နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မြို့ရှိ ရိုဟင်ဂျာများ၏ ဆန်အိတ်များကို ဗိုလ်ကြီး ကျော်သူရဌေးက လုယက်




RB News
19.5.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ညောင်ပင်ကြီး ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများ အတွက် ပြည်တွင်း အလှူရှင်များမှ လှူဒါန်းထားသည့် ဆန်အိတ်များထဲမှ ဆန်အိတ်အချို့ကို ဗိုလ်ကြီး ကျော်သူရဌေးက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများ၏ စားဝတ်နေရေး ခက်ခဲလျက် ရှိသောကြောင့် ပြည်တွင်း အလှူရှင်များက လှူဒါန်းထားသည့် ဆန်အိတ်များထဲမှ ဆန်အိတ် ၃၀ ပေးရန် ၎င်းရွာတွင် လုံခြုံရေး တာဝန်ယူထားသည့် အမှတ် (၅၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ကျော်သူရဌေးက ရွာသားများထံက တောင်းခဲ့သည်။ ဆင်းရဲဒုက္ခ မျိုးစုံ ခံစားနေရသည့် ဒေသခံ ရွာသားများက မပေးနိုင်ဟု ငြင်းဆိုသဖြင့် အဆိုပါ ဗိုလ်ကြီးက ရွာသားများကို အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ဗိုလ်ကြီး ကျော်သူရဌေးသည် မေလ (၁၈) ရက်နေ့တွင် ရွာသားများထံမှ ဆန်အိတ် (၁၅) အိတ်ကို အတင်း အဓမ္မ လုယက်ယူခဲ့ပြီး၊ “မင်းတို့ရွာကို မီးရှို့ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ကြမ်းတမ်းစွာ ခြိမ်းခြောက် ပြောဆိုမှုကြောင့် ဒေသခံ ရိုဟင်ဂျာ ရွာသားများက ၎င်းတို့ ရွာလုံခြုံရေးနှင့် ပတ်သက်၍ အထူးစိုးရိမ်လျက် ရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus