အောက်တိုဘာ (၁) ရွှေလှေ တိုက်နယ် ဖြစ်စဉ် အကျဉ်း
RB News
7.10.2013
သံတွဲ ။ ။ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ရွှေလှေ တိုက်နယ် အတွင်းရှိ သဗြူချိုင် ကျေး ရွာ၊ ပေါက်တော ကျေး ရွာနှင့် ရွှေလှေ ကျေးရွာ များတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှု များတွင် ရွှေလှေ ရဲတပ်ဖွဲ့ စခန်းမှ အမှုထမ်း အရာထမ်း များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များ ပါဝင် ပတ်သက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
အောက်တိုဘာလ (၁) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် သဗြူချိုင် ကျေးရွာသို့ အကြမ်းဖက် အုပ်စု စတင် ၀င်ရောက် တိုက်ခိုက် ခဲ့သော်လည်း၊ ဒေသခံ ရွာသား များ၏ ပြန်လည် ခုခံမှုကြောင့် ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ ၎င်းတို့ ဆုတ်ခွာ သွားပြီး နာရီဝက် အချိန် အကြာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် များရောက် ရှိ လာပြီး သဗြူချိုင် ရွာသား များအား တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ခြင်း မပြုရန်၊ ကိုင်ဆောင် ပါက အရေးယူ မည်ဖြစ်ကြောင်း ပြော၍ အကြမ်းဖက် အုပ်စု နောက်သို့ လိုက်သွား ခဲ့ကြ သည်။
နံနက် ၈း၃၀ နာရီတွင် ရဲနှင့် စစ်တပ်တို့ သဗြူချိုင် တောင်ပေါ် ရွာသို့ ပြန်လည် ရောက်ရှိ လာပြီး၊ ၎င်း တို့ နောက်မှ အင်အား တစ်ထောင် ကျော်ခန့် ရှိသော အကြမ်းဖက် အုပ်စုလည်း လိုက်ပါ လာခဲ့သည်။ အဆိုပါ အကြမ်းဖက် အုပ်စုမှ ဒေသခံ များကို စတင် တိုက်ခိုက် လာသောကြောင့် ရွာခံ လူထုက ပြန်လည် ခုခံ သောအခါ စစ်တပ်နှင့်ရဲ များက ရွာခံ လူထု ဘက်သို့ လှည့်၍ ဦးခေါင်း အထက်သို့ သေနတ် ပစ်၍ ခြောက်လှန့် ခဲ့သည်။ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ရွာခံ လူထုများ အလွန်တရာ ထိတ်လန့် တုန် လှုပ် ကြောက်ရွှံ့ကာ ကစဥ့် ကလျား ထွက်ပြေး ခဲ့ကြ ရသည်။
ဒေသခံရွာသားများ ထွက်ပြေးပြီးနောက် အကြမ်းဖက် အုပ်စုကြီးသည် ရွာထဲသို့ ဝင်ရောက်ကာ စိတ် ကြိုက် ခုတ် သတ်၊ ဖျက်ဆီး၊ မီးရှို့ခဲ့ကြ သည်။ထိုသို့ မီးရှို့ ဖျက်ဆီး နေသည် များကို သတ္တိ ပြောင်မြောက်သော ရွာသား အချို့က တောစပ်မှ နေ၍ ကြည့်ရှု နေခဲ့ရာ ရဲနှင့် စစ်တပ်က လုံးဝ ဟန့်တား မရှိဘဲ လွှတ်ပေး ထား ခဲ့ကြောင်း သိရှိ ရပါသည်။ တောစပ်မှ စောင့်ကြည့် သူများ ၏ ပြောကြား ချက် အရ မီးရှို့ ဖျက်ဆီးမှု များကို ဦးဆောင် နေသူ များမှ (၁) ဆင်ခေါင်းမှ လမ်းဗိုလ် (တောင်ကုတ်)၊ (၂) ကံကြီးမောင် (သဗြူချိုင်)၊ (၃) လိပ်ဥ၊ (၄) မောင်မောင်အေး၊ (၅) မိုးကျော်၊ (၆) ဇော်ထက်၊ (၇) ညွန့်ခင်၊ (၈) ဖိုးလပြည့်၊ (၉) အောင် တင် ၀င်း၊ (၁၀) အောင်မင်းဆန်း၊ (၁၁) ခင်မောင်ဆန်း တို့နှင့် အမည်မသိသူ များစွာ ပါဝင်ကြောင်း သိရှိ ရပါ သည်။ ၎င်းတို့နှင့် အတူ လုံခြုံရေး တာဝန်ကျ ရဲများကပါ ၀င်ရောက် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း အဆိုပါ မျက်မြင် သက်သေ များက ပြောပါသည်။
အကြမ်းဖက် အုပ်စုတွင် ပါဝင်သူများ အားလုံး လိုလို မူးယစ်ဆေး တစ်မျိုးမျိုး သုံးစွဲ ထားသူများ ဟုယူဆ ရပြီး၊ လေးခွ၊ ဓါး၊ လှံ၊ ဂျင်ဂလိ၊ မီးကွင်းနှင့် လောင်စာဆီ များ ကိုင်ဆောင် ထားသည်ကို မြင်တွေ့ ခဲ့ရ သည် ဟု ဆိုသည်။ အကြမ်းဖက် အုပ်စုသည် စိတ်တိုင်းကျ မီးရှို့ ဖျက်ဆီး သတ်ဖြတ်၍ နေ့လည် ၃ နာရီ အချိန် တွင် ရွာမှ ပြန်လည် ထွက်ခွာ သွားခဲ့သည်။
အကြမ်းဖက် အုပ်စု နောက်တစ်စုသည် ကွေ့ချောင်း၊ မာန်ကျည်းချောင်း ကျေးရွာများ ဖက်မှ ရောက်ရှိ လာပြီး ပေါက်တော ကျေးရွာကို နံနက် ၁၀ နာရီခန့် ရောက်ရှိ လာပြီး ၀င်ရောက် မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။ ထိုအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များ ရှိမနေခဲ့ဟု ဒေသခံ များမှ ပြောပါသည်။
ထိုမှ တဖန် ရွှေလှေ ကျေးရွာနှင့် လင်းသီ ကျေးရွာ များသို့ ရောက်ရှိ လာကြပြီး၊ ရွှေလှေ ကျေးရွာရှိ ကမန် တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များကို မီးရှို့ ဖျက်ဆီး ခဲ့ပြီး၊ လင်းသီ ကျေးရွာကို အကြမ်းဖက်ရန် ၀ိုင်းရံ ခဲ့ကြသည်။ ထိုအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး အကြမ်းဖက်မှု မဖြစ်ပွားအောင် ဟန့်တား ခဲ့သည်ဟု သိရှိ ရသည်။ ဒေသခံ ရွာသား များကလည်း အကြမ်းဖက် တိုက်ခိုက် လျှင် ပြန်လည် ခုခံရန် အသင့် ပြင်ဆင် ထားခဲ့သည်။ ဟန့်တား နေစဉ် အတွင်း အကြမ်းဖက် အုပ်စုမှ လူ ၄ ဦး ဆိုင်ကယ် များဖြင့် ရွာထဲသို့ ဒလကြမ်း မောင်း၍ ၀င်ရောက် လာသဖြင့် ရွာသား များမှ ပြန်လည် ခုခံရာ ဒဏ်ရာ အသီးသီး ရရှိ၍ ထွက်ပြေးသွား ခဲ့ကြသည်။ အခင်း ဖြစ်ပွား ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ ကားတစ် စီး ရောက်ရှိလာပြီး ကားပေါ်မှ လုံခြုံရေး ၄ ဦး ဆင်းလာပြီး သေနတ်ပစ် ဖောက်၍ နှစ်ဖက် အုပ်စုကို လူစုခွဲ ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။