နောက်ဆုံးသတင်း/ဆောင်းပါးများ

ရမ်းကု ဆေးခန်းများကြောင့် ရောဂါ ကူးစက်မှုများ ပိုမို များပြားလျက်ရှိ

RB News
1.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရမ်းကို ဆေးခန်းများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသည့် အတွက် ရောဂါကူးစက် ပြန့်ပွားမှုများ ပိုမိုများပြားလျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ်တွင် ရမ်းကု ဆေးခန်းများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသည့် အတွက် အိပ်ခ်ျအိုင်ဗွီ၊ အသည်းရောဂါ ဘီ၊ စီ ကဲ့သို့ရောဂါများ ကူးစက် ပြန့်ပွားနှုန်း မြှင့်တက်လာခြင်း၊ သာမာန် ရောဂါများမှာ နာတာရှည် ရောဂါ အသွင်သို့ ပြောင်းလဲ သွားရခြင်း၊ ချက်ချင်း သက်သာစေမည်ဟု ဆိုကာ ထိုးပေးသည့် ဆေးများကြောင့် အသက် ဆုံးရှုံးမှု များပါ ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ကျန်းမာရေး ၀န်ကြီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “လူတိုင်း သက်တမ်းစေ့ အသက်ရှင် နေထိုင်ရေး” သည် မောင်တော ဒေသနှင့် ဆန့်ကျင်နေသည်ဟု ဒေသခံများက ဆိုသည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် မောင်တောမြို့နယ်၊ ရွာသစ်ကာ အနောက် ရပ်ကွက်မှ ဦးရော်ဖိခ်၏ ၁၀ နှစ်အရွယ် သားဖြစ်သူ မောင်ကိုင်ဆဲရ်ကို ဗိုက်နာနေသဖြင့် ရမ်းကု ဦးကမာ၏ ဆေးခန်းတွင် ဆေးကုသရန် ခေါ်ဆောင် သွားခဲ့ရာ ဦးကမာ ဗိုက်နာနေသည့် အတွက် သန်ချဆေး ထိုးပေးမည်ဟု ဆိုကာ သန်ချဆေး ထိုးပေးခဲ့သည်။ သို့သော်လည်း မောင်တောမြို့နယ် ဆေးဈေးကွက်တွင် သန်ချဆေး ထိုးဆေး ရောင်းချခြင်း လုံးဝမရှိခဲ့ဟု ဒေသခံများက ပြောပါသည်။ ရမ်းကု ဦးကမာမှ မောင်ကိုင်ဆဲရ်ကို ဆေးထိုးပေးပြီး ၈ နာရီ အကြာတွင် အသက်ဆုံးရှုံး ခဲ့ရသည်။ အဆိုပါ ကလေးငယ် သေဆုံးရခြင်းကို မြို့နယ် ကျန်းမာရေးမှူး ဦးကျော်မောင်မောင်သိန်းက သိရှိသည့် အခါ ရမ်းကု ဦးကမာကို ခေါ်၍ ငွေကျပ် သိန်း ၃၀ ယူပြီး နှုတ်ပိတ် နေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ရမ်းကု ဆေးခန်းများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးခြင်းဖြင့် ရိုဟင်ဂျာ လူမျိုးများကို သတ်ရန် မလိုဘဲ မသေသင့်ဘဲ သေဆုံး နေရသဖြင့် အစိုးရ၏ လူမျိုးတုန်း သတ်ဖြတ်ရေး စီမံကိန်း အတွက် အလိုအလျောက် အထောက် အကူ ပြုနေသည့် အပြင် ဌာနဆိုင်ရာ များလည်း လစဉ် ၀င်ငွေရနေသည်။

မြို့နယ် ကျန်းမာရေးမှူး၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့၊ စရဖ၊ သတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လစဉ်ကြေး ယူ၍ တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသော ရမ်းကု ဆေးခန်းများမှာ --

(၁) ရွာသစ်ကာ ရပ်ကွက်တွင် (၆) ခန်း (ရမ်းကု ဦးကမာ၏ ဆေးခန်း အပါအ၀င်)
(၂) အမှတ် (၂) ရပ်ကွက်တွင် (၃) ခန်း
(၃) မြို့မ ကညင်တန်းတွင် (၃) ခန်း
(၄) မြို့သူကြီးတွင် (၂) ခန်း
(၅) ရွှေဇားတွင် (၃) ခန်း -- တို့ဖြစ်သည်။

အစိုးရမှ ဖွင့်လှစ်ထားသည့် ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ ရသော်ငြားလည်း “ဆမ” လက်မှတ် မရှိလျှင် ဆေးခန်းဖွင့် ခွင့်မရှိပေ။ သို့သော်လည်း မောင်တောမြို့နယ်တွင် ဌာနဆိုင်ရာများကို ငွေပေးနိုင်ပါက ဆေးခန်းဖွင့်ရန် မူလတန်း ပညာပင် တတ်မြောက်ရန် မလိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။

ဆေးကုမ္ပဏီများမှ ၀န်ထမ်းများလည်း အဆိုပါ ရမ်းကု ဆေးခန်းများသို့ သွား၍ ၎င်းတို့ ကုမ္ပဏီမှ ဆေးများ အရောင်း မြှင့်တင်ရေး အတွက် ၀င်ထွက် သွားလာခြင်း ပြုသဖြင့် အများစုက ဆရာဝန်များဟု ထင်မှတ်ကာ ဆေးဝါး ကုသမှု ခံယူနေခြင်းမျိုးလည်း ရှိနေသည်ဟု ဆိုသည်။



Comment ရေးရန်

Rohingya Exodus