နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ လူမျိုး ရှိကြောင်း ပြည်နယ် ဥပဒေချုပ် ၀န်ခံ


RB News 
25.4.2013 

စစ်တွေ ။ ။ ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံခန့်ခွဲရေး ရုံး၌ ရခိုင် ပြည်နယ် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း တို့မှ ရိုဟင်ဂျာ ရပ်မိရပ်ဖ အချို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ တွင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းမှ ယခင်က မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး ဆိုတာ ရှိကြောင်း၊ ယခု အခါ နိုင်ငံတော် သမ္မတမှ မရှိဘူးဟု ပြောဆို နေသောကြောင့် မိမိတို့ အနေဖြင့် မရှိဘူးဟု ပြောဆို နေရကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ လာမည့် ဧပြီလ (၂၆) ရက်နေ့ မှစ၍ စစ်တွေ မြို့တွင် ရိုဟင်ဂျာ များ၏ လူဦးရေ စာရင်း ကောက်ခံမည် ဖြစ်ပြီး၊ လူမျိုး အမည် နေရာတွင် ဘင်္ဂလီဟု ဖြည့်စွက်ရန် ရှိကြောင်း သိရသည်။ သို့သော်လည်း ဒေသခံ ရိုဟင်ဂျာ များမှ လုံးဝ လက်ခံမည် မဟုတ်ကြောင်း RB News သို့ ဒေသခံ တစ်ဦးမှ ပြောသည်။ 

လွန်ခဲ့သည့် စနေနေ့ (ဧပြီလ ၂၀ ရက်) ည ၇ နာရီတွင် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဝင်းနှင့် ပြည်နယ် အရာရှိကြီး များက ရိုဟင်ဂျာ ကိုယ်စားလှယ် ၁၅ ဦးနှင့် တွေ့ဆုံ ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲ တွင် ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဝင်း မကြာမှီ လူဦးရေ စာရင်း ကောက်ခံတော့ မည်ဖြစ်ကြောင်း၊ လူဦးရေ စာရင်း ကောက်ခံ ရာတွင် ဘင်္ဂလီဟု ရေးသား သည်ကို လက်ခံကြ ရမည် ဖြစ်ကြောင်း၊ အကယ်၍ လက်မခံဘဲ ရိုဟင်ဂျာဟု ဆက်၍ ပြောနေမည် ဆိုပါက တတိယ အကြိမ် အကြမ်းဖက် မှု ဖြစ်ပွား လိမ့်မည်ဟု ခြိမ်းခြောက် ပြောဆို ခဲ့သည်။ ၎င်းမှ လွန်ခဲ့ သည့်နှစ် အောက်တို ဘာလတွင် ဒုတိယ အကြိမ် အကြမ်းဖက်မှု ဖြစ်ပွား ခဲ့ရခြင်းမှာ ရိုဟင်ဂျာဟု ပြောဆိုခြင်း ကြောင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

ယခုကဲ့သို့ ရခိုင် ပြည်နယ် အ၀န်းတွင် ရိုဟင်ဂျာ များကို ဘင်္ဂလီဟု အတင်း အဓမ္မ စာရင်း ကောက်ခံ နေခြင်းနှင့် ပတ်သက်၍ ဒေသခံ ရိုဟင်ဂျာ လူမျိုး များမှ လွန်စွာ စိတ်ပျက် လျက်ရှိ ကြသည်။ ရိုဟင်ဂျာ လူမျိုး များသည် ရခိုင် ပြည်နယ်တွင် ၁၈ ရာစု မတိုင်မီ ကတည်းက နေထိုင် လာသည့် အထောက် အထားများ ရှိသော်လည်း ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရနှင့် ရခိုင် အစွန်းရောက် ပါတီဝင် အချို့ တို့မှ ခိုးဝင် လာသူ များဟု မဟုတ် မမှန် စွပ်စွဲ၍ နည်းလမ်း ပေါင်းစုံဖြင့် နိုင်ငံတွင်းမှ ထွက်သွားရန် ကြိုးစား လျက်ရှိသည်။ လူကုန်ကူးမှု များကို အစိုးရ အာဏာပိုင် အဖွဲ့အစည်း များမှ ဦးစီးလျက် ရှိပြီး တစ်ဦး ထံမှ ငွေကျပ် ၃ သိန်းစီ ယူ၍ မလေးရှား နိုင်ငံသို့ ပို့လျက် ရှိကြောင်း သိရပါသည်။


Comment ရေးရန်

Rohingya Exodus