နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ဒုတပ်ကြပ် တင်ဦးကြိုင်က ရိုဟင်ဂျာများကို ၎င်း၏ရုံးသို့ခေါ်၍ ငွေညှစ်လျက်ရှိ

သီဟ
RB News
4.7.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာန၊ မောင်တော ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူး အဖွဲ့၊ ဘူးသီးတောင် အဖွဲ့ခွဲမှ ဒု တပ်ကြပ် တင်ဦးကြိုင်သည် ဘူးသီးတောင် မြို့နယ် ဒေသခံ ရိုဟင်ဂျာ များကို ၎င်း၏ ရုံးသို့ ခေါ်၍ နည်း လမ်း မျိုး စုံ ဖြင့် ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

“လူတွေကို ရုံးကို လာတွေ့ပါ၊ စစ်ဆေး စရာရှိတယ် ဆိုပြီး စာပို့တယ်။ ခေါ်တဲ့ အတိုင်း သွားမတွေ့ရင်လည်း မသွားတဲ့ အမှုတစ်မှု လာမှာဆိုတော့ ခေါ်ရင် သွားရတယ်။ တင်ဦးကြိုင်က မင်းတို့ မလေးရှား၊ ဆော်ဒီ အာရေဗျာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို တရားမ၀င် လူပို့တယ်။ လူကုန်ကူးမှု လုပ်နေတယ် ဆိုပြီး စွပ်စွဲ တယ်။ ပြီးတာနဲ့ ငွေတောင်းတယ်။ ငွေမပေး နိုင်ဘူး ဆိုရင် သူဆင်တဲ့ အမှုနဲ့ ဖမ်းတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။ 

ဒုတပ်ကြပ် တင်ဦးကြိုင်သည် ၂၀၁၂ ခုနှစ်တွင် ဘူးသီးတောင် မြို့၌ ယာဉ်ထိန်းရဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် စစ်တွေမြို့သို့ ပြောင်းရွှေ့ ခံခဲ့ရသည်။ သို့သော် လည်း ပြည်နယ် ရဲမှူးကြီးကို ငွေကျပ် သိန်း ၂၀၀ လာဘ်ငွေ ပေး၍ ပြန်လည်၍ ဘူးသီးတောင် မြို့ သို့ ပြောင်းရွှေ့ ခွင့်ရခဲ့ကြောင်း သိရှိရသည်။ ၎င်း၏ ဇနီးဖြစ်သူသည် WY ဆေးပြား ရောင်း ၀ယ် ဖောက် ကား နေသည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည့် အပြင် အမှတ် (၇) ရပ်ကွက်တွင် လုံးချင်းအိမ် ၀ယ်ယူထားပြီး၊ ဆိုင် ခန်းများစွာ ကိုလည်း ပိုင်ဆိုင် လျက်ရှိ ကြောင်း သိရသည်။ 

“ဒုတပ်ကြပ် တစ်ယောက် လစာနဲ့ အခု ပိုင်ဆိုင် နေတာတွေ ၀ယ်ဖို့ မလွယ်ဘူး။ သူ့ရဲ့ အမျိုးသမီး ကလည်း ဘာအလုပ် အကိုင်မှ မယ်မယ်ရရ ရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးတွေကို ငွေညှစ်တာရယ် .. စိတ်ကြွဆေးပြားရောင်းတာရယ်နဲ့ အခုတော့ ဘူးသီးတောင် မြို့မှာအချမ်းသာဆုံး စာရင်း ထဲ ရောက်နေပြီ” ဟု အဆိုပါ ဒေသခံမှ ပြောသည်။ 

ယခု ရက်ပိုင်း အတွင်း ဒုတပ်ကြပ် တင်မျိုးကြိုင်၏ ခေါ်ယူ စစ်ဆေးခြင်း ကိုခံရပြီး ငွေညှစ် ခံရသူ များမှာ ဘူးသီးတောင် မြို့နယ် ဖိုးဟောင်ချောင်း ကျေးရွာမှ ဖြစ်သည်။ ငွေညှစ် ခံရသူများမှာ -- 

(၁) ဦးဟိုက်ရုလ်အာမီးန် (ပေးခဲ့ရသည့် ငွေကျပ် ၂ သိန်း)
(၂) ဦးအလီဟူစိန်း (ပေးခဲ့ရသည့် ငွေကျပ် ၃ သောင်း)
(၃) ဦးနူရ်စလာမ် (ပေးခဲ့ရသည့် ငွေကျပ် ၅ သောင်း)
(၄) ဦးဂျလာလ် (ပေးခဲ့ရသည့် ငွေကျပ် ၂ သိန်း)
(၅) ဒေါ်ဟာဆီနာ (ပေးခဲ့ရသည့် ငွေကျပ် ၄ သိန်း)
(၆) ဦးရှကူရ် (ပေးခဲ့ရသည့် ငွေကျပ် ၂ သိန်း)
(၇) ဦးအာယုပ် (ပေးခဲ့ရသည့် ငွေကျပ် ၂ သိန်း) -- မှတ်ချက် ။ အမှတ် (၇) ရပ်ကွက်မှ ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus