မိတ္ထီလာ အဓိကရုဏ်း ဒုက္ခသည်တွေ အိမ်ရာသစ် အစီအစဉ် လက်မခံ
17.6.2013
ပြီးခဲ့တဲ့ မတ်လ အတွင်း မိတ္ထီလာ မြို့မှာ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းကြောင့် ပျက်စီး သွား တဲ့ နေ အိမ် တွေ ရဲ့မြေနေရာပေါ်မှာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးထပ်တိုက် လူနေအိမ်ရာတွေပြန် လည် ဆောက် လုပ် ပေး ဖို့ စီစဉ် နေတာကို နေအိမ် ပျက်စီး ဆုံးရှုံး သွားခဲ့ရ သူတွေက သမ္မတ ဦးသိန်း စိန် ထံ ကန့် ကွက် စာတင်ထား တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ်က အခုလို ဆောက်လုပ် သွားဖို့ စီစဉ် နေတာနဲ့ ပတ်သက်ပြီး မကြာသေးခင် ရက်ပိုင်း လောက်က သက်ဆိုင်ရာ အာဏာ ပိုင်တွေ၊ အဖွဲ့ အစည်း တွေနဲ့ တွေ့ဆုံစဉ် ပြောကြား ခဲ့ တာ ဖြစ် ပြီး အဲဒီ အစီအစဉ်ကို ဒေသခံ ဒုက္ခသည်တွေက သဘော မတူကြ ဘူးလို့ အဲဒီ အစည်း အဝေးကို တက် ရောက် ခဲ့တဲ့ မိတ္ထီလာ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
"ဒုက္ခသည် တွေကို ကိုယ့်ရပ်ကွက်ကို ကိုယ်ပြန် ရောက်ဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ အ ပတ် သောကြာနေ့က ဆုံးဖြတ်ချက် ချမယ်တဲ့၊ ဒုက္ခသည်တွေ အားလုံးပေါင်း ၄၈ဝဝ လောက် ရှိသေး တာ ကိုး၊ ဒီအဆောက် အဦး တွေကိုဆောက်၊ မိုးမကျမီ ၁ လ၊ ၂ လအတွင်း ပြီးအောင်ဆောက် ၊ ဆောက် ပြီး တော့မှ သူတို့ကို ပြန်နေရာ ချထား ပေးမယ်လို့ ဝန်ကြီးချုပ်ရဲ့ပြောစကား အရ သိရတယ်၊ ဒါပေမယ့် ဒုက္ခသည် တွေက သူတို့ကို မီးလောင်တဲ့ အတွက်ကြောင့် နစ်နာ ကြေးပေးမယ်ဆို၊ နစ်နာ ကြေးပေး ပါ၊ ပေးပြီး မှ သူတို့ စိတ်ကြိုက် ဆောက်ပါရစေ၊ အဲဒီ အစီအစဉ်နဲ့ ဆောက်တဲ့ တိုက်တွေမှာ မနေပါ ရစေနဲ့လို့ သမ္မတဆီ စာတင် ထားတယ်"
မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ အစီ အစဉ်နဲ့ မိတ္ထီလာမြို့ သီရိ မင်္ဂလာနဲ့ ချမ်းအေး သာယာ ရပ် ကွက် တွေမှာ သုံးထပ် တိုက်အိမ်တွေ ဆောက်လုပ် သွားဖို့ စီစဉ် နေတာ ဖြစ်ပြီး အစိုးရ အဖွဲ့ ရဲ့ ရွေး ချယ် မှုနဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေကို လုပ်ကိုင် ခွင့်ပေး သွားမှာဖြစ်တယ်လို့ ဦးဝင်းထိန် က ပြောပါ တယ်။ ဆောက် လုပ် ပြီးတဲ့ တိုက်ခန်း နေရာ တွေကိုလည်း အာဏာပိုင် တွေရဲ့ အစီ အစဉ်နဲ့ နေရာ ချ ပေး သွား မှာ ဖြစ် တယ်လို့ သိရ ပါတယ်။
နေအိမ် ဆုံးရှုံး သူတွေက သူတို့ ပိုင်ခဲ့တဲ့ မြေနေရာတွေ ဆုံးရှုံး မှာကို စိုးရိမ် ကြသလို အတွက် အ ကွင်း ကောင်းတဲ့ တိုက်ခန်း တွေကိုလည်း အစိုးရရဲ့သဘော အတိုင်း ဆုံးဖြတ်ပြီး သတ် မှတ် ပေးမှာ ဖြစ်တဲ့ အတွက် အိုးအိမ် ဆုံးရှုံး သွားသူ တွေက လက်မခံ နိုင်ကြ တာလည်း ဖြစ်နိုင် တယ် လို့ ပြောကြ ပါတယ်။