နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးမှ ရမဒွါန်ဝါဖြေပွဲ ကျင်းပ

(ဓါတ်ပုံ - US Embassy Rangoon)
RB News
18.7.2013

ရန်ကုန် ။ ။ ဇူလိုင်လ (၁၆) ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်မှ ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် ဘာသာ ပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် လူမှု အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ဖိတ်ကြား၍ အစ္စလာမ် ဘာသာဝင် များ၏ မြင့်မြတ်သော ရမဒွါန်လ ဥပုသ် စောင့်ထိန်းသူ များအတွက် ၀ါဖြေပွဲ ကျင်းပ ပေးခဲ့ကြောင်း အမေရိကန် သံရုံး၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြ ထားပါသည်။ 

သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်မှ “ရမဒွါန် ဆိုသည်မှာ တွေးတော ဆင်ခြင်ရသည့် အချိန် တစ်ခု ဖြစ်ပြီး၊ ဥပုသ် သီလ စောင့်ထိန်းခြင်း၊ သာသာရေး ကိုင်းရှိုင်းခြင်း ဖြစ်သည်” ဟုဆိုသည်။ ၎င်းမှ “ဒါကလည်း လူသားတွေ အပေါ် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တူညီမှုနဲ့ မေတ္တာ တရား အခြေခံ သဘောတရား တွေကို ယုံကြည်ကြ တဲ့ သူတွေ အားလုံး တစ်ချိန်တည်း ပါဝင် ဆင်နွဲဖို့ အခွင့်အလမ်း တစ်ခု ဖြစ်တယ်။ ဘာသာ ယုံကြည် မှု တွေအားလုံးရဲ့ အခြေခံ သဘောတရား တွေက မတူညီတဲ့ အချက်တွေထက် ပိုမို ခိုင်မာတယ်။ ရမဒွါန်က ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ သိက္ခာနဲ့ ငြင်းပယ်လို့ မရတဲ့ အခွင့်အရေး တွေကို သတိရ စေတယ်” ဟုဆို သည်။ 

အစ္စလာမ် ဘာသာဝင် များသည် အစ္စာလာမစ် ပြက္ခဒိန် (ဟစ်ဂျရီ) ၏ ကိုးလမြောက်တွင် တစ်လ ဥပုသ် သီလ စောင့်ထိန်း ရပြီး အီဖ်သာ (၀ါဖြေပွဲ) ကိုနေ၀င်သည့် အချိန်တွင် ပြုလုပ် ရသည်။ နိုင်ငံများ၏ နေ ၀င်၊ နေထွက် အချိန်များ အပေါ် မူတည်ပြီး ရမ်ဒွါန် လအတွင်း ၁၆ နာရီမှ ၂၁ နာရီ အထိ ဥပုသ် စောင့် ထိန်း ကြရသည်။ 

ဓါတ်ပုံ ရှင်းလင်းချက် ။ ။ အမေရိကန် သံရုံး အင်တာနက် စာမျက်နှာမှ ကူးယူ ဖော်ပြသည်။ 

ဝဲမှယာ - သီတဂူ အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဦးဟန်၊ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်၊ မြန်မာ အစ္စ လာမစ် စင်တာမှ ဦးအေးလွင်၊ သီတဂူ အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဦးမျိုးဇော်ထွန်း၊ ၈၈ မျိုးဆက် အတွင်းရေးမှူး ဦးကိုကိုကြီး ။ ။ 

Comment ရေးရန်

Rohingya Exodus