ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်တို့ ရိုဟင်ဂျာ အရေးဆွေးနွေး
(ဓါတ်ပုံ - FCO) |
RB News
4.7.2013
ဒက္ကား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ရောက်ရှိနေသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Mr William Hague နှင့် နိုင်ငံခြားရေးနှင့် ဓနသဟာယ နိုင်ငံများရုံး ၀န်ကြီး Baroness Warsi တို့သည် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina နှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက် အရ သိရှိ ရပါသည်။
ထိုသို့ တွေ့ ဆုံ စဉ် အတွင်း နှစ်နိုင်ငံ အရေး ဆွေးနွေး ကြသည့် အပြင် မြန်မာ နိုင်ငံ အတွင်း အကြမ်းဖက်မှု မျိုး စုံ၊ ခွဲခြား ဆက်ဆံခြင်းနှင့် နိုင်ငံသား ဖြစ်မှုမှ ငြင်းပယ်ခြင်း ခံနေရသော ရိုဟင်ဂျာ များ၏ လူ့အခွင့် အရေး ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် များ၏ အရေးနှင့် ပတ်သက်၍ အ ကျယ် တ၀န့် ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။
မြန်မာ နိုင်ငံ အနောက်ပိုင်း ရခိုင် ဒေသရှိ ရိုဟင်ဂျာ များမှာ မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ပါလီမန် ဒီမိုကရေစီ လက်ထက်တွင် တိုင်းရင်းသား အဖြစ် အသိအမှတ်ပြု ခံရပြီး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရခဲ့သော်လည်း ၁၉၇၀ နောက်ပိုင်းမှ စ၍ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဦးနေ၀င်းမှ စီမံကိန်း ပေါင်းစုံ ချမှတ်ပြီး နိုင်ငံတွင်းမှ မောင်းထုတ် ခဲ့ရာ ၁၉၇၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၁ ခုနှစ်တွင် တစ်ကြိမ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဒုက္ခသည် များအဖြစ် ခိုလှုံ ခဲ့ရသည်။
၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံခဲ့ရသူ အရေအတွက်မှာ လေးသိန်း နီးပါးရှိသော်လည်း သုံးသောင်းခန့် ကိုသာ တရားဝင် ဒုက္ခသည် များအဖြစ် သတ်မှတ်၍ ဒုက္ခသည် စခန်းနှစ်ခု ဖွင့်၍ ကုလ သမဂ္ဂ ကြီးကြပ်မှု အောက်တွင် ထားရှိသည်။ ကျန်သည့် တရားမ၀င် ဒုက္ခသည် များမှာ တရားမ၀င် အဖြစ် သာ ရပ်တည် နေထိုင် လျက်ရှိပြီး၊ မြန်မာ နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူမည်ဟု အကြိမ်ကြိမ် ကတိပြုလျက် ရှိသော်လည်း ယခု အချိန်ထိ သေချာ ရေရာသည့် အချိန်ကို သတ်မှတ်၍ မရသေးပေ။
၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများကို ရှောင်တိမ်းရန် ခိုလှုံခွင့် တောင်းခံ ခဲ့သူ များ ကို ခိုလှုံခွင့် မပေးဘဲ၊ ပြန်လည် နှင်ထုတ် ခဲ့သဖြင့် နိုင်ငံတကာ၏ ဝေဖန်မှု ပေါင်းစုံကို ခံခဲ့ရသည်။