နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က အပြစ်မဲ့ ပြည်သူများကို ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားနေ

RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ အနောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး တို့သည် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေနှင့် ရာအိမ်မှူ ဦးတင်ရွှေ တို့သည် ရပ်ကွက်အတွင်းရှိ အပြစ်မဲ့ ပြည်သူများကို အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှု တရားခံစာရင်း၌ ပါဝင်သည်ဟု ဆိုကာ နေအိမ်များမှ တိမ်းရှောင်နေရန် ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။ 

အောက်တိုဘာလ (၂၇) ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေသည် အပြစ်မဲ့ ပြည်သူ အချို့ကို ၎င်း၏ နေအိမ်သို့ လျှို့ဝှက် ခေါ်ယူကာ နေအိမ်များမှ ရှောင်နေရန် ထပ်မံပြောဆိုခဲ့သည်။ အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေ၊ ရာအိမ်မှူး ဦးတင်ရွှေ တို့သည် မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ထွန်း၊ ခရိုင် လ.၀.က လုံခြုံရေးကင်းစခန်းမှ ရဲတပ်သား တစ်ဦးတို့ကို Toyota Probox ကားတစ်စီးပေါ်တွင် တင်၍ နေအိမ်မှ ရှောင်ခိုင်းထားသူများ၏ နေအိမ်များသို့ သွားရောက်ခဲ့သည်။ 

“အိမ်တွေကို ၀င်တော့ ရဲနှစ်ယောက်က ကားပေါ်မှာ ကျန်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး တို့က အိမ်ထဲဝင်ပြီး အခုဖမ်းဖို့ လာတာ၊ အိမ်ထဲမှာ တရားခံစာရင်းထဲ ပါတဲ့လူ ရှိနေရင် အမြန်ရှောင်ခိုင်းလိုက်ပါ ဆိုပြီး ပြောတယ်။ အိမ်ထဲတော့ ၀င်မစစ်ဘူး။ ရဲခေါ်လာပြီး ခြောက်ပြတာပါ။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

တစ်ဖန် ယင်းနေ့ နေ့လည် (၂) နာရီ အချိန်တွင် တရားခံစာရင်းတွင် ပါသည်ဟု လုပ်ကြံခံရသူများကို အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေက ဖုန်းဆက်၍ နေ့လည် (၃) နာရီ အချိန် နောက်ဆုံးထား၍ ငွေကျပ် သိန်း (၂၀) စီ လာပေးရန်နှင့် မပေးပါက ၎င်းအနေဖြင့် တာဝန်မယူနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

“အုပ်ချုပ်ရေးမှူးက ငွေကြေး နည်းနည်းပါးပါး တတ်နိုင်သူတွေရဲ့ ဖုန်းနံပါတ်တွေ အရင်စုဆောင်းတယ်၊ ပြီးမှ ငွေညှစ်ဖို့ အတွက် ရဲတွေနဲ့ ပေါင်းပြီး လုပ်ကြံတာပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အခုလို လုပ်ကြံနေတာတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ရပ်ကွက်ထဲက အပြစ်မဲ့ ပြည်သူတွေ စိုးရိမ်ပြီး အထိတ်တလန့် ဖြစ်နေရတယ်” ဟု အဆိုပါ ဒေသခံကပြောပါသည်။


Comment ရေးရန်

Rohingya Exodus