နောက်ဆုံးသတင်း/ဆောင်းပါးများ

`လှည်းဘီး´ ကို ဘယ်ဘာသာဝင်တွေ အတွက် တီထွင်ခဲ့ပါလိမ့် ..

ဦးဦးမှော်ဆရာ
7.3.2013

… လှည်းဘီး မှစပြီး အနုမြူစွမ်းအင် အထိ ဖေါ်ထုတ် တီထွင်ပြီး လူ့ဘောင် အဖွဲ့အစည်း သာယာ ၀ပြော  ရေး အ တွက် အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ …´



`ဘင်္ဂါလီ´ခေါင်းစဉ်၊ အမျိုး ဘာသာ သာသနာ ဆိုတဲ့ခေါင်း စဉ်တွေ တပ်ပြီး အေးအေးချမ်း ချမ်းနေ ,နေ တဲ့ နိုင်ငံသားများကိုပါ ဘာသာရေးအရ သိမ်းကြုံး  စော်ကားတိုက်ခိုက်ကာ မြန်မာပြည်မှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မဖြစ်,ဖြစ်အောင် ရည်ရွယ် ချက်ရှိရှိ ပြောင်ပြောင် တင်းတင်း လုပ်ဆောင်နေတဲ့ သင်္ကန်း ၀တ် များ နဲ့ ခါတော် မှီမျိုးချစ် ပုဂ္ဂိုလ်များနဲ့ ပက်သက်ပြီး ကျနော့်အမြင် နည်းနည်း ပါးပါး ပြောချင်ပါတယ်။

မြန်မာပြည်မှာ အစ္စလာမ်အယူဝါဒ လွမ်းမိုးသွားပြီး ဗုဒ္ဓဘာသာ ကွယ်ပျောက် သွားလိမ့်မယ်လို့ အကြောင်းပြပြီး တခြား အယူ ၀ါဒတွေကို အောက်လမ်း နည်းတွေနဲ့ တိုက်ခိုက်ဖို့ လူထုကို သွေးထိုး လှုံ့ဆော်နေ တာကို တွေ့နေရတော့ ဒီလိုလေးစဉ်း စားမိပါတယ်။ လူတိုင်း ကိုယ့်သာသနာပေါ်မှာ ခိုင်ခိုင်မာမာ ယုံကြည်မြတ်နိုး တယ် ဆိုရင်၊ ကိုယ့် သာသာနာရဲ့ အနှစ်သာရတွေကို နက်နက်နဲနဲ နားလည် သဘောပေါက်တယ် ဆိုရင် ဘေးပတ်ဝန်း ကျင်မှာရှိတဲ့ တခြားအယူဝါဒတွေ ကိုယ့်ကိုလွမ်းမိုးသွားစရာ အကြောင်းမရှိပါဘူး.. ဒီလိုမှ မဟုတ်ဘဲ ကိုယ်တိုင်က ကိုယ်ခံအားမကောင်းရင်တော့ ခင်ဗျားတို့ စိုးရိမ် သလို ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ တကယ် လုပ်ရမှာက သူတပါးကို တိုက်ခိုက်ဖို့ အာရုံစိုက်နေ မဲ့အစား ကိုယ့်သာ သနာပေါ်မှာ နက်နက်နဲနဲ နားလည်ရပ်တည်နိုင်စေဖို့ အားပေးရမှာပါ။ `အကုသိုလ်´ကို အားပေး တဲ့ စကားများကို ဘယ်လိုပုဂ္ဂိုလ်ကပဲ စင်ပေါ်တက်ဟောနေပါစေ .. ဒါ `တရား´မဟုတ်ပါ။

တစ်ခုပြော ချင်တာက မြန်မာနိုင်ငံတွင် ရိုးရာ နတ်ကိုးကွယ်မှုများကလွဲရင် ပြည်တွင်းဖြစ် ဘာသာသာသနာ တစ်ခုမှမရှိပါ။ ဘာသာအယူဝါဒ အားလုံးဟာ အိန္ဒိယနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အီတလီအင်ပါယာများမှ စတင်ပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား ပျံ့နှံ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ သုံးနှုန်းနေတဲ့ စကားနဲ့ပြော ရရင် ဗုဒ္ဒအယူဝါဒဟာ အိန္ဒိယနိုင်ငံမှ အစပြုပြီး မြန်မာနိုင်ငံသားတွေကို လွမ်းမိုးဝါးမြို ၀င်ရောက် လာခဲ့ တယ် လို့ ဆို ရပါလိမ့်မယ်။ ဒီတိုင်းပါပဲ အစ္စလာမ် အယူဝါဒဟာလည်း နိုင်ငံခြားဖြစ်အယူဝါဒ တစ် ခုဖြစ်ပေမဲ့ ကိုးကွယ် ယုံကြည်သူတွေက မြန်မာနိုင်ငံ တိုင်းရင်းသား များနှင့် နိုင်ငံသား များသာဖြစ်တာကို သတိပြုသင့် ပါ တယ်။ ရှင်းရှင်းပြောရရင် အယူဝါဒတစ်ခုကို ကိုယ်က သက်ဝင်ယုံကြည်တာဟာ ကိုယ့်ဆီကို အဲဒီ အယူရှိတဲ့ တခြားဒေသက လူတွေ ၀င်ရောက်လာတာ မဟုတ်ပါ။

ဒီတော့ မြန်မာ့မြေပေါ်မှာ နှစ်ကာလကြာမြင့်စွာကတည်းက အတူတကွ နေထိုင်လာကြသူများ အချင်းချင်း ကိုးကွယ်ရာ ဘာသာမတူခြင်းကြောင့် သွေးကွဲရမည်လား။ အချင်းချင်း ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံ နေထိုင်လာခဲ့ တာတွေကို ပျက်ယွင်းစေမည်လား။ ကိုယ့်နိုင်ငံသား အချင်းချင်း နှိမ့်ချ အနိုင် ကျင့်ကြ မည်လား။ ကျနော် နားလည်သလောက် မည်သည့် ဘာသာအယူဝါဒဟူသမျှ လူ,လူ ချင်း နှိမ်ချခွဲခြား ဆက်ဆံခြင်း၊ အနိုင်အထက် ပြုခြင်းကို အားမပေးပါ။ `သိဒ္ဓတ္ထမင်း သား´သည် ပင်`ဗုဒ္ဓ ဘုရား´အဖြစ် မရောက်ရှိမီကတည်းက သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပက်သက်ပြီး စင်ကြယ် ခဲ့သူလို့ သိရပါတယ်။

စဉ်းစားစရာက အဲဒီအချိန်မှာ သူသည် ဗုဒ္ဓဘာသာဝင် မဟုတ်ပါ။ ဒါ ဥပမာ ပြောတာပါ။ လူသားတစ်ဦးရဲ့ ကိုယ်ကျင့်တရား ကောင်းခြင်း၊ ဆိုးခြင်းက သူ ယုံကြည်ရာ အယူဝါဒနဲ့ မပက်သက်ဘူးဆိုတာ အလွန်ရှင်း တဲ့ ကိစ္စပါ။

လူ့သမိုင်း တလျောက် လူ့ဘောင်ဘ၀ တိုးတက် စည်ပင်ရေးအတွက် ဥာဏ်ရည် ထူးချွန် ထက်မြက်သူ လူသားများက ဆောင်ရွက် လာခဲ့ကြပါတယ်။ လှည်းဘီး မှစပြီး အနုမြူစွမ်းအင်အထိ ဖေါ်ထုတ်တီထွင်ပြီး လူ့ဘောင် အဖွဲ့အစည်း သာယာဝပြောရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ မနေ့တနေ့ကပဲ HIV ပိုးကို နိုင်နင်းတဲ့ နည်းလမ်းတောင် တွေ့ထားပြီဆိုတဲ့ သတင်းကောင်းလည်း ဖတ်လိုက်ရပါတယ်။ ဒါတွေ ဟာ မည်သည့်ဘာသာ၊ မည်သည့် လူမျိုးအတွက် ဆိုတဲ့ ဆန္ဒစွဲဖြင့် တီထွင်ခဲ့ကြတာ မဟုတ်ပါဘူး။ လူ့ဘောင် အဖွဲ့အစည်း အေးချမ်း သာယာဝပြောစေဖို့ ရည်ရွယ်ချက်တွေနဲ့ပါ … လူသားအားလုံးရဲ့ အကျိုး အတွက် ဟူသော စေတနာဖြင့်သာ စွမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

လူ့ယဉ်ကျေးမှု လွန်စွာ တိုးတက်ဖွံ့ဖြိုး နေပြီဖြစ်သော ယနေ့ခေတ်တွင် ဘာသာရေး၊ လူမျိုးရေး အမြင် ကျဉ်းမြောင်းသော လူစဉ်မမှီတဲ့ အတွေးအခေါ်များကို ရှက်ရွံ့သင့်ပါတယ်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ထိုသို့ လူရာမ၀င်တဲ့ အစွန်းရောက် အတွေးအခေါ် များအတွက် နေရာမရှိသလောက်ဖြစ်နေပါပြီ။ သမိုင်းဖြစ် ရပ်များမှ သင်ခန်းစာယူပြီး ဥာဏ်ရည်မြင့်သူ မြန်မာပြည်သား မည်သည့်ဘာသာဝင်၊ မည်သည့် လူမျိုး ကိုမဆို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန် ပြုစု ပျိုးထောင်လေ့ ကျင့် ပေးသွားရန် စိတ် ဆန္ဒ ထားရှိ သင့်ပါတယ်။ နိုင်ငံသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေရန် လူတွေကသာ အဓိက စွမ်းဆောင်နိုင်ပါတယ်။ ထိုနေရာတွင် ဘာသာရေးသည် သာမညသာဖြစ်တယ်။

တိုးတက်နေသော နိုင်ငံများကို လေ့လာကြည့်လျှင် ဘာသာရေးထက် လူ့စွမ်းအားအရင်းမြစ်ကိုသာ မှန် ကန်စွာ အသုံးချနေသောကြောင့်ဆိုတာ တွေ့နိုင်ပါတယ်။ အချို့သော နိုင်ငံရေးသမားများက ဘာ သာရေး ကို ဗန်းပြအသုံးချပြီး လူပြိန်းအကြိုက် စကားလုံးတွေသွင် သွင်သုံးရင်း နိုင်ငံ နှင့် ပြည်သူလူထုအပေါ် ခေါင်း ပုံဖြတ် သစ္စာဖေါက်နေ မှုများကိုလည်း သတိဖြင့် ဆင်ခြင်ကြည့်က မြင်တွေ့နိုင် ပါတယ်။

ထို့အတူ အစ္စလာမစ်အစွန်းရောက်ဝါဒကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သူတပါး ကိုးကွယ်ယုံကြည်ရာ သာသနာကို ပုတ်ခတ်စော်ကား တိုက်ခိုက်ရင်း မိမိကိုယ်တိုင် အစွန်းရောက် ဖြစ်မှန်း မသိ ဖြစ်နေကြသော ခါတော်မှီ မျိုးချစ်ကြီးများရဲ့ လုပ်ရပ်ဆိုးတွေကြောင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်တွင် တစ်ခု တည်းသော ဗုဒ္ဒဘာသာအစွန်းရောက် ၀ါဒရှိသော တိုင်းပြည်တစ်ခုအဖြစ် မှတ်တမ်းဝင် လာနိုင်ကြောင်း သတိပြုစေချင်ပါတယ်။

(Aug 22 – 2012 တုန်းက ကျနော့်ရဲ့ မှော်ဆရာမေးလ် ဂရုမှာ ဆွေးနွေးခဲ့ ဖူးတဲ့ ကွန်မန့် တစ်ခုကို အနည်း ငယ် ပြန်ပြင်ပြီး ရေး ထားတာပါ)

Comment ရေးရန်

Rohingya Exodus