နောက်ဆုံးသတင်း/ဆောင်းပါးများ

ရှေ့နေ ဦးကျော်လှအောင်အား ဇူလိုင် ၃၁ ရက်နေ့ တရားရုံးတင် စစ်ဆေးမည်


RB News
20.7.2013

စစ်တွေ ။ ။ ဇူလိုင်လ (၁၅) ရက်နေ့က အာဏာပိုင် များ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရှေ့နေ ဦးကျော်လှအောင် အား ဤလကုန် ဇူလိုင်လ (၃၁) ရက်နေ့တွင် တရားရုံးတင် စစ်ဆေးမည်ဟု သတင်း ရရှိပါသည်။ယခု အချိန်ထိ မည်သည့် အတွက်ကြောင့် ဖမ်းဆီးထား သည်ကို မသိရှိ ရသေးသော် လည်း ပြည် တွင်း မီဒီယာ များမှ ထုံးစံ အတိုင်း မဟုတ်မမှန်သည့် ပုဒ်မများ တပ်၍ တရားခံပြေး ဖမ်းဆီးမိ သကဲ့သို့ ထင်ယောင် ထင်မှား ဖြစ်စေရန် ရေးသား နေသည်ကို တွေ့ရှိ ရပါသည်။ 

အသက် ၇၄ နှစ် အရွယ်ရှိ ဦးကျော်လှအောင်ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင် ထားပြီး၊ ကျန်းမာရေး အခြေ အနေမှာ ဆိုးရွား လျက်ရှိကြောင်း သိရှိရသည်။ “ဒူးယောင် နေပြီး လမ်းလျှောက်လို့ မရ ဘူး လို့ပြောတယ်။ အိမ်မှာ ရှိကတည်းက လမ်းကောင်းကောင်း လျှောက်လို့ မရဘူးလို့ သိရတယ်။ ပြီးတော့ ညာဘက် နားတစ်ဖက်က အရင်ကတည်းက အကြား အာရုံနည်းတာ။ အခုတော့ အချုပ်ခန်း ထဲ ရောက်ပြီး ကတည်းက လုံးဝ မကြား ရတော့ဘူး လို့သိရတယ်” ဟု ဦးကျော်လှအောင်၏ မိသားစုဝင် တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဦးကျော်လှအောင် ဖမ်းဆီး ခံရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း မီဒီယာ အများစုမှ ဧပြီလ ၂၆ ရက်နေ့ တွင် ဖြစ်ပွား ခဲ့သည့် လ၀က များနှင့် ဒုက္ခသည် များအကြား တင်းမာမှု ကြောင့် ဖြစ်သည် ဟု ရေး သား လျက် ရှိ သော်လည်း ဧပြီလ ၂၆ ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်လှအောင်၏ မိသားစုဝင်မှ ယခုကဲ့ သို့ ပြောပါသည်။ 

“အဲဒီနေ့ [ဧပြီလ ၂၆ ရက်နေ့] က ဆူညံသံ တွေကို ဦးကျော်လှအောင် ကြားပြီး အနီးနားက လူတွေ ကို မေးကြည့်တော့ လ၀က တွေနဲ့ ဒုက္ခသည် တွေအကြား စကားများ နေတယ် ဆိုတာ သိသွားတာပါ။ အဲဒီနေ့ နေ့လည်ပိုင်းမှာ ဘောဒူဖက ဦးမောင်မောင်တင် အိမ်မှာ ရဲတစ်ယောက်ကို ၀ှက်ထား ပေးတာကို ဒုက္ခသည် တွေက သိသွား ပြီးတော့ အဲဒီ အိမ်ကို မီးရှို့မယ် ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါကို ဦးမောင်မောင်တင်ရဲ့ ယောက်ဖ ဦးတင်ဆွေက ဦးကျော်လှအောင်ကို အကူအညီ တောင်းတော့ ဦးကျော် လှအောင်က နေမကောင်းတဲ့ ကြားက ဒေါသထွက် နေတဲ့ လူအုပ်ကြီးကို တာဝန်ကျ နေတဲ့ ရဲတပ်ဖွဲ့ဝင် ကိုအဲဒီလို မလုပ်ဖို့ ဖြောင်းဖြ ခဲ့တယ်။ အဲဒီလို ဖြောင်းဖြတော့ လူစုကွဲ သွားခဲ့တယ်။ အဲဒီနေ့က ဖြစ်ခဲ့တဲ့ လ၀ကနဲ့ ဒုက္ခသည် တွေအကြား တင်းမာမှုက ဦးကျော်လှအောင်နဲ့ လုံးဝ မပတ်သက်ဘူး” 

ဧပြီလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တင်းမာမှုမှာ လ၀က၊ ရဲများ၏ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်း မှုနှင့် လူငယ် တစ်ဦးအား ပါးရိုက်မှု တို့ကြောင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ 


ဦးကျော်လှအောင်သည် စစ်တွေမြို့ တရားရုံးတွင် လက်ရေးတို အမှုတွဲထိန်း စာရေး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး အငြိမ်းစား ယူပြီးနောက် ၁၉၈၂ ခုနှစ်မှ စ၍ ရှေ့နေ လိုက်ခဲ့သည်။ စစ်တွေ တက္ကသိုလ် တည်ဆောက် ရာတွင် မတရား သိမ်းယူခဲ့သော လယ်ယာမြေ များအတွက် ရှေ့နေ လိုက်ပေး ခဲ့သောကြောင့် ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရဖူးသည်။ လွန်ခဲ့သည့် နှစ်တွင် အကြမ်းဖက် မှုများ ဖြစ်ပွား ပြီးနောက် မဟုတ်မမှန် စွပ်စွဲခံ ရပြီး ဖမ်းဆီး ခံခဲ့ရသေးသည်။

ဓါတ်ပုံ ရှင်းလင်းချက် ။ ။ ဦးကျော်လှအောင်၏ ပင်စင်မှတ်တမ်းဖြစ်ပါသည်။ ဦးကျော်လှအောင် သည် ပြည်တွင်း မီဒီယာများ ရေးသား သကဲ့သို့ ဘင်္ဂလီ လူမျိုး မဟုတ်ဘဲ မည်သည့် လူမျိုး ဖြစ်သည် ဆို သည်ကို ဤမှတ်တမ်း အတိုင်း လေ့လာ နိုင်မည် ဖြစ်သည်။ ဦးကျော်လှအောင်၏ ဖခင် ဖြစ်သူ  ဦးယူစွတ် သည်လည်း စစ်တွေမြို့ တရားရုံးမှ အမှုတွဲထိန်း စာရေးကြီး တစ်ဦး ဖြစ်ခဲ့သည်။ ဦးကျော်လှအောင်၏ ညီ အစ်ကိုများဖြစ်ကြသော ဦးကျော်လှဦးမှာ စစ်တွေမြို့နယ် လ၀ကမှူး ဖြစ်ခဲ့ပြီး၊ ဒေါက်တာကျော်ဒင် ၊ ဒေါက် တာ ကျော်လှ တို့မှာလည်း မြောက်ဦးနှင့် ကျောက်တော် ဆေးရုံများတွင် ခွဲစိတ် ဆရာဝန် များ အဖြစ် တာ ၀န် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် သန်လျင် ရေနံချက် စက်ရုံမှ အင်ဂျင်နီယာမှူး ဦးသန်း ထွန်း (ငြိမ်း) နှင့် ကုန်သွယ်ရေး ဌာနမှ မန်နေဂျာ ဦးမောင်လှ (ငြိမ်း) တို့မှာလည်း ဦးကျော်လှအောင်၏ ညီ အစ်ကို များ ဖြစ်ကြသည်။ 

Comment ရေးရန်

Rohingya Exodus