နောက်ဆုံးသတင်း/ဆောင်းပါးများ

နစက၏ ရမ်းကားမှုကြောင့် စစ်တွေမြို့တွင် ရိုဟင်ဂျာ တစ်ဦး သေဆုံး

RB News
18.6.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒါးပိုင် ကျေးရွာတွင် စခန်းချ ထားသော နစကများမှ ဆိုင်ကယ် စီးလာသော ရိုဟင်ဂျာ တစ်ဦးကို ရမ်းကား ခြောက်လှန့်မှုကြောင့် အခြား ဆိုင်ကယ် တစ်စီးဖြင့် တိုက်မိပြီး မသေဆုံး သင့်ဘဲ သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ဖြစ်ပွားပုံမှာ ဇွန်လ (၁၅) ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆိုင်ကယ်စီး၍ လာသော ဒါးပိုင် ကျေးရွာမှ ဦးဟဆန်အလီ (ဘ) ဦးမော်တူ (အသက် ၃၂ နှစ်) အား ဒါးပိုင်ရှိ နစက စခန်းမှ နစက များက ပစ်ခတ်မည့် ပုံစံ ပြုလုပ်ပြ၍ ရမ်းကား သဖြင့် ကြောက်လန့်၍ ဆိုင်ကယ် မောင်းရာတွင် အခြားဘက်မှ လာသော ဆိုင် ကယ် တစ်စီး ဖြင့်ဝင်တိုက် မိခဲ့သည်။ တိုက်မိသည့် ဆိုင်ကယ် သမားမှာ ဒဏ်ရာ ရခြင်း တစ်စုံတစ်ရာ မ ရှိသော်လည်း ဦးဟဆန်အလီမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့သည်။ 

“နစက တွေက ကျွန်တော်တို့ ရိုဟင်ဂျာ တွေကို တွေ့တာနဲ့ ဖမ်းမယ့် ပုံစံမျိုး လုပ်ပြမယ်။ ပစ်မယ့် ပုံစံမျိုး လုပ်ပြမယ်။ ဒါမှမဟုတ်ရင် ညစ်ညစ် ပတ်ပတ် ဆဲမယ်။ အဲဒါတွေက လုပ်နေကျပါ။ အခုက ပစ်မယ့် ပုံစံမျိုး လုပ်တော့ ဆိုင်ကယ်စီးတဲ့ သူက ကြောက်ပြီး မောင်းပြေးတာမှာ တစ်ဖက်က လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိတာပါ။ ရတဲ့ ဒဏ်ရာက မပြင်းပါဘူး” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။ 

ဒဏ်ရာ ရရှိသွားသော ဦးဟဆန်အလီအား ဆေးရုံသို့ ပို့ရန် လူနာတင်ယာဉ်ကို ဖုန်းဆက် ခေါ်သော်လည်း ည ၈ နာရီမှ ရောက်ရှိ လာပြီး ခေါ်သွားခဲ့သည်။ ဆေးရုံသို့ ဆေးကုရန် ခေါ်သွားပြီး ဇွန်လ (၁၆) ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များလာရောက်၍ ဦးဟဆန်အလီ၏ အလောင်းကို နေအိမ်သို့ ပို့ပေး ခဲ့ကြောင်း သိရသည်။ 

“ရတဲ့ ဒဏ်ရာက မပြင်းဘူး။ ဆေးရုံပို့မယ့် လူနာတင်ယာဉ်က ၄ နာရီ ကြာပြီးမှ ရောက်လာတယ်။ ပြီးတော့ ဆေးရုံ ခေါ်သွားတယ်။ မနက် မိုးလင်းတော့ အမှတ် (၁) ရဲစခန်းက အလောင်း လာပို့သွားတယ်။ အဲဒီတော့ ရတဲ့ ဒဏ်ရာက သေလောက် စရာမရှိဘူး။ ဘာကြောင့် ဆေးရုံရောက်ပြီးမှ မသေသင့် ဘဲ သေ သွား ရလဲ ဆိုတာတော့ ကျွန်တော်တို့ အတွက် တွေးစရာ ဖြစ်နေပါတယ်။ ဥပဒေက ကျွန်တော်တို့ ဘက်မှာ ရှိနေရင်တော့ အမှုဖွင့်ပြီး လုပ်သင့်တာ လုပ်လို့ ရတာပေါ့။ အခု ဥပဒေက ကျွန်တော် တို့ကို ကာကွယ် မပေးတော့ သေဆုံးသူရဲ့ ရုပ်ကလာပ်ကို ထုံးတမ်းစဉ် လာအရ သဂြိုဟ် လိုက်ရပါပြီ” ဟု အဆို ပါ ဒေ သခံမှ ပြောပါသည်။ 

စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီးတွင် မွတ်စလင် လူနာများကို မကြည့်ဘဲ ပစ်ထားခြင်း၊ ခွဲခြား ဆက် ဆံ ခြင်းများပြုလုပ်ခြင်းကြောင့် မွတ်စလင် အများစုမှာ အရေးပေါ် လိုအပ်လျှင်တောင် ဆေးရုံကြီးသို့ သွားရောက် ၍ ဆေးကုသရန် ကြောက်ရွှံ့ ကြသည်။ ယခု ဦးဟဆန်အလီ သေဆုံး ရခြင်းနှင့် ပတ်သက် ၍ ဒေသခံများမှ သံသယ များစွာ ရှိနေ ကြသော်လည်း ဥပဒေ၏ မျက်နှာ လိုက်ဖက် မှုကြောင့် တစ်စုံတစ် ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ် နိုင်ခြင်း မရှိဟု သိရသည်။


Comment ရေးရန်

Rohingya Exodus