ်ဒူသာရ၊ ပဒင်း၊ ဘဂုံးနားနဲ့ နူရူလ္လာ ရွာတွေကို သွားဖို့ အတွက်ပါ ရွာထွက် လက်မှတ် လိုနေတော့ ကျွန်တော်တို့က အကျဉ်းထောင် ထဲမှာ နေရတာနဲ့ အတူတူ ဖြစ်နေပါတယ်။ ဒီကြားထဲ ရဲမှူး ငြိမ်းချမ်းအေးနဲ့ သူ့တပည့် ဖေတာမောင် တို့ကပါ ဒီလို ဆက်လက် ပြုမှုနေမယ် ဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေက မတွေးဝံ့ စရာပါ။ အဲဒါကြောင့် ပြည်ထောင်စု အစိုးရကနေ အရေးယူ ဆောင်ရွက်ပေး ပါလို့ ကျွန်တော်တို့ ဒေသခံ တွေက တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။
MYARF
RB News
28.12.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်လှေကား ကျေးရွာ အခြေစိုက် ယခင် အမှတ် (၆) နယ်မြေ စခန်းမှ စစ်သား (၄) ဦးသည် လိုင်စင်ရ ဓါးပြများ သဖွယ် ပစ္စည်းများ လုယက်၍ လုယက်ခံရသည့် ပိုင်ရှင်ထံမှ ထပ်မံ၍ ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၂၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် လှဖိုးခေါင် ကျေးရွာ အုပ်စု၊ အနောက်ရွာရှိ ဂျမီလ်ဟူစိန်း (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၂၆ နှစ်) ၏ စားကုန်ဆိုင်သို့ ကျောက်လှေကား ကျေးရွာ အခြေစိုက် ယခင် အမှတ် (၆) နယ်မြေ စခန်းမှ စစ်သား (၄) ဦး ရောက်ရှိလာပြီး၊ ဆိုင်တစ်ဆိုင်လုံးကို မွှေနှောက်၍ အကြောင်းမဲ့ ရှာဖွေ စစ်ဆေးခဲ့သည်။ ဆိုင်ထဲတွင် တရား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဆိုင်ရှင် ဖြစ်သူ ဂျမီလ်ဟူစိန်း ကိုင်ဆောင်သည့် မိုဘိုင်းဖုန်းကို လုယူ၍ ဘင်္ဂလား ဆင်းမ်ကဒ် ပြောင်းထည့်ကာ အမှုဆင် ဖမ်းဆီးရန် ကြိုးစား နေစဉ် ဆိုင်ရှင်ဖြစ်သူက အမှုဆင် ဖမ်းဆီးခံ ရမည်ကို စိုးရိမ်၍ ဆိုင်မှ ထွက်၍ တိမ်းရှောင် သွားခဲ့သည်။
ဂျမီလ်ဟူစိန်းသည် မိမိ၏ နေအိမ်ရှေ့တွင် တပိုင်တနိုင် စားကုန်ဆိုင် ဖွင့်၍ အသက်မွေးဝမ်း ကျောင်းပြုနေသူ ဖြစ်သည်။ စစ်သား (၄) ဦးတို့သည် ဂျမီလ်ဟူစိန်းကို ဖမ်းဆီးရန် နေအိမ်တွင်း ၀င်ရောက် ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် ဆိုင်ထဲသို့ ပြန်လည် ၀င်ရောက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများနှင့် ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တို့ကို ဥပဒေမဲ့ သိမ်းဆည်း သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် အဆိုပါ စစ်သား (၄) ဦး အနက် (၃) ဦးသည် ဂျမီလ်ဟူစိန်း၏ နေအိမ်သို့ ထပ်မံ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ခွင့်ပြုချက် မပါဘဲ ၀င်ရောက်ပြီး ဂျမီလ်ဟူစိန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် အိမ်အတွင်းရှိ အမျိုးသမီးများကို ရိုက်နှက်ပြီး ဗီရိုကို ဖျက်၍ ဗီရို အတွင်းရှိ ငွေကျပ် သိန်း ၂၀ နှင့် ရွှေ ၅ ကျပ်သားခန့်ကို လုယက် သွားခဲ့သည်။ တစ်ဖန် မွန်းတည့် ၁၂ နာရီ အချိန်တွင် ရောက်ရှိလာပြီး ဂျမီလ်ဟူစိန်းကို ထပ်မံ ရှာဖွေခဲ့ကြောင်း သိရှိရပါသည်။
နေ့လည် ၂ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ စစ်သားများ ရောက်ရှိလာပြီး၊ အကယ်၍ အမှုကို ရှင်းလင်း လိုပါက ဂျမီလ်ဟူစိန်းမှ ငွေကျပ် ၁၂ သိန်း ပေးရန် လိုအပ်ကြောင်း အုပ်ချုပ်ရေးမှူးကို ပြောဆို ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
စစ်သားများက မတရားသဖြင့် အမှုဆင်၍ ဖမ်းဆီးရန် ကြိုးစားခဲ့သည့် အပြင်၊ နေအိမ်မှ ရွှေငွေများ လုယက်ခဲ့ပြီး၊ မတရားသဖြင့် ထပ်မံ၍ ငွေညှစ်နေခြင်းသည် မောင်တောမြို့နယ် အတွင်း တရား ဥပဒေ စိုးမိုးမှု လုံးဝ မရှိသည်မှာ ပေါ်လွင် နေပါသည်။ အဆိုပါ စစ်သားများသည် မကြာခဏ ဆိုသလို လှဖိုးခေါင် ကျေးရွာ အုပ်စု အတွင်းသို့ ၀င်ရောက်၍ ယခုကဲ့သို့ မတရားသဖြင့် အမှုဆင်၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်းများ ပြုလုပ်၍ သောင်းကျန်းလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
RB News
28.12.2014
အင်ဒိုနီးရှား နိုင်ငံ၊ Surabya မြို့ကနေ စင်ကာပူနိုင်ငံကို ခရီးသည် ၁၅၅ ဦးနဲ့ ၀န်ထမ်း ၇ ဦး တင်ဆောင် ပျံသန်း လာတဲ့ AirAsia ရဲ့ ခရီးစဉ် အမှတ် QZ8501 Airbus လေယာဉ် A320-200 လေယာဉ်ဟာ Surabaya မြို့ကနေ တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် နံနက် ၅ နာရီ ၃၅ မိနစ်မှာ ထွက်ခွာလာခဲ့ပြီး၊ စင်ကာပူ နိုင်ငံကို ဒေသ စံတော်ချိန် ၈ နာရီ ၃၀ မိနစ် ရောက်ရှိရမှာ ဖြစ်ပေမယ့် နံနက် ၇ နာရီ ၂၄ မိနစ်မှာ အင်ဒိုနီးရှားမှာ ရှိတဲ့ လေကြောင်း ထိန်းသိမ်းရေး စခန်းနဲ့ အဆက် အသွယ် ပြတ်တောက် သွားတယ်လို့ AirAsia ကနေ သတင်းထုတ် ပြန်ခဲ့ပါတယ်။
လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်တောက် သွားတဲ့ အချိန်ကစပြီး လေယာဉ်က ပျောက်ဆုံး လျက်ရှိပြီး၊ အခုတော့ ရဟတ်ယာဉ်၊ သင်္ဘောတွေနဲ့ ရှာဖွေလျက် ရှိပါတယ်။ ရဟတ်ယာဉ် တွေကတော့ ညပိုင်းမှာ ရှာဖွေမှုတွေကို ရပ်တန့် ထားပြီး၊ တနင်္လာနေ့ မနက် အလင်းရောင် ရမယ့် အချိန်မှသာ ပြန်ပြီး ရှာဖွေမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားပိုင် သင်္ဘောတွေကတော့ ညပိုင်းမှာ အလင်းရောင် အားများတဲ့ မီးတွေနဲ့ထိုးပြီး ပင်လယ်ပြင်မှာ ဆက်လက် ရှာဖွေ သွားမှာပါ။
လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် မပြတ်တောက်ခင်မှာ လေယာဉ်မှူးက ရာသီဥတု ဆိုးရွားနေတဲ့ အတွက် အမြင့်ပေ ၃၈၀၀၀ ကနေ ပျံသန်းခွင့် တောင်းခံခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာန များမှာ ရေးသား ဖော်ပြ ထားပါတယ်။
လူ ၁၆၂ ဦးတင်ဆောင် ထားတဲ့ လေယာဉ်က ဂျဗား ပင်လယ်ပြင်မှာ ပျောက်ဆုံး သွားတာ ဖြစ်လို့ ပင်လယ်ပြင်ကို အဓိက ထားပြီး ရှာဖွေမှာ ဖြစ်ပါတယ်။ ခရီးသည်တွေထဲမှာ အင်ဒိုနီးရှား နိုင်ငံသား ၁၄၉ ဦး၊ စင်ကာပူ၊ မလေးရှားနဲ့ ဗြိတိန် နိုင်ငံတို့မှ တစ်ဦးစီနဲ့ တောင်ကိုရီးယား နိုင်ငံ ၃ ဦး ပါဝင်ပါတယ်။ လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦးနဲ့ ကလေးငယ် ၁ ဦး တို့ပါဝင်ပါတယ်။ လေယာဉ်မောင်း နှစ်ဦးနဲ့ ၀န်ထမ်း ၅ ဦးတို့ကတော့ တစ်ဦးက ပြင်သစ် နိုင်ငံသား ဖြစ်ပြီး ကျန်တဲ့ ၆ ဦးက အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ပါတယ်။ ဒီလေယာဉ်က AirAsia လေကြောင်းလိုင်းရဲ့ လေကြောင်းလိုင်းခွဲ တစ်ခု ဖြစ်တဲ့ AirAsia Indonesia ရဲ့စီမံခန့်ခွဲမှု အောက်က ဖြစ်ပြီး၊ သက်တမ်း ၆ နှစ်ကျော်သာ ရှိသေးတဲ့ လေယာဉ်ပါ။
တို့ဘဝ
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
28.12.2014
ပန်းချီ​တွေ​ရေးဆွဲလို့ 
ဖွင့်​ဟခွင့်​​ပေးပါ ...။
မေ​မေ 
သားတို့ကိုထားရစ်​ပြီး ဘယ်​သွား​နေ 
ဟိုလူ​တွေမီးတင်​ရှိုးတဲ့အိမ်​ထဲမှာ 
အ​မေ တစ်​ခုခုလုပ်​​နေတာလား... ။
ဖေ​ဖေ 
သားတို့ကိုထားရစ်​ပြီး ဘယ်​​ပျောက်​​နေ 
သေနတ်​နဲ့​ရောက်​လာသူ​တွေနဲ့ လိုက်​သွားတာလား ... ။
အ​မေ 
အ​မေ့ နို့ကို စိုးချင်​​လို့​နေ 
အ​ဖေ 
အ​ဖေ့ရင်​ခွင်​ကို နားခိုချင်​နေ 
သို့​ပေမယ့်
သားတို့နဲ့ ​ဝေး​ဝေး 
ပျောက်​ရင်း​ပျောက်​​နေဆဲ ...။
ခု​တော့ 
မေ​မေ မရှိတဲ့​နေရာ 
ဖေ​ဖေမရှိတဲ့​နေရာ 
လူ​တွေ​ပြောတတ်​တဲ့ ထို​နေရာအမည်​က 
မိဘမဲ့က​လေး​ဂေဟာ 
က​လေးတွေအတွက်​လား ...။
အ​ဖေလည်းမလာ အ​မေလည်းမလာ 
အစ်​ကိုနဲ့အစ်​မတို့ကလည်း ဘယ်​ကိုသွား 
အရာရာ​မျှော်​လင့်​ခွင့်​မဲ့​နေတဲ့​နေရာမှာ 
တို့ရိုဟင်​ဂျာက​လေးများ 
ဘဝ​နေ့ရက်​များကို 
သက်​မဲ့ပန်းချီ​တွေထဲ 
ခံစားချက်​​တွေကိုယ်​စီထည့်​​လို့ 
မျက်​ရည်​​တွေနဲ့ ရေးဆွဲ​နေရင်း 
မိမိဘဝကို ဖြတ်​သန်း​နေရပါတကား ... ။
RB News
28.12.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူးဟာကုန်း ကျေးရွာမှ ငါးဖမ်း သမား ၁၆ ဦးကို လူမှောင်ခိုဂိုဏ်းမှ ဖမ်းဆီး သွားခဲ့သော်လည်း မြန်မာ့ ရေတပ်မှ ပြန်လည်၍ ကယ်တင် လာခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူးဟာကုန်း ကျေးရွာမှ ဦးအဒူလ္လာ (ဘ) ဦးနုခ်မာလ်ဟာကိမ်း ပိုင်ဆိုင်သည့် ငါးဖမ်း စက်လှေ သုံးစင်းဖြင့် ငါးဖမ်း နေသည့် ငါးဖမ်း လုပ်သား ၃၅ ဦးမှ ၁၆ ဦးကို ထိုင်းနိုင်ငံမှ လူကုန်ကူးသည့် သင်္ဘော ပေါ်တွင်ပါသည့် လူမှောင်ခိုဂိုဏ်းမှ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ငါးဖမ်း စက်လှေ သုံးစင်းမှ လွတ်မြောက်လာသူ ငါးဖမ်းလုပ်သား ၁၉ ဦးသည် နံနက် ၇ နာရီ အချိန်တွင် စက်လှေ ပိုင်ရှင် ဖြစ်သူ ဦးအဒူလ္လာကို ဖြစ်စဉ် အသေးစိတ်ကို အကြောင်းကြား ခဲ့ကြောင်း သိရှိရပါသည်။
စက်လှေ ပိုင်ရှင် ဖြစ်သူ ဦးအဒူလ္လာက ဗျူဟာကုန်း ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးကို တိုင်တန်း၍ အကူအညီ တောင်းခံခဲ့ပြီး၊ တပ်ရင်းမှူးက ပင်လယ်ပြင်တွင် တာဝန်ကျ နေသည့် မြန်မာ့ ရေတပ်မှ လုံခြုံရေး အဖွဲ့ကို အကြောင်းကြား ခဲ့ကြောင်း သိရှိရပါသည်။ သ၀င်ချောင်း ကျေးရွာ ကမ်းခြေနှင့် ရေပြင် အနီးတ၀ိုက်မှ မြန်မာ့ ရေတပ် လှည့်ကင်း သင်္ဘောက နိုင်ငံတကာ ကုန်တင် သင်္ဘောများ သွားလာရာ လမ်းကြောင်းကို သွားရောက်၍ ထိုင်းနိုင်ငံဘက် သွားရာ သင်္ဘောများကို စစ်ဆေးခဲ့ပြီး လူကုန်ကူး သင်္ဘောမှ ဖမ်းဆီးခံ ထားရသည့် ငါးဖမ်းလုပ်သား ၁၆ ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကယ်တင် နိုင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ လူမှောင်ခိုဂိုဏ်း၏ ဖမ်းဆီးခြင်း ခံရသည့် ငါးဖမ်း လုပ်သားများမှာ ဗျူဟာကုန်း ရွာနှင့် ကံပူးရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသားများ ဖြစ်ကြောင်း သိရှိရပါသည်။
“မြန်မာ့ရေတပ်ရဲ့ အကူအညီကြောင့် လွတ်မြောက်လာတာ ကျွန်တော်တို့ ဒေသခံ တွေအနေနဲ့ မြန်မာ့ ရေတပ်ကို ကျေးဇူး တင်လို့ မဆုံးပါဘူး။ အခုလို လူသားဆန်တဲ့ လုပ်ရပ် အတွက် ဂုဏ်ယူပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဖမ်းခံရတဲ့ ၃၂ ယောက်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရတော့ဘူး။ အခုလို လွတ်မြောက်လာဖို့ ကူညီပေးတဲ့ ဗျူဟာကုန်း အခြေစိုက် တပ်ရင်းမှူးနဲ့ မြန်မာ့ ရေတပ်ကို ငွေ သိန်း ၁၅၀ ပေးရတယ်လို့ ကောလဟလ တွေလည်း ထွက်နေပါတယ်။ ဒါပေမယ့် စက်လှေ ပိုင်ရှင် ဦးအဒူလ္လာ ကတော့ ငွေပေးရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ကို ကူညီတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထိုင်းနိုင်ငံမှ လူကုန်ကူးသည့် ဘင်္ဘောမှ ငါးဖမ်းလုပ်သား ၁၆ ဦးကို ကယ်တင်လိုက်သော်လည်း အဆိုပါ သင်္ဘောကို ဖမ်းဆီးခြင်း မရှိဘဲ လွတ်ပေး လိုက်သည်ဟု ဒေသခံများက ဆိုသည်။
“အဲဒီ သင်္ဘောကိုတော့ ငွေယူပြီး လွှတ်ပေးလိုက် တယ်လို့ ယူဆရတယ်”
လူမှောင်ခိုဂိုဏ်း၏ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက် လာသူ ၁၆ ဦးထဲမှ နှစ်ဦးမှာ ဓါးခုတ် ဒဏ်ရာများဖြင့် အသက် အန္တရာယ် စိုးရိမ် ရသည့် အခြေအနေတွင် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
RB News
28.12.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဓါးပြဂိုဏ်း တစ်ဂိုဏ်းကို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ဓါးပြတိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဓါးပြဂိုဏ်း တစ်ဂိုဏ်းကို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို ဓါးပြတိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ရရှိလာသည် များထဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညိုကို ဝေစုခွဲ ပေးနေသည့် အတွက် ဓါးပြတိုက်သူများ ပိုမို အတင့်ရဲစွာ အဆက်မပြတ် အကြမ်းဖက် လျက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ (၂၈) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီ အချိန်တွင် အဆိုပါ ဓါးပြ အဖွဲ့သည် စံကားပင်ရင်း ကျေးရွာမှ ဦးရှောမ်ရှု၏ နေအိမ်သို့ နယ်ခြားစောင့် ရဲဝတ်စုံများဖြင့် ရဲအယောင်ဆောင်၍ ၀င်ရောက်ပြီး ငွေသား သိန်းပေါင်း များစွာနှင့် အတူ ရွှေ ၅ ကျပ်သားကို ဓါးပြတိုက် ယူသွားသည့် အပြင် ဦးရှောမ်ရှု၏ သားဖြစ်သူ ကိုဘာဆဲရ်ကိုလည်း ပြန်ပြေးဆွဲ သွားခဲ့သည်။ ကိုဘာဆဲရ်ကို ၆ ရက်ကြာ ထိန်းသိမ်း ထားခဲ့ပြီး ငွေကျပ် သိန်း ၉၀ ညှစ်ယူပြီးမှ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ဦးရှောမ်ရှု၏ နေအိမ်ကို ဓါးပြတိုက်စဉ် ရေတွင်းပြင် ကျေးရွာမှ အာယုဖ် (ဘ) ဦးဆာနိုးနှင့် ဇီးပင်ချောင်း ကျေးရွာမှ ရှော်ဘိရ် (ခ) ဦးဂေါ်နိုမျာ တို့သည် အဆိုပါ ဓါးပြဂိုဏ်းနှင့် အတူ ပါဝင် ခဲ့သည်ဟု ဆိုသည်။
ဒေသခံများက ဓါးပြတိုက်ခံ ရခြင်းနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး၊ ဓါးပြတိုက်သည့် အချိန်တွင် ပါဝင်သူ များကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီး နိုင်ခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညို၏ အာဏာ အလွဲသုံးစား ပြုလုပ်မှုကြောင့် အရေးယူနိုင်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်း၏ ဓါးပြဂိုဏ်းသားများ ပြန်လည် လွတ်မြောက်လာရေး အတွက် ငွေအင်အားဖြင့် လိုက်လံ၍ ရှင်းလင်း နေကြောင်း သိရှိရပါသည်။
RB News
27.12.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် ငကျဉ်တောက် ကျေးရွာ တာဝန်ခံ တို့ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်းများ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၂၅) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများနှင့် ငကျဉ်တောက် ကျေးရွာ တာဝန်ခံ ဦးအာတာအုလ္လာတို့ ပူးပေါင်း၍ BD ပြေးများ ရှာဖွေသည်ဟု ဆိုကာ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အမျိုးသား၊ ကလေးများကို ရိုက်နှက်ခြင်း သာမက အမျိုးသမီး များကို ကာအိနြေ္ဒ ပျက်ပြားသည့် အထိ ရိုက်နှက် ဆွဲရမ်းကားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
နယ်ခြားစောင့် ရဲများနှင့် ရွာတာဝန်ခံတို့ စွပ်စွဲသကဲ့သို့ BD ပြေးများ မတွေ့ရှိခဲ့သော်လည်း၊ လ.၀.က နှင့် မ.ယ.က (မြို့နယ် အုပ်ချုပ်ရေး) တို့အတွက် ရန်ပုံငွေ လိုသည်ဟု ဆိုကာ အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ငွေညှစ်ခံရသူ များမှာ --
(၁) ဦးမော်ရီဇာန် (ဘ) ဦးအာဘူလ် - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း)
(၂) ဦးဆော်နာအုလ္လာ (ဘ) ဦးဆိဒိတ် - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း)
(၃) ဦးအီမာန်အုလ္လာ (ဘ) ဦးဟာဆောင်အလီ - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် လေးသောင်း)
(၄) ဒေါ်ရှော်မ်ရှီဒါ (ဘ) ဦးဟာဆောင်အလီ - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါသောင်း)
(၅) ဦးရီယာဇူလ္လာ (ဘ) ဦးနာဆာရ် - သရေကုန်တန်းရွာ (ညှစ်ခံရသည့် ငွေကျပ် ရှစ်သောင်း)
(၆) ဦးနူရ်အစ္စလာမ် (ဘ) ဦးလာလူး - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း) -- တို့ဖြစ်ပါသည်။
ထို့အပြင် ဦးနူရ်အစ္စလာမ် (ဘ) ဦးဇော်လာမတ်ကို နယ်ခြားစောင့်ရဲ များနှင့် ငကျည်တောက်ရွာ တာဝန်ခံ တို့က အကြောင်းမဲ့ ဖမ်းဆီး သွားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ၆ သိန်း ညှစ်ရာ၊ နောက်ဆုံးတွင် ညှဉ်းပန်း နှိပ်စက်မှု ဒဏ်မျိုးစုံ ခံရပြီး ငွေကျပ် ၃ သိန်း ပေး၍ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
RB News
27.12.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မိကျောင်းဈေးနှင့် ခြင်းသမား ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၈ ဦးကို နယ်ခြားစောင့် ရဲများက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် အထက်ပိုင်း ကျေးရွာများ ဖြစ်သော မိကျောင်းဈေး ကျေးရွာ အုပ်စုနှင့် ခြင်းသမား ကျေးရွာ အုပ်စု များသို့ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁း၃၀ နာရီ ခန့်တွင် မောင်တောမြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုကွပ်ကဲရေးမှူး အဆင့်ရှိ အရာရှိ တစ်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများ၏ နေအိမ်များ အတွင်းသို့ ၀င်ရောက် စီးနင်းကာ မိကျောင်းဈေး ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ၁၄ ဦးနှင့် ခြင်းသမား ကျေးရွာ အုပ်စုမှ ဒေသခံ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မိကျောင်းဈေး အုပ်စုမှ ဖမ်းဆီး သွားသူ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၄ ဦးကို မောင်တောရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး၊ ခြင်းသမား ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၄ ဦးကို ဘူးသီးတောင် မြို့နယ် တောင်ဘဇားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။
မိကျောင်းဈေး ကျေးရွာ အုပ်စုမှ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ ၁၄ ဦးမှာ --
(၁) ဦးမိုဂျာမဲလ် (ဘ) ဦးနော်ဇူမျာ (အသက် ၄၃ နှစ်) - ဆင်သေရွာ
(၂) ဦးဆိုက်ဖုလ္လာ (ဘ) ဦးအီလီယာစ် (အသက် ၂၇ နှစ်) - မာဇီးရွာ
(၃) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးဘေဆာအလီ (အသက် ၄၀ နှစ်) - မိကျောင်းဈေးရွာ
(၄) ဦးမာဒီယာ (ဘ) ဦးအီလီယာစ် (အသက် ၄၀ နှစ်) - ဖော်တီအာလီရွာ
(၅) ဦးရှုကူရ်အာလမ် (ဘ) ဦးအီလီယာစ် (အသက် ၃၀ နှစ်) - ဖော်တီအာလီရွာ
(၆) မော်လ၀ီ ဖွေယာစ် (ဘ) ဦးမူရာဒ် (အသက် ၅၀ နှစ်) - ဖော်တီအာလီရွာ
(၇) မော်လ၀ီ -- ? -- (ဘ) ဦးအလီဟူစိန်း (အသက် ၅၅ နှစ်) - ဖော်တီအာလီရွာ စက်လှေအသင်းမှ
(၈) ဦးဂျာနီအာလမ် (ဘ) ဦးဆော်လိမ် (အသက် ၃၀ နှစ်) - ဖော်တီအာလီရွာ
(၉) ဦးယာဟယား (ဘ) ဦးရှော်မုလုခ် (အသက် ၃၅ နှစ်) - မာဇီးရွာ
(၁၀) မော်လ၀ီ အာယာစ် (ဘ) ဦးရှော်မုလုခ် (အသက် ၂၈ နှစ်) - မာဇီးရွာ
(၁၁) ဦးမာမတ်ဇော်လိလ် (အသက် ၅၅ နှစ်)
(၁၂) ဦးအယာစ် (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၂၅ နှစ်)
(၁၃) ဦးစိုးမြင့် (ခ) ဦးကော်ရီမူလ္လာ (ဘ) ဦးအဲက်ဘာလ် (အသက် ၄၀ နှစ်) - ရွာသစ်ရွာ
(၁၄) ဦးအဒူကော်ရီးမ် (အငြိမ်းစား စာရေး) (အသက် ၆၅ နှစ်) - ရွာသစ်ရွာ -- တို့ဖြစ်သည်။
ခြင်းသမား ကျေးရွာ အုပ်စုမှ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးမှာ --
(၁) ဦးဟာဘီအူလ္လာ (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၈ နှစ်) - မောင်နူရွာ
(၂) ဦးမိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူဆော်မတ် (အသက် ၄၀ နှစ်) - ဖောင်တော်ပြင်ရွာ
(၃) ဦးမိုဟာမတ်ရှားဟ် (အသက် ၃၅ နှစ်) - ဖောင်တော်ပြင်ရွာ
(၄) ဦးအဘူတော်ယုဖ် (ဘ) ဦးဂေါ်ရီဟူစိန်း (အသက် ၃၃ နှစ်) - ဖောင်တော်ပြင်ရွာ -- တို့ဖြစ်ပါသည်။
ယနေ့ ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ် လာသော နယူးဇီလန် နိုင်ငံသား Mr.Philips (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
သူဇာ
26.12.2014
နားကြပ် တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတော်ပုံကို အသုံးပြုမှုနှင့် ဖမ်းဆီး အရေးယူ ခံထားရသည့် V Gastro.bar အဖျော် ယမကာ ဘား ဆိုင် အထွေထွေ မန်နေဂျာ နယူးဇီလန် နိုင်ငံသား Mr.Philips တဦးတည်းကို ယနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ကြောင်း ရှေ့နေ က ပြောသည်။
Mr.Philips က တတိယ အကြိမ်မြောက် ဖြစ်သော ယနေ့ ရုံးချိန်းတွင် ဘားဆိုင် ရင်းနှီး မြှုပ်နှံသူ ၅ ဦး ရှိကြောင်းနှင့် ဆိုင်ပိုင်ရှင် မည်သူ ဖြစ်သည်ကို မသိရှိကြောင်း ထွက်ဆိုသည်ဟု ရှေ့နေ ဦးမြသွေးက မီဒီယာများကို ပြောပြသည်။
Mr.Philips ၏ ရှေ့နေ ဦးမြသွေးက“ဒီဆိုင်ဖွင့်ဖို့ ငွေထည့်ဝင်ထားတဲ့သူ ၅ ဦး ရှိတယ်လို့ Philips က ပြောတယ်။ Philips က ဘယ်သူ ပိုင်ရှင်လည်း ဆိုတာ မသိဘူး။ သူ့ကို လစာပေးရင် Account (စာရင်းကိုင်) ပိုင်းက စာအိတ်နဲ့ ပေးတယ်။ သူ့ဘာသာသူ Google က ပုံပေါင်း ၂၀ ထဲက တပုံကို ယူပြီး သုံးလိုက်တာလို့ ပြောတယ်”ဟုလည်း ပြောသည်။
Mr. Philips က ဆိုင်တွင် ငွေထည့်ဝင် ရင်းနှီးမြှပ်နှံသူ ၅ ဦး ရှိသည်ဟု ပြောဆိုသော်လည်း ပိုင်ရှင်မည်သူ ဖြစ်သည်ကို မသိရှိကြောင်း၊ နားကြပ် တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတော်ပုံကိုလည်း အင်တာနက်မှ ရှာဖွေပြီး သူကိုယ်တိုင် လူမှုကွန်ရက်များတွင် ဖြန့်ဝေခြင်း ဖြစ်ရာ ယခုကိစ္စကို ပိုင်ရှင်ဖြစ်သူတို့ သိရှိခြင်းမရှိဟု ထွက်ဆိုကြောင်း ရှေ့နေ ဦးမြသွေးက ဧရာဝတီသို့ ပြောသည်။
နယူးဇီလန် နိုင်ငံသား Mr.Philips ကို ကူညီနိုင်ရန် နယူးဇီလန် သံရုံးအရာရှိများက ရှေ့နေ ဦးမြသွေးကို လာရောက် တွေ့ဆုံခဲ့ကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နယူးဇီလန်နိုင်ငံက သံရုံး လာရောက် ဖွင့်လှစ်မည်ဟု သိရှိရကြောင်းလည်း ၎င်းက ဆိုသည်။
ယခု စွဲဆိုထားသည့် အမှုအတွက် နယူးဇီလန်နိုင်ငံသားဘက်မှ သက်သေ ၂ ဦး၊ ဦးထွန်းသူရိန်နှင့် ဦးထွဋ်ကိုကိုလွင် ၂ ဦးအတွက် သက်သေ ၉ ဦး တင်ပြထားကြောင်း သိရသည်။
V Gastro.bar ဘားဆိုင်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ဆိုင်ဖွင့်ပွဲ ကျင်းပရန်အတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ကြော်ငြာခဲ့သည်။
ယင်းကြော်ငြာ၌ နားကြပ် တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတောင်ပုံမှာ လူမှု ကွန်ရက် စာမျက်နှာများတွင် ချက်ချင်း ပျံ့နှံ့သွားသည်။
ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရဲစခန်းက ထိုဘားဆိုင်ကို ယာယီပိတ်သိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး တရားရုံးတင်၍ ဗဟန်းမြို့နယ် သာသနာရေးတာဝန်ခံက ဘာသာသာသနာဆိုင်ရာ ပြစ်မှုပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် တရားလိုပြုလုပ် တရားစွဲခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒေသန္တရ အုပ်ချုပ်ရေးအမိန့် ပုဒ်မ ၁၈၈ အရ V Gastro.bar ကို ညဘက် အချိန် ကျော်လွန် ဖွင့်လှစ်မှု၊ အသံဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေမှုတို့ဖြင့် ထပ်မံ တရားစွဲခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ နယူးဇီလန်နိုင်ငံသားအတွက် ရှေ့နေလိုက်ပေးရန် ရှေ့နေငှားရန်းရာတွင် အခက်အခဲရှိခဲ့ပြီး ယခု ရှေ့နေ လိုက်ပေးနေသည့် ၎င်းကိုလည်း ဖေ့စ်ဘုတ်မှ တဆင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဦးမြသွေး က ပြောသည်။
ဦးမြသွေးက“ကျနော့်မှာတော့ ဖေ့စ်ဘုတ်အကောင့် မရှိဘူး။ ကျနော့် သားသမီးတွေ အကောင့်ကနေ ကျနော့်ကို မီးရှို့ ပြာချမယ်။ အပိုင်းပိုင်း ခုတ်မယ်လို့ ပြောတယ်။ အခုလို ခြိမ်းခြောက်တာတွေ ကြုံရတယ်။ သူတို့ဘာသာ ဖေ့စ်ဘုတ်မှာ အော်ချင်တာ အော် တာပေါ့။ တိုက်ရိုက် ခြိမ်းခြောက်တာတော့ မဟုတ်ဘူး”ဟု ပြောဆိုသည်။
ယခု တတိယမြောက် ရုံးချိန်းတွင် နယူးဇီလန်နိုင်ငံသား Mr.Philips တဦးတည်းကို စစ်ဆေးခဲ့ဖြင်း ဖြစ်ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ နှစ်ဦးကို လာမည့် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
Rohingya Exodus