နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် ပဋိပက္ခ ဖြေရှင်းနည်း များကို အစီရင် ခံစာတွင် အဓိက ထည့်ရေးထား သည်ဟုဆို


မင်းမင်း
မဇ္ဈိမ
25.4.2013

ရန်ကုန် ။ ။ ရခိုင် ပြည်နယ်မှ ပဋိပက္ခ များနှင့် ပတ်သက်၍ အစိုးရမှ ဖြေရှင်း ရန်နည်း လမ်းများကို အစီရင် ခံစာတွင် အဓိက ထည့်သွင်း ရေးသား ထားသည်ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အတွင်း ရေးမှူးက မဇ္ဈိမကို ပြောသည်။

“အဓိက ကတော့ ပဋိပက္ခတွေ ဘာကြောင့် ဖြစ်တယ်။ ဒီပဋိပက္ခတွေ ဖြေရှင်းဖို့ အတွက်၊ ချုပ်ငြိမ်း သွားဖို့ အတွက် အစိုးရ အနေနဲ့ ဘယ်လို ဆောင်ရွက် သင့်တယ် ဆိုတဲ့ဟာကို အဓိက ထားပြီး ကျနော် တို့ ရေး ထား ပါတယ်” ဟု ဒေါက်တာ ကျော်ရင်လှိုင် က ပြောသည်။

စာမျက်နှာ ၁၀၀ ကျော် ပါသော အဆိုပါ အစီရင် ခံစာကို သမ္မတ ထံသို့ ယခုလ ၂၂ ရက်နေ့က ပေးပို့ ထား ပြီး ဖြစ်ပြီး အသေးစိတ် အချက် များကို ၂၉ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆို သည်။

၂၀၁၂ ခုနှစ်က ဖြစ်ပျက် ခဲ့သည့် ရခိုင် ပြည်နယ်တွင်း ပဋိပက္ခ များနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေး ရန်နှင့် အကြံပြုရန် အဖွဲ့ဝင် ၂၇ ဦး ပါသည့် ကော်မရှင်ကို သမ္မတက ဖွဲ့စည်း ပေးပြီး ရှစ်လကျော် အကြာတွင် အပြီးသတ် အစီရင်ခံစာ ထွက်ပေါ် လာခြင်း ဖြစ်သည်။

စုံစမ်း ရရှိမှု များကို မတ်လ ကုန်တွင် သမ္မတထံ အစီရင်ခံစာ တင်ရန် ပြောင်းလဲ သတ်မှတ် ခဲ့သော်လည်း ရခိုင်တွင် ဖြစ်ပွား သကဲ့သို့ အလားတူ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့၍ ကြန့်ကြာ ခဲ့ရကြောင်း ကော်မရှင် အဖွဲ့ ဝင် ဖြစ်သူ ဒီမိုကရက် တစ် ပါတီ (မြန်မာ) ၏ အတွင်း ရေးမှူး ဒေါ်သန်းသန်းနု က မဇ္ဈိမကို ပြောသည်။

“မတ်လ ကုန်မှာ မတင်ပြ နိုင်တာက အဲဒီ မတိုင်ခင် လေးမှာပဲ မိတ္ထီလာတို့၊ ကြို့ပင် ကောက် တို့မှာ ပြဿ နာတွေ နည်းနည်း ပြန့်နှံ့ သွားတယ် ဆိုတော့ အခြေခံ အားဖြင့် ကြည့်မယ် ဆိုရင် ရခိုင်နဲ့ အလား သဏ္ဍာန် တူနေ တယ်လေ။ တော်ကြာ ကျတော့ တမျိုး တဖုံ ကောက်ချက် ချကြမှာ စိုးလို့ အဲဒီ တုန်းက ဘာမှ မထုတ် ပြန်ခဲ့ တာပါ” ဟု ပြောသည်။

အစီရင် ခံစာတွင် ပဋိပက္ခများ ဖြစ်ရပ် မှန်များ ဖော်ပြ ပေးပြီး အနာဂတ် အတွက် ထိရောက်စွာ ကိုင်တွယ် သင့်ကြောင်း အစ္စလာမ် သာသနာ ရေးရာ ကောင်စီ ဌာနချုပ်မှ တွဲဖက် အတွင်း ရေးမှူး ဦးဝဏ္ဏရွှေ က ဆို သည်။

“ကျနော် တို့ ဆိုလိုချင် တာက ဒီပြဿနာရဲ့ အရင်း အမြစ် ပေါ့ဗျာ။ အရင်း အမြစ်ကို ဖေါ်ပြ ပေးဖို့ လိုတယ်။ ဖြစ်စဉ် ဖြစ်ရပ် အမှန် ဖေါ်ပြပေးဖို့ လိုတယ်။ ပြီးရင် နောင်ဒီလို ဖြစ်စဉ် ဖြစ်ရပ် မျိုးနောင်ကို မဖြစ် ရအောင် ဘယ်လို ကာကွယ် မလဲ ဆိုတာ ထိရောက်တဲ့ အစီ အမံ လိုတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုအစီ ရင်ခံစာကို သမ္မတထံ ပေးပို့သည့် နေ့မှာပင် အမေရိကန် အခြေစိုက် လူ့အခွင့် အရေး စောင့် ကြည့် ရေး အဖွဲ့ (HRW) က ရခိုင် ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင် များအား “လူမျိုးတုန်း သုတ် သင်မှု” နှင့်လူသားမဆန်သောရာဇဝတ်မှုများကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက်အာဏာပိုင်များနှင့် ဒေသ အာဏာ ပိုင်များအား စွပ်စွဲ ပြစ်တင် ထားသည့် “All You Can Do is Pray” ခေါင်းစဉ် တပ် ၁၅၃ မျက်နှာပါ အစီရင် ခံစာ တစောင် ထုတ်ပြန် ခဲ့သည်။

သို့သော် ဤပဋိ ပက္ခများ စတင် ဖြစ်ပေါ်ရခြင်းမှာ ဘာသာရေ ကြောင့် မဟုတ်ဘဲ စီးပွားရေး ကိုသာ အခြေ ခံ သည်ဟု ဒေါ်သန်းသန်းနုက မှတ်ချက် ပြုသည်။

“တဖက် ကလည်း လူဦးရေက အဆ မတန် များလာတယ်။ များလာတော့ စီးပွား ရေးမှာက တယောက်နဲ့ တယောက် က ပြိုင်ဘက်လို ဖြစ်လာ တာပေါ့။ အဓိက ပြောမယ် ဆိုရင်တော့ အဲဒါကို အခြေခံ တာပါပဲ” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းမှ ရခိုင် ပြည်နယ်တွင် စတင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများကြောင့် လူပေါင်း တသိန်း ဝန်းကျင်ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပြီး လူ ၁၄၀ ခန့် သေဆုံး ခဲ့ရသည်။

Comment ရေးရန်

Rohingya Exodus