နောက်ဆုံးသတင်း/ဆောင်းပါးများ

သမိုင်းဝင် အမှားများကို အခြေခံ ဥပဒေများ၊ နည်းဥပဒေများနှင့် ကုစားခြင်း


မောင်သမာဓိ
RB News
2.7.2013

သမိုင်းဝင် အမှားများကို အခြေခံ ဥပဒေများ၊ နည်းဥပဒေများနှင့် ကုစားခြင်း


၁။ ဦးနေဝင်းနှင့် မဆလ ပါတီဝင် များဖြင့် ဖွဲ့စည်း ထားသော ပြည်သူ့ လွှတ်တော်၏ အမှားများ အကျဉ်း ချုပ်။ 


၁၉၆၂ ခုနှစ်တွင် အာဏာ သိမ်းပြီးနောက် ဝေဖန် ဆန့်ကျင်သည့် အသံများ တိတ်ဆိတ် သွားစေရန် အ တွက် တက္ကသိုလ် ကျောင်းသား သမဂ္ဂကို ဗုံးခွဲ ခဲ့သော ဦးနေဝင်း အစိုးရသည် တစ်ပါတီ အာဏာရှင် စနစ် ကို အသက် သွင်းကာ နိုင်ငံနှင့် ပြည်သူများ အပေါ် ဖုံးဖိ မရနိုင်သည့် အမှား များကို အထိန်း အကွပ် မဲ့စွာ ကျူး လွန်ခွင့် ရသွားလေ တော့သည်။

အရှေ့တောင် အာရှတွင် အချမ်းသာဆုံး နိုင်ငံ တစ်ခု၏ ကုန်ထုတ် စွမ်းအားစု များနှင့် ကုန်လုပ် အရင်း အနှီး များကို ပြည်သူပိုင် သိမ်းခြင်း ဟု နာမည် လှလှ ပေး၍ အဓမ္မ လုယူခဲ့ကာ ဆိုရှယ်လစ် စီးပွားရေး စနစ် ကိုဖေါ်ဆောင် ခဲ့သော်လည်း လက်တွေ့တွင် နိုင်ငံအုပ်ချုပ်ရေး၌စီမံခန့်ခွဲမှုများလွဲမှားခဲ့သော ကြောင့် နောက် ဆုံး တွင် ကမ္ဘာ့ မိတ်ဆွေ နိုင်ငံ များ၏ အကူငွေကို မျှော်ကိုးပြီး မြန်မာ နိုင်ငံ ကို LDC (Least Developed  Country) အဖြစ် ဦးနေဝင်း ကိုယ်တိုင် အရှက် အရွံ့မဲ့စွာ ကြေငြာ ခဲ့လေသည်။

တိုင်းပြည်တွင် အရံဆန်များ ရှိပါလျှက် စီမံခန့်ခွဲမှု ညံ့ဖျင်း သောကြောင့် ဆန်ပြတ်လတ်မှု ပြဿနာနှင့် အ တူ ရခိုင်ပြည်၊ စစ်တွေ ဆန်လုပွဲနှင့် အလုပ်သမား အရေး အခင်းများ ဆက်တိုက် ဖြစ်ပေါ် လာချိန်တွင် အာရုံပြောင်း လမ်းကြောင်း လွဲသည့် အနေဖြင့် တရုတ် ဗမာ အရေးအခင်း ကို ဖန်တီးကာ မကြာမီ က ဖြစ် ပွား ခဲ့သော မိတ္ထီလာ၊ လားရှိုး၊ ပဲခူးတိုင်း အနောက်ခြမ်း ဘာသာရေး နှိပ်ကွပ်မှု များကဲ့သို့ပင် နိုင်နိုင် နင်းနင်း မထိန်းသိမ်းဘဲ လွှတ်ထား ခဲ့ဘူး၏။

သို့သော် တိုင်းပြည်မှာ GDP (Gross Domestic Product) တိုးတက်မှု မရှိဘဲ မွဲမြဲ မွဲနေသော အခါ အကြံ ကုန် ဂဠုံ ဆားချက်သည့် အနေဖြင့် ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန် ငွေစက္ကူ များ ကို ပြန်လည် လဲလှယ် မပေးဘဲ ဖျက်သိမ်းကြောင်း ကြေငြာခြင်းဖြင့် ဒုတိယ အကြိမ် ပြည်သူ အားလုံး ကို ဓါးပြ တိုက်ကာ သမိုင်းဝင် အမှား တစ်ခုကို ၁၉၈၇ ခုနှစ်တွင် ကျူးလွန် လိုက်ပါ တော့သည်။

ပြည်သူများ၏ အစိုးရ အပေါ် အယုံ အကြည် (Trust) မဲ့စေသော နိုင်ငံတော် ကောင်စီ၏ လျှော်ကြေး မပေးဘဲ ငွေကြေး ဖျက်သိမ်းမှုကို ပြည်သူ့ လွှတ်တော်က အတည်ပြု ပေးခြင်းဖြင့် ထပ်ဆင့် အမှား များကို ကျူးလွန် လိုက်ကြ သောကြောင့် အစိုးရရော လွှတ်တော်ကိုပါ မယုံကြည်သော ပြည်သူလူထု တရပ်လုံး အုံ ကြွ လာပါ တော့သည်။ 

ထိုအခါ ထုံးစံအတိုင်း ဘာသာရေးကို ခုတုံးလုပ်ကာ ပြည်သူ လူထု အာရုံကို လွှဲလိုသော(သို့မ ဟုတ်)  နိုင် ငံရေး အမြတ်ထုတ် လိုသော ရည်ရွယ်ချက်ဖြင့် လူမျိုးရေး၊ ဘာသာရေး အထိကရုံးများ ကို ပြည် မြို့ နှင့် တောင် ကြီးမြို့တို့တွင် နိုင်ငံရေး ကစားကွက် အဖြစ်ဖန်းတီး ခဲ့သေးသော်လည်း ၈ လေး လုံး ကျောင်း သား များ၏ ဦးဆောင်မှုနှင့် ပြည်သူ လူထု၏ တခဲနက် ပါဝင်မှုကြောင့် မဆလ တစ်ပါတီ အာဏာရှင် စနစ် ဆိုးကြီးသည် ၁၉၈၈ ခုတွင် အပြီးတိုင် ချုပ်ငြိမ်း ခဲ့လေသည်။

၂။ ဦးနေဝင်း၏ အမှား များကို ဦးသန်းရွှေက ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကုစားခြင်း။

ဦးနေဝင်း၏ အထိန်း အကြောင်းမဲ့ တစ်ပါတီ အာဏာရှင် စနစ်ဆိုးကို ကုစားရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၇) တွင် နိုင်ငံတော် သည် ပါတီစုံ ဒီမိုကရေစီ စနစ် ကို ကျင့်သုံးသည်ဟု ပြဌာန်း လိုက်ပါသည်။

မှောင်ခို စီးပွားရေးစနစ်ကို ဖွံ့ဖြိုးစေသော လက်ဝါးကြီးအုပ် စီးပွားရေး စနစ်တခု ဖြစ်သည့် ဆိုရှယ်လစ် စီး ပွားရေး စနစ်ဆိုးကို ကုစားရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၅) တွင် နိုင်ငံတော်၏ စီးပွားရေး စနစ် သည် ဈေး ကွက် စီးပွားရေး စနစ် ဖြစ်သည်ဟု ပြဌာန်း ထားပါသည်။ တဖန် ခရိုနီ စီးပွားရေး စနစ်ကို ဟန့်တားရန် ပုဒ်မ (၃၆) အပိုဒ်ခွဲ (ခ) တွင် စီးပွားရေး လုပ်ငန်း များတွင် တရား သဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြား စေရန် တစ်ဦး တစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါး ကြီးအုပ် ဆောင်ရွက်မှု သို့မ ဟုတ် ဈေးကစား မှု ပြု ခြင်းဖြင့် အများ ပြည်သူ တို့၏ အကျိုး စီးပွားကို ထိခိုက် နစ်နာ စေခြင်းမှ တားဆီး ကာကွယ် မည်ဟု အတိ အလင်း ဆိုထား၏။

အများ ပြည်သူ၏ အစိုးရအပေါ် အယုံအကြည် မဲ့စေမည့် အဓမ္မဓါးပြ တိုက်သည့် နည်းလမ်း နှစ် ခု ဖြစ်သော ပြည်သူပိုင် သိမ်းခြင်းနှင့် တရားမဝင် ငွေကြေး ကြေငြာခြင်းကို ကုစားရန် အတွက် ၂၀၀၈ ဖွဲ့ စည်းပုံ ပုဒ်မ (၃၆) အပိုဒ်ခွဲ (ဃ) နှင့် (င) တို့တွင် စီးပွားရေး ဆိုင်ရာ လုပ်ငန်း များကို နိုင်ငံပိုင် သိမ်း ယူခြင်း မပြု နှင့် တရားဝင် ထုတ်ဝေ ထားသော ငွေကြေးကို တရားမဝင် ငွေကြေး အဖြစ် သတ် မှတ်ခြင်း မ ပြု ပါဟု ကတိပြု ထား၏။

(မှတ်ချက်။ ။ ဦးသန်းရွှေ လက်ထက်တွင် မန္တလေး၌ တည်ရှိသော ဒေါ်ဝင်းဝင်းနုပိုင် ဘီယာ စက်ရုံ ကို နိုင် ငံပိုင်သိမ်း ခဲ့သောကြောင့် အစိုးရမှ တရား တဘောင် ရင်ဆိုင် ခဲ့ရသေးသည်။)

နိုင်ငံရေး အကျိုး အမြတ် အတွက် ဘာသာ၊ သာသနာ များအား အလွဲ သုံးမှု များကို ကာကွယ် ကုစားရန် အတွက် ၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ (၃၆၄) တွင် နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကို အလွဲ သုံးစား မပြု ရ။ ထို့အပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း တစ် ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက် လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက် လာရန် အကြောင်း ရှိသော အပြု အမူသည် ဤဖွဲ့စည်းပုံ ဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြု အမူ မျိုးအတွက် ပြစ်ဒဏ် ပေးနိုင်ရန် ဥပဒေ ပြ ဌာန်း နိုင် သည် ဟု ရေး သား ကုစား ထားပါသည်။

၃။ ကုစားမှု များ၏ ထိရောက် အကျိုး ရှိမှုနှင့် အဟောသိကံ ဖြစ်မှုများ။ 

ပထမဦးစွာ ကုစားမှု များ၏ ထိရောက် အောင်မြင်မှု များကို စတင် ဆွေးနွေး ပါမည်။ စီးပွားရေး ဆိုင်ရာ လုပ်ငန်း များကို နိုင်ငံပိုင် သိမ်းယူခြင်း မပြုဆိုသော ကုစားမှု ပုဒ်မကြောင့် စီးပွားရေး လုပ်ငန်း ရှင်များ ပိုမို ရင်းနှီး မြှုပ်နှံ လာသည်ကို တွေ့နေ ရပါသည်။ တရားဝင် လှည့်လည် သုံးစွဲနေသော ငွေကြေးကို တရား မ ဝင် ငွေကြေး အဖြစ် သတ်မှတ်ခြင်း မပြုပါ ဟူသော ကုစားမှုကြောင့် နိုင်ငံခြား ငွေလဲလှယ်မှု လက်မှတ် (FEC, Foreign Exchange Certificate) ကို အိနြေ္ဒရှိစွာ ရုပ်သိမ်း နိုင်ခဲ့ ပါသည်။ နောက်ဆုံး သတ် မှတ် ရက် နီးလေ ဈေးတက် လေ ဖြစ်ခြင်းသည် ဖွဲ့စည်းပုံပါ ငွေကြေး ဆိုင်ရာ မူဝါဒကို ပြည်သူလူထုမှ ယုံ ကြည် သောကြောင့် ဖြစ်သည်။ 

ကုစားမှုများ မအောင်မြင်၊ မထိရောက်သည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မများကို ဆွေးနွေး ပါဦးမည်။ လက်ရှိ ဦးပိုင် ကုမ္ပဏီနှင့် ခရိုနီ တို့၏ စီးပွားရေး နယ်ပယ်တွင် လွှမ်းမိုး ထားနိုင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆) အပိုဒ် ခွဲ (ခ) သည် ထိရောက်မှု မရှိကြောင်း ပြသနေ ပါသည်။ 

ယခုဆောင်းပါးတွင် အဓိက ထောက်ပြလိုသည့် အချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) သည် လုံးဝ အသက်ဝင်ခြင်းမရှိ သည့် အချက်ပင် ဖြစ်သည်။ ထို့ထက် ပို၍ ဆိုးသည်မှာ နိုင်ငံရေး ပါတီ နှစ်ခုက လာ မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ဖက် ပါတီ အပေါ် လူများစု၏ အမုန်း တရားမဲနှင့် လူနည်းစု၏ အ စွန်းရောက် ဘေးရန် အကြောက် တရားမဲ တို့ကို ရလိုသော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာနှုင့် သံဃာတော် တို့ကို အသုံးချ၍ အမျိုးသားရေး လှုပ်ရှားမှု နိုင်ငံရေး ကစားကွက်ကို ဖင်လိမ်ကွင်း (Hoopla hoop) လေး လှည့်ကာ၊ လှည့်ကာ ကစားရာ ပရိတ်သတ်ရှေ့ ပုဆိုးကျွတ် ကျ၍ အရှက်ကွဲ ရသည့် အလား ဗုဒ္ဓသားတော် သံဃာ တစ်ပါး ဖြစ်သော မန္တလေး မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဥူးဝီရသူကို အကြမ်းဖက် သမား တစ်ဦး အဖြစ် ကမ္ဘာ့မီဒီယာကြီး များက မှတ်တမ်းတင် ခံရသည် အထိ ဗုဒ္ဓဘာသာ၏ ပုံရိပ်သည် ကမ္ဘာ ပေါ် တွင် ကျဆင်း ခဲ့ရ ပါတော့သည်။

ထို့ကြောင့် နိုင်ငံရေးသမားများ ကပ်လှူသော နှောင်ကြိုးပါသည့် ဆွမ်းနှင့်ဝတ္ထု ပစ္စည်းတို့ကို သတိ ကြီး စွာ ဖြင့် လက်ခံရန် ကြုံကြိုက်တုံး ဥူးဝီရသူ အပါ အဝင် ဆရာတော်၊ သံဃာတော် များကို လျှောက်တင် ချင် ပါသည်။ အဘယ် ကြောင့် ဆိုသော် နိုင်ငံရေး သမား တို့သည် ၎င်းတို့ အာဏာ ရရေး၊ မဲနိုင်ရေး အ တွက် ဆိုလျှင် မေတ္တာဝါဒီ ဗုဒ္ဓ ဘာသာ သံဃာကိုပင် အော့ကြောလန် အကြမ်းဖက် ဝါဒီ အဖြစ် ကမ္ဘာက သမုတ်ခံ ရသည် အထိ ဘာသာရေးကို အလွဲသုံးစား ပြုရန် ဝန်မလေး သူများ ဖြစ်သည်ကို မျက်မြင် ဒိ ဌ တွေ့နေ ရသော ကြောင့်ဖြစ်သည်။ လိုအပ်တုံး အခါ အသုံးချ၍ မလိုအပ် ချန်တွင် ထိုးကြွေးခြင်းနှင့် နှိပ် ကွပ်ခြင်း တို့ကိုလည်း ခံရနိုင် ပါသေးသည်။

၎။ ပရိယတ္တိ၊ ပရိပတ္တီ၊ ပရိဝေဒ သာသနာ့ တာဝန် သုံးရပ် ကျင့်ကြံ အားထုတ်ခြင်း ကသာ အကောင်းဆုံး ကုစားမှု။

မိမိသမီးတွင် ရည်းစား ရှိကြောင်း နောက်ဆုံးမှ သိသူမှာ မိဘ နှစ်ပါးသာ ဖြစ်သည်။ ပတ်ဝန်းကျင်မှ သူတို့၏ နားနှင့် မျက်စေ့များ လျှံထွက်လာ မှသာ မိသားစု ဝင်များက သိနိုင် ကြပါ လိမ့်မည်။ လူများစုမှ လူနည်းစု မူဆလင်များ အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် တိုက်ခိုက် စော်ကားနေ မှုများကို ခံနေရသူ မွတ်ဆလင် များက အရင်ဆုံး သိပါ လိမ့်မည်။ ဒုတိယ အနေဖြင့် ကြားလူ (Third Person) က သတိပြု မိပါ လိမ့်မည်။ ရည်းစား တိတ်တိတ် ခိုးထားသည့် သမီးရှင်၏ မိဘများနှင့် တူသော ဗုဒ္ဓ ဘာသာဝင် စစ် စစ် ပြည်သူ အများစုမှာ ပြည်တွင်း တွင် မွတ်ဆလင်များ နှိပ်ကွပ် ခံရမှုကို နောက်ဆုံး ဗုဒ္ဓ ပုံရိပ် ပေါ် ၌ နိုင် ငံရေး အရိပ်ထိုး ခံရ ချိန်ကျမှ အိပ်ယာမှ လန့်နိုးကာ သတိထားမိ သူများ ဖြစ်နေ ပေ လိမ့်မည်။ 

ဆရာဝန် တစ်ဦးသည် လူနာ၏ သွေးနမူနာ ဓါတ်ခွဲမှု အဖြေကို ကြည့်ပြီးနောက် ဆရာဝန် တို့၏ နည်း ပရိယာယ် (Counseling) ကို မသုံးဘဲ ခင်ဗျားမှာ HIV ပိုးရှိတယ်ဟု ရုတ်တရက် ပြောလိုက်လျှင် (Breaking the bad news) လူနာ၏ ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းဆိုခြင်း (Denial) ပင်ဖြစ်သည်။ ဒုတိ ယအဆင့် အနေဖြင့် ဆရာဝန် သည် လူနာ၏ တိုက်ခိုက် ခြင်းကို ခံရနိုင်ပါသည်။ တတိယ အဆင့်တွင် လူနာသည် သွေးအေးလာပြီး တဖြည်း ဖြည်း လက်တွေ့ အခြေ အနေကို လက်ခံ လာပါ လိမ့်မည်။

ထို့အတူ ကမ္ဘာကျော် Time မဂ္ဂဇင်းက အကြမ်းဖက် သံဃာ တစ်ပါး အကြောင်း ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ဖေါ် လိုက်ချိန်တွင် တစ်ခါမျှ မကြားခဲ့ ဘူးသော အကြောင်း အရာ ဖြစ်၍ ဗုဒ္ဓ ဘာသာ ဝင်များ အများ စုက လက် မခံ ငြင်းဆန် ကြပါသည်။ Time မဂ္ဂဇင်းတိုက် အနီးအနား တွင်ရှိလျှင် အတိုက် အခိုက် ခံရ မည်မှာ သေချာ သည်။ ထို့နောက် ဤအဖြစ် အပျက်သည် ပြန်ပြင်၍ မရသော သမိုင်း အမဲစက် အ ဖြစ် ပြည်သူ အများ လက်ခံပြီး သင်ခန်း စာ ယူလာချိန်တွင် နောင်အခါ ဘာသာ တရား ကိုးကွယ် ယုံကြည် မှု တို့ကို နိုင်ငံရေး သမားများ အကျိုး အမြတ် အတွက် ကမ္ဘာ့ ဘာသာ ကြီးများ အကြား ဂုဏ် ငယ် စေ သည် အထိ အသုံးချခြင်း မခံ ရလေအောင် ကာကွယ်ဖို့ စဉ်းစား လာပါ လိမ့်မည်။ 

ထို့ကြောင့် ယခု သံဃာတော်များ ကြိုးပမ်း နေကြသော အမျိုးစောင့် ဥပဒေ ထက်စာလျှင် ဗုဒ္ဓဘာသာကို သန့်ရှင်းသော မေတ္တာတရား ရှေ့ထားသည့် ဘာသာ အဖြစ် ထာဝရ တည်တန့် စေရန် အတွက် နိုင်ငံရေး သမားနှင့် စည်းခြားသည့် ဥပဒေ သည်သာ အမြန်ဆုံး ပြဌာန်း သင့်သည်ဟု မြင်ပါသည်။ နိုင်ငံရေး သမား များ၏ ကြိုးကိုင် ခိုင်း စေမှုကိုလည်း သံဃာတော်များ အနေဖြင့် သတိဖြင့် ရှောင်ရှား ကြရ ပါလိမ့် မည်။ နိုင်ငံရေး သမား များနှင့် ရော ထွေး ယှက်တင် နိုင်ငံရေး လုပ်သော သံဃာ ကိုလည်း ရဟန်း အဖြစ်မှ ကျဉ်ခြင်း မျိုးဖြင့် ကုစား မှသာ လူရိုသေ ရှင် ရိုသေ သာသနာ ဖြစ်လာ ရုံမျှမက နောက်ထပ် Time မဂ္ဂဇင်း မျက်နှာဖုံးရှင် သံဃာ တစ်ပါး မပေါ်ပေါက် စေရန် ကာကွယ် ပြီးလည်း ဖြစ်သွား ပါလိမ့်မည်။

တနည်း အားဖြင့် သံဃာတော် များသည် ဥပဒေပြုဖို့ ကြိုးစားနေကြခြင်းထက် ပရိယတ်၊ ပရိပ္ပတ်၊ ပရိ ဝေဒ သာသနာ့တာဝန် သုံးရပ်ကို ဘုရားဟော အတိုင်း ကျင့်ကြံအားထုတ်ခြင်းကသာလျှင် ဗုဒ္ဓသာသနာကြီးကို ဂုဏ်ရောင် ပြောင်စေမည့် နောက်ထပ် သမိုင်းအမဲစက် မထင်စေရန် အကောင်းဆုံး ကုစားမှု ဖြစ်ပေသည်။ ခရစ် ယာန် ဘာသာကလည်း လူသားတို့ ပြုစုသော ဥပဒေနှင့် လူသားတို့ ၏ အုပ်ချုပ်မှုသည် မည်သို့မျှ တရား မျှတမှု မရှိနိုင်ဟု ဆိုသောကြောင့် ဥပဒေပြုသူ သံဃာတော်များသည် အဂတိတရား ၄ ပါး ကင်းရန် မဖြစ်နိုင်ပါသော ကြောင့် အစဉ် အမြဲ အာဘတ် သင့်နေပါလိမ့်မည်။ 

၂၀၁၃ ခု ဇွန်လ ၂၇ ရက်နေ့တွင် အင်းစိန် ရွာမ၌ ကျင်းပသော သံဃာ့ ညီလာခံတွင် သီတဂူ ဆရာတော် ဘုရားက မျိုးချစ်စိတ် လွန်ကဲသော လူငယ် များကို သံဃာတော် များက ထိန်းသိမ်း ရမည်ဟု မိန့်ကြားချက် အပေါ် တပည့်တော် ဘဝင် မကျပါ။ ထိုသို့သော အစွန်းရောက် တို့ကို အာဏာ စက်ဖြင့် ထိန်းသိမ်းရန် အ တွက် အစိုးရနှင့် လုံခြုံရေး အဖွဲ့များ တွင်သာ တာဝန် အပြည့် ရှိမည်ဟု မြင်ပါသည်။

ထို့အပြင် မြင့်မြတ်သော ဘာသာရေးကို ညစ်ပတ် လေ့ရှိသော နိုင်ငံရေးနှင့် ရောထွေး ယှက်တင် မဖြစ် စေ ရန် အတွက် သံဃာတော် များကို ပါတီ ထောင်ခွင့်၊ မဲပေးခွင့် များကို ခေတ်အဆက် ဆက် ဖွဲ့စည်း ပုံများက ဟန့်တား ထားသောကြောင့် ဘုရား သားတော် သံဃာ များသည် နိုင်ငံရေးနှင့် ကင်းရှင်း သင့်ပါသည်။

မှတ်ချက်။ ။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဖွဲ့စဉ်က ဆရာတော် သံဃာတော် များက မိမိတို့ နည်းတူ အိုလမာ အဖွဲ့ချုပ်နှင့် မော်လဝီအဖွဲ့ချုပ် တို့သည် သာသနာ့ ဝန်ထမ်းများ ဖြစ်ကြသောကြောင့် နိုင်ငံရေးနှင့် မပတ်သက် သင့်သည် ဖြစ်၍ ကော်မရှင်တွင် မပါဝင် သင့်ကြောင်း ထောက်ပြ ကန့်ကွက်သည့် အတွက် သံ ဃာ့အဖွဲ့ အစည်း၊ အိုလမာနှင့်မော်လဝီ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များကော်မရှင်တွင် ထည့်သွင်း ဖွဲ့ စည်း ခြင်းမရှိသော ဖြစ်စဉ် ရှိခဲ့ဘူး သော်လည်း ယနေ့သံဃာတော်များ အနေဖြင့် ဥပဒေပြုရန် ကြိုး စား နေ သည်ကို အံ့သြ ဖွယ်၊ ဝမ်းနည်းဖွယ် အဖြစ် တွေ့နေ ရပါသည်။

၅။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ အမှားများကို ကုစားရန် ကြိုးစားခြင်း။

(က) ဗိုလ်ချုပ် နေဝင်းသည် ဦးနုကို၎င်း၊ ဗိုလ်ချုပ် စောမောင်သည် ဒေါက်တာ မောင်မောင်ကို၎င်း၊ ဗိုလ်ချုပ် သန်းရွှေသည် ဗိုလ်ချုပ် စောမောင်ကို၎င်း အာဏာ သိမ်းပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရန် အကြောင်း မျိုးစုံပြ အချိန် ဆွဲခြင်းဖြင့် အာဏာရှင် စနစ်ကို ရှည်ကြာ စေခဲ့ ကြလေသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဏာ အသိမ်းဆုံး နိုင်ငံ ဖြစ်သော်လည်း ပျှမ်းမျှ တနှစ် အတွင်း ဖွဲ့စည်းပုံ အသစ် ရေးဆွဲ ပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးလေ့ ရှိသောကြောင့် မြန်မာ နိုင်ငံထက် အစစ အရာရာ သာလေ သည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင် ရေးဆွဲလျှင် နိုင်ငံတော် အာဏာ သိမ်းခြင်းကို ဟန့်တားသည့် ဥပဒေ ကို တည်ထွင် ပြဌာန်းခြင်းဖြင့် မကြာခဏ အာဏာ သိမ်းမှု များကို ကုစား သင့်ပါသည်။

(ခ) ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ် ခြင်းသည် ဦးသန်းရွှေ၏ မဟာ့ မဟာ အမှား တစ်ခု ဖြစ် သည်။ ကမ္ဘာ့နိုင်ငံ အများစုက စီးပွားရေး ပိတ်ဆို့ မှုကြောင့် လက်လျှော့ နောင်တရ ချိန်တွင် တိုင်းပြည် သည် သူများကြွေးကို မဆပ်နိုင်သည့်နိုင်ငံအဖြစ်သို့ ဆိုက်ရောက်ခဲ့ရလေသည်။ ဆရာက LCD ဂုဏ်ဆောင် ၍ တပည့်က ဒေဝါလီ ခံလေ၏။

ထို့ကြောင့် ဖွဲ့စည်းပုံ အသစ် ပြင်ဆင် ရေးဆွဲလျှင် ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ခြင်းများကို ကာကွယ် ကုစားနိုင် ရန် ဥပဒေ အသစ် တစ်ခုကို ရေးဆွဲရန် ထည့်သွင်း စဉ်းစား သင့်သည်။ 

(ဂ) ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ များတွင် ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင် ပါဝင် ပတ်သက်သော မဲလိမ်မှု မျိုးများ နောက်ထပ် မပေါ်ပေါက် စေရန် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ကို ပြန်လည် ရေးဆွဲပြီး ဘက်မလိုက် လူရိုသေ၊ ရှင်ရိုသေ ကော်မရှင် အသစ် ကိုလည်း ပြန်လည် ဖွဲ့စည်း သင့်ပါသည်။

(ဃ) နောက်ဆုံး ကုစား ရမှာကတော့ ဒီပဲယင်း အကြမ်းဖက် မှုကဲ့သို့သော အစိုးရ ကိုယ်တိုင် ဦးစီးသည့် အကြမ်း ဖက်မှုများ နှင့် လူ့အခွင့် အရေး ချိုးဖေါက် မှုများကို ကာကွယ် ကုစားရေး ဥပဒေ များ ဖွဲ့စည်းပုံ အသစ်တွင် ထည့် သွင်း ပြဌာန်း ရေးဆွဲ ကုစား ရေးဘဲ ဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော် ဦးသန်းရွှေ အုပ်ချုပ်စဉ် ကာလတွင် တောင်ငူနှင့် ကျောက်ဆည် မြို့တို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋ္ဋိပက္ခများ အကြီး အကျယ် ဖြစ်ခဲ့ သောကြောင့်ပင် ဖြစ်သည်။ ယနေ့ နာမည်ကျော် ဥူးဝီရသူ သည်လည်း ကျောက်ဆည် အကြမ်းဖက် မှုအတွက် ထောင်ဒဏ် အနှစ် ၂၅ ကျခံခဲ့ဘူးသူ အကြမ်းဖက် သမိုင်းဝင်ပုဂ္ဂိုလ် တစ် ဦး ဖြစ်ပေ သည်။

၆။ ဦးသိန်းစိန် အစိုးရ၏ အမှား များကို ရိုဟင်ဂျာ ပြတိုက်၊ ၉၆၉ ပြတိုက်များ ဖွင့်ပြီး ကုစားရန် ကြိုးစား ခြင်း။ 

(က) မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၊ ပါကစ္စတန် ခေါင်းဆောင် အလီ ဂျင်း နား၊မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၊ မြန်မာ နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုနှင့် မေယုခရိုင် စစ်ဒေသ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကြီး တို့က တိုင်းရင်းသား အဖြစ် လက်ခံသော ရိုဟင်ဂျာ လူမျိုးကို ဦးသိန်းစိန် အစိုးရက ဇွတ်တရွတ် ငြင်းဆန် နေခြင်းသည် ရည်ရွယ်ချက် တစုံတရာ ရှိပုံရ၏၊၊ 

ရိုဟင်ဂျာ ပြတိုက် တစ်ခု ဖွင့်နိုင် လောက်သည့် အထောက် အထားများ ဖြစ်သော ရခိုင် ပြည်နယ် မြောက် ဦး မြို့ ကိုးသောင်း ဘုရားရှိ ကျောက်စာတွင် ရိုဟင်ဂျာ ဘာသာနှင့် ရေးသား ထားခြင်း၊ မြန်မာ တိုင်းရင်း သား များတွင် ရိုဟင်ဂျာ ပါဝင်ကြောင်း မြန်မာ နိုင်ငံသို့ ကိုယ်တိုင် ရောက်ရှိ မှတ်တမ်း တင်ခဲ့ သည့် ဒေါက် တာ ဖရန်စစ် ဘူချနန်၏ ၁၇၉၉ ခုတွင် ရေးသား ခဲ့သော စာအုပ်တွင် ပါရှိခြင်း၊ မြန်မာ နိုင်ငံ သို့ အစ္စလာမ် ဘာသာ စတင် ပြန့်ပွားရာ ဒေသ ဖြစ်၍ ရခိုင် ပြည်နယ်တွင် ပလီ အလုံးရေ ၁၆၀၀ ကျော် ရှိခြင်းကြောင့် တနိုင်ငံ လုံးတွင် ပလီ အရေ အတွက် အများဆုံး ရှိခြင်း၊ လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်က တည်ဆောက် ခဲ့သော စန္ဒီခန်း ပလီ တည်ရှိရာ အရပ် ဖြစ်ခြင်း၊ ၁၉၄၇ ဖွဲ့စည်းပုံ ရေးဆွဲ ရာတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သော အဗ္ဗဒူဂဖါးနှင့် ဆူလတန် အာမက် တို့နှစ်ဦး ပါဝင်ခြင်း၊ လွတ်လပ်ရေး ရပြီးနောက် ရိုဟင်ဂျာ (မူဂျာဟေဒင်) လက်နက်ကိုင် အဖွဲ့ ရှိခြင်း၊ လက်နက် ချပြီးနောက် ရိုဟင်ဂျာ အမည်ကို ဗိုလ်ချုပ် အောင်ကြီးနှင့် ရခိုင် ခေါင်းဆောင် များက ရိုဟင်ဂျာ အလယ်သံကျော် Conference တွင် လက်ခံသဘောတူခြင်း၊ ဝန်ကြီးချုပ်ဦးနုခေတ်က ရိုဟင်ဂျာသတင်းစာ ထုတ်ဝေ ခဲ့ခြင်းနှင့် မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ရိုဟင်ဂျာ တိုင်းရင်းသား အစီအစဉ်ကို ရိုဟင်ဂျာ ဦးဘ ထွန်းမှ အသံ လွှင့်ခဲ့ခြင်း၊ ရခိုင် ပြည်တွင် ဗမာ စကားပြောလျှင် ရခိုင် တိုင်းရင်းသား တို့က တိုက်ခိုက်လေ့ ရှိသော်လည်း ရိုဟင်ဂျာ စကားကို ပြောခွင့် ပေးခြင်း၊ စသည် တို့ကြောင့် ပြည်ထောင်စု လွှတ်တော်မှ ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုလိုက်လျှင် ရခိုင်ပြည် အမြန်ဆုံး အေးချမ်း သွားစရာ အကြောင်း ရှိသည်ကို အဘယ် အတွက်ကြောင့် အချိန်ဆွဲ နေကြ သနည်း။

တဖန် ၉၆၉ အဖွဲ့ အကြောင်း ဆွေးနွေး ပါဦးမည်။ ၉၆၉ အဖွဲ့ဝင် သံဃာတော် များနှင့် လူပုဂ္ဂိုလ် အဖွဲ့ဝင် တို့သည် ဘာသာရေး မတည် မငြိမ် ဖြစ်အောင် လှုံ့ဆော် ဟောပြော လုပ်ဆောင်မှု များရှိကြောင်း ယနေ့ အချိန် အခါတွင် ဗုဒ္ဓ ဘာသာဝင် အများစု ကြီးက လက်ခံကြောင်း ဇွန်လ ၃၀ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်း က ထုတ်လွှင့် သွားသော VOA ဆွေးနွေးခန်းက သက်သေပြ နေပါသည်။ 

အစိုးရ အဖွဲ့ ကြေငြာချက်တွင် ၉၆၉ အမှတ် တံဆိပ်သည် ငြိမ်းချမ်းသော သင်္ကေတ ဖြစ်၍ လှုံ့ဆော် ဆူပူ အကြမ်းဖက် မှုများတွင် မသုံးရန် ထည့်သွင်း ရေးသား ထားသော်လည်း ၉၆၉ အဖွဲ့၏ တရားဝင် မှုကို ဒုဝန်ကြီး ဦးရဲထွဋ်က အာမ မခံနိုင်ပါ။ သို့သော် ၉၆၉ အဖွဲ့ကို ဆက်လက် လှုပ်ရှားခွင့် ပေးထား ခြင်း က တောင် သာ တွင် ဗြောင်ကျကျ ဆိုင်းဘုတ် တင်ထားသော စွမ်းအားရှင် ဝါးရင်းတုတ် တပ်ရင်း ကဲ့ သို့ နိုင် ငံရေး ကစားကွက်တွင် အသုံးချရန် ရည်ရွယ် ထားပုံရ၏။ 

(မှတ်ချက်။ ။ တနိုင်ငံလုံးရှိ မွတ်ဆလင် အဖွဲ့ အစည်း အသီးသီးက တာဝန် သိစွာဖြင့် နိုင်ငံတော် သံဃာ့ မ ဟာ နာယက အဖွဲ့၊ သာသနာရေး ဝန်ကြီး ဌာနနှင့် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ အစည်း အသီး သီး ထံ ပေးပို့ ထားသော ပြည်သူ လူထု အတွင်း လွတ်လပ်စွာ ပျံ့နှံ့ နေသည့် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော် မှု များပါဝင်သော DVD, VCD နှင့် စာရွက် စာတမ်း၊ ဓါတ်ပုံ များသည် Holocaust Museum ကဲ့သို့ ၉၆၉ ပြ တိုက် တစ်ခု ဖွင့်နိုင် လောက်သည် အထိ များပြား၏။ နောင်အခါ ကိုယ်ကျိုးရှာ နိုင်ငံရေး သမားများ ဗုဒ္ဓ ဘာသာကို Abuse မလုပ်နိုင် စေရန် ၉၆၉ ပြတိုက် တစ်ခု သို့မဟုတ် Web Site တစ်ခုကို ဖွင့်သင့် ပါ သည်။)

ဤနေရာတွင် အကြံပေး လိုသည်မှာ ၉၆၉ အဖွဲ့ကို မတရား အသင်း အဖြစ် ကြေငြာခြင်း၊ သို့မဟုတ် ပြည် ထဲရေး ဝန်ကြီး ဌာနတွင် တရားဝင် မှတ်ပုံတင် ပေးခြင်း ကသာလျှင် နိုင်ငံတ ကာ ခေါင်းဆောင်များ၊ နိုင် ငံ တကာ မီဒီယာ များနှင့် တွေ့ဆုံ ချိန်တွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ဂုဏ်သိက္ခာ ရှိရှိ ပြောဆို နိုင် မည် ဖြစ်၏။ အစိုးရ တရပ်၏ နိုင်ငံ တကာသို့ လှည့်ပတ် လိမ်ညာ နေခြင်း သည် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ ကျဆင်း စေပါသည်။ 

ထို့အပြင် ၉၆၉ အဖွဲ့နှင့် ရိုဟင်ဂျာ ပြဿနာကို ဆွဲဆန့် ထားခြင်း နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက် ကြီးကြီး မားမား ရှိပုံရ၏။ ဒေါ်စုကို မုန်းသော ဗုဒ္ဓ ဘာသာဝင် များ၏ မဲနှင့် အစွန်းရောက်ကို ကြောက်သော မွတ်ဆလင် တို့၏ မဲတို့ကို မျှော်ကိုးသော နိုင်ငံရေး ကစားကွက် (Political Games) များအဖြစ် နိုင် ငံရေး လေ့လာ အကဲခတ်သူများက ယူဆကြ၏။ ကျွန်ုပ်၏ ကိုယ်ပိုင် အမြင်ကို ပြောရလျှင် ၂၀၁၅ တွင် ဒေါ် စု  မတော် တဆ သမ္မတ ဖြစ်သွားလျှင် တည်ငြိမ်စွာ မအုပ်ချုပ် နိုင်အောင် ထောင် ထားသော နင်းမိုင်း များ ဖြစ် ပြီး နောက်ဆုံးတွင် ဒေါ်စု ကိုယ်တိုင် စစ်တပ်ကို အာဏာ ပြန်အပ်သည် အထိ ရည်ရွယ်ချက် ကြီး မား၏။ 

ထို့ကြောင့် ဒေါ်စု အနေဖြင့် ဤပြဿနာ များကို ၂ နှစ်အတွင်း အပြီး အပြတ် မဖြေရှင်းဘဲ သမ္မတ အလျှင် စလို မလုပ်သင့်ဟု မြင်ပါသည်။ မိမိ သမ္မတ မဖြစ်မီ အရင် ဤကိစ္စ များကို အကြွေး မထားစေဘဲ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အကြေ အလည် ဖြေရှင်းဖို့ နည်းမျိုးစုံ သုံးပြီး လုပ်ဆောင် သင့်ပါသည်။

(ခ) ဦးသိန်းစိန် အစိုးရ၏ နိုင်ငံခြားမှ အရင်းအနှီးများ ဝင်လာစေရန် မက်လုံး များပေး၍ ဆွဲဆောင် နေချိန် တွင် မြန်မာ နိုင်ငံသား မွတ်ဆလင် တို့၏ ပိုင်ဆိုင်မှု အရင်း အနှီး များကို မကာ ကွယ် ပေးနိုင် ခြင်း သည် တိုင်းပြည်ကို ဆင်းရဲတွင်း နက်စေ ယုံမျှမက ဥပဒေ မစိုးမိုးသော၊ မတည် ငြိမ်သော တိုင်းပြည် တွင်းသို့ နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာစေရန် ဟန့်တား လိုက်သကဲ့သို့ ဖြစ်စေ၍ အမြန်ဆုံး တည် ငြိမ်အောင် ပြန် လည် ထိန်းသိမ်း သင့်ပါသည်။

(ဂ) ဗုဒ္ဓ ဘာသာဝင် အော့ကြောလန် (Face of Buddhist Terror) တစ်ဦးကို ပေါ်ထွက် လာစေခြင်း သည် ဦးသိန်းစိန် အစိုးရ၏ အဆိုးဆုံးသော သမိုင်း အမဲစက် ဖြစ်သည်။ How militant monks are fueling anti-muslim violence in Asia ဟု Time မဂ္ဂဇင်း မျက်နှာဖုံးတွင် ရေးထား သောကြောင့် နောက် ထပ် အော့ကြော လန်များ ထပ်ထွက် မလာအောင် ထိထိရောက်ရောက် ကာကွယ်ရန် ယခုခေါ်ယူ ထားသော ကာ-လုံ (အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်း အဝေးတွင် ထည့် သွင်း ဆွေးနွေး သင့်ပါသည်။

၇။ သရော်စာနှင့် ကုစားခြင်း။ 

မြန်မာ နိုင်ငံ၏ အသွင် ကူးပြောင်းရေး အခါ သမယတွင် ဘုန်းဘုန်းတို့ အနေဖြင့် ဥပဒေ ပြုရန် စိတ်ဝင်စား လာရုံမကနိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့နှင့် အစိုးရအဖွဲ့ တို့မှလည်း ကန့်ကွက်ခြင်း မ ရှိသောကြောင့် အင်အား ချိန်ခွင်ညှာ ညှိပြီးလည်း ဖြစ်စေမည့်အပြင် ဘုန်းဘုန်းတို့ လူထွက်ရန်လည်း မ လို ဘဲ ဥပဒေ ပြုနိုင်သော အ ခွင့် အရေး တစ်ရပ်ကို တင်ပြ ချင်ပါသည်။ 

လက်ရှိ တည်ဆဲ ဖွဲ့စည်း ပုံအရ မြန်မာ့ တပ်မတော် သားတိုင်းတွင် မဲပေးခွင့်နှင့် လွှတ်တော် အသီးသီး တွင် ရွေးကောက် ခံစရာ မလိုဘဲ ကာကွယ်ရေး ဦးစီးချုပ်မှ စစ်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% (တမတ်သား) ခန့်အပ်ခွင့် ရှိပါသည်။

ထို့ကြောင့် အင်အား ချိန်ခွင်ညှာ ညီအောင် ကုစားသည့် အနေဖြင့် ဖွဲ့စည်းပုံ အသစ်တွင် တပ်မတော်သား များက မဲပေးခွင့်နှင့် ရွေးကောက်ခံ ပိုင်ခွင့်ကို ယူလျှင်၊ ဘုန်းဘုန်း တို့က လွှတ်တော် တမတ်သား အခွင့် အရေးကို အရယူပြီး လွှတ်တော် အတွင်းသို့ အရောက် ကြွပါ။ သို့မဟုတ် လွှတ်တော် တမတ်သား အခွင့် အရေးကို တပ်မတော် သားများ အတွက် ပစားပေး မျှဝေ စွန့်ကြဲပြီး ဘုန်းဘုန်း တို့အတွက် မဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင် ရွေးကောက် ခံပိုင်ခွင့်ကို ဖွဲ့စည်းပုံ အသစ်တွင် ပြင်ဆင် ထည့်သွင်း ရေးဆွဲ စေခြင်းဖြင့် လူထွက် စရာမလို၊ ဗုဒ္ဓဘာသာဝင် အချင်းချင်း ကဲ့ရဲ့ ခံနေစရာလည်း မလိုတော့ဘဲ ဘုန်းဘုန်းတို့ အနေဖြင့် နိုင် ငံရေးနှင့် ဘာသာရေးကို ဒွန်တွဲကာ ပိုင်ပိုင် နိုင်နိုင် ပျော်ပျော် ပါးပါး လုပ်ဆောင် နိုင်ကြ ပါလိမ့်မည်။ 

၈။ အနှစ်ချုပ်။ (Summary) 

(က) စစ်အာဏာရှင် အစိုးရ အဆက်ဆက်နှင့် အသွင်ပြောင်း စစ်သား အစိုးရ လက်ထက်တွင် တိုင်းပြည် ဆုတ်ယုတ် ခဲ့ရခြင်း အဓိက အကြောင်း ရင်းသည် ဥပဒေ စိုးမိုးမှု မရှိဘဲ လူမျိုးရေး၊ ဘာသာရေး ခွဲခြား ဆက်ဆံရေး အခြေခံ ပဋ္ဋိပက္ခများ အကြိမ်ကြိမ် ဖြစ်ပေါ် ခဲ့သောကြောင့် တိုင်းပြည်၏ ပိုင်ဆိုင်မှု (Asset) များပြိုကွဲကာ ကုန်ထုတ် အရင်း အနှီးနှင့် လူ့စွမ်းအား အရင်း အမြစ်များ ပြည်ပ တိုင်းပြည် များမှ ဝင်မ လာသည့် အပြင် ပြည်ပ တိုင်းပြည် များသို့ စီးထွက် စေသည့် အတွက် တိုင်းပြည် ဆင်းရဲတွင်း နက်စေ ခဲ့ သောကြောင့် ဤပြဿနာ များကို ကုစားရန် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခ ကာကွယ်ရေး ဥပဒေ များ ဖွဲ့စည်းပုံ အသစ်တွင် ခိုင်ခိုင် မာမာ ပြင်ဆင် ရေးဆွဲရန်နှင့် တရား ဥပဒေ စိုးမိုးရန် အရေး တကြီး ဆောင် ရွက် သင့်ပါသည်။

(ခ) လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လုပ်ရန် လှုံ့ဆော်မှု များရှိ လာပါက Potential Victims တို့ အနေ ဖြင့် လှုံ့ဆော်သည့် သက်သေ အထောက် အထား အပြည့် အစုံနှင့် တရားရုံး များထံ ဦးတိုက် လျှောက်ထားပြီး တရားရုံး၏ လှုံ့ဆော်သော အဖွဲ့အစည်းအား ဟန့်တားမိန့် ကို တောင်းခံ နိုင်သည့် ပဋိပက္ခ ကာကွယ်ရေး ဥပဒေ များကို ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) ကပေးအပ် ထားသော လုပ်ပိုင်ခွင့် အရ မကြာမီ ပြင် ဆင် ရေး ဆွဲမည့် ဖွဲ့စည်း ပုံတွင် ထည့်သွင်း ရေးသား သင့် ကြောင်း အကြံပြု အပ်ပါသည်။

(ဂ) သက်ဆိုင်ရာ ဘာသာရေး အဖွဲ့ အစည်း များ၏ တင်ပြ လာသည့် ခိုင်လုံသော သက်သေ အထောက် အထား များနှင့်တကွ ညွှန်ကြားချက် အရ ဗဟိုတရားရုံး ရှေ့နေတဦးမှ အကြမ်းဖက်ရန် လှုံ့ဆော်သူ သို့မဟုတ် စည်းရုံးသူ သို့မဟုတ် လက်နက် ကိုင်ဆောင် အားထုတ်သူ ထံ သတိပေးစာ (Letter of Notice) ထုတ်ဆင့်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) ကပေးအပ် ထားသော လုပ်ပိုင်ခွင့် အရ အသစ်ရေး ဆွဲရာတွင် ဖြည့်စွက် သင့်ပါ သည်။

(ဃ) ဂျပန်နိုင်ငံတွင် မီးအာမခံ ထားသော အိမ်၌ တပ်ဆင် ထားသော မီးလန့် အချက်ပေး ဥသြသည် မီးလန့်ချိန်တွင် မီးသတ်ဌာနနှင့် မီးအာမခံ ဌာနတို့တွင် တပြိုင်နက် မြည်အောင် (Network) ချိတ်ဆက် ထားသော ကြောင့် မီးလန့်သည့် အိမ်ရှေ့သို့ မီးသတ် ဌာနနှင့် အာမခံ ဌာနမှ ပုဂ္ဂိုလ်များ ချက်ချင်း ရောက်ရှိ လာပြီး မီးမကူး ဆက်အောင် ဝိုင်းဝန်း ကြိုးပမ်း ကြသည် ဆို၏။

မြန်မာ့ အာမခံ လုပ်ငန်းမှ အထိကရုံး အာမခံ ပရီမီယံ အသစ် ထုတ်ရောင်း ခြင်းဖြင့် အကြမ်းဖက်ရန် လူစု သည်နှင့် တပြိုက်နက် အာမခံ ဌာနသည် အရပ်ဖက် အုပ်ချုပ်ရေး အာဏာပိုင် များကို လုံခြုံရေး အ မြန် ပေး ဖို့ တိုက်တွန်း နှိုးဆော် ခြင်းဖြင့် အကြမ်းဖက် မီးရှို့မှု၊ လူသတ်မှု များကို ကာကွယ် နိုင် မည် ဖြစ် သည်။

(င) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၅၆) တွင် နိုင်ငံတော်သည် နိုင်ငံသား များ၏ တရားဝင် ရရှိ ပိုင်ဆိုင် ထား သော ရွှေ့ပြောင်း နိုင်သော ပစ္စည်း၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေ အရ ကာကွယ် ပေးရ မည်ဟု ပါရှိပါသည်။

ထို့ကြောင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု များကြောင့် သေဆုံး ဒဏ်ရာ ရသူ များနှင့် ပျက်စီး ဆုံးရှုံးခဲ့ ရသော ပစ္စည်းနှင့် အိမ်များ အတွက် အစိုးရမှ လျှော်ကြေး ပေးရန် ဥပဒေ အား ပြည်ထောင်စု လွှတ်တော် မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် ရေးဆွဲ ရာတွင် ထည့်သွင်း ရေးဆွဲ ခြင်းဖြင့် လူမျိုးရေး၊ ဘာ သာရေး အကြမ်းဖက်မှု များကို အစိုးရ အနေဖြင့် အီလေး မဆွဲဘဲ မဖြစ် မနေ အမြန်ဆုံး ထိန်းချုပ်ရန် ကြိုးစား ပါလိမ့်မည်။

ထိုင်းနယ်စပ်ရှိ ရှေးဟောင်း ဟိန္ဒူ ဘုရားကျောင်း ပိုင်ဆိုင်မှု အငြင်း ပွားသည့် ပဋိပက္ခကြောင့် ကမ္ဘော ဒီးယား နိုင်ငံ အတွင်းရှိ ကမ္ဘောဒီးယား နိုင်ငံသား ထိုင်းလူမျိုးတို့ ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်း များအား ကမ္ဘောဒီးယားတို့က အကြမ်းဖက် ဖျက်စီးရာ ကမ္ဘောဒီးယား အစိုးရကပျက်စီး ဆုံးရှုံးမှုများ အ တွက် လျှော်ကြေး ပေးပါသည်။ တနည်း အားဖြင့် နိုင်ငံသား တို့၏ ဥစ္စာ ပစ္စည်း ပိုင်ဆိုင်မှုကို အစိုးရမှ အာ မခံ ခြင်းပင် ဖြစ်သည်။ 

မြန်မာ နိုင်ငံ မှာတော့ လျှော်ကြေး မပေးသည့် အပြင် အကြမ်းဖက် ခံရသော မိတ္ထီလာနေ မွတ်ဆလင်တို့ ပိုင်ဆိုင်သည့် မြေကွက် များကိုပင် ပြန်မပေးဘဲ သိမ်းယူခြင်းများ ရှိနေ ပါသည်။ ဤအချက်သည် မြန်မာ အစိုးရ နှင့် ကမ္ဘောဒီးယား အစိုးရ တို့၏ သိသာ ထင်ရှားသော ကွာခြား ချက်ဖြစ်ရာ ဤအတိုင်း ဆက် သွား နေလျှင် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် မှုသည် ကမ္ဘော ဒီးယား နိုင်ငံ၏ နောက်တွင် အမြဲကျန် နေပါ လိမ့်မည်။

(စ) မြန်မာ နိုင်ငံတွင် နှစ်ထောင် ချီပြီး အတူ တကွ နေထိုင် လာခဲ့ ကြသော ဗုဒ္ဓ ဘာသာဝင်နှင့် မွတ်ဆလင် တို့အကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ် နေခြင်းသည် တဖက်နှင့် တဖက် နားလည်မှု လွဲမှားအောင် နှစ် ရှည် လများ စနစ် ကျစွာ သွေးခွဲ နေသည့် ဥပဒေ အထက်တွင် ရှိသော လူတစ်စု ရှိနေခြင်း ကြောင့် ဖြစ် ၏။ သွေးခွဲ နေသူများ ကိုယ်တိုင်လည်း မြန်မာ မွတ်ဆလင် တို့၏ ရှည်လျှားသော သမိုင်း ကြောင်းကို မ သိသော ကြောင့် ဖြစ်၏။

ယခုအခါ အင်တာနက်တွင် ငြိမ်းချမ်း PhD. ဆိုသူ၏ ဦးရာဇတ်ကို အာဇာနည် ၉ ဦးစာရင်းမှ ပယ် ထုတ်ဖို့ တောင်းဆိုသည့် Video file တစ်ခု ပျံ့နှံ့ နေပါသည်။ အဘယ်ကြောင့် သေနတ်ပြစ် ခံရရုံနှင့် အာဇာနည် အဖြစ် သတ်မှတ်ရ သနည်း၊ မသိ၍ မေးပါသည်ဟု ဆို၏။ အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံရပ်ခြားမှ PhD ဘွဲ့ရခဲ့သော်လည်း ၎င်းငယ်စဉ်က နေခဲ့သည့် TTC အထက်တန်း ကျောင်းက အခြေခံ ပညာ ကို ကောင်းစွာ သင် မပေးနိုင် ခဲ့ကြောင်း သက်သေ ဖြစ်ပါသည်။

Internet Google နှင့် တက္ကသိုလ်များ ဗဟိုစာ ကြည့်တိုက်တွင် ဦးရာဇတ် အမည်နှင့် ရှာလျှင် အထောက် အထား စာရွက် စာတမ်း၊ ဓါတ်ပုံနှင့် စာအုပ်များ တစ်ထမ်းစာ ရနိုင်ပါသည်။ ပန်းဆိုးတန်း စာအုပ် အသစ်နှင့် အဟောင်း ဆိုင်များတွင် စာရေး ဆရာ အသီးသီးတို့ ရေးသား ထားသော ဦးရာဇတ်နှင့် ဆိုင်သည့် စာအုပ် များကို ရှာလျှင် ဆိုက္ကား တစ်စီးစာ မျှရနိုင် ပါလျှက် ကြောင်ကို ရေးချိုးပြီး သန်းရှာ ပေးနေသော ပီအိပ်ခ်ျဒီ ဒေါက်တာ ဆိုသူ Video ဖိုင်ပိုင်ရှင်နှင့် ထိုဗီဒီယို ဖိုင်ကို LIKE လုပ်နေသူ တို့သည် စာကြည့်တိုက် (Libiary) ကို သုံးတတ်အောင် မသင်သော အခြေခံ ပညာ သင်ကြားရေး ကိုသာ ရခဲ့သော ကြောင့်ဖြစ် သည်။

(မှတ်ချက်။ ။ စာဖတ်ပျင်းလျှင် ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် ရေးသားသော ဦးရာဇတ် အထုပ္ပတ္တိ စာပေ ဆုရ စာအုပ် ပါးပါးလေးကို ဝယ်ဖတ် နိုင်ပါသည်။)

ထို့ကြောင့် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ စစ်ကိုင်းခေတ်၊ ကုန်းဘောင်ခေတ် စသည် ခေတ် အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် မြို့ပြ အုပ်ချုပ်ရေး တို့တွင် ရွပ်ရွပ် ချွန်ချွန် တာဝန် ထမ်းဆောင် ခဲ့ကြသော မြန်မာ မွတ်ဆလင် တို့၏ ထွန်းပြောင်သော သမိုင်း ဆိုင်ရာ အထောက် အထား စာရွက် စာတန်းနှင့် ဓါတ်ပုံများ၊ ကိုလိုနီခေတ် တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ လွတ်လပ်ရေး ကြိုးပမ်းမှု များနှင့် ဂျပန် တော်လှန်ရေးတွင် ပါဝင်ခဲ့သော မြန်မာ မွတ်ဆလင် ကွန်ကရက် (မမက) တို့၏ အထောက် အထား စာရွက် စာတန်း များနှင့် ဓါတ်ပုံများ၊ ပင်လုံစာချုပ် ဆိုင်ရာ အထောက်အထားများ၊ ပါလီ မန်ခေတ် မြန်မာ မွတ်ဆလင် ဝန်ကြီးနှင့် ပါလီမန် အမတ် များ၏ သမိုင်း ဆိုင်ရာ အထောက် အထားများ၊ မွန်ဘုရင်၊ ရခိုင် ဘုရင်နှင့် မြန်မာ ဘုရင်တို့ စစ်တိုက်ရာတွင် သုံးဖက် စလုံးတွင် ပါဝင်သော သစ္စာရှိ မွတ်ဆ လင် တပ်မှူး တပ်သား များ၏ သမိုင်း ဆိုင်ရာ အချက်လက်များ၊ ၈ လေးလုံး အရေးတော်ပုံတွင် မွတ်ဆ လင်တို့ ပါဝင်ခဲ့သော အထောက် အထားများကို သိမ်းဆည်း ထားရန် မြန်မာ မွတ်ဆလင် သမိုင်း မော် ကွန်းတိုက် (Myanmar Muslim Archive) တစ်ခုကို ရန်ကုန်မြို့တွင် တည်ဆောက် ခြင်းဖြင့် ကျန်နိုင်ငံသား များနှင့် ယုံကြည်မှု ပိုမို တည်ဆောက် နိုင်ပါ လိမ့်မည်။ ထိုမော်ကွန်း တိုက်အား အများ ပြည် သူကို လေ့ လာခွင့် ပေးခြင်းဖြင့် ဗုဒ္ဓ ဘာသာဝင် များနှင့် မွတ်ဆလင် များအကြား အပြန်အလှန် နားလည်မှု များရှိ လာ ချိန် တွင် ဘာသာရေး အလွဲ သုံးစား ပြုမည့် သူများ၏ သားကောင် မဖြစ်နိုင် တော့ပါ။

၉။ မောင်သမာဓိ နိုင်ငံရေး ဗေဒင် အတတ်ဟောပြီး ကုစားမည်။

(က) မြန်မာ နိုင်ငံ ဆင်းရဲ နေတာ နိုင်ငံနဲ့ ပြည်သူ တွေကြောင့်လား၊ နိုင်ငံရေး သမား များနှင့် ၄င်းတို့ ချ မှတ် သော စနစ် ကြောင့်လား အရင် စဉ်းစား ကြည့်သော အခါ နိုင်ငံရေး သမားများနှင့် လွဲမှားသော စနစ်ကြောင့်ဟု တညီ တညွတ်တည်း ဖြေကြ ပါလိမ့်မည်။

(ခ) ပြည်ပရန် ခြိမ်းချောက်မှု မရှိတဲ့ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်သော မြန်မာ နိုင်ငံမှာ တိုင်းပြည် တည် ငြိမ်ရေး၊ ဥပဒေ စိုးမိုးရေး၊ လူ့အခွင့် အရေး တွေကို ဦးစား မပေးဘဲ အမျိုး၊ ဘာသာ၊ သာသနာရေးကို ခွဲခြား ဆက် ဆံရေး၊ နိုင်ငံရေး ဦးတည်ချက်တွေ အနေနဲ့ အလေးထား ဖေါ်ဆောင် နေမယ် ဆိုရင် မြန်မာ နိုင်ငံ အနေနဲ့ တက္ကနို လိုဂျီ ပညာ အသုံးချ စီးပွားရေး တောင့်တင်းသော နိုင်ငံ တစ်ခု ဖြစ်လာ စရာ အကြောင်း မရှိဘဲ၊ ကမ္ဘာ အနှံ့ အလုပ် ကြမ်း သမား တွေကို အဆက် မပြတ် ဆက်လက် တင်ပို့ ပေးနေ ရဦးမယ် ဆိုတာ ကတော့ မြေကြီး လက်ခတ် မလွဲ သေချာ ပါသည်ဟု အတတ် ဟောပါသည်။

(ဂ) မြန်မာ ပြည်၏ ကံကြမ္မာသည် အာဏာ မြဲရေး အဓိက ထားသော ညံ့ဖျင်းသည့် ကိုယ်ကျိုးရှာ နိုင်ငံရေး သမားများ လက်သို့ နှစ်ပေါင်း ၆၀ ခန့် ရောက် ရှိခဲ့၍ တဖြည်ဖြည်း ပြာပုံဖြစ်ခဲ့၊ ဖြစ်ဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံရေး သမား များ၏ ကံကြမ္မာသည် ပြီးပြည့်စုံသော ရေခံ မြေခံ ရှိသည့် မြန်မာပြည်၏ လက် တွင်း ရောက်သော နေ့တွင် တဟုန်ထိုးတိုးတက် လာပါ လိမ့်မည်။

သို့သော် သတိပြုစရာ အချက် တစ်ခုမှာအာဏာ ရရှိသော မြန်မာ နိုင်ငံ ခေါင်းဆောင် အဆက်ဆက် တို့ သည် နောင် လာ လတံ့သော နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့်တိုင်းပြည်အပေါ်မဖေါက်ပြန် နိုင်အောင် (Check & Balance) ထိန်းချုပ် နိုင်ရန် စေတနာဖြင့် လိုအပ်သည်ဟု ထင်မြင်သော ဥပဒေ အသီး သီးကို အမေရိကန် သမ္မတများ ပြုလုပ် သကဲ့သို အတည် ဖြစ်အောင် ကြိုးစား ပြဌာန်း ရစ်ခဲ့ မှသာ မြန်မာပြည် အနေဖြင့် နိုင်ငံရေး သမားများကို နိုင်နိုင် နင်းနင်းကြိုးကိုင် နိုင် မည် ဖြစ်ကြောင်း ဗေဒင် ဟော စာ တမ်း ရေးသား ရင်း နိဂုံး သံပတ် ဆုံးသတ် လိုက်ပါသည်။

Comment ရေးရန်

Rohingya Exodus