နောက်ဆုံးသတင်း/ဆောင်းပါးများ
11.3.2015
မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး အခြေ အနေ တွေကို လက်တွေ့ လေ့လာ သုံးသပ်ဖို့ အတွက် ၂၀၁၅ ဇန်န၀ါရီလက မြန်မာနိုင်ငံကို ဒုတိယ အကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီက မတ်လ ၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။
ပိုတာဝန်ခံပြီး ပွင့်လင်းတဲ့ အစိုးရ ဖော်ဆောင်ဖို့ အပါအ၀င် ဒီမိုကရေစီနဲ့ ပြုပြင် ပြောင်းလဲမှု တွေကို ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က သူရဲ့သမ္မတ သက်တမ်း အစမှာ ကတိတွေ ပေးခဲ့တဲ့ အကြောင်း၊ ပိုလွတ်လပ်တဲ့ သတင်း မီဒီယာ အပြင် လူထုကို သဘောထား အမြင် ထုတ်ဖော် ခွင့်ပြုဖို့ ၂၀၁၁ ခု မတ်လက စပြီး တိုးတက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ တွေ့ခဲ့ရပေမဲ့ သူပထမ အကြိမ် သွားရောက်ခဲ့တဲ့ ၂၀၁၄ ဇူလိုင်လ ကထက် အခုအခါ ဒီမိုကရေစီ အခွင့်အရေးတွေ၊ ကန့်သတ် ချုပ်ချယ်မှုတွေ တိုးလာပြီး အခြေအနေတွေ ပိုဆိုးရွား လာတာ တွေ့ရကြောင်း သူရဲ့အစီရင်ခံစာမှာ ထောက်ပြ ထားပါတယ်။
၂၀၁၁ခုက စလို့ မြန်မာနိုင်ငံ အနေနဲ့ သိသာတဲ့ အပြောင်း အလဲတွေ ဖော်ဆောင်ခဲ့တာ တွေ့ရပေမဲ့ လို့လည်း အစိုးရအနေနဲ့ နောက်ပြန်ဆုတ် နေတဲ့ အရိပ် လက္ခဏာတွေ ဆက်လက် တွေ့နေရပြီး ခွဲခြား ဆက်ဆံမှုနဲ့ တိုင်းရင်းသား ပဋိပက္ခနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေ တိုးနေတဲ့ အကြောင်း ဖော်ပြထားပါတယ်။
ဥပမာ တခုကတော့ မယုံကြည်မှုတွေ၊ ရန်လိုမှုတွေ တိုးနေတဲ့ ပတ်ဝန်းကျင် တခုကို သူလေ့လာခဲ့ရပြီး သူရဲ့ခရီးစဉ် အဆုံးမှာ နိုင်ငံကျော် ဘုန်းကြီး တပါးက သူ့အပေါ် ရင့်ရင့်သီးသီး တိုက်ခိုက် ပြောဆိုတဲ့ အကြောင်း ထောက်ပြ ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်း တွေကြား ရန်လို မုန်းထားမှု ရှိတာတွေ့ရပြီး ဒီအကြောင်းပြချက်နဲ့ အစိုးရက မူဆလင် အများစုကို အကာအကွယ် ပေးဖို့ လိုအပ်တဲ့ အနေနဲ့ စခန်းတွေမှာ ထားရှိတယ်လို့ အကြောင်းပြ ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မျိုးစောင့် ဥပဒေကြမ်း လေးရပ်ဟာလည်း လက်ရှိ လွှတ်တော်မှာ ဆွေးနွေးနေပြီး မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့ အစည်းကို စည်းရုံး စေမယ့်အစား ခွဲခြား ဆက်ဆံတဲ့ စိတ်ထားတွေ ပေါ်ပေါက် လာစေတဲ့ အကြောင်း ဖော်ပြထား ပါတယ်။
ဒါ့အပြင် သူရဲ့ခရီးစဉ် နောက်ပိုင်း ရှမ်းပြည် အရှေ့မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ရေး နယ်မြေမှာလည်း အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ အတွက်ကြောင့် အရပ်သားတွေကို အကာအကွယ် ပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ လူ့အခွင့် အရေး ကိုယ်စားလှယ်က အုပ်စု အားလုံးကို သတိပေး ထားပါတယ်။ စီးပွားရေး၊ ဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံတွင်းမှာ အချို့အုပ်စု တွေက ခံစားရပြီး အများစုက ဆင်းရဲ မွဲတွေနေဆဲ ဖြစ်တဲ့အကြောင်း ထောက်ပြ ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီကို ပေးပို့တဲ့ အစီရင်ခံစာ ထဲမှာ သူမကို အဲဒီ ဒေသတွင်းမှာ ရှိတဲ့ မူဆလင်တွေက သူတို့မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်လို့ ပြောတဲ့ အကြောင်း ရေးသား ထားပါတယ်။ တခုကတော့ ဒီမှာဆက်နေပြီး အသေ ခံမလား၊ ဒါမှမဟုတ် လှေနဲ့ ပင်လယ်ထဲကို ထွက်ပြေး ရမလား ဆိုတာပဲ ဖြစ်တယ်လို့ ပြောကြတယ် ဆိုပါတယ်။
သမိုင်း တလျှောက် ပဋိပက္ခတွေ ရင်ဆိုင် ခဲ့ရတဲ့ မြန်မာနိုင်ငံ အနေနဲ့ တည်ငြိမ်ရေးနဲ့ ပဋိပက္ခ ဖြစ်စေမယ့် မကျေနပ်မှု တွေကို ရှောင်ရှားပြီး အစိုးရအနေနဲ့ လူငယ်နဲ့ အမျိုးသမီးတွေ အပါအ၀င် နောင်မျိုးဆက်သစ် တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ ဦးစားပေးသင့်တယ် လို့လည်း တိုက်တွန်း ထားပါတယ်။
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အစီရင်ခံစာကို နောက်လ ဧပြီလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီမှာ တင်သွင်းမှာ ဖြစ်ပါတယ်။
RB News
11.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုး စီးနှင်လာသည့် ကားဖြင့် ဒေသခံ တစ်ဦး၏ ကားကို တိုက်မိခဲ့ရာ လျော်ကြေး မပေးသည့် အပြင် ကားတိုက် ခံရသည့် ကားပိုင်ရှင်ထံမှ ငွေကျပ် သိန်း ၇၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၇) ရက်နေ့က မောင်တောမြို့နယ် ကညင်တန်း ကျေးရွာမှ SAS ရွှေဆိုင်ပိုင်ရှင် ဦးအာမီးရ်ဂျူဟာရ် (အသက် ၅၅ နှစ်) ပိုင်ဆိုသည့် Canta အမျိုးအစား ဒိုင်နာကားသည် ကုန်ပစ္စည်းများ တင်၍ မြို့ထဲမှ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာသို့ တိုင်းရင်းသား လမ်းအတိုင်း မောင်းနှင် သွားနေစဉ် မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုး၏ Surf အမျိုးအစား မှန်လုံကားသည် အလယ်သံကျော်မှ မြို့ပေါ်သို့ မောင်းနှင်နေပြီး ဂေါ်ဒူသာရ ကျေးရွာ အရောက်တွင် ဦးအာမီးရ်ဂျူဟာရ်၏ Canta အမျိုးအစား ဒိုင်နာကားကို တိုက်မိခဲ့သည်။ ကားတိုက်မိပြီးနောက် ဒိုင်နာကားကို အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ ထိန်းသိမ်းထားခဲ့ပြီး ဆက်လက် မောင်းနှင်ခွင့် မပြုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ကားတိုက်မှုတွင် ရဲအုပ်တိုးတိုး၏ Surf ကား၏ အမှား ဖြစ်သော်လည်း ဒိုင်နာကားကို လျော်ကြေး ပေးမည့်အစား ဒိုင်နာကား ပိုင်ရှင် ဦးအာမီးရ်ဂျူဟာရ်က လျော်ကြေး ငွေအဖြစ် ငွေကျပ် သိန်း ၇၀ ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ရဲအုပ်တိုးတိုး၏ ကားသည် လိုင်စင်မဲ့ ကားတစ်စီးဖြစ်ပြီး ကာလတန်ဖိုး အားဖြင့် ငွေကျပ် သိန်း ၃၀ ဖြစ်ပြီး အကယ်၍ ဦးအာမီးရ်ဂျူဟာရ်၏ ကား၏ အမှားဖြစ်ခဲ့လျှင်လည်း ငွေကျပ် သိန်း ၃၀ သာ လျော်ရမည် ဖြစ်သည်။ သို့သော်လည်း ရဲအုပ်တိုးတိုးက ၎င်း၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ မတရားသဖြင့် ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။
ရဲအုပ်တိုးတိုးသည် နယ်ထိန်း ခေါင်းဆောင် တာဝန်ယူထားသည့် သက်တမ်း တစ်နှစ်ခွဲ အတွင်း ဇိမ်ခံကား သုံးစီး ပိုင်ဆိုင်လျက် ရှိပြီး၊ ၎င်းစီးသည့် ဆိုင်ကယ်မှာလည်း ကာလတန်ဖိုး အားဖြင့် ငွေကျပ် ၁၈ သိန်း ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ၎င်းသည် ဒေသခံ ရိုဟင်ဂျာများကို မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ပြီး ရရှိသည့် ငွေများဖြင့် ၀ယ်ယူ စုဆောင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
RB News
11.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း ၅၆၄ မှ တပ်ရေး ဗိုလ်ကြီး အောင်ကိုနှင့် အဖွဲ့က ခြင်းသမား ကျေးရွာ အုပ်စုမှ ဒေသခံများကို ခြိမ်းခြောက်သည့် အပြင် ဒေသခံ (၁၈) ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၀) သို့ ခမရ ၅၆၄ မှ ယူနီဖောင်းမဲ့ တပ်မတ်ေသား (၇) ဦးခန့် ရောက်ရှိလာပြီး၊ လူနေအိမ်များကို ခဲဖြင့်ပစ်ခြင်း၊ အိမ်များထဲသို့ ၀င်ရောက်ပြီး မြေဆီအိမ်များကို မီးရှို့ခြင်း၊ နေအိမ် တစ်အိမ်မှ အပ်ချုပ်စက် တစ်လုံးကို ဖျက်ဆီးခြင်း၊ မဆေနုရာ ဆိုသည့် အမျိုးသမီး တစ်ဦးကို ရိုက်နှက်ခြင်း၊ အိမ်များကို မီးရှို့မည် ပုံသဏ္ဍန် ပြုလုပ်၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အဆိုပါ ရပ်ကွက်မှ ဒေသခံ (၁၈) ဦးကို ခမရ ၅၆၄ မှ တပ်ရေး ဗိုလ်ကြီး အောင်ကိုနှင့် တပ်ခွဲမှူး တို့က ခြင်းသမား ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ဖမ်းဆီးပြီး တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူ (၁၈) ဦးကို မှောက်လဲခိုင်း ရော်ဘာတုတ်များဖြင့် နံနက် ၇ နာရီမှ မွန်းလွှဲ ၁ နာရီထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၇ နာရီထိ တစ်ကြိမ် တပ်ရေးဗိုလ်ကြီးနှင့် ဗိုလ်မှူး နှစ်ဦးက ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ထိုကဲ့သို့ လူမဆန်စွာ ရိုက်နှက်မှုကို မည်သည့် ဌာနဆိုင်ရာကိုမှ တိုင်ကြားခြင်း မပြုပါဟု ခံဝန်လက်မှတ် ထိုးခိုင်းသည့် အပြင် တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ဖမ်းဆီးခံရသူများကို အတင်းအဓမ္မ ထမင်းကျွေးခိုင်း ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရပြီး လူမဆန်စွာ ရိုက်နှက်ခံရသူ များမှာ --
(၁) မိုဟာမတ်အနိုဝါရ် (ဘ) ဦးအဒူရှကူရ် အပါအ၀င် မိသားစု (၂) ဦး
(၂) ဂျာဘဲရ် (ဘ) ဦးမိုဟာတ်ဆွေယာဒ် အပါအ၀င် မိသားစု (၆) ဦး
(၃) မာမတ်အာမီးန် (ဘ) ဦးအာဘူအာမတ် အပါအ၀င် မိသားစု (၅) ဦး
(၄) ရှုနာမျာ (ဘ) ဦးအဒူရှကူရ်၏ ကလေး (၂) ဦး
(၅) ဒေါ်ဟာမီဒါ (ဘ) ဦးဘော်ရှီရ် အပါအ၀င် မိသားစု (၂) ဦး
(၆) ဒေါ်ဆာဂျေဒါ (ကိုယ်ဝန် ၈ လ ဖြင့်) -- တို့ဖြစ်သည်။
ထို့အပြင် အုပ်ချုပ်ရေးမှူး ဦးအာရောဖ် အပါအ၀င် ရာအိမ်မှူး (၃) ဦးလည်း ရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။
ဒီဗွီဘီ
10.3.2015
လူ့အခွင့် အရေးကို ကာကွယ်မယ် ဆိုတဲ့ ကတိက၀တ်ကို မြန်မာအစိုးရက နောက်ပြန် ရုပ်သိမ်းနေပြီး ပဋိပက္ခဆီကို ဦးတည် သွားနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ခရီးစဉ်အတွင်း မယုံကြည်မှု၊ ရန်လိုမှုနဲ့ စိုးရွံ့မှုတွေက ပျံ့နှံ့နေတယ် လို့လည်း မြန်မာပြည် ဆိုင်ရာ ကုလ လူအခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟေးလီက ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ မတ် ၉ ရက်က ပြောပါတယ်။
ဒါအပြင် ရိုဟင်ဂျာတွေရဲ့ အခြေအနေက အရင် ဇူလိုင် ခရီးစဉ်တုန်းကလိုပဲ တိုးတက်မှု မရှိဘူးလို့ ယန်ဟေးလီက ပြောပါတယ်။
မွတ်စလင် ဒုက္ခသည်တွေကို ထားတဲ့ စခန်းထဲ အခြေအနေ အလွန် ဆိုးဝါး နေသလို သူတို့ လုံခြုံရေး အတွက် အခုလို ထားရတာလို့ ရခိုင်ဝန်ကြီးချုပ်က ပြောဆိုတယ်လို့လည်း သူက ပြောပါတယ်။
“လူအများစုက အထူး ကိုယ်စားလှယ်ကို ပြောတာကတော့ ရွေးချယ်စရာ ၂ ခုရှိတယ်ဆိုတာပါ၊ နေမလား၊ သေမလား ဒါမှမဟုတ် လှေစီးပြီးသွားမလား” လို့ ယန်ဟေးလီရဲ့ အစီရင်ခံစာက ရေးပါတယ်။
ရခိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မလေးရှား၊ ထိုင်းကို တရားမ၀င် လူကုန်ကူးမှုကို ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက လာမယ့်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုဆန္ဒခံရယူပွဲမှာ ယာယီ သက်သေခံကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့် ပယ်ဖျက် ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ယန်ဟေးလီက ဒါကို ပြုပြင်ပြောင်းလဲရေး အတွက် နောက်ပြန်သွားတဲ့ ခြေတလှမ်းအဖြစ် ပြောဆိုလိုက်ပြီး မြန်မာမှာ နေထိုင်သူအားလုံး ရွေးကောက်ပွဲနဲ့ လူထု ဆန္ဒခံယူပွဲတွေမှာ မဲပေးခွင့်ရှိဖို့ တောင်းဆို လိုက်ပါတယ်။
ဒါအပြင် ဥပဒေကြမ်းတွေဖြစ်တဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ၊ လက်ထပ်ထိမ်းမြားချင်း ဆိုင်ရာနဲ့ တလင်တမယား ဥပဒေတွေဟာ တိုင်းရင်းသားတွေနဲ့ တင်းမာမှုကို ပိုမိုဆိုးဝါး စေမယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်ကလည်း ကလေးတွေကို စစ်အတွင်း သွတ်သွင်းတာတွေရှိနေသလို အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား အရေအတွက်က တရားဝင် သတ်မှတ်ထားတဲ့ ၂၇ ဦးထက်ပိုမြင့်နိုင်တယ်လို့ ယန်ဟေးလီက ပြောပါတယ်။
ရဲတပ်ဖွဲ့တွေက လက်နက်ခဲယမ်းတွေ အသုံးပြုတာ၊ မီဒီယာကို ဖိနှိပ်တာနဲ့ ကြေးနီ စီမံကိန်းကို ဆန့်ကျင်တဲ့ လယ်သမားတွေကို နှင်ထုတ်တဲ့ ကိစ္စတွေကိုလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
RB News
10.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကကျက်ဘက် ကံပြင် ကျေးရွာအုပ်စု၊ အိုးသည်ရွာမှ မိုဘိုင်းဖုန်း သုံးစွဲသည့် ဒေသခံများကို ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ကကျက်ဘက် ကံပြင် ကျေးရွာ အုပ်စု၊ အိုးသည်ရွာသို့ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့် ရဲများ မကြာခဏ လာရောက်၍ အနှောက်အယှက် ပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မိုဘိုင်းဖုန်းများ ကိုင်ဆောင်သူများကို ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ်များ ထည့်ပြီး ငွေညှစ်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ည (၇) နာရီ အချိန်တွင် အိုးသည်ရွာမှ ဒေသခံ (၃) ဦးသည် ၎င်းရွာ၏ တာဝန်ခံ၊ ရပ်ရွာ လူကြီးဖြစ်သည့် ဦးကော်ရီမူလ္လာ၏ နေအိမ်သို့ သွားနေစဉ် နယ်ခြားစောင့် ရဲနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အဆိုပါ ဒေသခံ (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဒေသခံ ရွာသား (၃) ဦးထံမှ ငွေကျပ် ၅ သောင်းစီ ညှစ်ယူသည့် အပြင် MPT နှင့် Mectel တို့မှ ဆင်းမ်ကဒ်များဖြင့် သုံးစွဲနေသည့် မိုဘိုင်းဖုန်း (၃) လုံးကိုလည်း တရားမသဖြင့် သိမ်းဆည်း သွားကြောင်း ဒေသခံများက ပြောပါသည်။
မတ်လ (၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း အိုးသည်ရွာမှ ပညာတတ် ဘွဲ့ရ လူငယ် တစ်ဦး ဖြစ်သည့် မောင်စိုးနိုင် (ခ) အာလောမ်ရှား (ဘ) ဦးအဒူဇော်ဘော်ရ်သည် ရွာလမ်း၏ အရှေ့ဘက်ရှိ ကန်ကြီးအနီးတွင် ထိုင်၍ ဖုန်းပြောနေစဉ် အရပ်ဝတ်ဖြင့် နယ်ခြားစောင့် ရဲနှစ်ဦး ရောက်ရှိလာပြီး အကြောင်းမဲ့ ဖမ်းဆီးသည့် အပြင် ကိုယ်ထိ လက်ရောက် စော်ကား၍ မိုဘိုင်းဖုန်းကို လုယူနေစဉ် ဖခင်ဖြစ်သူ ဦးအဒူဇော်ဘော်ရ် ရောက်ရှိလာပြီး ဥပဒေဖြင့် ငြိစွန်းမှသာ ဖမ်းဆီးရန် အခြေအတင် စကားများပြီးနောက် လုယူလိုက်သည့် ဖုန်းကို ပြန်ပေးအပ်ခဲ့သော်လည်း ငွေကျပ် လေးသောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
Rohingya Eye & MYARF
RB News
10.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မိုဘိုင်းဖုန်း သုံးစွဲနေသည့် ဒေသခံများကို လက်နက်ကိုင် အာဏာပိုင်များက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၈) ရက်နေ့တွင် မောင်တောမြို့နယ် ရွှေဇား ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦး ဖြစ်သည့် ဂျာဘတ် (ဘ) ဦးဟာလာအာမတ် (အသက် ၁၆ နှစ်) သည် သူငယ်ချင်း ၃ ဦးနှင့် အတူ စေတီပြင်ခွဆုံတွင် ဆင်းမ်ကဒ် မပါသည့် ဖုန်းဟန်းဆက်ဖြင့် သီချင်းနားထောင်၍ သူငယ်ချင်းများနှင့် စကားလက်ဆုံ ကျနေစဉ်၊ ရွှေဇား တံတား အနီး ဂူနာရွာ ရဲကင်းစခန်းမှ ရဲများ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ ၎င်းတို့ကို ရှာဖွေမည်ဟု ဆိုကာ ရှာဖွေခဲ့ပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဖုန်းဟန်းဆက် လက်ဝယ်ရှိသူ ဂျာဘတ်ကို ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ ရဲများက ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ကာ ဘင်္ဂလားဖုန်းဖြင့် ဖမ်းဆီးမိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူက ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ကင်းစခန်းမှ တာဝန်ခံ ရဲအုပ်သည် စေတီပြင် ဈေး၌ ဓါတ်ဆီရောင်းသူများ ထံမှ တစ်ဆိုင်လျှင် ငွေကျပ် တစ်သောင်းနှုန်းစီ လစဉ် ကောက်ခံလျက် ရှိပြီး၊ ၎င်းတောင်းသည့် လစဉ် ဆက်ကြေးကို မပေးလျှင် ဒဏ်ငွေ တစ်သိန်း ပေးရမည်ဟု ခြိမ်းခြောက်သောကြောင့် တောင်းခံသည့် လစဉ် ဆက်ကြေး ပေးနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲများသည် ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျောက်ပန္ဒူ ရွာသား တစ်ဦး ဖြစ်သည့် မော်လ၀ီ ဟော်လိလ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၂ နှစ်) ကို လမ်းသွားနေစဉ် ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သည်။ ဘင်္ဂလားဖုန်း မတွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဖုန်း ရှိသည်ဟု သတင်း ရရှိခဲ့သည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း သုံးသောင်း ညှစ်ယူခဲ့သည်။
မတ်လ (၅) ရက်နေ့တွင် အင်းဒင် (စခန်း အမှတ် ၁၈) မှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူရွာမှ နူရ်အာလောမ် (ဘ) ဦးနူရ်ဆော်လာမ် (အသက် ၂၅ နှစ်) ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းတစ်လုံးဖြင့် ဖမ်းဆီး၍ အင်းဒင် စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ အင်းဒင် စခန်းတွင် နယ်ခြားစောင့် ရဲတစ်ဦးက “မင်းတို့တွေ MPT မပြောနဲ့၊ ဘာဖုန်းမှ ကိုင်ခွင့်မရှိဘူး၊ မင်းတို့နဲ့ ဖုန်းနဲ့ မတန်ဘူး” ဟု စော်ကား ပြောဆို၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ မတ်လ (၆) ရက်နေ့ကလည်း ကျောက်ပန္ဒူ ရွာမှ နူရ်ကာမာလ်ကို MPT ဖုန်းတစ်လုံးဖြင့် လမ်းတွင် တွေ့သဖြင့် နယ်ခြားစောင့် ရဲများက စော်ကားဆဲဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
Rohingya Eye
RB News
10.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ဒေသခံများကို နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ညပိုင်းတွင် ကင်းလှည့်နေစဉ် ရွာသားများက ၎င်းတို့၏ နေအိမ်များထဲမှ ဆဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ နတ်ခေါင်းဒီးယား နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာများကို မတ်လ (၇) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ခဲ့သည်။ အုပ်ချုပ်ရေးမှူး ရုံးတွင် ဒေသခံ ရွာသားများက ၎င်းတို့ ကင်းလှည့်စဉ် ဆဲဆိုသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲရာ ရွာသားများက ၎င်းတို့ မဆဲကြောင်း ငြင်းဆိုသော်လည်း ရာအိမ်မှူးများ ဖြစ်သော ဂျာဟန်ဂိရ် (ဘ) ဦးဘာဆဲရ် (အသက် ၂၄ နှစ်) နှင့် ဦးနော်ဇိရ် (ဘ) ဦးမာဆောင်း (အသက် ၅၀ နှစ်) တို့က ၎င်းတို့ ကြားခဲ့သည်ဟု လိမ်ညာ၍ သက်သေခံခဲ့သောကြောင့် ဒေသခံများက နယ်ခြားစောင့် ရဲများ တောင်းသည့် ငွေကို ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးအဒူဟာကိမ်း၏ ဇနီး ဒေါ်ဟာဆီနာ (အသက် ၃၆ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း ငါးသောင်း
(၂) ဦးဖော်ယာဇူလ္လာ၏ ဇနီး ဒေါ်ဆော်မူဒါဟ် (အသက် ၃၆ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း ငါးသောင်း -- တို့ဖြစ်သည်။
ထို့အပြင် မတ်လ (၉) ရက်နေ့ နံနက် ၇း၃၀ နာရီတွင် မော်လ၀ီ ရောဟီမူလ္လာ (ဘ) ဦးအဒူလောခ် (အသက် ၅၅ နှစ်) ထံမှလည်း အဆိုပါ ကိစ္စနှင့် ဆက်နွယ်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။
ရပ်မိရပ်ဖ တစ်ဦးက “ဒီအုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့က မဲထည့်ပြီး ရွေးကောက် တင်မြှောက်ထားတာ၊ ရွာမှ မတော်မတရား လုပ်တာဆိုရင် တားရမယ့် တာဝန် သူ့မှာ ရှိတယ်။ ရွာသားတွေကို အကာအကွယ် ပေးရမယ့် တာဝန် သူ့မှာ အပြည့်အ၀ ရှိတယ်။ အခု ဘာမဟုတ်တဲ့ ကိစ္စတွေမှာ နယ်ခြားစောင့် ရဲတွေနဲ့ ပူးပေါင်းပြီး ငွေညှစ်နေတာတွေကို အထက် အာဏာပိုင်တွေက လွှတ်ထားပေးမယ် ဆိုရင် မင်းမဲ့ စရိုက်ဆန်ဆန် လုပ်တာတွေ ပိုများလာမယ်” ဟု ပြောပါသည်။
MYARF
RB News
10.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက ငွေညှစ်ခြင်းများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ကကျက်ဘက် ကျေးရွာ (အာလီယောင်း) တွင် မတ်လ (၅) ရက်နေ့မှ စ၍ မ.က.ဖ က ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိပြီး၊ မ.က.ဖ ကိုယ်တိုင် ငွေကြေး ကောက်ခံခြင်း မပြုဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူမော်တော်လောဖ် မှတဆင့် ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မွေးတိုး ၂၀၀၀ မှ ၅၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၄၀၀၀၀ မှ ၅၀၀၀၀ ကျပ်၊ န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်း အိမ်ထောင်ပြုသူများမှ လက်ထပ်ခွင့်ကြေး ၃၀၀၀၀ ကျပ်ထိ ကောက်ခံကြောင်း သိရသည်။ ကကျက်ဘက် ကျေးရွာမှ ဦးမိုဟာမတ်ဟာရုန်းက မြောင်းနားကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး၊ ဇနီးဖြစ်သူကို ၎င်း၏ အိမ်ထောင်စု စာရင်းသို့ ပြောင်းရွှေ့တင်ရန် မြောင်းနား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှောမ်ရှုအာလောမ်ထံ ထောက်ခံချက် ရယူရန် သွားခဲ့ရာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅၀၀၀၀ တောင်းသည်ကို မပေးနိုင်သဖြင့် ၎င်း၏ အိမ်ထောင်စု စာရင်းသို့ ပြောင်းရွှေ့နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ကကျက်ဘက် ကံပြင် ကျေးရွာ အုပ်စု (မော်နိုရ်ဘိလ်) တွင် မတ်လ (၇) ရက်နေ့မှ စတင်၍ ဆွဲ၊တင်၊စစ် စစ်ဆေးပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်း၊ ကျေးရွာ တာဝန်ခံ ဦးကော်ရီမူလ္လာ၊ ရာအိမ်မှူး ဦးအဒူရော်ဟိမ်း၊ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးယူနုစ် (ဘ) ဦးမိုဟာမတ်ခေါ်ဘိရ် တို့က ငွေကြေး ကောက်ခံမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။ ငွေများကို ဦးယူနုစ်ကသာ ကောက်ခံလျက် ရှိပြီး၊ ၎င်း၏ အဆမတန် ငွေတောင်းခံမှုကို အုပ်ချုပ်ရေးမှူး၊ ရွာတာန်ခံ၊ မ.က.ဖ ဦးစီး တို့က သိသော်လည်း မသိဟန်ဆောင်လျက် ရှိသည်ဟု ဆိုသည်။ မွေးတိုး ၂၀၀၀ ကျပ်၊ ကလေး အသက် တစ်နှစ်ကျော်ပါက ငွေကျပ် ၃၀၀၀၀ မှ ၇၀၀၀၀ ထိ၊ ပယ်ဖျက် ၃၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၅၀၀၀ မှ ၂၀၀၀၀ ထိ၊ လက်ထပ်ခွင့် ၃၀၀၀၀ ကျပ် အထိ ကောက်ခံကြောင်း သိရသည်။
ဖရုံချောင်း ကျေးရွာတွင် မတ်လ (၈) ရက်နေ့မှ စ၍ စတင် စစ်ဆေးလျက် ရှိပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် တပည့်ဖြစ်သူ ဦးဆော်လီမူလ္လာ တို့က မွေးတိုး ၃၀၀၀ ကျပ်၊ ပယ်ဖျက် ၃၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၅၀၀၀ မှ ၁၅၀၀၀ ကျပ်၊ လက်ထပ်ခွင့် ၃၀၀၀၀ ကျပ်ထိ ကောက်ခံကြောင်း ဒေသခံများက RB News သို့ပြောသည်။ ကျေးရွာ အတွင်းရှိ ပညာမတတ်သည့် ရွာသားများကို ဦးဆော်လီမူလ္လာက အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိပြီး၊ ယခုလည်း ဆွဲ၊တင်၊စစ် ကို အကြောင်းပြ၍ ငွေညှစ်နေသည်ဟု ဆိုသည်။
မောင်တော မြို့နယ် လှဘော်ဇား ကျေးရွာအုပ်စု (ဘောက်ရှုးဖာရာ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘူကာဆိမ်း (ဘ) ဦးအာခ်ဘာရ် (အသက် ၃၅ နှစ်)၊ ရုံးစာရေး ဦးရှားအာလောမ် (ဘ) ဦးအီဆက် (အသက် ၃၇ နှစ်)၊ ဦးအေကရာမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၃၄ နှစ်)၊ ဦးအာမီးရ်ဟမ်းဇား (ဘ) ဦးဟာဆောင်း တို့က ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စတင်ခဲ့သည့် ဆွဲ၊တင်၊စစ် တွင် ဒေသခံ ရွာသားများထံမှ ငွေညှစ်ခဲ့သည့် အပြင် ရွာသား အမြောက်အမြားကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်ဟု ဆိုကာ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် စေခဲ့သည်။ ၎င်းတို့က မွေးတိုး ၁၀၅ ဦးထံမှ ငွေကျပ် ၃၀၀၀ စီ၊ ပြောင်းရွှေ့ ၁၃၅ ဦးထံမှ ငွေကျပ် ၅၀၀၀ စီ၊ ကျေးရွာအတွင်းမှ အမျိုးသား ၃၄၇ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည်ဟု ဆိုကာ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခဲ့သည့် အပြင် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခဟု ဆို၍ ပယ်ဖျက်ခံရသူများ၏ မိသားစုများထံမှ ငွေကျပ် ၅၀၀၀ စီ ညှစ်ယူခဲ့သည်။ ထို့အပြင် အမျိုးသမီး တစ်ဦးကိုလည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဟာဆောင်း (ဘ) ဦးဇော်ဟိရ်အာမတ် (လူမှောင်ခို ပွဲစား) ထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင် စစ်ဆေးခံခွင့် ပေးခဲ့သည်။
ဦးရှဥ့်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီးရ်ဟာကိမ်းက မွေးတိုး ၅၀၀၀ ကျပ်၊ ပယ်ဖျက် ၅၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၃၀၀၀၀ မှ ၅၀၀၀၀ ကျပ်နှင့် မ.က.ဖ အတွက် စားစရိတ်ဟု ဆိုကာ ငွေကျပ် ၁၀၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
9.3.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ဒေသခံများကို အုပ်ချုပ်ရေးမှူး ရုံးတွင် အစည်းအဝေး ခေါ်ယူ၍ နိုင်ငံသား လျှောက်ထားခိုင်းခြင်းကြောင့် ဒေသခံများ ဘ၀မကျ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။
မတ်လ (၈) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး အစည်းအဝေး ခန်းမတွင် ၎င်းမြို့နယ်ခွဲ လက်အောက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များကို ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ယာယီသက်သေခံ ကဒ်ပြားများ ပြန်လည် အပ်နှံရေး စင်တာ နှစ်ခုကို တောင်ပြိုလက်ဝဲ မြို့နယ်ခွဲနှင့် လိပ်ရကျေးရွာတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ အပ်နှံပြီးပါက နိုင်ငံသား လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ပြောခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရပ်မိရပ်ဖ တစ်ဦးက “ကျွန်တော်တို့က ၁၉၈၂ ခုနှစ် မတိုင်ခင် နိုင်ငံသားများကိုသာ ထုတ်ပေးခဲ့တဲ့ အမျိုးသား မှတ်ပုံတင်ကို ကိုင်ဆောင်ခဲ့တဲ့ သူတွေဖြစ်ကြပြီး၊ ၁၉၈၉ ခုနှစ်မှာလည်း လျှောက်ထားခဲ့သူများ ဖြစ်သည့်အတွက် ယခုအခါ နိုင်ငံသား ထပ်မံ လျှောက်ထားရမည်ကို နားမလည်နိုင်ပါကြောင်း” ပြန်လည်တင်ပြခဲ့ရာ မြို့နယ်ခွဲ လ.၀.က ဦးစီးမှူးက မြန်မာ့ သမိုင်းတွင် ရိုဟင်ဂျာ လူမျိုး ဆိုသည်မှာ မရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရှိသည့် အိန္ဒိယ၊ ပါကစ္စတန်တို့ ဘက်မှ လာသည့် လူမျိုးတစ်မျိုး၏ အမည်ကို ခံယူရန် လိုကြောင်း၊ ထိုကဲ့သို့ ခံယူပါက နိုင်ငံသား ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုသောကြောင့် အစည်းအဝေး တက်ရောက်သည့် ဒေသခံများက နိုင်ငံသား ထပ်မံ လျှောက်ထားခိုင်း ဘ၀င်မကျ ဖြစ်နေသည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
9.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးက မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် ဖုန်းဖြင့် သီချင်းနားထောင် နေစဉ် နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဖုန်းသုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၅) ရက်နေ့ ညနေပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် မာမတ်ရော်ဟိမ်း (ဘ) ဦးမာမတ်ဟာရှိမ်း (အသက် ၂၇ နှစ်) သည် မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် ဖုန်းဖြင့် သီချင်းနားထောင်စဉ် ရွာထဲတွင် ကင်းလှည့်နေသည့် ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး၊ ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငါးခူရ နယ်မြေရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ည ၉ နာရီအချိန်တွင် မာမတ်ရော်ဟိမ်း ထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရွာသား တစ်ဦးက “နယ်ခြားစောင့် ရဲတွေက မကြာခဏ ရွာကိုလာပြီးတော့ မတော်မတရား ဖမ်းဆီးပြီး ငွေညှစ်တယ်။ ဟန်းဆက် တွေ့ရင်လည်း ဘင်္ဂလား ဆင်းမ် သုံးတယ်ဆိုပြီး ငွေညှစ်တယ်၊ တချို့နေရာမှာ ကျတော့ တရားဝင် ဂျီအက်စ်အမ် သုံးတာ တွေ့ရင်လည်း ရဲတွေကိုယ်တိုင် ဂျီအက်စ်အမ် ဆင်းမ်ကို ထုတ်ပြီး ဘင်္ဂလားဆင်းမ် ထည့်ပြီး ငွေညှစ်တယ်။ သူတို့က မင်းတို့ကို ဒီလိုလုပ်ဖို့ဘဲ ငါတို့ ဒီကိုလာတာ၊ မင်းတို့ အင်တာနက်ပေါ် တင်ပေးရင်လည်း ငါတို့ မကြောက်ဘူး၊ ငါတို့ကို ဘယ်သူကမှ အရေးယူမှာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဘယ်သူ့ကို တိုင်ရမယ်ဆိုတာ မသိတော့ဘူး” ဟု ပြောပါသည်။
MYARF
RB News
9.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်း ဖြစ်သူ ဦးအံ့ကျော်က မြို့မ စည်ပင်သာယာဈေးတွင် လူမျိုးရေး စော်ကားမှုများ ပြုလုပ်၍ ဆိုင်ရှင် တစ်ဦးကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၈) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ စည်ပင်သာယာ ဈေးရှိ ဆိုင်အမှတ် 1. A2 မှ ဆိုင်ရှင် ဖြစ်သူ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ရွာသား မိုဟာမတ်ဂျူဟာရ် (ဘ) ဦးအာဘူဂျော်မိလ် (အသက် ၂၅ နှစ်) သည် မိမိ၏ ဆိုင်ရှေ့လမ်း၌ ဖုန်ထနေသဖြင့် ရေလောင်းခဲ့ရာ စည်ပင် ၀န်ထမ်း ဦးအံ့ကျော်က ရေလောင်းရခြင်း ပတ်သက်၍ မေးမြန်းရာ ဖုန်ထနေသဖြင့် ရေလောင်းရခြင်း ဖြစ်သည်ဟု ယဉ်ကျေးစွာ ဖြေကြားခဲ့သည်။
သို့သော်လည်း ဦးအံ့ကျော်က “မင်း ကုလားကို ရေလောင်းဖို့ ဘယ်သူ ခွင့်ပြုခဲ့တာလဲ၊ မင်းတို့ ဘင်္ဂလီ ကုလားတွေ ငါတို့ တိုင်းပြည်ကိုလာပြီး လုပ်ချင်သလို မလုပ်နဲ့၊ ဒီဈေးကို ငါတို့ တိုင်းရင်းသား တွေအတွက် ဖွင့်ထားတာ၊ မင်းတို့ ကုလားတွေ အတွက် မဟုတ်ဘူး၊ မင်းတို့ ဒီမှာ ဘာမှ ပိုင်ဆိုင်ခွင့် မရှိဘူး၊ မင်းတို့ ကုလားတွေကို ငါတို့ တိုင်းရင်းသားတွေက လုပ်ချင်သလို လုပ်လို့ရတယ်။ မင်းတို့ ဘယ်နေရာကိုမှ သွားတိုင်လို့ မရဘူး” ဟု လူမျိုးရေး စော်ကားမှုများ ပြုလုပ်၍ ဆဲဆိုသည့် အပြင် မိုဟာမတ်ဂျူဟာရ်ကို လက်သီးဖြင့်ထိုး ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။ ဦးအံ့ကျော်၏ လူမဆန်စွာ ထိုးနှက် ရိုက်နှက်မှုကြောင့် မိုဟာမတ်ဂျူဟာရ်၏ နှားခေါင်း ကွဲပြတ်၍ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးအံ့ကျော်သည် ယခုကဲ့သို့ စော်ကား၍ ရိုက်နှက်ခြင်းကို ပထမ အကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ယခင်ကလည်း ဆိုင်ရှင်များနှင့် ဈေးဝယ်သူများကို အမျိုးမျိုး အကြောင်းပြ၍ ရန်ရှာခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။
MYARF
RB News
9.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာမှ အာဏာပိုင်များ၏ ပွဲစားဖြစ်သူ ဦးဆော်လီမူလ္လာက ဒေသခံများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်၍ ဒုက္ခပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာနေ အာဏာပိုင် များ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်းက စိမ်းညှင်းပြင်ရှိ စစ်တပ်နှင့် ပူးပေါင်း၍ ဒေသခံ ရွာသားများကို နှိပ်စက်လျက် ရှိကြောင်း သိရသည်။ ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ် များတွင် Care Myanmar NGO မှ နည်းပညာနှင့် အခြားအထောက်အပံ့များ ပေးပြီး ဒေသခံများကို ဥယျာဉ်ခြံများ စိုက်ပျိုးစေခဲ့သည်။ ၎င်းဥယျာဉ်ခြံများ လုပ်ကိုင် စားသောက်နိုင်ရန် Care Myanmar က အစိုးရထံမှ နှစ်ပေါင်း ၃၀ အတွက် ခွင့်ပြုချက် ရယူပေးခဲ့သည်။ ထိုဥယျာဉ်များကို ဦးဆော်လီမူလ္လာက ၎င်းပိုင် ဥယျာဉ်များကဲ့သို့ တစ်ဦးတည်း မောင်းပိုင်စီးနိုင်ရန် ကြံစည်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။
ယခုအခါ ဦးဆော်လီမူလ္လာက စိမ်းညှင်းပြင်ရှိ စစ်တပ်နှင့် ပူးပေါင်း၍ ဥယျာဉ် ပိုင်ဆိုင်သူများက ၎င်းတို့၏ ဥယျာဉ်များမှ သစ်ခုတ်လျှင်ပင် ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဖရုံချောင်း ပြိုင်းတောင်မှ အဒူလ္လာ (ဘ) ဦးအီဒိရီစ် (အသက် ၂၀ နှစ်) ၏ သစ်များကို သိမ်းဆည်း ယူသွားကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ အဒူလ္လာ၏ သစ်များမှာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် အိမ်ဆောက်လုပ်ရန် စုဆောင်း ထားသည့် သစ်များ ဖြစ်သည်။ သိမ်းဆည်းခံရသည့် သစ်များကို ငွေညှစ်ပြီးနောက် ပြန်လည် ပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း ဖရုံချောင်းပြိုင်းတောင်မှ ဦးရော်ဖိတ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၄၅ နှစ်) အား ဥယျာဉ်မှ သစ်ခုတ်သည့် အတွက် ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဖရုံချောင်းပြိုင်းတောင်မှ ဦးအဒူလာမီးန် (ဘ) ဦးရုလ်အာမီးန် (အသက် ၅၀ နှစ်) ကိုလည်း ဥယျာဉ်မှ သစ်ခုတ်သည့် အတွက်ဟုဆိုကာ ဖမ်းဆီး၍ ကြိုးဖြင့် ချည်နှောင်၍ ရိုက်နှက်ကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ဖိုးခေါင်ချောင်းရွာမှ ဦးမိုဟာမတ် ဆော်လာမ် (ဘ) ဦးဟားဆူ (အသက် ၅၀ နှစ်) က ဖရုံချောင်း ပြိုင်းတောင်မှ ယောက္ခမ ဖြစ်သူ၏ ဥယျာဉ်မှ သစ်ခုတ်ခဲ့သည့် အတွက် ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။ ထိုကဲ့သို့ အခြားသူထံမှလည်း ငွေများ ညှစ်ယူခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဖရုံချောင်းပြိုင်းတောင်မှ ဒေါ်ဇာဟီးဒါ ဘေဂမ်နှင့် သားငယ် တစ်ဦးကို ဆော်ဒီအာရေဗျာ နိုင်ငံရှိ ခင်ပွန်းထံ ပို့ပေးမည်ဟုဆို၍ ငွေကျပ် သုံးသိန်းယူကာ ဒေါ်ဇာဟီးဒါ ဘေဂမ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လမ်းတပိုင်း၌ ပစ်ထားကာ ပြန်လာခဲ့သည်။ ယခင်ကလည်း ဒေါ်ဇာဟီးဒါဘေဂမ်ထံမှ ငွေကျပ် ၇ သိန်း ယူခဲ့သည်။
MYARF
RB News
8.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အတင်းအဓမ္မ ဆွဲ၊တင်၊စစ် တွင် မပါဝင်လို၍ တောတောင်ထဲသို့ ရှောင်တိမ်းနေကြသည့် ဒေသခံများ ထဲမှာ မွေးကင်းစ ကလေးငယ် တစ်ဦးနှင့် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဒေသခံတစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ်၊ မြောက်ပိုင်း တောင်ဘဇာ၊ ငရန့်ချောင်း၊ ခြင်းသမား၊ ပြင်တောပြင်၊ ဒါးပိုင်ဆရာ စသော ကျေးရွာများတွင် ဒေသခံ ရိုဟင်ဂျာများက ဆွဲ၊တင်၊စစ် အစစ်မခံသဖြင့် နယ်ခြားစောင့် ရဲများက ရိုက်နှက်ခြင်း၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ကာ အတင်း အဓမ္မ စစ်ဆေးခံစေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အိမ်ထောင် ဦးစီးများ၊ အမျိုးသား တိမ်းရှောင်နေခဲ့သဖြင့် အမျိုးသမီးများ၊ ကလေးများကို ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်ထားကာ မိသားစု အစုံအလင် လာရောက် စစ်ဆေးခံစေခဲ့သည်။ မတ်လ (၂) ရက်နေ့တွင် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၅) ရှိ ဗလီမှ ဒေသခံ (၉) ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ၎င်းတို့၏ မိသားစုဝင်များကို လာရောက်၍ စစ်ဆေးခံစေသည့် အပြင် ငွေများလည်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 
မတ်လ (၅) ရက်နေ့တွင်လည်း တောင်ဘဇာဈေးမှ ဒေသခံ (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ ခြင်းသမား ကျေးရွာနှင့် ခြင်းသမား ကျေးရွာ အုပ်စု ပြင်တော်ပြင်ရွာ များမှ ရိုဟင်ဂျာများက လုံးဝ စစ်ဆေးမခံလိုသဖြင့် မတ်လ (၃) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့်ရောက်ရှိလာပြီး ၎င်းတို့ မျက်စိရှေ့တွင် တွေ့သည့် အမျိုးသမီးများ၊ ကလေးများကို ရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ရိုက်နှက်မှုများကြောင့် မတ်လ (၄) ရက်နေ့တွင် စစ်ဆေးမခံလိုသည့် ရွာသား အများစုသည် မိသားစုအလိုက် တောတောင်ထဲတွင် တိမ်းရှောင်နေခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ ရွာထဲတွင် အတင်း အဓမ္မ စစ်ဆေးခံရသူများသာ ကျန်ရစ်ခဲ့ပြီး၊ တောတောင်ထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး (၃) ဦး မီးဖွားခဲ့ပြီး၊ ဆေးဝါးကုသမှု မရခဲ့သဖြင့် ကလေး တစ်ဦး သေဆုံးခဲ့ရသည်။ မတ်လ (၃) ရက်နေ့ညတွင် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်း ခံရသော သူတစ်ဦးလည်း ထိုတောတောင်ထဲတွင် သေဆုံးခဲ့ရကြောင်း သိရသည်။
ပြင်တော်ပြင် စက်လှေဆိပ်၌ နယ်ခြားစောင့် ရဲများက ကင်းစောင့်၍ အ၀င် အထွက် စက်လှေများကို စစ်ဆေးပြီး၊ ဆွဲ၊တင်၊စစ် အစစ်ဆေး မခံကြသူများ တွေ့လျှင် ထိုနေရာတွင်ပင် တစ်နေကုန် ထိုင်ခိုင်း၍ ညနေချိန်တွင် နယ်ခြားစောင့် ရဲများ စခန်းချလျက် ရှိသည့် ခြင်းသမား ကျေးရွာ အကျော်သို့ ခေါ်ဆောင်သွားပြီး၊ မိသားစုများကို အကြောင်းကြား ခေါ်ဆောင်လာကာ အိမ်ထောင်ဦးစီးများကို မိသားစုများ ရှေ့မှောက်တွင် ရိုက်နှက်၍ မိသားစုများအား စစ်ဆေး၍ ဓါတ်ပုံရိုက်ခိုင်းသည်။ ခရီးထွက်သူများမှာလည်း အိမ်ထောင်စု စာရင်းကို အတူ ယူဆောင်နေရသည်။
မတ်လ (၆) ရက်နေ့ ညနေပိုင်း အချိန်တွင် နယ်ခြားစောင့် ရဲများ လမ်းပေါ်သို့ ထွက်၍ ဆွဲ၊တင်၊စစ် စစ်ဆေးခံသူများ၊ အစစ်ဆေးမခံသူများ မရွေးဘဲ ၎င်းတို့ ရှေ့တွေ့သမျှကို ရိုက်နှက်ခဲ့ရာ ဒေသခံ အချို့ ခေါင်းကွဲ၊ နှုတ်ခမ်းကွဲဖြင့် အမျိုးမျိုး ဒဏ်ရာ ရခဲ့ကြသည်။ ရွာသားများလည်း ဆွဲ၊တင်၊စစ် တွင် မပါဝင်လို၍ စုရုံး၍ အော်ဟစ် ချီတက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ယနေ့ မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင်လည်း နယ်ခြားစောင့် ရဲများက ဒေသခံများကို ထပ်မံ ရိုက်နှက် ခဲ့သဖြင့် ရွာသားများ စုရုံးလာရာ နယ်ခြားစောင့်ရဲများက သေနတ် ပစ်ဖောက်ခဲ့သည်။ သို့သော်လည်း ရွာသားများက နောက်မဆုတ်၊ ရှေ့မတိုးဘဲ ရပ်တန့်နေခဲ့သည်။ ဒေသခံများက နယ်ခြားစောင့် ရဲများက ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက ပြဿနာ တစ်စုံတစ်ရာ ကြီးကြီးမားမား ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။
အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး တောင်းဆို ခဲ့ကြတဲ့ Selma မြို့ ချီတက် ဆန္ဒပြပွဲ နှစ် (၅၀) ပြည့် အခမ်းအနား တက်ရောက် မိန့်ခွန်း ချွေနေတဲ့ အမေရိကန် သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)
ဗွီအိုအေမြန်မာပိုင်း
8.3.2015
အမေရိကန် အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု သမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမား ပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက် ဆန္ဒပြပွဲ နှစ် ၅၀ ပြည့် အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမား ပြောတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။
“မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်တပ် အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့် အစား အကျဉ်းထောင် တွေထဲ သွားခဲ့ကြပါတယ်။ John Lewis လုပ်ခဲ့ တာကို သူတို့မြင်ခဲ့ကြတာပါ။” လို့ သမ္မတအိုဘားမားက ပြောပါတယ်။
မစ္စတာအိုဘားမား ထည့်သွင်း ညွန်းဆိုသွားတဲ့ John Lewis ဟာ ဆယ်လ်မာမှ မောင်ဂိုမာရီ (Montgomery) သို့ဆိုတဲ့ ချီတက်ပွဲတွေမှာ အဲဒီအချိန်က လူငယ် တက်ကြွ လှုပ်ရှားသူ တဦးအဖြစ် ဦးဆောင် ပါဝင်ခဲ့ပြီး ရဲတွေရဲ့ ရိုက်နှက် ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပြီးတော့ အထူး ထင်ရှားခဲ့ပါတယ်။ အခုတော့ သူဟာ ထင်ရှားတဲ့ လွှတ်တော် အမတ်တဦး ဖြစ်နေပါပြီ။
လမ်းလျှောက် ချီတက်ပွဲ နှစ် ၅၀ ပြည့် အခမ်းအနား အဖြစ် ဆယ်လ်မာမြို့မှာ စနေနေ့က ကျင်းပတဲ့ပွဲမှာ သမ္မတ အိုဘားမားက တိုင်းပြည် ပိုကောင်းဖို့အတွက် အမေရိကန် နိုင်ငံသား အားလုံး လက်တွဲ လုပ်ဆောင်ကြဖို့ တိုက်တွန်း သွားပါတယ်။
တန်းတူ အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲဝင်တာ အခုချိန်ထိ မအောင်မြင်သေးဘူး ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြု ပြောဆိုတဲ့ တချိန်တည်းမှာပဲ ဘာမှ မပြောင်းလဲ သေးဘူးလို့ ပြောကြတာ တွေကိုတော့ သူက ပယ်ချပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေ အပေါ် ရဲတပ်ဖွဲ့ရဲ့ ပြုမူ ဆက်ဆံပုံကြောင့် လူမျိုးရေး တင်းမာမှုတွေ အသစ် ပြန်ပေါ်လာနေချိန်နဲ့ အခု နှစ်ပတ်လည် အချိန် တိုက်ဆိုင်နေတာပါ။
Rohingya Eye
RB News
8.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ အသက် (၁၂) နှစ် အရွယ် ကလေးငယ် တစ်ဦးကို ရခိုင်ဒေသခံ (၄) ဦးက ဖမ်းဆီး၍ သတ်ဖြတ်ရန် ကြိုးစားနေစဉ် ၀င်၍ ကယ်တင်သည့် ဖခင်ကို ရခိုင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ မတ်လ (၈) ရက်နေ့ နံနက် အစောပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ ဦးဖွေဇူလ္လာ (ဘ) ဦးအူမောရ်မျာ (အသက် ၄၅ နှစ်) နှင့် ၎င်း၏ အသက် (၁၂) နှစ်အရွယ် သားအဖ နှစ်ယောက်တို့သည် ရွာ၏ အရှေ့ဘက်ရှိ တောင်တန်းသို့ ထင်းခုတ်ရန် သွားခဲ့သည်။ ၎င်းတို့ သားအဖ နှစ်ဦးသည် နံနက် ၁၀ နာရီခန့်တွင် တောင်ထဲ၌ တစ်ဦးနှင့် တစ်ဦး မနီးမဝေး၌ ထင်းခုတ်နေစဉ် ကင်းချောင်း (န.တ.လ) ကျေးရွာမှ ရခိုင်ဒေသခံ (၄) ဦး ရောက်ရှိလာပြီး အသက် (၁၂) နှစ် အရွယ် သားဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ဓါးနှင့် ခုတ်သတ်ရန် ပြုလုပ်နေစဉ် ကလေးငယ်၏ အော်ဟစ်မှုကြောင့် ဖခင် ဖြစ်သူ ရောက်ရှိလာပြီး ကယ်တင်ရန် ကြိုးစားစဉ် ရခိုင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ ရင်ဘတ်တွင် ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရခိုင်ဒေသခံ (၄) ဦးသည် ဦးဖွေဇူလ္လာကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေး သွားခဲ့ခြင်းကြောင့် ကလေးငယ်မှ လူသတ်သမားများ လက်မှ လွတ်မြောက်ခဲံသည်။
၎င်းတို့ သားအဖ နှစ်ဦးသည် ဒုချီးရားတန်း ကျေးရွာသို့ ပြန်လာပြီးနောက် ရွာတာဝန်ခံ ဦးဆုလ်တာန်ထံ အကျိုးအကြောင်း ပြောပြရာ ဦးဆုလ်တာန်က သေနတ် ဒဏ်ရာရရှိသည့် ဦးဖွေဇူလ္လာနှင့် တကွ ဂေါ်ဒူသာရ ကျေးရွာ တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေးထံ တိုင်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
Rohingya Eye
RB News
8.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျ ကျေးရွာများရှိ ပုဂ္ဂလိက ဈေးများမှ နှစ်စဉ် နိုင်ငံတော်သို့ အခွန်ငွေများ ပေးဆောင်လျက် ရှိသော်လည်း အာဏာပိုင်များက လစဉ် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျ ကျေးရွာများရှိ ပုဂ္ဂလိက ဈေးများသည် ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကိုယ်ပိုင်ဈေးများ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စည်ပင်သာယာသို့ အခွန်ငွေ (၇) သိန်းကျော် ပေးသွင်း၍ လိုင်စင် ရယူထားပြီး ရောင်းဝယ် ဖောက်ကားလျက် ရှိသည့် ဈေးများ ဖြစ်သည်။ ငါးခူရ ကျေးရွာ အခြေစိုက် စ.ရ.ဖ အဖွဲ့အား ကြက်ရိုးပြင် ပုဂ္ဂလိက ဈေးမှ လစဉ် ငွေကျပ် တစ်သောင်းနှင့် ဦးရှဥ့်ကျ ပုဂ္ဂလိက ဈေးမှ ငွေကျပ် တစ်သောင်းစီ ပုံမှန် ပေးသွင်းနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ စ.ရ.ဖ အဖွဲ့အား လစဉ် ငွေပေးရန် အကြောင်းမရှိသော်လည်း ၎င်းတို့ ပေးလာမည့် အန္တရာယ်ကို စိုးရိမ်၍ ပေးနေရခြင်း ဖြစ်ပြီး၊ ပုံမှန် ပေးသွင်းရန် နောက်ကျပါက စော်ကားခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်သောကြောင့် ပုံမှန် မပျက်မကွက် ပေးသွင်း နေရကြောင်း ဒေသခံများက ပြောပါသည်။
ဈေးပိုင်ရှင်တစ်ဦး၏ မိသားစုဝင် တစ်ဦးက “ကျွန်တော်တို့က နိုင်ငံတော်ကို အခွန်ငွေ ပေးဆောင်ပြီး၊ တရားဝင်လုပ် နေတာဗျာ၊ စ.ရ.ဖ တွေက သူတို့ ရိက္ခာအတွက် ဆိုပြီး အခုလို မတရားသဖြင့် လစဉ် ဆက်ကြေး တောင်းနေတာက အရင် စစ်အစိုးရ လက်ထက်တုန်းကလို လုပ်နေတာပါ။ ကျွန်တော်တို့ ဈေးကလည်း နေ့တိုင်း ဖွင့်တဲ့ ဈေးမဟုတ်ဘူး။ တစ်ပတ်ကို နှစ်ကြိမ် ဖွင့်တဲ့ ဈေးပါ။ လစဉ် ဆက်ကြေး ပေးနေရတဲ့ အတွက် ကျွန်တော်တို့ အတွက် အခက်အခဲ ဖြစ်လာတယ်။ အဲဒါအပြင် နယ်ခြားစောင့် ရဲတွေ တောင်းတာလည်း ပေးရတယ်။ စည်ပင်ဝန်ထမ်းတွေ တောင်းတာလည်း ပေးရတယ်။ ကျွန်တော်တို့ ရတဲ့ အကျိုးအမြတ်ကို သူတို့ကို ခွဲဝေ ပေးနေရသလို ဖြစ်နေတယ်။ အရင်ကတည်းက လုပ်လာတဲ့ လုပ်ငန်း ဖြစ်လို့ လုပ်နေရပေမယ့် တကယ်တမ်းမှာ အကျိုးအမြတ် အဲဒီလောက် မရှိဘူး” ဟု ပြောပါသည်။
Rohingya Eye
RB News
8.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဉ့်ကျ ကျေးရွာမှ ဒေသခံ ရွာသားများ ထံမှ ကံပြင်ကျေးရွာရှိ ရခိုင်ရွာသားများနှင့် ရေမျက်တောင်ရှိ နယ်ခြားစောင့်ရဲများက နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ (ဘူရာရှီးဒါ ဖာရာ) ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ များ၏ နွားများသည် ကျက်စားရင် ဦးရှဥ့်ကျနှင့် ကံပြင်ကျေးရွာ (ရခိုင်ရွာ) ကြားရှိ တံတားကို ဖြတ်ကျော်၍ ကံပြင် ကျေးရွာသို့ ၀င်သွားလျှင် နွားများကို ရခိုင်ရွာသားများက ဖမ်းဆီးပြီး ဒဏ်ငွေဟုဆိုကာ ငွေကျပ် ၅ ထောင်စီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
မတ်လ (၁) ရက်နေ့က ဦးတော်ဘာရဲခ် (ဘ) ဦးအဘူဘော်ရှော်ရ် (အသက် ၃၆ နှစ်) ၏ နွားနှစ်ကောင်နှင့် အခြားသော ရွာသားများ၏ နွား ၃ ကောင်သည် ကံပြင်ကျေးရွာထဲသို့ တစ်ရက်တည်းတွင် ရောက်ရှိသွားခဲ့ပြီး၊ အဆိုပါ နွားများကို ရခိုင်ရွာသားများက ဖမ်းဆီးထားပြီး နွားတစ်ကောင်လျှင် ငွေကျပ် ၅ ထောင်စီ ဒဏ်ငွေဟု ဆိုကာ စုစုပေါင်း ငွေကျပ် ၂၅၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
နွားပိုင်ရှင် တစ်ဦးက “နွားဆိုတာ တိရစ္ဆာန်၊ လူမဟုတ်ဘူး။ မြက်ရှိတဲ့ နေရာကို သွားပြီး ကျက်စားတာ နွားရဲ့ အကျင့်ပဲ၊ ကံပြင်ကျေးရွာက ရခိုင်လူမျိုးတွေရဲ့ နွားတွေလည်း ကျွန်တော်တို့ရွာမှာ လာပြီး ကျက်စားတာပဲ၊ ကျွန်တော်တို့ ဘယ်တုန်းကမှ မောင်းထုတ်တာမျိုးတောင် မလုပ်ဘူး။ အခု ကျွန်တော်တို့ နွားတွေကို ဖမ်းပြီး ငွေညှစ်တာကတော့ မကျေနပ်မှုတွေ ဖြစ်ပွားပြီး ပဋိပက္ခ အသွင်ဖြစ်လာအောင် တမင်ဖန်တီး နေတာပဲလို့ ယူဆတယ်” ဟု ပြောပါသည်။
အလားတူ ဦးရှဥ့်ကျ ကျေးရွာမှ ရွာသား တစ်ဦးဦးထံမှ မိုဘိုင်းဖုန်း ဟန်းဆက်များ တွေ့လျှင် ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးနေသည်ဟု ရေမျက်တောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး ဦးအာမီရ်ဟာကိမ်း တို့ပူးပေါင်း၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ မတ်လ (၁) ရက်နေ့ အတွင်း ငွေညှစ်ခံရသူများမှာ --
(၁) ဦးရော်ဖိခ် (ဘ) ဦးမိုဟာမတ်ဇာဟီးဒ် (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း တစ်သောင်း)
(၂) ဦးနူရ်ဟူဆောင်း (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း)
(၃) မောန်ဇူရ်အာလာမ် (ဘ) ဦးနူရူ (ကိုးတန်းကျောင်းသား) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၄) ဦးရော်ဖိခ် (ဘ) ဦးဟာဖီးဇ်နော်ဂျီမူလ္လာ (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၆ သောင်း) -- တို့ဖြစ်သည်။
ထို့အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူကလည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၆ သောင်းညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
RB News
7.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု၊ မောင်နူရွာမှ ဆွဲ၊တင်၊စစ် ရှောင် ကျေးရွာသားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့ထိပ်တိုက်တိုးပြီး အခင်းဖြစ်ပွားမည့် သဏ္ဍန် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၆) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများသည် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု၊ မောင်နူရွာမှ ဆွဲ၊တင်၊စစ် ရှောင် ကျေးရွာသားများ ခိုလှုံလျက် ရှိသည့် မောင်နူရွာ အရှေ့ဘက်ရှိ အန်ဒါရီဂူနာ ဟုခေါ်သည့် တောင်ခြေရင်းသို့ သွားရောက်၍ ကျေးရွာများနှင့် ထိပ်တိုက်တွေ့ ခဲ့ပြီး၊ အခင်း ဖြစ်ပွားမည့် သဏ္ဍန် ဖြစ်ပွားခဲ့သော်လည်း နောက်ဆုံးတွင် နယ်ခြားစောင့် ရဲများက ဆုတ်ခွာလာခဲ့သလို၊ ကျေးရွာသားများလည်း နောက်ဆုတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
နယ်ခြားစောင့် ရဲများသည် တောင်ခြေရင်းမှ ပြန်လာပြီးနောက် မောင်နူရွာရှိ မော်လ၀ီ မာမတ်ရော်ဖိခ် (ဘ) ဦးမာမတ် အာလာမ်ကို လက်ထိပ်ခတ်၍ ဖောင်တော်ပြင်ရှိ ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သိရသည်။
ဒေသခံများက ဤကဲ့သို့ ဆွဲ၊တင်၊စစ် ကို မတရားသဖြင့် စစ်ဆေးခြင်းသည် ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ထောင်စု စာရင်းများ ရှုပ်ထွေးလာစေရန်၊ ရိုဟင်ဂျာ လူမျိုးများကို အတင်း အဓမ္မ ခိုးဝင် ဘင်္ဂလီများ အဖြစ် အသက်သွင်းနိုင်ရန်နှင့် ငွေညှစ်ရန် ပြုလုပ်နေခြင်း ဖြစ်သည့် အတွက် အစစ်ဆေးခံရန် လုံးဝ ဆန္ဒမရှိကြဟု ဆိုသည်။
MYARF
RB News
5.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ညောင်ချောင်း ကျေးရွာမှ နယ်ခြားစောင့် ရဲများသည် ညောင်ချောင်း ပုဂ္ဂလိက ဈေးမှ ညစောင့် (၄) ဦးကို အကြောင်းမဲ့ ရိုက်နှက် ခဲ့ရာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၃) ရက်နေ့ ည ၇ နာရီကျော် အချိန်တွင် ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ညောင်ဈေးရှိ ဦးအနိုဝါရ် မိသားစုမှ ပိုင်ဆိုင်သည့် ပုဂ္ဂိလက ဈေးသို့ ရောက်ရှိလာပြီး၊ ညစောင့်များ ရှိလားဟု မေးရာ ညစောင့် တစ်ဦး ဖြစ်သည့် ဦးဖော်ဇောလ်ကော်ရီးမ်က ရှိသည်ဟုဆိုကာ ထွက်လာခဲ့ရာ နယ်ခြားစောင့် ရဲများက ကျန်သည့် ညစောင့် များကိုပါ ခေါ်ခိုင်း၍ ၎င်းက ခေါ်လာခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဘာကြောင့် တစ်နေရာတွင် စုမနေလဲ ဟုမေးရာ ညစောင့်များက လေးထောင့်တွင် လေးဦး နေရ၍ စုမနေရခြင်း ဖြစ်ကြောင်း ဖြေကြားသော်လည်း နယ်ခြားစောင့် ရဲများက အိပ်နေခြင်း ဖြစ်ကြောင်း စွပ်စွဲကာ ၎င်းတို့ လေးဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်မှုကြောင့် ညစောင့် ၃ ဦးမှာ နှုတ်ခမ်း၊ နှာခေါင်းနှင့် မျက်ခုံးများ ကွဲပြဲသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ညစောင့် ၄ ဦးကို နယ်ခြားစောင့် ရဲများက ရိုက်နှက်ချိန်တွင် ဈေးအတွင်းတွင် ဈေးသည်များ ရှိနေဆဲဖြစ်ပြီး ရောင်းဝယ် ဖောက်ကား နေကြကြောင်း သိရသည်။ ညစောင့်များက ဈေးခေါင်း ဖြစ်သူ ဦးအနိုဝါရ်ကို ဖြစ်စဉ်များကို တိုင်တန်းခဲ့သည်။ ဈေးခေါင်းက မတ်လ (၄) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ညစောင့် ၄ ဦးနှင့် အတူ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်ပြီး တိုင်ကြားခဲ့ရာ ရဲမှူး၊ နယ်မြေမှူး တို့မရှိ၍ ဒုရဲအုပ် စောအေးက ဖြစ်စဉ်ကို မှတ်တမ်း တင်ထားခဲ့ပြီး အထက် အရာရှိများ လာလျှင် တင်ပြပေးမည်ဟု ပြောကြား၍ တိုင်ကြားသူများကို ပြန်စေခဲ့သည်။
၎င်းဈေးသည် ဈေးခေါင်း ဦးအနိုဝါရ်နှင့် မိသားစု ပိုင်ဆိုင်သည့် ပုဂ္ဂလိက ဈေးဖြစ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း၊ ညစောင့် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ အိပ်သည် ဖြစ်စေ၊ မအိပ်သည် ဖြစ်စေ၊ နယ်ခြားစောင့်ရဲများ စစ်ဆေးရန် တာဝန်မရှိကြောင်း၊ ပုဂ္ဂလိက ဈေးဖြစ်၍ ဈေးခေါင်း ဦးအနိုဝါရ်မှ ဈေးကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်း၊ ဦးအနိုဝါရ်ကလည်း အာဏာပိုင်များက တောင်းဆိုသည့် အကူအညီများကို ပုံမှန် ပေးလေ့ ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
5.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတကား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများထံမှ ရွာထွက် လက်မှတ် စစ်ဆေးခြင်း၊ ရွာထွက် လက်မှတ်ပြလျှင် ယာယီ ကဒ်ပြား ပြခိုင်းခြင်း၊ နှစ်ခုလုံး ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ နယ်ခြားစောင့် ရဲများက စိတ်တိုင်းကျ ငွေတောင်းခံခြင်း၊ ငွေမပေးနိုင်သူများကို စိတ်တိုင်းကျ ရိုက်နှက်ခြင်း၊ ချုပ်နှောင် ထားခြင်း၊ အမျိုးသမီး များကို မဖွယ်မရာ ပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက် စော်ကား၍ စစ်ဆေးခြင်း၊ လမ်းဘေးတွင် ထိုင်ခိုင်း ထားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။
ယနေ့ မတ်လ (၅) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမှ ဂေါ်ဒူသာရသို့ သွားနေသည့် ကားတစ်စီးဖြင့် ဂေါ်ဒူသာရတွင် ကျင်းပနေသည့် မင်္ဂလာဆောင်ပွဲသို့ သွားနေသော မြို့မ ကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာမှ အပ်ချုပ်ဆရာ ဦးလာလားယား ကိုလည်း အကြောင်းမဲ့ ရိုက်နှက်ကာ ၎င်း၏ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ် ဖုန်း၊ ယာယီကဒ်ပြားနှင့် ရွာထွက် လက်မှတ်တို့ကို သိမ်းယူခဲ့သည့် အပြင် အခြား ခရီးသည်များနှင့် ကားသမား များကိုလည်း ရိုက်နှက်ခဲ့သည်။
ဂေါ်ဒူသာရမှ ဒေသခံ ရွာသားများကိုလည်း ဖေဖော်ဝါရီလ (၉) ရက်နေ့ ညပိုင်းတွင် ရဲမှူး ငြိမ်းချမ်းအေးနှင့် အတူ တရားခံ သွားဖမ်းချိန်တွင် ဆူပူ အော်ဟစ်ခဲ့ရာတွင် ပါဝင်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ခြင်း၊ တနေကုန် လမ်းဘေး နေပူထဲတွင် ထိုင်ခိုင်းထားခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။
RB News
4.3.2015
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အောက်နန်းရာရွာမှ အသက် (၁၂) နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးကို မတ်လ (၂) ရက်နေ့က နယ်ခြားစောင့် ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မောင်တော ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မတ်လ (၂) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ရသေ့တောင် မြို့နယ် အောက်နန်းရာရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရန် သွားရောက်ခဲ့ပြီး ဦးမာမတ်ဟာရှိမ်း၏ သမီးဖြစ်သူ မဇူဘိုင်ရာ အသက် (၁၂) နှစ်ကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆံသည် ရင်ဘတ်ကို ထိမှန်၍ ကျောမှ ပေါက်ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မိန်းကလေးငယ်ကို မောင်တော ဆေးရုံသို့ ဒေသခံများက ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
ရသေ့တောင် မြို့နယ်တွင် ယခင်က ဆွဲ၊တင်၊စစ် တွင် ပါဝင် စစ်ဆေးမခံသူ (၉) ဦးကိုလည်း ဖမ်းဆီး၍ စစ်တွေ ထောင်သို့ ပို့၍ အမှုဖွင့် အရေးယူရန် စီစဉ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ မတ်လ (၃) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အထက်ပိုင်း တောင်ဘဇာနှင့် ဖောင်တော်ပြင် ကျေးရွာ ပတ်ဝန်းကျင်တွင်လည်း ဆွဲ၊တင်၊စစ် စစ်ဆေးမည်ဟု ဆိုကာ အစစ်ဆေး မခံသူများကို ရွာမှ မထွက်နိုင်အောင် ပိတ်ဆို့ခြင်း၊ စက်လှေများ ထွက်ခွင့် ပိတ်ပင်ထားခြင်း၊ ကုန်းလမ်း ခရီးများကိုလည်း ပိတ်ပင်ထားခြင်းများ ပြုလုပ်၍ ရွာအတွင်း နယ်ခြားစောင့်ရဲများက တွေ့သမျှ လူကြီး၊ လူငယ်၊ ကလေး၊ အမျိုးသမီးများကို ထိုးကြိတ်၍ ရိုက်နှက် ညှဉ်းပန်း နှိက်စက်မှုကြောင့် ဒေသခံ အချို့ ဒဏ်ရာရရှိသည့် အပြင် ဘာသာရေး စော်ကားမှုများ အဖြစ် မုတ်ဆိတ်များ မီးရှို့ခြင်း၊ ဒေသခံ အချို့ကို ဖမ်းဆီး၍ နယ်ခြားစောင့် ရဲကင်းစခန်းများတွင် ချုပ်နှောင် ထားခြင်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
နယ်ခြားစောင့် ရဲများသည် နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသည့် အမိန့် ကြေညာစာ မပြဘဲ ၎င်းတို့ စိတ်တိုင်းကျ အာဏာ အလွဲသုံးစား ပြုလုပ်၍ ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး အတင်း အဓမ္မ ဆွဲ၊တင်၊စစ် ပြုလုပ်၍ ရခိုင်ဒေသ၏ မူလဘူတ တိုင်းရင်းသား လူမျိုးကို ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ အဖြစ်သို့ တရားဝင် မှတ်တမ်း တင်ရန် ကြိုးပမ်းလျက် ရှိခြင်းကြောင့် ဒေသခံများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်နေခြင်း ဖြစ်သည်။ ထို့အပြင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်ခြင်း၊ အမျိုးသမီး များကို ဓါတ်ပုံ ရိုက်မည်ဆိုကာ ကာအိနြေ္ဒ ပျက်ပြား စေသည့် အထိ မျက်နှာ ကိုင်ခြင်း၊ ရင်သားများ ကိုင်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများ ဆိုသည်။ ထောင်နဲ့ချီသည့် လူအုပ် အလယ်တွင် ဆွဲ၊တင်၊စစ် ဟုဆိုကာ အပြစ်မဲ့ ဒေသခံများကို တရားခံ သဖွယ် ပြောဆို ဆက်ဆံခြင်း၊ တရားခံများကဲ့သို့ ဓါတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ကြောင်း သိရသည်။
လက်နက်ကိုင် အာဏာပိုင်များက ရက်ရက်စက်စက် နှိပ်ကွပ်၍ စစ်ဆေး နေသော်လည်း အများအားဖြင့် စစ်ဆေးမခံရရန် ရှောင်တိမ်းလျက် ရှိပြီး၊ အစစ်ဆေး ခံနေရသူများကလည်း ၎င်းတို့အား အာဏာပိုင်များက စိတ်တိုင်းကျ မှတ်တမ်းတင်သည်ကို လုံးဝ လက်ခံမည် မဟုတ်ဟု ဆိုသည်။
ယခုရက်ပိုင်း အတွင်း ဆွဲ၊တင်၊စစ် မပါဝင်ဟု ဆိုကာ ဖမ်းဆီးခံရသူ အများအပြား ရှိပြီး၊ ဖမ်းဆီး ခံထားရသူ အချို့၏ အမည်များမှာ --
(၁) ဦးမာမတ်ရှော်ရိဖ် (ဘ) ဦးအဒူကော်ယုမ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၂) ဦးမာမတ် (ဘ) ဦးဆိဒိတ်ခ်မျာ -- ကျီးနှုတ်သီး အကွက် (၁၁)
(၃) ဦးမာမတ်နော်ယီးမ် (ဘ) ဦးမောစ်တော်ဖိစ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၄) ဦးအီဘရာဟိမ်း (ဘ) ဦးနူရ်အစ္စလာမ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၅) ဦးဆွေတာလာမ် (ဘ) ဦးရှော်ရိဖ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၆) ဦးအာဇီရောန် -- ကျီးနှုတ်သီး အကွက် (၁၁)
(၇) ဦးဇူဘိုင်ရ် (ဘ) ဦးဝါရီစ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၈) ဦးဖာရုခ် (ဘ) ဦးအိုလာမျာ -- ကျီးနှုတ်သီး အကွက် (၁၁)
(၉) ဦးဇော်ကော်ရီယာ (ဘ) ဦးဟာရုန်းရော်ရှိတ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၀) ဦးရှော်ဖီ (ဘ) ဦးဟာရုန်းရော်ရှိတ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၁) ဦးအဒူဂေါ်ဖေါ်ရ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၂) ဦးနူရ်မာတ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၃) ဦးဆော်လိမ် (ဘ) ဦးဆူလေမန် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၄) ဦးအီစ္စမိုင်လ်၏ သား -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၅) ဦးမော်တော်လောဖ်၏ သား (မော်လ၀ီ) -- ကျီးနှုတ်သီး အကွက် (၁၂)
(၁၆) ဒေါ်ရော်ရှီဒါခါတူ -- ကျီးနှုတ်သီး အကွက် (၁၁)
(၁၇) ဦးအီနုစ်အာမတ် (ဘ) ဦးဂူရာမျာ -- ကျီးနှုတ်သီး အကွက် (၁၁) -- တို့ဖြစ်သည်။
MYARF
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၀က်ကျိန်း ကျေးရွာတွင် တံတားဆောက်လုပ် နေသည့် လုပ်ငန်းခွင်တွင် သေဆုံး သွားသူ တစ်ဦး၏ အလောင်းကို အကြောင်းပြု၍ ဆေးရုံ ၀န်ထမ်းနှင့် ရဲများက ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း ကျေးရွာမှ ဦးအာဘူလ်ဟာရှိမ်း၏ သားများ ဖြစ်သော ဦးအာရ်ဖာတ်အုလ္လာနှင့် ၎င်း၏ အစ်ကို ဖြစ်သူတို့သည် မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၄) နယ်မြေ၊ ၀က်ကျိန်း ကျေးရွာ၌ စည်ပင်သာယာရေး အဖွဲ့မှ တံတား ဆောက်လုပ်နေသည့် လုပ်ငန်းခွင်တွင် ၎င်းတို့၏ ညီအစ်ကို တ၀မ်းကွဲ တော်စပ်သူနှင့် သွားရောက် အလုပ်လုပ်ခဲ့ရာ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ၁၂ နာရီ အချိန်၌ လုပ်ငန်းခွင်တွင် မြေပြိုကျပြီး ဦးအာရ်ဖတ်အုလ္လာ သေဆုံးခဲ့သည်။ ၎င်းသေဆုံးပြီးနောက် အခြား အလုပ်သမားများက သက်ဆိုင်ရာသို့ အကြောင်းကြားရာ ၎င်း၏ ရုပ်အလောင်းကို ကြိမ်ချောင်း ရဲစခန်းသို့ သယ်ယူသွားပြီး ထိုမှတဆင့် မောင်တော ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
မောင်တော ရဲစခန်းမှ တဆင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ဆေးရုံတွင် ၎င်း၏ အလောင်းကို ခွဲစိတ်ရန် ပြုလုပ်နေသဖြင့် ဖခင် ဖြစ်သူ ဦးအာဘူလ်ဟာရှိမ်းက မခွဲစိတ်ရန် ပန်ကြားရာ ဆေးရုံမှ တာဝန်ရှိသူက မခွဲစိတ်လိုလျှင် ငွေကျပ် ၅ သိန်း ပေးရမည်ဟု ပြောဆိုသဖြင့် ငွေကျပ် ၅ သိန်း ပေးခဲ့သည်။ သို့သော်လည်း ဆေးရုံမှ တာဝန်ရှိသူက ငွေကျပ် ၅ သိန်း ရယူပြီး အလောင်းကို ခွဲစိတ်၍ ရဲများထံသို့ အပ်နှံခဲ့သည်။ တစ်ဖန် ရဲများက အလောင်းပြန် ထုတ်ပေးရန်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ရဲများကို ငွေတစ်သိန်း ငါးသောင်း ပေးပြီးနောက် ဖခင် ဖြစ်သူ ဦးအာဘူလ်ဟာရှိမ်းက သားဖြစ်သူ၏ အလောင်းကို နေအိမ်သို့ သယ်ဆောင် သွားပြီးနောက် ညနေ နေ၀င်ချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။
Rohingya Eye
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာ အုပ်စု၊ န.တ.လ ရွာအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ပြောင်းရွှေ့လာသည့် ဒုရဲအုပ် တစ်ဦးက ဒေသခံများ၏ ပစ္စည်းများ လုယက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာ အုပ်စု၊ န.တ.လ ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသည့် ဒုရဲအုပ် တစ်ဦးက ပြောင်းရွှေ့လာသည့်နေ့မှ စ၍ ထမ်းဖြင့် ကွမ်း၊ ဟင်းသီးဟင်းရွက် ရောင်းသူများက ကင်းစခန်းကို ဖြတ်ကျော်သည့် အကြိမ်တိုင်းတွင် ပစ္စည်းများ လုယက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဖေဖော်ဝါရီလ (၂၄ ) ရက်နေ့တွင် ပုဇွန်ကန်မှ ပုဇွန်များ သယ်ယူလာသည့် ဦးအာဘူကာလာမ် (ဘ) ဦးဆွေယောဒ်ဟူစိန်းသည် ပုဇွန် (၁၅) သိုက်ဖြင့် အဆိုပါ ကင်းစခန်းမှ ဖြတ်ကျော်လာစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက ငွေကြေး တောင်းခံရာ ငွေမပေးနိုင်သဖြင့် ပုဇွန်များကို လုယက် သိမ်းဆည်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို လုယက်ခံရသူက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားသည့် အခါ ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲကင်းစခန်းသို့ သွားရောက်၍ ဖြောင်းဖြ ပြောဆိုမှုကြောင့် ကံကောင်း ထောက်မစွာဖြင့် ပုဇွန်များ ပြန်လည် ရရှိခဲ့သည်။
ထိုကဲ့သို့ ပုဇွန်များ သယ်ယူ၍ ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားသူ များထံမှ မကြာခဏ လုယက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် ထင်း၊ သစ်သားများကို တွန်းလှည်းဖြင့် ကယ်ရီလုပ်နေသူများ ထံမှ လှည်းတစ်စီးလျှင် ငွေကျပ် ၆ ထောင်ကျပ်စီ မပေးမနေရ ညှစ်ယူလျက် ရှိသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လုယက်မှု၊ ငွေညှစ်မှုများကို သရက်အုပ် ရွာသားများ အပြင်၊ ရွက်ညိုတောင်၊ ဒါးကြီးစား၊ မျောတောင်၊ သူဦးလာ ရွာသားများလည်း သရက်အုပ် ဈေးသို့ ဈေးရောင်းရန် လာရောက်တိုင်း ကြုံတွေ့လျက် ရှိသည်။ အဆိုပါ ကင်းစခန်းမှူးသည် ညပိုင်း အချိန်တွင် ရွာများထဲသို့ ၀င်ရောက်၍ ပစ္စည်းများ ၀ယ်ယူ၍ ငွေပေးချင်သည့် အခါတွင် ပေးပြီး၊ ငွေမပေးသည့် အခါတွင် ဆိုင်ရှင်များက ကျသင့်ငွေတောင်းပါက လက်ထိပ်ကိုပြကာ ခြိမ်းခြောက်သည်ဟု ဒေသခံ ရွာသားများက ပြောပါသည်။ ယခင် တာဝန်ကျခဲ့သည့် ကင်းစခန်းမှူးက ယခုကဲ့သို့ လုယက်ခြင်း၊ ငွေညှစ်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
Rohingya Eye
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ဖြင့် လက်သမား (၃) ဦး နေ့စဉ် လုပ်အားပေး နေရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် အရာရှိ ရိပ်သာ ဆောက်လုပ်လျက် ရှိရာ၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စ၍ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ဖြင့် ကျီးကန်းပြင် ကျေးရွာမှ လက်သမား (၃) ဦးစီကို နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးခိုင်း လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ အဆိုပါ အရာရှိ ရိပ်သာကို ၀ါးနံရံ၊ သွပ်မိုးဖြင့် ဆောက်လုပ်လျက် ရှိသည်ဟု ဆိုသည်။
လက်သမား တစ်ဦးက “မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ မလုပ်မနေရ အမိန့်နဲ့ လုပ်နေရတာပါ။ ပုံမှန်အားဖြင့် တစ်နေ့ အလုပ်လုပ်ရင်တောင် တစ်နပ် စားဖို့ အနိုင်နိုင် ဖြစ်နေတဲ့ကြားက အခု တစ်နေကုန် အလုပ်လုပ်ပြီးတော့ ဘာဝင်ငွေမှ မရတော့ စားဖို့သောက်ဖို့တောင် တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။ ၀င်ငွေမရတော့ အိမ်မှာ ဘာမှ ၀ယ်မပေးနိုင်ဘူး၊ အဲဒီတော့ ကလေးတွေ စားဖို့တောင် တောင်းစားနေရတယ်။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို ရင်းနှီးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့က အရာရှိ ရိပ်သာကို ဆောက်လုပ်ပေးနေရတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စ၍ ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ဖြင့် စတင်သည့် အတင်းအဓမ္မ ခိုင်းစေမှုသည် ယနေ့ အချိန်ထိ ရှိနေကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာတွင် ပုဇွန်သားပေါက် လုပ်ငန်းကို တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားခြင်းကြောင့် ပုဇွန်သားပေါက် ရှာဖွေ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ၀င်ငွေနည်းပါးမှုနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာတွင် ဒေသခံ ရွာသား အများစုမှာ ကမ်းခြေနှင့် ချောင်းများကို မှီခို၍ ပုဇွန်သားပေါက်များ ရှာဖွေပြီး ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး အတွက် ၀င်ငွေရှာနေခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ စ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ အမိန့်စာဖြင့် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ရွက်ညိုတောင် ကျေးရွာသား ဦးဟာဘီအုလ္လာ (အသက် ၄၅ နှစ်) ကို ပေးအပ်ခဲ့ပြီး၊ ၎င်းက သရက်အုပ် ကျေးရွာသား ဦးဟိုက်ရှုလာမီးန် (ဘ) ဦးနေဆာရ်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးအာဘူလ်ကာလာမ် (ဘ) ဦးအဘူမူဆာ (အသက် ၂၀ နှစ်) တို့ကို တစ်ဆင့် ကိုယ်စားလှယ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။
အဆိုပါ ကျေးရွာမှ ဒေသခံများက ရှာဖွေ ရရှိသည့် ပုဇွန်သားပေါက် များကို တစ်ဆင့် ကိုယ်စားလှယ် နှစ်ဦးထံ ရောင်းချရပြီး၊ အပြင်သို့ ရောင်းချလျှင် ဒဏ်ငွေ ပေးဆောင် ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ၎င်းတို့ နှစ်ဦးက ပုဇွန်သားပေါက်ငယ် များကို (၅) ကျပ် (သို့) (၆) ကျပ်နှုန်းဖြင့် ၀ယ်ယူပြီး ဈေးကွက်တွင် (၁၄) ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိသည်။
ယခုကဲ့သို့ တစ်ဦးတည်း လုပ်ကိုင်ခွင့် ပေးအပ်လိုက်ခြင်းကြောင့် ဒေသခံများမှ ၀င်ငွေတစ်ဝက်ကျော် နစ်နာနေကြသည်။ ပုဇွန်သားပေါက် ရှာသူ တစ်ဦးက “ ကျွန်တော်တို့ ပုဇွန်သားပေါက် တွေရှာပြီး မိသားစု အတွက် ၀င်ငွေရှာနေတာပါ။ အခု တစ်ဦးတည်း ကိုယ်စားလှယ် ပေးလိုက်တာကြောင့် ကျွန်တော်တို့ရဲ့ စီးပွားပျက်တာတင်မက ၀င်ငွေလျော့နည်း သွားတာကြောင့် ကလေးတွေရဲ့ ပညာရေး အတွက် ထောက်ပံ့တာမှာတောင် ထိခိုက်နေပါပြီ။” ဟု ပြောသည်။
(ဓါတ်ပုံ - Reuters)
"မေမေသို့"
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
4.3.2015
မေမေ့ 
မဟာပထဝီမြေကြီးရဲ့ အာရ်ကာန်ဆိုတဲ့ ရိုဟင်ဂျာ့မြေပေါ်မှာ 
ငမိုက်သားသေနတ်ကိုင် လူရမ်းကားတွေနဲ့ထိတွေ့ခွင့်ရအောင် 
သားကိုမွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်တဲ့ အာဏာရှင်တွေရဲ့ တိုင်းပြည်မှာ 
သားကို မွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
မင်းသားခေါင်းစွပ် ဘီလူးမင်းများ ကပြနေတဲ့ ဇာတ်ပွဲကို ကြည့်ရှုနိုင်အောင် သားကိုပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
လောဘဇာတ်ကောင် ၊ ဒေါသဇာတ်ကောင် ၊ မောဟဇာတ်ကောင်တွေနဲ့ 
ရိုက်ကူးနေတဲ့ ဒါရိုက်တာမာနရဲ့ ရုပ်ရှင်ရိုက်ကွင်းဆီ 
သားကို လေ့လာရေးခရီးထွက်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ မတရားသက်သေနောက်လိုက်တွေနဲ့ ပူးပေါင်းလိမ်ညာပြီး 
အားအင်ချည့်နဲ့တဲ့လူသားတွေကို အနိုင်ကျင့်အနိုင်ယူနိုင်ရန် 
လမ်းခင်းပေးနေတဲ့ တရားရုံးဘက်တော်သားများကို 
သိခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ "ထိတွေ့မှုတိုင်းတွင် သဲလွန်စများကျန်ရစ်နေမြဲ၊ ပြစ်မှုတိုင်းတွင် 
သဲလွန်စများကျန်ရစ်နေမြဲ" ဟူသော အိုင်အိုမှုခင်းစစ်တွေရဲ့ လက်ကိုင်ဆောင်ပုဒ်ကို မှတ်သားခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ အမွေ စံထိုက်သူတစ်ယောက် ဖြစ်ပါလျှက်နှင့် မိမိ မစံစားရဘဲ 
အခြားသူတစ်ယောက် စံစားသွားရတာကို မြင်ပြီး 
"စံခွင့်ရှိပေမဲ့ မစံလိုက်ရသူ" ဟု ကောက်ချက်ချခွင့် ပေးတဲ့အတွက် 
ကျေးဇူးတင်ပါတယ် မေမေရဲ့။
MYARF
RB News
3.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇားတံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၈ သိန်း ညှစ်ယူခဲ့ပြီး၊ လောင်းဒုံး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဒေသခံ နှစ်ဦးထံမှ ငွေညှစ်သည့် အပြင် မတရားသဖြင့် ပြုလုပ်မှုကြောင့် ကိုးတန်း ကျောင်းသား တစ်ဦး အတန်းတင် စာမေးပွဲ မဖြေရသည့် အပြင် ယခုအချိန်ထိ မောင်တော ရဲစခန်းတွင် ချုပ်နှောင် ခံထားရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်၊ ရွှေဇား တံတား ကင်းစခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ အချို့သည် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ည ၈း၄၅ နာရီ အချိန်တွင် ရွှေဇား ကျေးရွာ အုပ်စု၊ အနောက်ရွာ၌ ကင်းလှည့်နေစဉ် ၎င်းကျေးရွာအုပ်စု မြောက်ရွာနေ ဦးဟာဆောင်း (ဘ) ဦးရာဟာမောတ် သည် အနောက်ရွာမှ ဆိုင်ကယ် စီးသွားနေစဉ် နယ်ခြားစောင့် ရဲများက ရပ်တန့်စစ်ဆေး ခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းကို အကြောင်းမဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး၊ ဆိုင်ကယ်တွင် WY စာတမ်းပါ မူးယစ်ဆေးပြား ၃ ပြား တွေ့ရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ကာ ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့သည်။ ဦးဟာဆောင်းက အပြစ်မဲ့ တစ်ဦး ဖြစ်၍ နယ်ခြားစောင့် ရဲများ ညှစ်သည့်ငွေကို ပေးရန် ငြင်းဆန်သဖြင့် တစ်ညလုံး လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ဦးဟာဆောင်းက ၎င်းအား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် ၈ သိန်း ပေးမှသာ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာအုပ်စု ဖောကီတောင်ရွာမှ ရပ်မိရပ်ဖ ခေါင်းဆောင် ဦးရှုနာယား (ခ) ဦးရွှေမောင် (မာရမကြီး လူမျိုး) က ၎င်းရွာနေ ကိုးတန်းကျောင်းသား အာဘူကာလာမ် (ဘ) ဦးလာလူး (ခ) ဦးရှောမ်ရှုလောက် (အသက် ၁၇ နှစ်) အပါအ၀င် ဒေသခံ (၃) ဦးကို တစ်ဖက်နိုင်ငံမှ ဆိုလာပြားများ တရားမ၀င် တင်သွင်း ရောင်းချခဲ့သည်ဟု လုပ်ကြံစွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေကျပ် တစ်သိန်း တောင်းရာ၊ ဒေသခံ နှစ်ဦးက ငွေကျပ် ၅၀၀၀၀/- စီ ပေးခဲ့သော်လည်း ကိုးတန်း ကျောင်းသား ဖြစ်သူ အာဘူကာလာမ်က ငွေပေးရန် ငြင်းဆန်ခဲ့သည်။ ငွေမပေးသည်ကို ဦးရှုနာယားက အငြိုးထား၍ ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် ဆွဲ၊တင်၊စစ် အဖွဲ့ လာသည့် အခါ အာဘူကာလာမ်၏ မိသားစု ရောက်ရှိလာရာတွင် ဦးရှုနာယားက နယ်ခြားစောင့်ရဲများအား အာဘူကာလာမ်အား ဖမ်းဆီးစေခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက အာဘူကာလာမ်ကို ငါးခူရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ ခေါ်ဆောင် သွားပြီး တစ်ပတ်ကြာ ထိန်းသိမ်း ထားပြီးနောက် မောင်တော ရဲစခန်းသို့ ပို့ဆောင် ခဲ့သည်။ ၎င်းအား ယခုထက်ထိတိုင် မောင်တော ရဲစခန်းတွင် ချုပ်နှောင် ထားပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် စတင် စစ်ဆေးခဲ့သည့် အတန်းတင် စာမေးပွဲတွင် ၀င်ရောက် ဖြေဆိုနိုင်ခြင်း မရှိခဲ့၍ ဦးရှုနာယား၏ မတရားသဖြင့် အာဏာအလွဲသုံးစား ပြုလုပ်မှုကြောင့် ပညာသင်နှစ် တစ်နှစ် နစ်နာခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
RB News
3.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ကျေးရွာ အာဏာပိုင်များက ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံများထံမှ ငွေကျပ် သိန်း ၅၀ ကျော် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တစ်ခုလုံးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ ဆွဲ၊တင်၊စစ် စစ်ဆေးမည်ဟု ကြေညာပြီးနောက် ၎င်းတို့၏ အကြီးအကဲများက ကျေးရွာ အသီးသီးမှ ရပ်ရွာ လူကြီးများကို ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ပြီး ရွာသားများထံမှ မည်သည့်စရိတ်မှ ကောက်ခံမည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။ သို့သော်လည်း မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာတွင် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၂၅) ရက်နေ့ထိ မြင်းလွတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ မ.က.ဖ အဖွဲ့ လာရောက် စစ်ဆေးခဲ့ရာတွင် ထမင်းနှင့် စားစရိတ်ဟု ဆိုကာ ဥဒေါင်း ကျေးရွာရှိ စုစုပေါင်း အိမ်ထောင်စု ၁၁၆၄ မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်ထောင်စီ - စုစုပေါင်း ငွေကျပ် တစ်ဆယ့် တစ်သိန်း ခြောက်သောင်း လေးထောင် (၁၁၆၄၀၀၀/-) ကောက်ခံသည့် အပြင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မြနှင့် ၎င်း၏ တပည့်များ ဖြစ်ကြသော ဦးဖော်ယာဇူလ္လာ (ဘ) ဦးဘော်ဆိရ်၊ ဦးကော်ရီမူလ္လာ (ဘ) ဦးဘော်ဒီရောန်၊ ဦးအဒူလ္လာ (ဘ) ဦးကာလာမျာ နှင့် ဦးအာဆော်ဒူလ္လာ (ဘ) ဦးအဒူလာဇီ တို့က မွေးဖွား၊ သေဆုံး တစ်ဦးလျှင် ၃၀၀၀/- ကျပ်၊ မလေးရှားနှင့် အခြား နိုင်ငံထွက်ခွာ သွားသူများကို စာရင်းမှ ပယ်ဖျက်ရန် မိသားစုများထံမှ တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်မှ ၅၀၀၀၀/- ကျပ်ထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် ဥဒေါင်း ကျေးရွာ၌ မွေးဖွားနှင့် သေဆုံးသူ စုစုပေါင်း လေးရာ နီးပါးရှိပြီး၊ မလေးရှားနှင့် အခြားနိုင်ငံ ထွက်ခွာသွားသူပေါင်း သုံးရာခန့် ရှိသည်ဟု ဆိုသည်။
မလေးရှားနှင့် အခြား နိုင်ငံများသို့ ထွက်ခွာသွားသူ များ၏ မိသားစုများထံမှ ဦးမောင်မြနှင့် အပေါင်းအပါများက ယခင်ကလည်း တစ်ယောက်လျှင် ငွေကျပ် ၃၀၀၀၀/- မှ ၅၀၀၀၀/- ကျပ် အထိ ညှစ်ယူခဲ့ပြီး၊ ယခု တစ်ဖန် ထပ်မံ၍ ငွေညှစ်ခဲ့ကြောင်း သိရသည်။ ငွေညှစ်ခံရသူများမှာ ---
(၁) ဦးအဒူလာကိမ်း (ဘ) ဦးအာမီးရ်ဟူစိန်း အပါအ၀င် (၈) ဦး၊ ပါစ်ကိုရီရွာမှ ငွေကျပ် ၂၇၀၀၀၀/-
(၂) ဦးဆွေယောဒူလ္လာ (ဘ) ဦးအဘူဆော်ယောဒ် အပါအ၀င် (၁၂) ဦး၊ ကုန်တန်းရွာမှ ငွေကျပ် ၄၅၀၀၀၀/-
(၃) မော်လ၀ီ ဖယာဇူလ္လာ (ဘ) ဦးအော်လီအာမတ် အပါအ၀င် (၂၇) ဦး၊ အနောက်ရွာမှ ငွေကျပ် ၁၀၄၅၀၀၀/-
(၄) ဦးအူမော်ရ်ဟာကိမ်း (ဘ) ဦးနာဇီရာ အပါအ၀င် (၂၀) ဦး၊ ဇုံမာရွာမှ ငွေကျပ် ၇၃၀၀၀၀/-
(၅) ဦးရှုနာအလီ (ဘ) ဦးရိုရှောန် အပါအ၀င် (၁၈) ဦးမှ ငွေကျပ် ၅၇၀၀၀၀/-
(၆) ဦးအာလောမ် (ဘ) ဦးနူရ်အာမတ် အပါအ၀င် (၂၅) ဦးမှ ငွေကျပ် ၉၇၅၀၀၀/- -- စုစုပေါင်း ၄၀၄၀၀၀/- (ငွေကျပ် သိန်း လေးဆယ်နှင့် လေးသောင်း)
"ပုရွက်​ဆိတ်​များ၏ စည်းလုံးမှု"
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.3.2015
မိုးဦးရာသီ၊ မိုးသည်း​လေပြင်း 
ရေလျှံလွန်း​တော့၊ သူတို့အိမ်​ထိ 
ရေဖုံးလွှမ်းပြီး၊ ဖရိုဖရဲ 
သူတို့တစ်​​တွေ၊ ဒုက္ခ​ရောက်​​၏။
ခိုစရာအိမ်​၊ ပျက်​ဆီးသွားလို့ 
တကွဲတပြား၊ ဖြစ်​မည့်​အ​ရေး 
တွေ့ကြုံရ၍၊ ဟို​ပြေးဒီ​ပြေး 
သူတို့တစ်​​တွေ၊ သောက​ရောက်​​၏။
ပင်​လယ်​ပမာ၊ ရေပြင်​ကျယ်​မှာ 
အားကိုးစရာ၊ ဆံမျှင်​​တောင်​မှ 
သူတို့တစ်​​တွေ၊ မ​လျှော့အားမာန်​။
အေးတူပူမျှ၊ လက်များကိုတွဲ 
ဆွေး​ဆွေး​နွေး​နွေး၊ မကွဲပြားဘဲ 
သူတို့တစ်​​တွေ၊ ​ရင်​မှာပိုက်​ဇွဲ။
နေစရာအိမ်​၊ ပျက်​ဆီးသွား၍ 
ထို​ရေ​ပေါ်​နေ၊ ရှင်​သန်​နိုင်​ဖို့ 
သူတို့တစ်​​တွေ၊ ရုန်းကန်​တတ်​၏။
သေလည်းမပူ၊ ရှင်​လည်းအတူ 
စည်းစည်းလုံးလုံး၊ ​နေဖို့သာလို 
ခိုင်​မာဆုံးဖြတ်​၊ နှောင်​ထုံးဖွဲ့၍ 
သူတို့တစ်​​တွေ၊ အရှုံးမ​ပေး။
နီနီရဲရဲ၊ သတ္တဝါများ 
သေးငယ်​​သော်​လည်း၊ ဇွဲမ​လျှော့ပါ 
တစ်​စိတ်​​မွေးလို့၊ ညီညွှတ်​လို့သွား 
သူတို့ရင်​ဆိုင်​၊ အန္တရာယ်​များ။
စည်းလုံးအားနှင့်​၊ ​နောက်​ဆုံးတစ်​​နေ့ 
ရှင်​သန်​နိုင်​ခွင့်​၊ ရလိုရငြား 
သူတို့တစ်​​တွေ၊ ​​တိုက်​ပွဲဝင်​၏။
MYARF
RB News
2.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲများက ဒေသခံများကို ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ အတင်း အဓမ္မ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခိုင်းနေကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် အတင်း အဓမ္မ စစ်ဆေးနေသည့် ဆွဲ၊တင်၊စစ် တွင် ဒေသခံ ရိုဟင်ဂျာများ မပါဝင်လို၍ မ.က.ဖ အဖွဲ့မှ စစ်ဆေးရန် လာရောက်သည့်အခါ ရွာသားများ သွားရောက် စစ်ဆေးခံခြင်း မပြုဘဲ ရှောင်နေကြကြောင်း ဒေသခံများက ပြောပါသည်။ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အတူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အိမ်တိုင်ရာရောက် သွားရောက်စေ၍ ဒေသခံများကို အတင်းဆွဲခေါ်ကာ စစ်ဆေးခံစေခဲ့သည်။ ထိုကဲ့သို့ အတင်းအဓမ္မ ဆွဲခေါ်မှုကြောင့် အမျိုးသားများမှာ အိမ်တွင် မနေရဲကြတော့ဘဲ တိမ်းရှောင် နေရသည်။
ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ငရန့်ချောင်း ကျေးရွာအုပ်စု၊ ရပ်ကွက် (၁၅) မှ အမျိုးသမီး နှစ်ဦးသည် ငရုတ်သီးခင်း၌ ရေလောင်းနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ ဆွဲ၊တင်၊စစ် တွင် မပါဝင်ဟုဆိုကာ အမျိုးသမီးများ ခြုံလေ့ရှိသည့် ဘုရ်ခါပင် ခြုံခွင့်မပေးဘဲ တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၉ စခန်း) သို့ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားသည်။
ယနေ့ မတ်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၅) ရှိ ဗလီ၌ ရွာသားများ ၀တ်ပြုနေစဉ် နယ်ခြားစောင့်ရဲ (၂၅) ဦးရောက်ရှိလာပြီး ဗလီကို ၀န်းရံကာ အငြိမ်းစား အထက်တန်း ကျောင်းအုပ်ကြီး ဦးလှအောင်နှင့် ဗလီရှေ့ဆောင် အပါအ၀င် ဒေသခံ (၁၀) ဦးကို ဖမ်းဆီး သွားပြီး၊ ကျောင်းအုပ်ဆရာကြီးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန် (၉) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၌ ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့်ရဲများက ၎င်းတို့ကြောင့် ရွာသားများ ဆွဲ၊တင်၊စစ် တွင် မပါဝင်ခြင်း ဖြစ်သည်ဟု ဆိုကာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်ပင် တောင်ဘဇာ စခန်းမှ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၆၀) ခန့်တို့သည် စက်လှေ နှစ်စီးဖြင့် သင်္ဂနက်ရွာသို့ သွားပြီး ရွာသားများကို အစည်းအဝေး ခေါ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ ညနေပိုင်းတွင် ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ အချို့သည် ဆိုင်ကယ်များဖြင့် သင်္ဂနက် ခွဆုံသို့ သွားရောက်၍ ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သော အမျိုးသမီး၊ လူကြီး၊ ကလေးများကို လမ်းတွင်ပင် ရိုက်နှက်ခဲ့သည်။ အမျိုးသမီး (၃) ဦးကိုလည်း ခြေထောက်ဖြင့် ကန်ကျောက်၍ လမ်းဘေး မြောင်းထဲသို့ ပစ်ချခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ သင်္ဂနက်မှ ငရန့်ချောင်း အထိ လမ်းတွင် တွေ့သည့် ဒေသခံများကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ငရန့်ချောင်းတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသည့် နေ့မှာပင် တပ်မတော် တပ်ရင်း (၅၅၂) မှ တပ်ရင်းမှူးက ရွာသားများက ၎င်းတို့၏ ဆန္ဒအတိုင်း လာရောက် စစ်ဆေးခံလျှင် စစ်ဆေးရန်နှင့် လာရောက် စစ်ဆေး မခံလိုသူများကို အတင်းအဓမ္မ မပြုလုပ်ရန် နယ်ခြားစောင့်ရဲများကို မှာကြားခဲ့သော်လည်း နယ်ခြားစောင့် ရဲများက တပ်ရင်းမှူး၏ အမှာစကားကို အလေးမထားဘဲ ယခုကဲ့သို့ အတင်းအဓမ္မ စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
Rohingya Exodus