အာဏာပိုင်များ ကိုယ်တိုင် ဓါးပြကဲ့သို့ ငွေလုသည့် အပြင် အိမ်ရှင်ကို အမှုဆင် ဖမ်းဆီးထား
RB News
3.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စုရှိ ရိုဟင်ဂျာ မိ သား စု တစ်စု၏ နေအိမ်သို့ ရဲတပ်ဖွဲ့ ၀င်များ ၀င်ရောက်၍ ငွေများ လုယက် ပြီးနောက် အိမ်ရှင် ဖြစ်သူကို အမှု ဆင်၍ ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၂) ရက်နေ့ ညသန်းခေါင်ယံ (ဒီဇင်ဘာ ၃ နံနက်) ၁း၁၅ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၌ ရုံးစိုက်သော လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုရဲအုပ် ညီဒေါင်း၊ တပ်ကြပ် စံမောင်း၊ ဒုတပ်ကြပ် စံဝင်း တို့သည် မောရ၀တီ ရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ခေါ် ၍ လေ ယာဉ်ကွင်း ရွာရှိ ဦးရှာကဲရ် (ဘ) ဦးအူလာမျာ (အသက် ၅၃ နှစ်) ၏နေအိမ်သို့ မည်သည့် ဆယ်အိမ် မှူး၊ ရာအိမ်မှူးမှ မပါဘဲ သွားရောက်၍ တံခါး ဖွင့်ပေးရန် ပြောခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဦးရှာကဲရ် က ကျေး ရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးမှ မပါလျှင် ညအချိန် မတော် မဖွင့်ပေး နိုင်ကြောင်း ပြောရာ အိမ်တံခါးကို ရိုက်ချိုး၍ အိမ်အထဲသို့ ၀င်ကာ အိမ်ရှင် ဖြစ်သူ ဦးရှာကဲရ်ကို လူမဆန်စွာ ရိုက်နှက်ပြီး၊ ကြိုးတုတ်၍ လက် ထိပ်ခတ်ပြီး အိမ်အပြင်သို့ ခေါ်ဆောင် သွားခဲ့သည်။ တစ်နာရီ ခန့်အကြာတွင် အဆိုပါ ရဲများသည် အိမ် ထဲသို့ ပြန်ဝင်ကာ သေတ္တာကို ရိုက်ချိုး၍ သေတ္တာတွင်းမှ ငွေကျပ် ၁၀ သိန်း လုယက် ခဲ့သည်။ ထိုသို့ သေ တ္တာ ရိုက်ချိုး နေစဉ် ဦးရှာကဲရ်၏ ဇနီး ဖြစ်သူနှင့် သမီးများက တားမြစ်ရန် ကြိုးစားသော အခါ ရဲများက အဓမ္မ ပြုကျင့်မည်ဟု ခြိမ်းခြောက်၍ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့အပြင် ငွေကျပ် ၁၀ သိန်း လုယက် ပြီးနောက် အိမ်ရှင် ဖြစ်သူ ဦးရှာကဲရ်ကို မောင်တော ရဲစခန်းသို့ ဖမ်း ဆီး ခေါ်ဆောင် သွားပြီး လူကုန်ကူးမှု အမှုဖြင့် မဟုတ် မမှန် စွပ်စွဲ၍ ချုပ်နှောင် ထားကြောင်း သိရှိ ရပါ သည်။
ယနေ့ (ဒီဇင်ဘာလ ၃ ရက်) နေ့လည် ပိုင်းတွင် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုရဲအုပ် ညီဒေါင်းနှင့် အဖွဲ့ဝင် နှစ်ဦး တို့သည် လေယာဉ်ကွင်း ကျေးရွာသို့ လာရောက်ပြီး ဒေသ ဆိုင်ရာ အာဏာပိုင် များ၏ လူကုန်ကူးမှု လုပ်ငန်း ကိုယ်စားလှယ် များဖြစ်သော မော်လ၀ီ ကရီးမ်နှင့် ဦးဟာရှင်မ် အုလ္လာ တို့နှင့် တွေ့ဆုံ ပြီး၊ ဦးရှာကဲရ်ကို အဆိုပါ ကိုယ်စားလှယ် နှစ်ဦး အစား ဖမ်းဆီး ရခြင်း ဖြစ်သောကြောင့် ကိုယ်စားလှယ် တစ်ဦးစီမှငွေကျပ် ၅ သိန်းစီပေးရန်လိုကြောင်းပြောကြားပြီး၊ နှစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ယူ သွားကြောင်း သိရှိ ရပါသည်။