နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
28.7.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာတစ်ဦး ထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒုအိုးသည်မ ကျေးရွာမှ ဦးဘော်ရှိရ်အာမတ် (ဘ) ဦးရှီကာန်ဒေါရ် (အသက် ၄၁ နှစ်) နှင့် ယင်းကျေးရွာမှ ဦးရှော်ရိပ် (ဘ) ဦးမော်ဂုလ်အာမတ် တို့သည် ဇူလိုင်လ (၂၀) ရက်နေ့တွင် အချင်းချင်း စကားများခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးမာမတ်အလီက ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ ချဲ့ကားပြီး အကြောင်းကြားခဲ့သည်။


ထို့နောက် ဇူလိုင်လ (၂၃) ရက်နေ့တွင် ညောင်ချောင်းစခန်းမှ ဦးဘော်ရှိရ်အာမတ်ကို ဆင့်ခေါ်စာ ပို့၍ ဆင့်ခေါ်ပြီး ချုပ်နှောင် ထိန်းသိမ်း ထားခဲ့သည်။ ကျေးရွာ ရပ်မိရပ်ဖ နှစ်ဦးက အာမခံ၍ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ဇူလိုင်လ (၂၄) ရက်နေ့တွင် ငွေကျပ် ၄ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။


MYARF
RB News
28.7.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ စေတီပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် ကျော်ကျော်သည် ရခိုင်အစွန်းရောက် အချို့နှင့် ပူးပေါင်း၍ ရိုဟင်ဂျာတစ်ဦးကို ရခိုင်ရွာတွင် ချုပ်နှောင်ထားပြီး လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၁) ရက်နေ့တွင် ရသေ့တောင် မြို့နယ် အောက်နန့်ရာ ကျေးရွာမှာ ဦးမိုဟာမတ်ရော်ရှိတ် (ဘ) ဦးဆုလ်တာန် (အသက် ၃၆ နှစ်) သည် ရခိုင်များပိုင် လယ်ကွင်းပြင် အနီးရှိ ၎င်း၏ နွားစားကျက်မြေပေါ်တွင် နွားကျောင်းနေစဉ် ၎င်း၏ နွားစားကျက်မြေပေါ်တွင် ရခိုင်အချို့ နွားကျောင်းနေသဖြင့် အဆိုပါ ရခိုင်နွားကျောင်းသား များကို ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။

ဦးမိုဟာမတ်ရော်ရှိတ်၏ ပြောဆိုမှုကြောင့် ရခိုင်နွားကျောင်းသားများက စေတီပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ ၎င်းတို့ကို ကုလားများက မောင်းထုတ်နေသည်ဟု လီဆယ် တိုင်တန်းခဲ့သည်။ ထို့နောက် စေတီပြင်မှ ဒုရဲအုပ်ကျော်ကျော် ချက်ချင်းပင် ထိုနေရာသို့ ရောက်ရှိလာပြီး ဦးမိုဟာမတ်ရော်ရှိတ်ကို ဒုရဲအုပ်ကျော်ကျော်၏ နေအိမ်သို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူ ဦးမိုဟာမတ်ရော်ရှိတ်ကို ဒုရဲအုပ်ကျော်ကျော်၏ နေအိမ်တွင် ချုပ်နှောင်ထားပြီး ဒုရဲအုပ်ကျော်ကျော်နှင့် ရခိုင်နွားကျောင်းသား များက အကြိမ်များစွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ ဇူလိုင်လ (၂၂) ရက်နေ့တွင် ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဒုရဲအုပ်ကျော်ကျော်သည် ဇူလိုင်လ (၂၁) ရက်နေ့တွင် အထက်နန့်ရာ ကျေးရွာမှ အဒူရော်ဟိမ်း (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၂၅ နှစ်) ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


ကျော်ဇေယျာဦး

RB News
28.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်သက်နိုင်သည် ယခင်က ဗီဒီယိုရုံ၊ ချဲဒိုင် စသည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သူ ဖြစ်သည်။ ၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဒေသခံ ရိုဟင်ဂျာရွာသား များထံ ညှစ်ယူခဲ့သည့် ငွေများဖြင့် တိုက်အိမ်၊ လိုင်စင်မဲ့ ဇိမ်ခံကား၊ ရေခဲချောင်းနှင့် ရေခဲ ထုတ်လုပ်ရေး စက်ရုံ အပြင် သိန်းပေါင်း မြောက်မြားစွာ ပိုင်ဆိုင်သည့် သူဌေးတစ်ဦး ဖြစ်လာခဲ့သည်။

ရေခဲစက်ရုံ ဆောက်လုပ်ထားသည့် မြေနေရာသည် ရိုဟင်ဂျာလူမျိုး ပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး အတင်းအဓမ္မ လုယက်၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဦးမောင်သက်နိုင်၏ ယောက်ဖ အရင်း ဖြစ်သူ ဦးဇော်ထူးသည် လွန်ခဲ့သည့် သုံးလခန့်က ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ခန့်အပ် ခံရပြီးနောက် အလယ်သံကျော် ကျေးရွာသည် အတိုင်းအတာ တစ်ခုထိ အေးချမ်းလာခဲ့သည်။ သို့သော်လည်း ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်သက်နိုင်၏ မွေးစား တပည့် လက်ကိုင်တုတ်များ ဖြစ်သည့် ကျော်ဇေယျာဦး (ဘ) ဦးကာဒိရ်ဟူဆောင်း၊ ဂျမာလ်ဟူဆောင်း (ဘ) ဦးဆွေယာဒ်၊ အေနာတူလ္လာ (ဘ) ဦးမော်နီအူလ္လာ၊ ရော်ဖိတ် (ဘ) ဦးကော်ရီမူလ္လာ တို့သည် ကျေးရွာအတွင်းရှိ ရွာသားများထံမှ ဆက်လက်၍ ငွေညှစ် သောင်းကျန်းလျက် ရှိသည်။

ကျော်ဇေယျာဦး၏ နေအိမ်တွင် ညစဉ်ညတိုင်း ကင်းစောင့်ရန် လူ ၅ ဦးစီ အလှည့်ကျ တာဝန်ပေးနေရသည်။ ထို့အပြင် ကျေးရွာအတွင်းရှိ ကင်းစခန်းပေါင်း များစွာတွင်လည်း ကင်းစောင့်နေရသည်။ ကျော်ဇေယျာဦးသည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ဆင်းရဲနွမ်းပါးသည့် ကင်းသမားများ အိပ်စက်နေသည်ဟု လုပ်ကြံ၍ နေ့စဉ်နှင့် အမျှ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ရွာသားများမှာ ၃ ရက်တစ်ကြိမ် တစ်ညလုံး မအိပ်ဘဲ ကင်းစောင့်နေရသဖြင့် ၃ ရက်တစ်ကြိမ် နေ့ပိုင်း အလုပ်လုပ်မလုပ်နိုင်သဖြင့် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေရသည်ဟု ဆိုသည်။ ငွေကြေး ချမ်းသာသူ များက ကျော်ဇေယျာဦးကို လာဘ်ငွေပေး၍ ကင်းစောင့်ရခြင်း တာဝန်မှ ရှောင်ရှားနိုင်သော်လည်း ဆင်းရဲသားများမှာ မလွှဲမရှောင်သာ တာဝန်အဖြစ် ထမ်းဆောင်နေရသည်။ ကျော်ဇေယျာဦးသည် ကင်းစောင့်ကိစ္စကို စီးပွားရေးတစ်ရပ် အနေဖြင့် လုပ်ကိုင်လျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

ကျော်ဇေယျာဦးသည် ယခင်ကလည်း ငွေညှစ်ခြင်း၊ ရွာသားများကို ညှဉ်းပန်းနှိပ်စက်ခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်ခဲ့ပြီး၊ ဒေသဆိုင်ရာ အာဏာပိုင်များကို တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ၎င်းအား ယခု အစိုးရသစ် လက်ထက်တွင် ထိရောက်စွာ အရေးယူ ပေးပါရန် ဒေသခံများ တောင်းဆိုနေကြသည်။

အစည်းအဝေးတွင် တွေ့ရသော ANP ဥက္ကဌ ဒေါက်တာအေးမောင် (ဓာတ်ပုံ -Arakan Youth Organization)

မိုးမြင့်
ဧရာဝတီ
28.7.2016

နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ ကာလ အတွင်းတွင် ပါတီကို ထောက်ခံ ပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရခိုင် အမျိုးသားပါတီ(ANP) က ၎င်းတို့ကို ဥပေက္ခာပြု ထားခဲ့ခြင်းနှင့် ရခိုင် အမျိုးသားရေး လှုပ်ရှားမှုတွင် စုစည်းမှုကို ထိန်းသိမ်း ထားနိုင်ရန် ပျက်ကွက် ခဲ့ခြင်းများကြောင့် ရန်ကုန် အခြေစိုက် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများက ရခိုင် အမျိုးသားပါတီ (ANP) ကို ဝေဖန်ခဲ့ကြသည်။

ဇူလိုင်လ ၂၀ ရက်နေ့ရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဓည၀တီ ဘုန်းတော်ကြီးကျောင်း၌ ANP ပါတီ ခေါင်းဆောင်များက ရန်ကုန် အခြေစိုက် ရခိုင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော် နှင့် ပထမဆုံး အကြိမ်အဖြစ်တွေ့ဆုံခဲ့ရာတွင် ထိုသို့ ဝေဖန်ခဲ့ကြခြင်း ဖြစ်စသည်။

အဆိုပါ တွေ့ဆုံပွဲကို အစီအစဉ် ၃ ခုဖြင့် ကျင်းပခဲ့သည်။ လာမည့် တနင်္ဂနွေနေ့တွင် ANP မှ ဦးဆောင်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ တခုကျင်းပရေးအတွက် ပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်၏ အရေး ကိစ္စများကို ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရန်ကုန်မှ ရခိုင်အသိုင်းအ၀ိုင်းများ လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ စသည်တို့ဖြစ်သည်။

အစည်းအဝေးတွင် ANP ဥက္ကဌ ဒေါက်တာအေးမောင်က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်သည့် ရှင်းလင်းပွဲမှာ ထိုဥပဒေ၏ အားနည်းချက်နှင့် အားသာချက်များကို ပြည်သူလူထုသို့ ပညာပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဘင်္ဂါလီများကို အကြိုအဆင့်အနေဖြင့် လက်မှတ်များထုတ်ပေးနိုင်ရေး အဆိုပါ ဥပဒေ၏ ယို ပေါက်များ မည်ကဲ့သို့ရှာနေသည်နှင့် လက်ရှိရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိ သော နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ချက်လုပ်ငန်းစဉ်များ အခြေအနေတို့အား ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစည်းအဝေး သို့ ရခိုင်တိုင်းရင်းသား ဥပဒေ ကျွမ်းကျင်သူများလည်း တက်ရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သည့် အသိုင်းအ၀ိုင်းများကို လက်ရှိအချိန်ထိ နိုင်ငံသား ဖြစ်ခွင့်မှ ထိထိရောက်ရောက် တားဆီးထားသောအရာ ဖြစ်ပါသည်။

ယင်းထဲတွင် ရခိုင်ပြည်နယ်ထဲမှ (မိမိကိုယ်ကို ရိုဟင်ဂျာ ဟုခေါ်ဆိုကြသည့်) လူနည်းစု မွတ်ဆလင်အများ ပါဝင်သည်။ ၄င်းတို့မှာ နိုင်ငံမဲ့များအဖြစ် ကျန်ရစ်နေပြီုး ANP ပါတီနှင့် ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာပြည်သူအများစုနှင့် အစိုးရအဖွဲ့ ၏ အရေးပါသော အခန်းကဏ္ဍများက ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ရောက်ရှိလာသော ဘင်္ဂလီများဟု တောက်လျှောက်ခေါ်ဆို သတ်မှတ်ထားကြပါသည်။

ဇူလိုင်လ ၂၀ရက်နေ့ တွေ့ဆုံပွဲတွင် ရခိုင်လူငယ်တက်ကြွလှုပ်ရှားသူ ကိုစစ်ငြိမ်းက ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်မှ ရခိုင်တိုင်းရင်းသား အရပ်ဖက်လူမှုအသိုင်းအ၀ိုင်းများက ANP ကို တခဲနက် အားပေးထောက်ခဲ့ကြသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် ANP ပါတီကိုယ်စားလှယ်လောင်းများသည် ရန်ကုန်အခြေစိုက် ရခိုင်လူမှုအသိုင်းအ၀ိုင်းနှင့် အဆက်အ သွယ် မရှိခဲ့ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို တိုက်ရိုက်ပြောကြားခဲ့ပါသည်။

ထို့အပြင် ရွေးကောက်ပွဲနောက်ပိုင်းတွင် ‘‘ပါတီတွင်းတိုက်ပွဲများ’’ ရှိခဲ့၍ နိုင်ငံတ၀န်းမှ ရခိုင့်လူမှုအသိုင်းအ၀ိုင်းကြားတွင် စည်းလုံးမှု ကြီးမားစွာပျက်ပြားခဲ့ရသည်ဟု ထောက်ပြပြောဆိုခဲ့သည်။

“ကျနော်တို့ အားထားရမယ့် ဖခင်တယောက် လိုအပ်ပါတယ်” ဟု ကိုစစ်ငြိမ်းက အင်အားကောင်းသည့် ရခိုင် တိုင်းရင်း သား ပါတီ တခုလိုအပ်ချက်ကို သရုပ်ဖော်ပြခဲ့သည်။ သူတို့အနေဖြင့် ပါတီအပေါ် မှီခို၍ ရနိုင်ခြင်းရှိမရှိ ကိုလည်း မေးခွန်း ထုတ်ခဲ့သည်။

“ ANP က ကျနော်တို့အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲဆိုတာ ကျနော့်ကို ပြပါ” ဟု သူကပြောသည့်အခါ အစည်းအဝေးခန်းမ တစ်ခုလုံး လက်ခုပ်သံများဖြင့် ဖုံးလွှမ်းသွားသည်။

သူတို့၏ ရွေးကောက်ပွဲမဲဆွယ် လှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် ရခိုင်လူမှုအသိုင်း အ၀ိုင်းများ အားလုံးက ထောက်ခံပေးရန် ANP ကိုယ်စားလှယ်လောင်းများက မည်သို့ ဆောင်ရွက်ခဲ့သည်ကို ကိုစစ်ငြိမ်းက ပြန်ပြောပြခဲ့သည်။ မဲဆွယ်စဉ်က ဘီယာ ဗူးများ အခမဲ့ ဝေပေးခဲ့သော်လည်း ရွေးကောက်ပွဲနောက်ပိုင်းတွင် ကိုယ်စားလှယ်လောင်းများ ပျောက်ကွယ်သွားကြသည် ဟု သူက ဆိုသည်။

ရခိုင်လူငယ်များက ANP ပါတီက ထောက်ခံသည့် ကိစ္စရပ်များအတွက် အမြဲတမ်း ‘‘အသင့်ဖြစ်နေသည်’’ ဟုလည်း ပါတီ ခေါင်းဆောင်များအား ကိုစစ်ငြိမ်းက သတိပေးခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ဆန့်ကျင်၍ (အထူးသဖြင့် နိုင်ငံမဲ့ ရိုဟင်ဂျာများ ကိစ္စတွင်) ဆောင်ရွက်လာခဲ့သည့် အချိန်တွင် ၄င်းတို့သည် ရခိုင်အမျိုးသားပါတီဘက်မှ အမြဲရပ်တည်ပေးခဲ့ပြီး၊ ကန့်ကွက် ဆန္ဒပြသည့် ကိစ္စများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

တက်ကြွလှုပ်ရှားသူများမှာ ထိုကဲ့သော ကိစ္စများအတွက် ဖမ်းဆီးထိန်းသိမ်းခံရခြင်း နှင့် အခြားသောကိုယ်ရေးကိုယ်တာ စွန့်လွှတ်မှုများ ရှိသော်လည်း “ကျနော်တို့ရဲ့ အားထုတ်မှုတွေ အားလုံး အချည်းနှီးတွေပါပဲ” ဟု သူက ပြောသည်။

အခြား အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက လည်း ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသား အသိုင်းအ၀ိုင်းတွင် ကြုံတွေ့နေ ရသည့် အခက်အခဲများကို ပြောခဲ့ကြသည်။ သူတို့၏ ပြဿနာများကို ANP ပါတီ သို့မဟုတ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတို့ကလည်း ဖြေရှင်းပေးခဲ့ခြင်း မရှိဟုလည်း ပြောဆိုခဲ့ကြသည်။

အဆိုပါ ပြဿနာများထဲတွင် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများဖြစ်သည့် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်များ၌ အလုပ်အကိုင်ရှာဖွေရန် ခက်ခဲနေခြင်း၊ ရာဇ၀တ်သားများ၏ ရုပ်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကို ကာကွယ်နိုင်စွမ်းနည်းပါးနေခြင်းနှင့် လစဉ် အိမ်လခ မပေးနိုင်သည့်အခါ မိသားစုများနေအိမ်မှ နှင်ထုတ်ခံနေရခြင်း စသည်တို့ အပါအ၀င်ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာများတွင် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း အကူအညီ ပေးခြင်းမရှိဟု သူတို့က ပြောကြသည်။

ရခိုင် လူငယ်အဖွဲ့အစည်းတခုကို ကိုယ်စားပြုသည့် ကိုပိုင်မြင့်က ရွှေပြည်သာ စက်မှုဇုန်တွင် အလုပ်လုပ်နေသူ ၃၀၀ ၏ အ ကြောင်း ကို ပြောပြသည်။ သူတို့က အိမ်မ၀ယ်နိုင်သည့်အတွက် ၂၀၁၃ ခုနှစ်တွင် သူတို့ အလုပ်လုပ်နေသည့် စက်ရုံ အနီးရှိ မြေကွက်ကို ကျပ်ငွေ ၄ သန်းခန့် အကုန်အကျခံ၍ (တဦးချင်းစီ) ကိုယ်ပိုင်အိမ်များ ဆောက်ခဲ့ကြသည်။

ယခုနှစ်အတွင်းတွင် ရန်ကုန်တိုင်းအစိုးရသစ်က ထိုအလုပ်သမားများသည် အစိုးရမြေပေါ်တွင် ၀င်ရောက် နေထိုင်ကြသည့် ကျူးကျော်များအဖြစ် ကြေညာခဲ့သည်။ သူတို့ကို ရန်ကုန်မြို့တွင် ကြီးထွားလာနေသည့် ကျူးကျော်ပြဿနာကို ဖြေရှင်းရန် ကြိုးစား နေသည့် NLD အစိုးရ၏ အစီအစဉ် တခုအရ ပြောင်းရွှေ့နေရာချထားပေးမည် ဖြစ်သည်။ ထို့အကြောင်းကို အလုပ်သမားများက ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးထံသို့ အသနားခံခဲ့သော်လည်း ယနေ့ချိန်ထိ တုန့်ပြန်မှု မရရှိခဲ့ပါ။

တွေ့ဆုံပွဲသို့ တက်ရောက်ရန် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို အရပ်ဘက်အဖွဲ့အစည်းများက ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ပါ။ ANP ဥက္ကဌ ဒေါက်တာ အေးမောင်က တိုင်းရင်းသားရေးရာ ၀န်ကြီး ကိုယ်စားတက်ရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေါက်တာအေးမောင်က သူ၏ ANP ပါတီ အနေဖြင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း ၀န်ခံခဲ့ပြီး ယင်းကြောင့်ပင် ရခိုင်တိုင်းရင်းသား အရပ်ဖက်အသိုင်းအ၀ိုင်းအနေဖြင့် ANP ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုပြီးအရှိန်မြှင့်တင်ရန် လိုအပ်သည်ဟု ဆိုသည်။

တွေ့ဆုံပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရည်ညွှန်းခဲ့သော “စည်းလုံးညီညွတ်မှု” ဆိုသည့် စကားလုံးက ၂၀၁၆ ခုနှစ်အတွင်း ANP ပါတီတွင် ကြုံတွေ့နေရသော ဂိုဏ်းဂဏ ကွဲပြားမှု အင်အားကောင်းနေခြင်း ကို ဖော်ပြနေသည်။

ရခိုင်ပြည်နယ်အတွင်း၌ ပြည်နယ်လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်များတွင် ANP ပါတီက နေရာ အများစု အနိုင် ရရှိခဲ့သော နိုဝင်ဘာလရွေးကောက်ပွဲ ပြီးသည့်အချိန်မှ စ၍ အာဏာရ NLD နှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပါတီအတွင်းတွင် သဘောထားကွဲပြားမှုများ ပေါ်ပေါက်လာခဲ့သည်။ NLD က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ANP ပါတီကို ချန်လှပ်ထားခဲ့ပြီး ရခိုင်ပြည်နယ် ၏ အရေးကိစ္စများကို စီမံဆောင်ရွက်ရန် အဆင့်မြင့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ခေါင်းဆောင်ဟောင်းများနှင့် ရခိုင်ပြည်နယ်မှ လူများစု ဗုဒ္ဓဘာသာဝင်များ၏ အကျိုး စီးပွား ကာကွယ်ရေးကို ဦးစားပေးသည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) တို့သည် ၂၀၁၄ ခုနှစ် အစောပိုင်းမှ စ၍ ANP ပါတီ အဖြစ်ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး NLD ပါတီနှင့် အစဉ်အလာအရ နီးစပ်မှုရှိသည့် ALD ခေါင်းဆောင်ပိုင်းများ နှင့် RNDP ခေါင်းဆောင်ဟောင်းများကြားတွင် သဘောထားကွဲပြားမှုများ ပေါ်ပေါက်ခဲ့သည်။

လက်ရှိ အချိန်တွင် ANP ပါတီတွင်း၌ RNDP မှလာသည့် အဖွဲ့က အင်အားကောင်းနေသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နေရာ မရရှိခဲ့သည့်နောက်တွင် ANP ပါတီက အာဏာရ NLD ပါတီ၏ အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု လူသိရှင် ကြား ကြေညာခဲ့သည်။ ALD ပါတီဝင်ဟောင်းများကမူ ထိုရပ်တည်ချက်ကို သဘောမကျ ခဲ့ကြဘဲ NLD နှင့် ပူးပေါင်းဆောင်ရွက်သည်။ ALD ခေါင်းဆောင် ဦးအေးသာအောင် အမျိုးသားလွှတ်တော်၏ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။




RB News
27.7.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ မွတ်စလင်များ နေထိုင်သည့် ရွာနှစ်ရွာ ရှိသည်။ အနောက်ပြင် ကျေးရွာတွင် အိမ်ခြေ ၄၈၇ အိမ်၊ အိမ်ထောင်စု ၆၁၅ စု၊ လူဦးရေအားဖြင့် ၂၉၈၀ ဦးနှင့် ညောင်ပင်ကြီး (ခ) မူဇိုင် ကျေးရွာတွင် အိမ်ထောင်စု ၃၂၈ စု၊ လူဦးရေအားဖြင့် ၁၇၉၇ ဦး ရှိသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်-ဗုဒ္ဓဘာသာဝင် များက အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာမွတ်စလင် များကို အကြမ်းဖက်ချိန်တွင် အထက်ဖော်ပြပါ ရွာနှစ်ရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများ အားလုံးကို လုယက် ယူဆောင်သွားခဲ့သည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် စက်မှုလယ်ယာမှ လယ်ထွန်စက်၊ ဓါတ်မြေသြဇာနှင့် မျိုးစပါးများကို ထောက်ပံ့ပေးမှုကြောင့် ၂၀၁၅ ခုနှစ်ထိ လုပ်ကိုင် စားသောက်နိုင်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ယခု ၂၀၁၆ ခုနှစ်မှစ၍ စက်မှုလယ်ယာမှ မည်သည့် ထောက်ပံ့မှုမှ မရတော့သဖြင့် ဒေသခံ ရိုဟင်ဂျာ ရွာသားများ ငတ်ပြတ် သေရတော့မည့် အရေးကို တွေးပူ၍ မိမိတို့ပိုင် လယ်ယာမြေများတွင် ပုံတွင် တွေ့ရသည့်အတိုင်း ပေါက်တူးများဖြင့် ပေါက်၍ တပိုင်တနိုင် လုပ်ကိုင်နေစဉ် ရခိုင်အစွန်းရောက် ၅၀ ဦးခန့် ရောက်ရှိလာပြီး နင်းချေ ဖျက်ဆီးခဲ့သည်။

ရိုဟင်ဂျာ ရွာသားများက တားဆီးသော်လည်း မင်းတို့ ကုလားတွေကို ငတ်ပြတ်သေအောင် လုပ်နေတာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ တိုင်ချင်တဲ့ နေရာတိုင်ဟု ဆဲဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ လယ်မြေဧက ၁၀၀ ကျော်ကိုလည်း ဌာနဆိုင်ရာ အမိန့် မပါဘဲ၊ ရခိုင်အစွန်းရောက်များက ၎င်းတို့၏ ဆန္ဒအလျောက် သာသနာ့အလံ စိုက်ထူကာ မတရား သိမ်းပိုက်ခဲ့သည်။

ထိုကဲ့သို့ သိမ်းပိုက်ခြင်းကို ရွာလူကြီး၊ ရဲစခန်းနှင့် တပ်မတော် တပ်ရင်းများသို့ တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ကျွန်တော်တို့ ဒီဒေသမှာ သတင်းနှစ်မျိုး ထွက်တယ်။ တစ်မျိုးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အထက်ကို တင်ပြတဲ့ သတင်းနဲ့ တကယ့် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းပါ။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အာဏာပိုင် အများစုက အမျိုးသားရေး ခေါင်းစဉ်တပ် အစွန်းရောက် ရခိုင်လူမျိုးတွေ အများဆုံး ဖြစ်တာကြောင့် မြေပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ သတင်းက အထက်ကို မရောက်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသခံ ရိုဟင်ဂျာတွေ ဆုံးရှုံးနေရတာတွေ၊ အငတ်ငေးဒဏ်ပါ ကြုံတွေ့လာရတော့မယ့် အခြေအနေ တွေကို နိုင်ငံတော် အဆင့်ကနေ အမြန် ဖြေရှင်းပေးဖို့ အနူးအညွန် ပန်ကြားလိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။






မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲများ တာဝန် ထမ်းဆောင်နေစဉ်

27.7.2016

ကျပ်ငွေ သိန်းပေါင်း ငါးထောင့်ရှစ်ရာ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၃ သိန်းနီးပါးကို အပ်နှံခြင်းမရှိပဲ သိုဝှက်ထားမှုနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီး စစ်ဆေးနေ ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္တု(နတလ)ရဲကင်းစခန်းမှာ ရဲကင်းစခန်းမှူးအပါအ၀င် တပ်ဖွဲ့ဝင် ၇ ယောက်ကို ဇူလိုင် ၂၆ ရက်ညနေပိုင်းမှာ စိတ်ကြွဆေးပြား ၃ သိန်းခန့်ကို လက်ဝယ်ထားရှိမှုနဲ့ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာပါ။

ဒီဗွီဘီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကို မေးမြန်းရာမှာ “ဟုတ်ပါတယ်။ ရဲကင်းထဲမှာ ၀ှက်ထားတာ။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးက အလုံးရေ ၂ သိန်းကိုးသောင်းကျော်ပါ”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ စစ်တွေမြို့နယ်အကြား ရေလမ်းခရီးသွားနေတာကြောင့် စက်သံကြောင့် အသေးစိတ် မေးမြန်းနိုင်ခြင်း မရှိပါဘူး။

ကျောက်ပန္ဒုရဲကင်းစခန်းမှာ WY ဆေးပြားတွေသိမ်းဆည်းထားတယ်လို့ သတင်းရတဲ့အတွက် ဇူလိုင် ၂၆ ရက်နေ့မှာ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး (ယာယီ)ဒုရဲမှူးကြီး တင့်ဇော်ဦးနဲ့ အဖွဲ့ဟာ ရဲကင်းစခန်းမှာ ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

ရဲကင်းစားရိပ်သာအတွင်းမှာ မြေကြီးထဲမြှုပ်ပြီးဝှက်ထားတဲ့ ပီနံအိတ်အထုပ် တစ်ထုပ်ကို တွေ့ပြီး စစ်ဆေးတဲ့အခါ ကာလတန်ဖိုး ကျပ်သိန်း ၅၈၅၀ တန်တဲ့ WY စိတ်ကြွဆေးပြား အရေအတွက် ၂၉၂၅၀၀ ကိုတွေ့ရှိခဲ့ပါတယ်။

ကနဦးစစ်ဆေးချက်အရ ဇူလိုင် ၂၃ ရက်နေ့က မောင်တော အငူမော်လမ်းဘေးမှာ တွေ့ရှိလို့ ရဲကင်းမှူး ရဲတပ်ကြပ်မောင်မောင်လေးနဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်တို့က ရဲကင်းကိုယူလာပြီး နောက်တစ်နေ့မှာ စားရိပ်သာမှာ မြေမြှုပ်ပြီး ၀ှက်ထားခဲ့တာလို့ သိရပါတယ်။

စိတ်ကြွဆေးပြားတွေကို ရဲကင်းစခန်းထဲမှာ မြေမြှုပ်သိုဝှက်ထားတဲ့ ကျောက်ပန္တုရဲကင်း စခန်းမှူးရဲတပ်ကြပ် မောင်မောင်လေး အပါအ၀င် ရဲကင်းစခန်းက နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေကို အင်းဒင်နယ်မြေစခန်းမှာ အမှုဖွင့်လှစ်ပြီး ရဲစည်းကမ်းဥပဒေအရ ဆက်လက်အရေးယူ သွားမယ်လို့ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း – ကိုအောင်

Rohingya Eye
RB News
26.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ရှီလ်ခါလီ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအဗ်ဒူလ္လာသည် အုပ်ချုပ်ရေးမှူး ရာထူး တာဝန် စတင် ထမ်းဆောင်သည့် အချိန်မှစ၍ ယခု (၃) လတာ ကာလအတွင်း သြဇာအာဏာကို အလွှဲသုံးစား ပြုလုပ်ခြင်း၊ ရွာသားများကို ခြိမ်းခြောက်ခြင်း ပေါင်းစုံ ပြုလုပ်၍ ငွေညှစ်ခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၀) ရက်နေ့တွင် ရွာသားတစ်ဦး ဖြစ်သူ ဦးဘာဒူမျာ (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၄၅ နှစ်) သည် ရာအိမ်မှူး ဦးအဒူရာမန်နှင့် စကားများခဲ့သည်ကို အကြောင်းပြု၍ ဦးဘာဒူမျာ ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဇူလိုင်လ (၁၄) ရက်နေ့တွင် ကိုင်းကြီး (န.တ.လ) ရွာတွင် မြေတူး၍ ပြန်လာကြသည့် အလုပ်သမားများသည် မိမိတို့၏ လုပ်ခငွေကို အညီအမျှ ခွဲဝေယူကြရာ အုပ်ချုပ်ရေးမှူးက ၎င်းကို အသိမပေးဟု ဆိုကာ ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးအုမောရ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

ဇူလိုင်လ (၂၂) ရက်နေ့တွင် ဦးအဒူလ်အာမီးန် (ဘ) ဦးမာမတ်ဆာလာမ် (အသက် ၃၅ နှစ်) နှင့် ဟာဖီဇူလ္လာ (ဘ) ဦးမာမတ်ဟာဆောင်း (အသက် ၂၄ နှစ်) တို့ စကားများခဲ့သည်ကို အကြောင်းပြု၍ ၎င်းတို့နှစ်ဦး ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

"ကျွန်တော်တို့ ရွာကို အုပ်ချုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ အခု အုပ်ချုပ်ရေးမှူး ဦးအဗ်ဒူလ္လာက အဆိုးဝါးဆုံးနဲ့ အရက်စက်ဆုံးပါ။ သူက အာဏာရှင် ဆန်ဆန် လုပ်ရပ်တွေကို ဆက်တိုက် ကျူးလွန်နေတယ်။ အဲဒါကြောင့် အထက် အာဏာပိုင်တွေ အနေနဲ့ အမြန်ဆုံး အရေးယူ ပေးဖို့ တောင်းဆိုပါတယ်" ဟု ဒေသခံတစ်ဦးက ပြောပါသည်။



Rohingya Eye
RB News
26.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာမှ အဒူရာမန် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း (အသက် ၂၁ နှစ်) သည် အင်းဒင် ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်၍ ပြန်လာစဉ် မောရ၀တီ အခြေစိုက် စစ်စခန်း ရှေ့သို့ ရောက်သောအခါ စစ်သားများက ၎င်းကို ရပ်တန့်ခိုင်းပြီး ဘီးခွန် တောင်းယူခဲ့သည်။ ထို့နောက် ငွေကျပ် ၅ သောင်း တောင်းခံရာ ၎င်းက မိမိသည် ကယ်ရီသမား တစ်ဦး ဖြစ်ကြောင်း ဤမျှများပြားသည် ပမာဏ မိမိတွင် မရှိကြောင်း တောင်းပန် ပြောကြားသော်လည်း စစ်သားများက ၎င်း၏ ဘီးခွန်ကို ရေထဲသို့ပစ်ချပြီး ငွေကျပ် ၅ ထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။ 

ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ အဆိုပါ စခန်းရှေ့မှ ဒေသခံ ရွာသားများအား ဖြတ်သန်း သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။ ထိုသို့ သွားလာခွင့် ရေရှည် ပိတ်ပင်မည် ဆိုပါက ဒေသခံများ အတွက် အခက်အခဲ ပေါင်းစုံ ရှိလာနိုင်သည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
26.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁) နှင့် အမှတ် (၂) တို့ပူးပေါင်းပြီး နယ်ခြာစောင့်ရဲ (၁၀) ဦးသည် ဇူလိုင်လ (၂၀) ရက်နေ့ ည ၁၀း၃၀ နာရီအချိန်တွင် ဟာဘီ အနောက်ရွာမှ ဦးရှော်မ်ရှု အိမ်သို့ သွားရောက်၍ အိမ်နောက်ဖေးဘက်မှ အသံမပေးဘဲ တစ်နာရီကျော် ကြာအောင် အိမ်ထဲမှ အသံများကို နားထောင်နေခဲ့ကြသည်။ တစ်နာရီကျော်ကြာပြီးမှ စခန်း အမှတ် (၂) မှ စခန်းမှူးက အိမ်တံခါး ဖွင့်ပေးရန် ပြောဆိုခဲ့သည်။ အိမ်ထဲမှ လူများက အုပ်ချုပ်ရေးမှူး ပါလားဟု မေးရာ စခန်းမှူး “လီးအုပ်ချုပ်ရေးမှူးလား” ရိုင်းစိုင်းစွာ အော်ဟစ်ခဲ့သည်။ ထို့နောက် အိမ်ထဲမှလူများက ညအချိန် ၁၁ နာရီကျော် ဖြစ်နေသောကြောင့် အုပ်ချုပ်ရေးမှူး မပါဘဲ တံခါးမဖွင့်ပေးနိုင်ဟု ပြောကြားရာ စခန်းမှူးက ရာအိမ်မှူး ဦးဆော်ရိုဝါရ် ကို ခေါ်လာခဲ့သည်။

ထို့နောက် နေအိမ်ထဲသို့ ၀င်ရောက်၍ မွှေနှောက် ရှာဖွေခဲ့ရာ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာမှ မတွေ့ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးရှောမ်ရှုသည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကပင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီး၊ ယခုအချိန်ထိ မလေးရှားနိုင်ငံတွင် နေထိုင်လျက် ရှိသည်။ သို့သော်လည်း နယ်ခြားစောင့်ရဲများက ဦးရှောမ်ရှု မလေးရှားမှ ပြန်ရောက်နေသည်ဟု သတင်းအရ ၀င်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။ နယ်ခြားစောင့်ရဲ များက အိမ်ထောင်စု စာရင်း စစ်ဆေးခဲ့ပြီး အိမ်ထောင်စု စာရင်းမှ ဦးရှော်မ်ရှုကို ပယ်ဖျက်ထားသည်ကို တွေ့ရှိရသဖြင့် ငွေကြေး တစ်စုံတစ်ရာ ညှစ်၍ မရဘဲ ည ၁၂ နာရီတွင် ပြန်လည် ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။



ဦးဝင်းမြ


ထက်အောင်
25.7.2016

လူ့အခွင့်အရေးတိုင်တန်းမှုတွေနဲ့ပတ်သက်လို့ မေးမြန်းချက်တွေအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေဖက်က လူ့အခွင့်အရေးကော်မရှင်ကို ဥပဒေပါအတိုင်း ရက် ၃၀ အတွင်း အကြောင်းပြန်ဖို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌက ပြောလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ ပက်သတ်လို့ တိုင်ကြားစာ စုစုပေါင်း ၁၂၀၀ ကျော်ရှိပေမယ့်လို့ ဖြေရှင်းတဲ့ အပိုင်းမှာတော့ အားနည်းမှုတွေ ရှိတယ်လို့ လူ့အခွင့်အရေး တတ်ကြွ လုပ်ရှားသူတွေက ဝေဖန်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတတ်သတ်လို့ နှစ်ပတ်လည် အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စု လွတ်တော်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ရှင်းလင်း တင်ပြခဲ့ပါတယ်။ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌက သက်ဆိုင်ရာဌာနတွေကို လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ စပ်လျဉ်းပြီး အကြောင်းကြားစာ လက်ခံရရှိခဲ့ရင် ရက်ပေါင်း ၃၀ ရက်အတွင်း ပြန်လည် အကြောင်းကြားပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“လူ့အခွင့်အရေးဖောက်ဖျက်မှုများနဲ့စပ်လျဉ်းပြီး လူ့အခွင့်အရေးကော်မရှင်က သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားလာပါက ကော်မရှင် ဥပဒေပါအတိုင်း၊ ဥပဒေပါ ပြဌာန်းချက်နဲ့အညီ ရက်ပေါင်း ၃၀ အတွင်းအကြောင်းပြန်ကြားပေးရန်နှင့် တိုးတက်မှုအခြေအနေများကိုလည်း ဆက်လက်ပန်ကြားပေးပါရန် အကြံပြုတင်ပြထားပါတယ်။”

၂၀၁၅ ခုနှစ် မတိုင်ခင်နဲ့ ၂၀၁၅ုခုနှစ်အတွင်း တိုင်ကြားထားတဲ့ တိုင်ကြားစာတွေအပေါ် သက်ဆိုင်ရာ ဌာနက ၃၅၀ စောင်သာ ပြန်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း အကျဉ်းထောင် ပြုပြင်ရေးမူနဲ့ပတ်သက်လို့ အကြံပြုချက်တွေကိုလည်း ဒီအစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။ လူဦးရေ ကျပ်တည်းနေတဲ့ ထောင်တွေမှာ အိပ်ဆောင်တိုးချဲ့ဖို့အပါအ၀င် ကျန်းမာရေး ကဏ္ဍ၊ တိုင်းနဲ့ ပြည်နယ်တို့မှာ ရှိတဲ့ အကျဉ်းထောင်တို့မှာလည်း လူငယ်အကျဉ်းသားတွေကို သပ်သပ်စီ ထားဖို့နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတွေကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးဖို့ အကြံပြု ပြောဆိုခဲ့ပါတယ်။

“လူဦးရေ ကျပ်တည်းနေတဲ့အကျဉ်းထောင်တွေမှာ အိပ်ဆောင်တိုးချဲ့တည်ဆောက်ပေးရန်၊ လုံခြုံရေးနဲ့ ကျန်းမာရေး ၀န်ထမ်းများကို ဖွဲ့စည်းပုံနဲ့အညီ ဖြည့်ခန့်အပ်ရန်နှင့် ထောင်ဆေးရုံများမှာ ဆေးဝါးအလုံအလောက်ဖြည့်ဆည်းထားပေးသင့်ကြောင်း အကြံပြုထားပါတယ်။ အကျဉ်းသားများကို ဇာတိရပ်ရွာနဲ့ ဝေးတဲ့ ထောင်တွေကို ပြောင်းရွေ့ခြင်းမပြုပဲ ထောင်ဝင်စာတွေ့ရန် လွယ်ကူတဲ့ထောင်များမှာပဲ ထိန်းသိမ်းထားသင့်ကြောင်းအကြံပြုထားပါတယ်။ အကျဉ်းထောင်အတွင်း အစာငတ် ဆန္ဒပြမှုများနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်များနှင့်အညီဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးဆိုက်ရာရှိအကျဉ်းထောင်များမှာ လူငယ် အကျဉ်းသားများကို ထားရှိထိန်းသိမ်းနိုင်ရန် သီးခြားအိပ်ဆောင်များဆောက်လုပ်ခြင်း Vocational training များဖွင့်လစ်ပေးခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။”

ပြီးခဲ့တဲ့ နှစ်အတွင်း လူ့အခွင့်အရေးနဲ့ ဖောက်ဖျက်မှုတွေနဲ့ ပက်သတ်လို့ ကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အပိုင်းနဲ့ မြန်မာလူထုကြား လူ့အခွင့်အရေး သဘောတရား ပိုမိုကျယ်ပြန့်လာစေဖိုသင်တန်းပို့ချမှုတွေအပြင်၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲဖက်ဆိုင်၇ာကိုလည်း လူ့အခွင့်အရေးသင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ ဦးဝင်းမြက လွှတ်တော်မှာ ပြောသွားပါတယ်။

ကော်မရှင်အနေနဲ့၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး တိုင်းကြားစာစုစုပေါင်း ၁၂၈၇ စောင်လက်ခံ ရရှိခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးဌာနတွေနဲ့ အတူ ပူးတွဲ ဆောင်ရွက်ခဲ့မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ ပက်သတ်လို့ တိုင်းကြားစာတွေကို ဖြေရှင်းပေးနိုင်မှု အပိုင်းနဲ့ ပတ်သတ်လို့ Equality မြန်မာရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက အခုလို သုံးသပ်ပါတယ်။

“တိုင်ကြားစာတွေရရှိတာက ပထမအဆင့်ကတော့ လူထု ကနေ သူတို့ကို အားကိုးတယ်ဆိုတဲ့သဘောပါ။ ဒါပေမယ့် ဒီတိုင်ကြားစာတွေကို သူတို့အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို လွှဲပြောင်းရုံ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ချက် ပါဝါမရှိခြင်းဆိုတာက လူ့အခွင့်အရေးကော်မရှင်အတွက် ကျနော်အားနည်းမှုတခုလို့မြင်တယ်။ အဲဒီတော့ လုပ်ထုံးလုပ်နည်းမှာက သူ့အနေနဲ့ တိုင်ကြားစာကို လက်ခံရရှိတဲ့ ၀န်ကြီးဌာန အနေနဲ့ ရက် ၃၀ အတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အကြောင်းအရာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ကော်မရှင်ကို ပြန်လည်ပေးဖို့အတွက် လုပ်ထုံးလုပ်နည်းမှာ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ သိသလောက်ဆိုရင် ဒီကိစ္စမှာ ပြန်လည်ပြီးတော့ အသိပေးတာ ပြန်လည်ပြီးတော့ ဒီဖြေရှင်းတဲ့ လုပ်ဆောင်ပိုင်းတွေအရမ်းအားနည်းနေတယ်။ တချို့ဝန်ကြီးဌာနတွေဆိုရင် လုံးဝမလုပ်ဘူးဖြစ်နေတယ်။ အဲလိုမျိုးကိစ္စတွေမျိုးမှာ တကယ်လို့များ လုပ်ထုံးလုပ်နည်းအရ ရက် ၃၀ အတွင်း ဘာမှပြန်ပြီးတော့ ဖြေရှင်းမှုတွေမရှိဘူး ၊ ဘယ်လိုလုပ်ဆောင်မလဲ ပြန်လည်အကြောင်းမကြားမူမရှိတဲ့ဝန်ကြီးဌာနကို မဖြစ်မနေ လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အခွင့်အာဏာမျိုးရှိရင်တော့ ပိုမိုအားကောင်းလာပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအတွင်းမှာတော့ ဒါတွေမရှိခြင်းက ဥပဒေအရကော ၊ လုပ်ပိုင်ခွင့်အရကော အားနည်းနေတာတွေ့ရပါတယ်။”

လူ့အခွင့်အရေး ကြောညာစာတမ်းကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာ သို့ ပြန်ထားပြီး မြန်မာဘာသာကနေ ကချင်၊ မွန်၊နဲ့ ရှမ်း စတဲ့ တိုင်းရင်းသား ဘာသာတွေ ပြန်ဆိုထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ဘာသာရပ်ကို လာမယ့် စာသင်နှစ်ကစပြီး အဆင့်မြင့် ပညာရေးနဲ့ ဥပဒေဘာသာရပ်မှာ ဘာသာတစ်ခုအနေနဲ့ သင်ကြားသွားမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နဲ့ လက်နက်ကိုင်ပဋိပက္ခာမှာ ကလေးသုငယ်များ ပါဝင်ပက်သတ်မှုဆိုင်ရာကလေးသူငယ်များ အခွင့်အရေးစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ်တို့ကို ဆက်လက်အတည်ပြု ဆောက်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေမူကြမ်းတို့ကို စောစောစီးစီး ပြဌာန်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌက လွှတ်တော်ကို တိုက်တွန်းသွားပါတယ်။




MYARF
RB News
26.7.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) မှ တပ်ဖွဲ့ဝင် (၁၂) ဦးသည် ဇူလိုင်လ (၂၄) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ရေတွင်းပြင် ကျေးရွာမှ ဦးမိုဟာမတ်အလီ (ဘ) ဦးဂူရာမျာ၏ နေအိမ် စီးနင်း ၀င်ရောက်၍ ဦးမိုဟာမတ်အလီနှင့် တရားမ၀င် ပစ္စည်းရှိ/မရှိ ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ပြန်သွားခဲ့သည်။ အပြန်တွင် ယင်းအိမ်ရှေ့လမ်းမှ ဖြတ်သွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးမေးပြီး ပြန်လွှတ်လိုက်သော်လည်း ယင်းကျေးရွာမှ ဦးအဒူဆော်လာမ် (ဘ) ဦးအာဘူလ်ဟူစိန်း ကို ဦးမိုဟာမတ်အလီ၏ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် လက်ထိပ်ခတ် ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ဖမ်းဆီးခံရသူ ဦးအဒူဆော်လာမ်သည် လူရိုးလူကောင်း တစ်ဦး ဖြစ်ပြီး နေ့စား အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် အလွန်ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်သည်။ ထို့အပြင် ၎င်းချုပ်နှောင် ခံထားရသည့် အချိန်ကာလတွင် တစ်မိသားစုလုံး အငတ်နေရမည်မှာ အသေအချာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

သို့ဖြစ်၍ ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာ အနေဖြင့် မိမိလက်အောက်ခံ တပ်သားများအား စုံစမ်းစစ်ဆေးရာတွင် အရပ်သားများ၏ မူလ အခွင့်အရေးများ မဆုံးရှုံးစေရေး အတွက် လမ်းညွန်ပေးပါရန်၊ အပြစ်တစ်စုံတစ်ရာ မရှိဘဲ မတရားသဖြင့် ထိန်းသိမ်း ချုပ်နှောင် ခံထားရသူ ဦးအဒူဆော်လာမ်ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။




MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မဈေးပေါ်တွင် ဇူလိုင်လ (၂၅) ရက်နေ့ ည (၆) နာရီ အချိန်ခန့်တွင် ရခိုင်လူငယ် နှစ်ဦးက ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရာချီသော ရိုဟင်ဂျာများ ရှေ့မှောက်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက် ထိုးကြိတ် နေသည်ကို ရိုဟင်ဂျာများ လက်ပိုက် ကြည့်ရှုနေခဲ့ရသည့် အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့မဈေးပေါ်တွင် တည်ရှိသော Sky View Hotel မြောက်ဘက်ရှိ ရိုဟင်ဂျာ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေသည့် အမည်မသိ ရခိုင်လူငယ်နှစ်ဦးသည် အခြားဝိုင်းတွင် စားသောက်နေသော ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရုတ်တရက် မတ်တပ်ရပ်၍ “မင်းက-ိုးကုလား” ဟု အကြိမ်ကြိမ် အော်ဟစ်ဆဲဆိုပြီး လက်သီးဖြင့်ထိုး၊ ဆိုင်မှ ထိုင်ခုံဖြင့် ရိုက်နှက် အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည်။

ရိုဟင်ဂျာလူငယ်ကို ရခိုင်လူငယ်နှစ်ဦးက လူမဆန်စွာ ရိုက်နှက်နေသည်ကို ရာချီသော ရိုဟင်ဂျာများက တွေ့ရှိနေသော်လည်း ပြဿနာ ပိုမိုကြီးထွားသွားမည်ကို စိုးရိမ်၍ လက်ပိုက်ကြည့်နေခဲ့ပြီး မည်သို့မှ တုံ့ပြန်ခြင်း မပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောပါသည်။





Rohingya Eye
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးသည် ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးအေနာတုလ္လာ (ဘ) ဦးမော်နုနှင့် ကျော်ဇေယျာဦး (ဘ) ဦးကာဒိရ်ဟူဆောင်း တို့နှင့် အတူ ဦးအာဘူကာလာမ်ကို ဆင့်ခေါ်၍ ၁၅ နှစ် အရွယ် လူငယ်တစ်ဦးကို အဆိပ်ခတ်သတ်သည်ဟု လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် သိန်း (၂၀) တောင်းခံသည်။ ဦးအာဘူကာလာမ်က မိမိသည် ဆင်းရဲသား တစ်ဦး ဖြစ်ကြောင်း၊ မိမိသည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး ယခုကဲ့သို့ ကြီးမားသည့် ငွေကြေး ပမာဏ မိမိထံတွင် မရှိကြောင်း တောင်းပန်၍ ပြောသော်လည်း အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လက်မခံသဖြင့် နောက်ဆုံးတွင် အိမ်ကို ရောင်းချ၍ ငွေကျပ် ၁၀ သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။


ဇူလိုင်လ (၁၇) ရက်နေ့တွင် ၁၅ နှစ် အရွယ် လူငယ်တစ်ဦးသည် နွားကျောင်းနေစဉ် မိုးရေကြီးပြီး ရေစီးနဲ့အတူ မျှောပါသွားခဲ့ပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။ ၎င်းလူငယ်ကို ဆေးရုံသို့ ပို့ခဲ့သော်လည်း ယင်းနေ့ညပိုင်းတွင် သေဆုံးသွားခဲ့သည်။ ဦးအာဘူကာလာမ်ကို အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သေဆုံးသွားသည့် လူငယ်ကို အဆိပ်ခတ်သတ်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် လယ်ယာလုပ်ငန်းတွင် အလုပ်လုပ်ရန် ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ်မှ လူ (၅) ဦးကိုလည်း ဧည့်စာရင်း တိုင်ကြားခြင်း မရှိဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ငွေညှစ်ခံရသူ (၅) ဦးကို ငွေကျပ် တစ်သိန်းစီ မပေးပါက အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အပ်နှံမည်ဟု ဆိုကာ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။




Rohingya Eye
RB News
24.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် သစ်တောဦးစီးဌာနမှ ၀န်ထမ်းတစ်ဦး ဖြစ်သူ ဦးထွန်းနိုင်သည် ဇူလိုင်လ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့များတွင် မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာသို့ လာရောက်၍ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် တောင်ယာမြေများ ပေါ်တွင် နွားများ ကျက်စားလျက် ရှိသည်ကို ၎င်းထံမှ ခွင့်ပြုချက် ယူရမည်ဟု ဆိုကာ နွားတစ်ကောင်လျှင် ငွေကျပ် တစ်ထောင်နှုန်းဖြင့် အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်း ရရှိပါသည်။

နွားတစ်ကောင်လျှင် ငွေကျပ် တစ်ထောင်နှုန်းစီ ပေးခဲ့ရသူ အချို့မှာ --

(၁) နူရ်ကာမာလ် (ဘ၀ ဦးနူရ်ဆလာမ် (အသက် ၂၅ နှစ်) - နွား ၃ ကောင် အတွက်
(၂) ဦးနူရ်မိုဟာမတ် (ဘ) ဦးရော်ရှီးဒ်အာမတ် (အသက် ၃၃ နှစ်) - နွား ၃ ကောင် အတွက်
(၃) ဦးနူရ်ဆလာမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၅ နှစ်) - နွား ၃ ကောင် အတွက်
(၄) ဦးမာမတ်ဆာလာမ် (ဘ) ဦးမာမတ်ဆိဒိခ် (အသက် ၃၅ နှစ်) - နွား ၃ ကောင် အတွက်
(၅) ဦးဖွေယာဇူ (ဘ) ဦးမာမတ်အီဆုဖ် (အသက် ၃၅ နှစ်) - နွား ၃ ကောင် အတွက်
(၆) ဦးဆွေယာဒ်ဒူလ္လာ - နွား ၅ ကောင် အတွက်
(၇) ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၃၅ နှစ်) - နွား ၂ ကောင် အတွက်
(၈) ဦးဆော်လီမူလ္လာ (ဘ) ဦးကာလာမျာ (အသက် ၃၅ နှစ်) - နွား ၅ ကောင် အတွက်
(၉) ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၃၂ နှစ်) - နွား ၂ ကောင် အတွက်
(၁၀) ဦးအာဖ်တာရ်ဟူစိန်း (ဘ) ဦးနော်ဇူမျာ (အသက် ၄၀ နှစ်) - နွား ၄ ကောင် အတွက်
(၁၁) ဦးဘာဆာမျာ (အသက် ၄၅ နှစ်) - နွား ၅ ကောင် အတွက်
(၁၂) ဦးဂျာမာလ် (ဘ) ဦးအူလ္လာမျာ (အသက် ၄၅ နှစ်) - နွား ၅ ကောင် အတွက် -- တို့ဖြစ်ပြီး၊ စုစုပေါင်း နွား အကောင်ရေ (၂၀၀) ကျော်အတွက် တစ်ကောင်လျှင် ငွေကျပ် တစ်ထောင်နှုန်းစီ ကောက်ခံသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ဒီတောင်ယာမြေတွေက ကျွန်တော်တို့ ပိုင်တာပါ။ သစ်တောဦးစီးဌာနရဲ့ ပိုင်မြေတွေ မဟုတ်ဘူး။ အခု ဦးထွန်းနိုင်က သူပိုင်တဲ့ မြေပေါ်မှာ နွားတွေ ကျက်စားနေသလိုမျိုး ငွေကောက်တာကတော့ ရထားတဲ့ ရာထူး၊ အာဏာကို အလွှဲသုံးစား ပြုလုပ်ခြင်းသာ ဖြစ်တဲ့အတွက် အထက် အာဏာပိုင်တွေက ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။


Rohingya Eye
RB News
24.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၂၀) ဦးခန့်သည် ဇူလိုင်လ (၂၀) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ၀ါးချ ကျေးရွာမှ ဦးဆော်လီမူလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၄၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့သည်။ တစ်ဖန် ဦးဆော်လီမူလ္လာ၏ အစ်ကို ဖြစ်သူ ဦးဟာဘီအူလ္လာ၏ နေအိမ်ကို ရှာဖွေခဲ့သည်။

နှစ်အိမ်လုံးတွင် တရားမ၀င် နေထိုင်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ပေ။ မလေးရှားမှ တရားမ၀င် ၀င်ရောက်လာသူ တစ်ဦး နေထိုင်သည်ဟု သတင်းအရ ရှာဖွေခဲ့ခြင်း ဖြစ်ပြီး၊ တရားမ၀င် နေထိုင်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့သော်လည်း ဇူလိုင်လ (၂၁) ရက်နေ့တွင် ဦးဆော်လီမူလ္လာကို ဆင့်ခေါ်၍ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



Rohingya Eye
RB News
24.7.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ရှီလ်ခါလီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဗ်ဒူလ္လာသည် ၎င်းအား မဲမပေးခဲ့သူ များကို ပစ်မှတ်ထား၍ အကွက်ဆင် လုပ်ကြံကာ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့တွင် အုန်းတော ရွာသား ဦးအဒူဆလာမ် (ဘ) ဦးရော်ရှီးဒ်အာမတ်နှင့် ဦးမာမတ်ဆလာမ် (ဘ) ဦးနာဂူ တို့အချင်းချင်း စကားများသည်ကို အုပ်ချုပ်ရေးမှူးက အခွင့်ကောင်းယူကာ ဦးမာမတ်ဆလာမ်နှင့် သွားရောက် တွေ့ဆုံပြီး၊ ဦးအဒူဆလာမ်အတွက် တိုင်ကြားစာ တစ်စောင် ရယူခဲ့သည်။ ထို့နောက် ဦးအဒူဆလာမ်ကို အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်၍ တိုင်စာလက်ခံရရှိထားသည့် အတွက် ငွေပေးရန်နှင့် အကယ်၍ ငွေမပေးပါက မောရ၀တီ အခြေစိုက် စစ်တပ်မှ တာဝန်ခံ ဗိုလ်ကြီးနိုင်လင်းထွန်းထံ အပ်နှံမည်ဟု ခြိမ်းခြောက်သောကြောင့် အုပ်ချုပ်ရေးမှူး တောင်းသည့် ငွေကို ပေးခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် ခေါင်းစဉ်အမျိုးမျိုး တပ်၍ ဒေသခံ ရွာသား (၇၀) နီးပါးထံမှ ငွေညှစ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအဒူလော့ခ် (ဘ) ဦးရော်ရှီးဒ်အာမတ် (အသက် ၃၇ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၃ သိန်းခွဲ
(၂) မော်တော်လော့ဖ် (ဘ) ဦးရော်ရှီးဒ်အာမတ် (အသက် ၂၄ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၃) ဦးဝါဒူလ္လာ (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၁ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၅ သောင်း
(၄) ဦးအီဆုဖ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၅၃ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၅ သောင်း
(၅) အာဇီမူလ္လာ (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၄ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း
(၆) မာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူလ်ဟာမိတ် - ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း -- တို့ဖြစ်သည်။


Rohingya Eye
RB News
24.7.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ တံတားအနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဇူလိုင်လ (၁၇) ရက်နေ့ ည (၈) နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ တောင်ရွာသို့ သွားရောက်၍ နေအိမ် (၃) လုံးကို ၀င်ရောက် ရှာဖွေခဲ့သော်လည်း မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာမှ မရှိခဲ့ဟု ဒေသခံများက ဆိုသည်။

သို့သော်လည်း နယ်ခြားစောင့်ရဲ များက အဆိုပါ နေအိမ်များတွင် ဘင်္ဂလားဆင်းမ်ကဒ်များ မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူငယ် (၃) ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် လူငယ် (၃) ဦးထံမှ ငွေကျပ် ၇ သိန်းခွဲ ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရပြီး ငွေကျပ် နှစ်သိန်းခွဲ စီ ညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဟဲဖ်ဇူရာမန် (ဘ) ဦးဟာဘီရာမန် (အသက် ၂၄ နှစ်)
(၂) ကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ် (အသက် ၁၈ နှစ်)
(၃) အာမီးန်အူလ္လာ (ဘ) ဦးအီဆုဖ် (အသက် ၁၆ နှစ်) -- တို့ဖြစ်သည်။

အဆိုပါ တံတား ကင်းစခန်း ရှေ့မှ ရိုဟင်ဂျာများ စက်ဘီးစီး၍ ဖြတ်သွားလျှင် စက်ဘီးပေါ်မှ ဆင်းခိုင်းပြီး၊ ထောက်ခံစာ တောင်းခံခြင်း၊ ခြေလျင် သွားခိုင်းခြင်း၊ ထောက်ခံစာ မပြနိုင်လျှင် ငွေတစ်ထောင်စီ တောင်းခံခြင်း၊ မပေးနိုင်သူများကို ကိုယ်ထိလက်ရောက် စော်ကားခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။


Rohingya Eye
RB News
24.7.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း မြင်းလွတ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၈) ဦးသည် ဇူလိုင်လ (၁၇) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ရွာထဲ၌ ကင်းလှည့်နေစဉ် အိမ်ထဲမှာ ကျောက်ခဲဖြင့် ပစ်သည်ဟု လုပ်ကြံ စွပ်စွဲ၍ နေအိမ်ထဲသို့ ၀င်ရောက်ကာ အိပ်နေသည့် လူငယ် နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ လူငယ်နှစ်ဦးအား နယ်ခြားစောင့်ရဲ များက လူမဆန်စွာ ၀ိုင်းဝန်း ရိုက်နှက်ကြရာ ဦးခေါင်းနှင့် မျက်နှာပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့၏ ညှဉ်းပန်း နှိပ်စက်မှုကို မခံနိုင်တော့သည့် အဆုံး ငွေကျပ် (၁၀) သိန်း ပေးကာ လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေညှစ်ခံရသူ နှစ်ဦးမှာ - အာယာစ် (ဘ) ဦးဇော်ကော်ရီ (အသက် ၂၈ နှစ်) နှင့် နုရ်ကာမာလ် (အသက် ၂၅ နှစ်) တို့ဖြစ်သည်။

“ဘယ်သူက နယ်ခြားစောင့်ရဲ တွေကို ကျောက်ခဲနဲ့ ပစ်ရဲမှာလဲဗျာ၊ အခုဟာက အကွက်ဆင်ပြီး ငွေညှစ်တာပါ၊ ပြစ်မှု ကျူးလွန်တယ်ဆိုရင် တစ်မျိုးပေါ့၊ အခုတော့ ဘာမှ မလုပ်ဘဲ လူမဆန်စွာ ရိုက်နှက်ခံရတယ်၊ ငွေလည်း ညှစ်ခံရတယ်၊ ဒါတွေက ကျွန်တော်တို့ကို အကြမ်းဖက်တာ .. အနိုင်ကျင့်တာပါ” ဟု အဆိုပါဒေသခံက ခါးသီးစွာဖြင့် ပြောသည်။




MYARF
RB News
23.7.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ န.တ.လ (ယခု ဆယ်စုနှစ် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာပြီး ရိုဟင်ဂျာများပိုင် မြေပေါ်တွင် ကျူးကျော်၍ အခြေချ နေထိုင်သော ဗုဒ္ဓဘာသာဝင်များ) ရွာမှ လက်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ၎င်း၏ အပေါင်းအပါများ ဖြစ်ကြသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များနှင့် အတူ ဇူလိုင်လ (၁၇) ရက်နေ့တွင် ဖရုံချောင်း ဒိုးတန်းသို့ သွားရောက်၍ န.တ.လ ပိုင် (ရိုဟင်ဂျာများ ထံမှ အတင်းအဓမ္မ သိမ်းပိုက်၍ ပိုင်ဆိုင်နေသော) လယ်ယာမြေနှင့် ကပ်လျက် ရှိသည့် ရိုဟင်ဂျာများပိုင် လယ်ယာမြေ များကို ပုံစံ (၇) တွင် ပါဝင်နေသည်ဟု ခြိမ်းခြောက် ပြောဆို၍ ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဘော်ဒူး (ဘ) ဦးလာလ်မျာ (အသက် ၄၅ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း၊ (ပိုင်ဆိုင်သည့် လယ်ယာမြေ ၂ ဧက)

(၂) ဦးဟာဆောင်း (ဘ) ဦးဟာမိဒေါ်ရာမန် (အသက် ၅၂ နှစ်) - ညှစ်ခံရသည့် ငွေကျပ် တစ်သိန်းနှစ်သောင်း (ပိုင်ဆိုင်သည့် လယ်ယာမြေ ၁.၅ ဧက)

(၃) မော်လ၀ီ အဒူရော်ကိမ်း (အသက် ၅၉ နှစ်) - ညှစ်ခံရသည့် ငွေကျပ် တစ်သိန်းလေးသောင်း (ပိုင်ဆိုင်သည့် လယ်ယာမြေ ၁.၄ ဧက)

(၄) ဦးကာလူ (ဘ) ဦးအာဘူဘော်ကော်ရ် (အသက် ၆၅ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း (ပိုင်ဆိုင်သည့် လယ်ယာမြေ ၁ ဧက) -- တို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်ခဲ့သည့် ၎င်း၏ အပေါင်းအပါများမှာ --

(၁) ဦးမောင်ညွန့် (ဘ) ဦးရွှေလှ
(၂) ဦးအောင်ဝင်းယေ (ဘ) ဦးရွှေသာနု (ဘုရားပြင်ရွာမှ)
(၃) ဦးနူရ်အာလောမ် (ဘ) ဦးဆုလ်တာန်
(၄) ဦးမာမတ်အာလောမ် (ဘ) ဦးဆုလ်တာန် -- တို့ဖြစ်သည်။

ရိုဟင်ဂျာ လယ်ပိုင်ရှင်များ ထံမှ ငွေညှစ်ပြီးနောက် အုပ်ချုပ်ရေးမှူး တာဝန်ရှိနေစဉ် ကာလအတွင်းသာ လုပ်ကိုင် စားသောက်နိုင်မည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ယခု ငွေညှစ်ခံရသည့် လယ်ပိုင်ရှင်၏ လယ်များမှာ ယခင် န.တ.လ အတွက် သိမ်းဆည်းခဲ့ရာတွင် ပါဝင်မှု မရှိခဲ့ကြောင်း လယ်ပိုင်ရှင်များက ပြောပါသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် လွန်ခဲ့သည့် (၂) လက အုပ်ချုပ်ရေးမှူး ခန့်စာ ရရှိပြီးနောက် ဘုရားပြင်အောင်ပ ကျေးရွာ မြောက်ဘက်တွင် ရှိသည့် ရိုဟင်ဂျာ သင်္ချိုင်းမြေကို နွားစားကျက်မြေ အဖြစ် တစ်လလျှင် ငွေကျပ် နှစ်သိန်းဖြင့် ငှားရမ်းလိုက်သည့် အပြင် ဗလီပိုင်မြေ (၁) ဧက ကိုလည်း တရားမ၀င် ရောင်းစားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
21.7.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မကျီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး၊ ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၂၅) ဦးတို့သည် ယနေ့ ဇူလိုင်လ (၂၁) ရက်နေ့ နေ့လည် (၁) နာရီခန့် အချိန်တွင် ဒုညောင်ပင်ကြီး ကျေးရွာမှ မော်လ၀ီ ဦးရှောမ်ရှုလ်ဟောက် (ဘ) ဦးမျာဟူစိန်း (အသက် ၄၅ နှစ်) ၏ နေအိမ်ကို တံခါးချိုးဖျက် စီးနင်း ၀င်ရောက်ပြီး မော်လ၀ီ ဦးရှောမ်ရှုလ်ဟောက်ကို ဖမ်းဆီး ချုပ်နှောင်၍ မကျီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မော်လ၀ီ ဦးရှောမ်ရှုလ်ဟောက်ကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီး သွားသည်ကို မသိရှိရသေးဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
21.7.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အနောက်ပိုင်း အောက်နန့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ (ခ) ဂျော်မိလ်သည် အမွေကိစ္စတစ်ခုကို ဆုံးဖြတ်ပေးရာတွင် ဘာသာရေးအရ မဆုံးဖြတ်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လာဘ်ငွေ ၁၇ သိန်းခွဲယူကာ တစ်ဖက်သတ် ဆုံးဖြတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၃) ရက်နေ့တွင် အောက်နန့်ရာ ကျေးရွာမှ ကွယ်လွန်သူ ဦးအဒူဆော်လာမ်၏ သားသမီးများ အချင်းချင်း အမွေခွဲဝေခဲ့ရာ ဘာသာရေးအရ အမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆ အမွေပိုင်ဆိုင်ခွင့် ရှိသည်ကို မကျေနပ်၍ ဦးအဒူဆော်လာမ်၏ သမီးများက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးက တိုင်ကြားသည့် အမျိုးသမီးများ ထံမှ လာဘ်ငွေ ၁၇ သိန်းခွဲ ယူကာ အမွေစားအမွေခံများ အားလုံး ကျားမ မရွေး ညီတူညီမျှ ခံစားခွင့်ရှိသည်ဟု ဆုံးဖြတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးအဒဆော်လာမ်၏ သားသမီးများမှာ - (၁) ဦးဗန္ဓုလ (အသက် ၄၅ နှစ်)၊ (၂) ဦးမုစ်တာဖာ (အသက် ၃၅ နှစ်)၊ (၃) ဒေါ်ဖာတေမာ (အသက် ၅၀ နှစ်)၊ (၄) ဒေါ်ဟာလေဒါ (အသက် ၄၂ နှစ်) နှင့် ဒေါ်ဟာဆီနာ (အသက် ၃၃ နှစ်) တို့ဖြစ်သည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များ၏ အမွေကိစ္စများကို ကျေနပ်မှု မရှိလျှင် အစ္စလာမ် တရားဓမ္မအရ ဖြေရှင်းပေးသည့် တရားဝင် အဖွဲ့အစည်း အိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့ ရှိသော်လည်း၊ အုပ်ချုပ်ရေးမှူးက သြဇာ အာဏာကို အလွဲသုံးစား ပြုလုပ်၍ လာဘ်ငွေယူပြီး ဆုံးဖြတ်ခဲ့ခြင်းမှာ အလွန်မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ဦးအဒူဆော်လာမ်၏ သားနှစ်ဦးလည်း နစ်နာကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လာဘ်ငွေ ယူသည့် ပြစ်မှုဖြင့် အရေးယူပေးရန်နှင့် ဆုံးရှုံးနစ်နာသူများ မှန်ကန်စွာ တရားဆုံးဖြတ်မှု ရနိုင်ရန်အတွက် သက်ဆိုင်သည့် အဖွဲ့အစည်းမှ ဆုံးဖြတ်မှု ရယူရန် အာဏာပိုင်များက လမ်းညွန်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။



Rohingya Eye
RB News
20.7.2016

မောင်တော
။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် စစ်တပ်မှ စခန်းတာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိသူက ၎င်း၏ တပည့်ဖြစ်သူ သ၀န်းချောင်းရွာသား ဦးဘထူး (ဘ) ဦးဖော်ဇော်လော့ခ် မှတဆင့် သ၀န်းချောင်း ရွာသား (၄) ဦးကို ဇူလိုင်လ (၁၃) ရက်နေ့တွင် စခန်းသို့ လာရောက်ရန် ဆင့်ခေါ်စာ ပို့ခဲ့သည်။

ဆင့်ခေါ်စာကို လိုက်လံ ဝေငှသူ ဦးဘထူးက ခေါ်ခံရသူများကို စခန်းသို့ မသွားလိုလျှင် မိမိထံ ငွေပေးနိုင်ကြောင်း၊ အကယ်၍ စခန်းသို့ သွားပါက ဘင်္ဂလား ဆင်းမ်ကဒ်သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ညှဉ်းပန်း နှိပ်စက်မည်မှာ သေချာကြောင်း၊ ပြောဆိုသဖြင့် ဆင့်ခေါ်ခံရသူများက ကြောက်ရွံ၍ ဦးဘထူး တောင်းသည့် အတိုင်း ငွေပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူ (၄) ဦးမှာ --

(၁) ဦးအဒူလ်ဟာမိတ် (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၃၈ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်းငါးသောင်း
(၂) ဦးဂျော်မိလ် (ဘ) ဦးဘော်ဒူရ်အုလ္လာ (အသက်၂၃ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်းငါးသောင်း
(၃) ဦးရော်ဟီမူလ္လာ - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်းငါးသောင်း
(၄) ဦးမော်ဆီအူလ္လာ - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်းငါးသောင်း -- တို့ဖြစ်သည်။



Rohingya Eye
RB News
20.7.2016

မင်းပြား ။ ။ ရခိုင်ပြည်နယ် အနှံ့ မိုးကြီး၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် မင်းပြားမြို့နယ်လည်း ပါဝင်သည်။ မင်းပြားမြို့နယ်၏ တောင်ပိုင်း နာဂရာ ကျေးရွာအုပ်စု၊ ပေါက်စီးရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၇၀၀ ကျော် ရှိသည့်အနက် အိမ်ခြေ ၈၀ ရေဘေး အန္တရာယ် ကြုံတွေ့ခဲ့ရပြီး ပြိုကျ ပျက်စီး သွားခဲ့သည်။

ဇူလိုင်လ (၁၅) ရက်နေ့တွင် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့တစ်ဖွဲ့ လာရောက်၍ မိသားစုတစ်စုလျှင် အိုး (၅) လုံး၊ ပန်းကန် (၅) ချပ်၊ ဇွန်းတစ်ဒါဇင်နှင့် အထည် (၄) ထည် စသည်တို့ကို ထောင်ပံ့ပေးခဲ့သည်။ အကူအညီ လိုအပ်နေသူများ အားလုံးကို ကူညီပေးနိုင်ခြင်း မရှိဘဲ ရွာ၏ တောင်ဘက်ရှိ အိမ်ခြေ ၃၀၀ ခန့်ကို ထောက်ပံ့၍ ပြန်သွားခဲ့သည်။

အဆိုပါရွာရှိ ရွာသားများသည် ရေဘေး အန္တရာယ်နှင့် ကြုံတွေ့ခဲ့သဖြင့် သောက်သုံးရေ အခက်အခဲ ဖြစ်လျက် ရှိနေသည့် အပြင် အခြားသော အခက်အခဲမျိုးစုံ ကြုံတွေ့နေရသဖြင့် အလှူရှင်များထံမှ အကူအညီများ လိုအပ်လျက် ရှိကြောင်း RB News သို့ပြောပါသည်။


MYARF
RB News
20.7.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အနောက်ပိုင်း အောက်နန့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ (ခ) ဂျော်မိလ်သည် ဒေသခံတစ်ဦး ထံမှ ငွေကျပ် ၂၇၀၀၀၀/- ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့တွင် အောက်နန့်ရာ ကျေးရွာမှ ဦးမာမတ်ဟာဆောန် (ဘ) ဦးမူတူ (အသက် ၅၅ နှစ်) သည် မိမိပိုင် နွားစားကျက်မြေ ကွင်းပြင်တွင် နွားကျောင်းနေသည့် ဦးဒီနေအစ္စလာမ်၏ ၁၂ နှစ်အရွယ်သားငယ်အား မိမိပိုင် နွားစားကျက်မြေပေါ်တွင် အဘယ်ကြောင့် နွားကျောင်းနေသနည်းစု ပြောဆို တားမြစ်ရာ ၎င်းတို့နှစ်ဦး အချင်းချင်း စကားများခဲ့ပြီး ဦးမာမတ်ဟာဆောန်က ကလေးငယ် ချုံပေါက်ပင်တစ်ပင်ဖြင့် တစ်ချက် ရိုက်ခဲ့သည်။

ကလေးငယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ယောက်ဖ တော်စပ်သူ ဖြစ်သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ချက်ချင်းဆိုသလို ဦးမာမတ်ဟာဆောန်ကို ရုံးသို့ ဆင့်ခေါ်၍ တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ကြမ်းတမ်း ရိုင်းစိုင်းစွာ ပြောဆိုပြီး ငွေကျပ် ၂၇၀၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ အုပ်ချုပ်ရေးမှူးက ညှစ်ယူခဲ့သည့် ငွေမှ စေတီပြင် အခြေစိုက် နယ်ခြားစောင့်ရဲ များကို ခွဲတမ်းပေးခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်ချုပ်ရေးမှူးက သာမာန် ပြဿနာတစ်ခုကို ရပ်မိရပ်ဖများနှင့် တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်း၍ ရသော်လည်း သြဇာ အာဏာသုံး၍ ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုပြီး ငွေညှစ်သည့် အတွက် အထက် အာဏာပိုင်များက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

(ဓါတ်ပုံ - Alexander Hotz / Coconuts Yangon)

ရေးသားသူ - စန္ဒြာမောင်စိက္ကေ-ရခိုင်​ပြည်​ [MYARF]
RB News
19.7.2016

လူမျိုးဟုဆိုရာ၌ ထိုလူမျိုးအား သိသာ ထင်ရှားသော အုပ်စုအဖြစ် ခွဲခြားသိရှိနိုင်ရန် သတ်မှတ်သော အမှတ်သညာ အမည်တစ်ခုသာ ဖြစ်သည်။ ထိုအမှတ်သညာအမည်ကို မှည့်ခေါ်ရာ၌ ၎င်းလူမျိုးတို့၏ ရုပ်ခန္ဓာ သွင်ပြင်လက္ခဏာ၊ မျိုးရိုးဗီဇ၊ ရိုးရာဓလေ့ စရိုက်၊ နေထိုင်ရှင်သန်ရာ နယ်မြေဒေသ၊ ပြောဆိုသော ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းများ စသည်တို့ဖြင့် အမည်ပေး မှည့်ခေါ်ကြရသည်။

သို့ဖြစ်​၍ မြန်မာနိုင်ငံ အနောက်ဘက်၊ ရခိုင်ပြည်နယ်၏ အနောက်မြောက်ဘက်တွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာလူမျိုးများ၏ အမှတ်သညာအမည်နာမကို အထက်နိဒါန်းတွင် ဖော်ပြပါရှိသော မူသတ်မှတ်ချက်နှင့်အညီ အမည်မှည့်ခဲ့​လေသလား၊ လေ့လာကြည့်ကြပါစို့။

ရိုဟင်ဂျာဟု ခေါ်ဆိုလျှင် မြန်မာလူမျိုး တစ်ချို့က ခါးခါးသီးသီး ငြင်းပယ်မုန်းကြပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟု တဇွတ်​တိုး ဆန္ဒဖြင့်​ ကြွေးကြော်ကြသည်။ ၎င်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ကြသည်။ ၎င်းတို့ထဲတွင် သာမန်လူပုဂ္ဂိုလ်တစ်ချို့၊ ဘာသာရေး ပုဂ္ဂိုလ်တစ်ချို့နှင့် နိုင်ငံရေး​ခေါင်းဆောင် တစ်ချို့လည်း ပါဝင်နေကြောင်းကို ဝမ်းနည်းဖွယ် ကြားသိရသည်။

ထိုရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် မည်သည့်အခါမှစ၍ နေထိုင်လာကြသည်၊ ထိုလူမျိုးတို့၏ နိုင်ငံသားအဆင့် စသည့်တို့ကို အောက်ဖော်ပြပါ အချက်အလက်များ ဖြစ်ကြသော ကမ္ဘာ့ကုလသမဂ္ဂ၏သိပ္ပံနည်းကျ သုတေသနပြုချက်၊ နိုင်ငံခြားသား သမိုင်းပညာရှင်များ၏ မှတ်တမ်းတင်ရေးသားချက်များ၊ ပြည်တွင်းကျောက်စာများ၊ ပြည်တွင်းသမိုင်းပညာရှင်များ၏ ရေးသားတင်ပြချက်များ၊ မြန်မာအစိုးရထုတ် စာအုပ်များ၌ ဖော်ပြပါရှိချက်များ၊ ယခင်နိုင်ငံတော် ခေါင်းဆောင်ကြီးများ၏ မိန်းခြွေချက်များ၊ မြန်မာ့အသံ၏ အသံလွှင့်ချက်များကို တိုတိုတုတ်​တုတ် တင်ပြပါမည်။ လေ့လာကြည့်ရှုနိုင်ပါသည်။ ဝေဖန်ထောက်ပြလည်း နိုင်ပါသည်။

ဦးစွာ ပထမ သိပ္ပံနည်းကျ သုတေသနပြုချက်ဖြင့် အစပြုပါ၏။ ၁၉၃၄-ခုနှစ်မှစ၍ UN အဖွဲ့အစည်းတစ်ခု ဖြစ်သော UNESCO နှင့် SIL International အဖွဲ့ကြီးတို့ ပူပေါင်းပြီး ကမ္ဘာပေါ်တွင် အသုံပြုနေသော မတူကွဲပြားသည့် ဘာသာစကားပေါင်း (၇၁၀၅) ခုကို မနုသားဗေဒ ပညာရှင်များ ပါဝင်လျက် သိပ္ပံနည်းကျ သုတေသနပြုချက်များကို လေးနှစ်တစ်ကြိမ် Ethnologue စာအုပ်များ ထုတ်ဝေသည်။ ထိုစာအုပ်များတွင် လူတို့၏ ပင်မမျိုးနွယ်စုကို နိုင်ငံတကာ စံသတ်မှတ်ချက် Code နံပါတ်ဖြင့် ပုံဖော်ထားသည်။ ရိုဟင်ဂျာလူမျိုးများ၏ လူမျိုး Code နံပါတ်မှာ ISO 639 (rhg) ဖြစ်သည်။ ထို Code အရ ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အင်ဒို-အာရိယာန် ဖြစ်ကြောင်း၊ ရိုဟင်ဂျာစာပေ ရှိကြောင်း အတိအလင်း ဖော်ပြထားသည်။

နိုင်ငံခြား သမိုင်းပညာရှင်များသည် ရိုဟင်ဂျာနှင့် ပတ်သက်၍ ရေးသားထားချက်မှာ များပြားလှသည်။ ၎င်းတို့ထဲတွင် တစ်ဦး၏ရေးသားချက်ကိုသာ အလျင်းသင့်စွာ ဖော်ပြပါမည်။ ထိုပုဂ္ဂိုလ်သည် Scottish Traveler Dr. Francis Buchanan သမိုင်းပညာရှင်ကြီး ဖြစ်သည်။ ထိုပညာရှင်ကြီး၏ ၁၇၉၉-ခုနှစ် ရေးသားစာအုပ်တွင် ရခိုင်ဒေသ ဘာသာစကားများကို ဖော်ပြရာ၌ (The first is that spoken by Mohamedan who have been long settled in Arakan and who call themselves Rooinga or native of Arakan) ဟု ထိုစာအုပ်၏ စာမျက်နှာ (၂၃၇) တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ Native of Arakan ဆိုသည် Arakan နယ်မြေ၏ မူလဘူတလူမျိုး ဖြစ်ကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။ ယခုခေတ်အဆိုအရ တိုင်းရင်းသားလူမျိုးဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုစာအုပ်၏ စာမျက်နှာ (၂၂၃) မှ (၂၂၆) ၌ ရခိုင်လူမျိုးများ အကြောင်း ပါရှိသည်။ ၎င်းတွင် Mug (or) Yakain ဟူ၍ ​ရေးသား​ဖော်​ပြထားပါသည်​။ ထို့အပြင်​ အဆိုပါ ပညာရှင်​ကြီးက အသုံးအနှုံး ဝေါဟာရအချို့ကိုလည်း ဖော်ပြထားရာ နေကို (Bel)၊ လ ကို (Sawn)၊ ကြယ် ကို (Tara)၊ ရေ ကို (Pannae)၊ မီး ကို (Auin)၊ ကျောက် ကို (Sheel)၊ ဦးခေါင်း ကို (Mata)၊ ပါးစပ် ကို (Gall) စသည့်ဖြင့် ရေးသားဖော်ပြထားသည်။ ဤမည်သော စကားကို ယခုအခါတွင် မည်သည့်လူမျိုးများ ပြောဆိုနေသနည်း။ အဖြေမှာ ရိုဟင်ဂျာများသာ ဖြစ်သည်။

ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းသည် မတ်လ ၁၄-ရက်နေ့က ရန်ကုန်ကွန်ဖရန်၌ Dr. Buchanan ရေးသားထားသော ရိုဟင်ဂျာသည် ရခိုင်လူမျိုးအား ညွှန်းထားကြောင့် That spoken by Mohamedan ဟု ရေးသားထားသော စာသားကို ဝှက်ထားပြီး လက်လွှဲစဖွယ် လိုရာဆွဲ ပြောဆိုခြင်းသည် သမိုင်းပညာရှင် တစ်ဦး၏ အပြုအမှု မဟုတ်ပါ။ Mohamedan သည် ရခိုင်လူမျိုး မဟုတ်ကြောင်း ရခိုင်သူ ရခိုင်သားများ အားလုံး သိရှိကြသည်။ ၎င်းသည် အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့အား ခေါ်ဝေါ်သော အမည်ဖြစ်သည်။

ရခိုင်ပြည်တွင် ကျောက်စာများကို လေ့လာလျှင် AD ၇၂၀ တွင် ရေးသားခဲ့သော အာနန္ဒ စန္ဒြကျောက်စာ ဖြစ်သည်။ ဤကျောက်စာသည် ရခိုင်သမိုင်းတွင် ရှေးအကျဆုံး ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို နာဂရိစာ (အိန္ဒိယစာ) ဖြင့် ရေးသားခဲ့သည်။ ကျောက်စာပါ စာများကို လေ့လာလျှင် စကားလုံး အများစုမှာ ရိုဟင်ဂျာစကားလုံးများ ဖြစ်ကြပြီး၊ ရခိုင်ဝေါဟာရစာလုံး တပါဒမျှ မပါဝင်ချေ။ ဤအချက်ကို လေ့လာသုံးသပ်လျှင် ထိုခေတ်အခါသမယ၌ ရိုဟင်ဂျာများ ရောက်ရှိနေထိုင်လာကြသည် ဖြစ်ပြီး၊ ရခိုင်တို့သည် ထိုချိန်၌ ရောက်ရှိလာခြင်း မရှိကြောင်း သိသာထင်းရှာလှသည်။ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းလည်း သူ့စာအုပ်တွင် ၁၀ ရာစု မတိုင်ခင် ရေးသားထားသော ကျောက်စာများကို သက္ကဌ၊ ပါဠိ၊ နာဂရိ စသော အိန္ဒိယစာများဖြင့် ရေးသားထားကြောင်း၊ ထိုခေတ်တွင် နေထိုင်သော လူမျိုးများမှာ အိန္ဒိယနွယ်ဖွားသဏ္ဍန် လူမျိုးများ ဖြစ်ကြောင်း ရေးသားထားသည်။ ယခုအခါ အိန္ဒိယနွယ်ဖွား သကဲ့သို့ သွင်ပြင်လူမျိုးသည် ရိုဟင်ဂျာ လူမျိုးများနှင့် မြန်မာကြီးတို့သာလျှင် ရှိကြသည်ကို သတိချပ်ရန် လိုအပ်ပါမည်။

၎င်းအပြင် ဦးအောင်သာဦးရေးသား​သော ရခိုင်ရာဇဝင်တွင်လည်း ၁၄၃၀ ဝန်းကျင် ရခိုင်-မြန်မာ စစ်ပွဲတွင် ထိုခေတ် မူဆလင်များ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့မှုကြောင်း ၎င်းတို့အား “ကျား” ဟု အမည်ပေးခဲ့၏။ ထို့ကြောင့် ၎င်းတို့အား ရွာဟောင်းက ကျားဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည်။ ရခိုင်ပြည်အား ရခိုင်-အာရကန်ဟု မမှည့်ခေါ်ချိန်တွင် ရိုဝါန်၊ ရိုဟင်ဟု ခေါ်ခဲ့ကြသည်။ ထိုကြောင့် ထိုကျားတို့အား ရိုဟင်ဂျာဟု ခေါ်ဆိုခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ မေလ (၁၃) ရက်နေ့ထုတ် ဧရာဝတီ Online သတင်းစာတွင် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသော “မေယုနယ်ခြား ခရိုင်” ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ထိုဆောင်းပါး အထက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတခုတွင် ၂၀၁၅ ခုနှစ်၊ မေလက မြင်တွေ့ရစဉ် Reuters ဓာတ်ပုံတပုံကို တင်ထားသည်။ ဆောင်းပါးအစတွင် ကွင်းအတွင်း၌ (၁၉၆၄ ခုနှစ်တွင် ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ ဘာသာပြန်အသင်းက ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း၊ စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်၊ အတွဲ-၉၊ အပိုင်း (က) တွင် ပါရှိသည့် “မေယုနယ်ခြား ခရိုင်” ကို ပြန်လည် ကူးယူဖော်ပြသည်။ မြန်မာအစိုးရက ဘင်္ဂလီဟု ခေါ်ဆို၍ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာဟု ဖော်ပြသော လူမျိုးစုနှင့် ဆက်စပ်၍ ပထဝီနောက်ခံနှင့် သမိုင်းအခြေအနေကို လေ့လာနိုင်ရန် ထပ်ဆင့်ဖော်ပြခြင်း ဖြစ်သည်။ သတ်ပုံနှင့် အသုံးအနှုံးများမှာ မူလအတိုင်းသာ ဖြစ်သည်။) ဟု နိဒါန်းပြုထားသည်။

စွယ်စုံကျမ်းလာ ရေးသားဖော်ပြချက်၏ တတိယစာပိုင်းတွင် (မေယုနယ်ခြား ခရိုင်တွင် လူဦးရေး ၄ သိန်းကျော်၊ ၅ သိန်းနီးပါး ပါရှိ၏။ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တံငါလုပ်ငန်းဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅%) ခန့်မှာ ရိုဟင်ဂျာလူမျိုး ဖြစ်၍၊ ရခိုင်၊ ဒိုက်နက်၊ မြို၊ ခမွီး စသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်ကြသည်။ ရိုဟင်ဂျာတို့သည် အိစ္စလာမ်ဝါဒီများ ဖြစ်ကြ၏။) ဟု ရေးသားထားသည်။

ထို့အပြင် မြန်မာနိုင်ငံ ပညာရေးဌာန၊ တက္ကသိုလ် စာပေးစာယူ ဝိဇ္ဇာသင်တန်းသမိုင်း ပြဌာန်းချက်၊ သမိုင်း အပိုဘာသာ (Minor subject ) ၏ တတိယနှစ် သမိုင်းစာအုပ်တွင် ရိုဟင်ဂျာလူမျိုးတို့သည် ရှေးပဝေသဏီကာလကပင် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း၊ ယခင် နဝမတန်း ပထဝီဝင်ပြဌာန်း စာအုပ်၊ မြန်မာနိုင်ငံတွင် နေထိုင်သော လူမျိုးများအကြောင်း၌ ရိုဟင်ဂျာလူမျိုးများ ရခိုင်ပြည်တွင် နေထိုင်လျက် ရှိကြောင်း ပုံနှင့်တကွ ဖော်ပြပါရှိသည်။ ထိုစာအုပ်များသည် မြန်မာနိုင်ငံ ပညာရေးဌာနမှ တရားဝင်ပြဌာန်းထားသော စာအုပ်များ ဖြစ်ကြသည်။

ထို့အပြင်​ ယခင် မြန်မာနိုင်ငံ၏ အထင်ကရ ခေါင်းဆောင်ကြီးများသည် ရိုဟင်ဂျာနှင့် ပတ်သက်၍ ဟောကြားချက်များ မည်ကဲ့သို့ ရှိကြသနည်း။

၁။ မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ဦးစောရွှေသိုက်၏ မိန့်ခွန်းတွင် “ရိုဟင်ဂျာ လူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ မဖြစ်နိုင်လျှင် ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်းတို့သည်လည်း တိုင်းရင်းသားများ မဖြစ်နိုင်”ဟု ပြောကြားခဲ့ခြင်း။

၂။ ၂၅-၀၉-၁၉၅၄ ခု နေ့တွင် ဝန်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတွင် “မောင်တော၊ဘူးသီးတောင်တွင် နေထိုင်ကြသော လူမျိုးများသည် ရိုဟင်ဂျာများ ဖြစ်သည်။” ဟု ပြောကြားခဲ့ခြင်း။

၃။ ၀၄-၁၁-၁၉၅၆ ခု နေ့တွင် ဝန်ကြီးချုပ် ဦးဘဆွေ၏ မိန့်ခွန်းတွင် “ရိုဟင်ဂျာလူမျိုးတို့သည် တခြားတိုင်းရင်းသား လူမျိုးများနှင့်တူ မြန်မာနိုင်ငံ တိုင်းရင်းသားများ ဖြစ်သည်။” ဟု ပြောကြားခဲ့ခြင်း။

၎။ ၂၀-၁၁-၁၉၆၁ ခုနှစ်တွင် မေယုနယ်ခြား ဒေသ အုပ်ချုပ်ရေးရုံး၏ ထုတ်ပြန်ချက်တွင် မေယုခရိုင်ရှိ လူအများစုသည် ရိုဟင်ဂျာများ ဖြစ်ကြောင်း စသော ဖော်ပြပြောဆိုချက်များမှာ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ ဖြစ်သည်​ဟု​ သက်​​သေခံ​နေလျက်​ရှိပါသည်။

ယခင် မြန်မာနိုင်ငံတွင် တရားဝင် အသံလွှင့်ဌာန တစ်ခုတည်းသာ ရှိခဲ့သည်။ ထိုအသံလွှင့်ဌာန၊ တိုင်းရင်းသား အစီစဉ်မှ ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ နှစ်ပေါင်း ၅ နှစ်တိုင်တိုင် ရိုဟင်ဂျာအစီစဉ်ဖြင့် သတင်းများ၊ ဆောင်းပါးများ၊ တေးဂီတ စသည်ဖြင့် အသံလွှင့်ခဲ့ခြင်းသည်ပင်လျှင် ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ ဖြစ်ကြောင်း ကမ္ဘာကို မြန်မာက ကြေညာခဲ့သည် မဟုတ်ပါလား။

အထက်ဖော်ပြပါ အချက်အလက်များသည် အရှိကို အရှိအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။ ရိုဟင်ဂျာနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သမိုင်းစာအုပ်များတွင် များစွာ ပါရှိသည်။ အားလုံးကို ရေးသားလျှင် စာရှည်​သွားမည်ကို စိုးရိမ်၍ ရေးသားဖော်ပြခြင်း မပြုလိုပါ။ နောင်အလျဉ်သင့်လျှင် ဖော်ပြမည် ဖြစ်သည်။

ဤကဲ့သို့ တိကျမှန်ကန်သော အချက်အလက်များ ပါရှိလျက် အမုန်းပွားခြင်း၊ ဆန့်ကျင်ခြင်း၊ လိုရာဆွဲ ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်နေပါက ကမ္ဘာ့အလယ်တွင် ကျွန်တော်များ မြန်မာလူမျိုးတို့ ပုံရိပ်သည် မည်သို့ဖြစ်လာမည်ကို မတွေးဝံ့စရာပါ။

ဖော်ပြပါ အချက်အလက်များသည် အနည်းငယ်သာ ဖြစ်သော်လည်း အမှန်တရားကို မြတ်နိုးသူတိုင်းအတွက် ပြည့်စုံလုံလောက်မည်ဟု ယူဆနေပါသည်။

တိကျမှန်ကန်သော အဖြေကို ဖော်ထုတ်နိုင်ပါစေ၊ အမှန်တရားကို မြတ်နိုးနိုင်ပါစေ။ လူလူချင်း ခွဲခြား နှိပ်​စက်​ခြင်း ကင်းရှင်းသွားပါ​စေ။

အချိန်​​ပေး ဖတ်​​ပေးသည့် အတွက်​ ကျေးဇူးတင်ရှိပါသည်။

စန္ဒြာမောင်စိက္ကေ-ရခိုင်​ပြည်​ [MYARF]

Rohingya Exodus